Wednesday, September 10, 2014

ဒီကနေ့အတွက် ၀မ်းနည်းအတွေး ( ၁၀-၉-၂၀၁၄)မိုးကုတ်ကိုတိုး( ၁၀-၉-၂၀၁၄)


ဒီကနေ့အတွက် ၀မ်းနည်းအတွေး ( ၁၀-၉-၂၀၁၄)
ညီညွတ်မှုဆိုတာ မြန်မာပြည်ရဲ့ ရှားပါးကုန်တစ်မျိုး။
(၆၇)ပါတီ စကားပြောဖြစ်လေတော့မလားဆိုပြီး ပျော်နေတာ
အခုတော့လည်း လာသူလာ၊ ကျန်သူကျန်နဲ့ပဲ ဖြစ်နေဦးမှာပါလား။
ဂျိုကုတ်ရှိရာ ဂျိုကုတ်လာ၊ ဂျိုထောင်ရှိရာ ဂျိုထောင်သွားနဲ့
နိုင်ငံရေးမှာ သူအုပ်စုနဲ့သူ ကွဲကွဲပြားပြား ဖြစ်နေဆဲ။
သူ့ကို အားကိုးလွန်းသူတွေနဲ့
တက်မရှိလည်း လက်ထိုးလှော်မယ်ဆိုတဲ့
၂၀၁၀က ဒီမိုကရက်တစ်တွေသမားတွေ
နီးနီးလေးနဲ့ ဝေးနေဆဲ။
နိုင်ငံရေးမှာတော့ သူတလူငါတမင်းနဲ့
ပါတီတွေက ခုနှစ်ဆယ်နီးပါး။
ရည်မှန်းချက်က အဖုံဖုံ
ဆောင်ရွက်ချက်က အမျိုးမျိုးကြားမှာ
တူရာတူရာက တွဲမိနိုင်အောင်ကြိုးစားနေကြသူတွေလည်း
ရှိနေလေရဲ့။
စုမိသလောက်လည်း စုမိနေလေရဲ့။

လာတော့မယ့် နိုင်ငံရေးဆွေးနွေးပွဲအတွက်
နိုင်ငံရေးပါတီအစုတွေ ဘာတွေများနိုင်ငံအတွက်
ပြောကြရင်ကောင်းမလဲလို့
ဝိုင်းစကားပြောကြမယ့်
ရာဇ၀င်တွင့်မယ် ပထမအကြိမ် ပါတီပေါင်းစုံတို့ရဲ့တွေ့ဆုံပွဲ
တာဝန်သိသူ
တာဝန်ရှိသူတွေ လာကြမယ် ထင်ပါရဲ့။

ဒါပေမယ့်လည်း
စကားတွေလည်းပြောနေခဲ့။
ကြေညာချက်တွေလည်း ထုတ်လေရဲ့။
အင်တာဗျူးးတွေမှာလည်း ဆိုလေရဲ့။
ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်ဘူး
ဖက်ဒရယ်ဆိုတာ မစစ်မှန်ဘူး
အခြေခံဥပဒေပြင်ရေးဆိုတာ ရွှီးနေတာ၊
MPC ဆိုတာ အစိုးရလက်ဝေခံ
ဒါက နိုင်ငံရေးကစားနေတာ
လုပ်ဆောင်ချက်တွေက မရိုးသားဘူး
ပြည်သူတွေအမြင်ကောင်းအောင် လုပ်နေတာ
စတာစတာတွေ တဖွဖွပြောနေကြသူတွေက
ဒီလိုပွဲမျိုးမှာ ဘယ်လိုဘယ်ကြောင့်မို့ ဒီလိုပြောဆိုနေရတာမျိုးလေး
လာရှင်းစေချင်ပါရဲ့။

အရိပ်အောက်မှာမရှိသူတွေကတော့
သြဇာ မကြီးပေမယ့် လုပ်နိုင်တာကို လုပ်နေပါတယ်။
နာမည်မတွင်ပေမယ့် ပြောစရာရှိတာ ပြောနေပါတယ်။
ညီညွတ်ရေးဆိုတာကို ပါးစပ်ကနေ တဖွဖွပြောနေသလို
နှလုံးသားနဲ့ထပ်တူ လက်တွေ့လည်း လုပ်ဆောင်နေကြပါတယ်။
၂၀၁၀ တုန်းက ဒီလူတွေ တာဝန်ကျေခဲ့သလို
ငြိမ်းချမ်းရေးဖြစ်တည်ရေးနဲ့
နိုင်ငံရေးဆွေးနွေးပွဲတွေစရေး၊
နိုင်ငံနဲ့ပြည်သူအတွက် ဖြစ်သင့်တာတွေပြောရေး
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတွေအတွက်
လိုအပ်ချက်တွေကို တင်ပြပေးဖို့
အခုလည်း ဒီလူတွေ တာဝန်ကျေနေဆဲပါ။


ကျန်သူကကျန်၊ သွားသူကသွားနဲ့
မြန်မာ့နိုင်ငံရေးနဲ့ ဒီမိုကရက်တစ်နိုင်ငံရေးဘ၀မှာတော့
စွမ်းသူတွေ မရုန်းတော့
မစွမ်းသူတွေ ရှေ့တက်ရုန်းနေရတဲ့အဖြစ်မျိုးတွေမို့
ကျွန်တော်တို့အားလုံး ကိုယ့်လုပ်ရပ်တွေအတွက် ဂုဏ်ယူပါတယ်။
လက်ဝေခံတွေလို့ ကမ္ဗည်းတင်ပေးကြပေမယ့်
သိက္ခာလိပ်ပြာလုံလုံခြုံခြုံနဲ့ သမိုင်းခုံရုံးမှာ
တွေ့ကြရပါလိမ့်မယ်။
ဘယ်သူက မှားသလဲ၊
ဘယ်သူက မှန်သလဲလို့။
(စက်တင်္ဘာ ၁၃ ရက်နှင့် ၁၄ ရက်တွင် ပြုလုပ်မည့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲသို့ ရည်ရွယ်၍ )
မိုးကုတ်ကိုတိုး( ၁၀-၉-၂၀၁၄)

မည်သည့်ဂျာနယ်၊ မဂ္ဂဇင်းမဆို ဖော်ပြနိုင်ပါသည်။

#to be happy#

$$ kotoetoe $$

No comments:

Post a Comment