Friday, June 27, 2014

၂၀၁၀ ရွေးကောက်ပွဲသမိုင်းအမှားကို ထုဆစ်နေကြသူများ

`ဤဆောင်းပါးကိုဂျာနယ်တွင် အသုံးပြုလို့ပါက

၀၉ ၄၅၀၀ ၅၇၀၈၈ သို့ ဆက်သွယ်နိုင်ပါသည်။

မိုးကုတ်ကိုတိုး


၂၀၁၀ ရွေးကောက်ပွဲသမိုင်းအမှားကို ထုဆစ်နေကြသူများ

         ဒီနေ့ မီဒီယာမှာ HOT ဖြစ်နေတာက NDF ၊ ဒေါ်ခင်ဝိုင်းကြည်နဲ့ ပီအာအကြောင်း။

         ရေးလိုက်ကြတာမှ ပက်ပက်စက်စက် ၊ ရက်ရက်စက်စက်

         ပေးလိုက်တဲ့အမည်နာမတွေကလည်း ပေါင်းစုံ၊

         တင်လိုက်တဲ့စွဲချက်တွေကလည်း သမိုင်းတလျှောက် နာမည်ပျက်ခဲ့တဲ့သူတွေတောင်မှ ကိုယ့်လောက် မဆိုး။ ကိုယ်ကသာ နာမည်ဆိုးနဲ့လူ ဖြစ်နေတယ်။

         ခေတ်သစ်ဒေ၀ဒတ်များ၊

         လူထုဆန္ဒမခံယူရဲသော အချောင်သမား

         တိုင်းပြည်ကို ချောက်ကမ်းပါးတဲ့ ဆွဲချသူများ

         သမိုင်းတရားခံများ စတဲ့..စတဲ့ ..စတဲ့ အမည်နာမများ။

 

ဒီနေ့ထုတ် NEWS WATCH ဂျာနယ်က ဆောင်းပါးရှင် သရ၀ဏ်(ပြည်)ရဲ့ မြို့နှစ်မြိုနဲ့ ခမောက်မျက်နှာဆောင်ပါး မှာ ၂၀၁၀တုန်းက ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးရေးထားတာက-

         ၂၀၁၀ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရာ ထိုစဉ်က NLDပါတီသည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ စစ်အစိုးရလွှတ်မပေးသည်ကို အကြောင်းပြု၍ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။ NLDပါတီအတွင်း  ရွေးကောက်ပွဲဝင်လိုသူများနှင့် ရွေးကောက်ပွဲသပိတ်မှောက်လိုသူဟူ၍ နှစ်ဖွဲ့ကွဲသွားပြီး  ရွေးကောက်ပွဲဝင်လိုသူများမှ အမျိုးသားဒီမိုကရေစီအင်အားစုပါတီNDF အဖြစ် ပါတီခွဲထောင်ကြခြင်းဖြစ်သည် လို့ ရေးထားပါတယ်။

         ဒီဂျာနယ်ထဲမှာပဲ ခေတ်ဟောင်းနိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွေကိုရေးနေတဲ့ ကိုသန်း(ကြည့်မြင့်တိုင်)က ပီအာနဲ့ပတ်သက်ပြီးရေးထားတာကလည်း မှတ်သားချင်စရာ။

         ယင်းအချိုးကျကိုယ်စားပြုစနစ်ဆိုသော ပီအာစနစ်ဖြင့်  ရွေးကောက်ပွဲတွင် မဲအများစုနှင့် အနိုင်ရရှိမည့် ပါတီကို  အနှောင့်အယှက် အဟန့်အတားပြုရန် လမ်းထွင်ပေးသည့်စနစ်ဖြစ်၍ ယင်းစနစ်ကို အသုံးပြုသည့် နိုင်ငံ  မရှိသလောက် နည်းလှသည် လို့ ဆိုလိုက်ပါသေးတယ်။

 

         ၂၀၁၀ မတ်လက စခဲ့တဲ့ဖြစ်ရပ်တွေနဲပတ်သက်ပြီးပြောရရင်တော့  NLDပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တာက အရင်လား။ ဒါမှမဟုတ် ပါတီကို ထပ်မံမှတ်ပုံမတင်ဖို့ဆုံးဖြတ်ပြီး ပါတီကို အဖျက်ခံလိုက်ကြ တာက အရင်လားဆိုတာပါပဲ။ ကျွန်တော်ပြောချင်တာက ဒီအကြောင်းတွေကိုပါ။

         ၂၀၁၀ခု၊        မတ်လ ပထမပတ်မှာ အဲ့ဒီအချိန်က စစ်အစိုးရက  ၂၀၁၀မှာကျင်းပမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတွေကို ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေး ပါတီဥပဒေမှာ ပါလာတာက ထောင်ကျနေတဲ့ နိုင်ငံရေးပါတီဝင်တွေကို ထုတ်ပစ်ရမယ်ဆိုတာရယ်၊ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင်  အရင်မှတ်ပုံတင်ထားတဲ့ပါတီ(၁၀)ပါတီ ထပ်ပြီးမှတ်ပုံတင်ရမယ်ဆိုတာရယ် ပါလာတယ်။ အားလုံး မြင်နေကြတာက   ဒီပြဋ္ဌာန်းချက်တွေအရ ပါတီမှတ်ပုံပြန်တင်မယ်ဆိုရင် တရားဝင်ပြစ်ဒဏ်ကျခံနေရတဲ့ နေအိမ် အကျယ်ချုပ်ဖြစ်နေတဲ့ ဒေါ်စုကို ပါတီကနေ ထုတ်ထားရမယ်ဆိုတာရယ်၊။ သူကိုမထုတ်ရင် ပါတီက မှတ်ပုံတင်လို့ မရသလို လာမယ့်ရွေးကောက်ပွဲကိုလည်း ၀င်ပြိုင်လို့ရတော့မှာ မဟုတ်ဘူး။

         ဒီကိစ္စကို NDF CEC အစည်းအဝေးမှာ စစဉ်းစားတော့ ဥက္ကဌ ဦးအောင်ရွှေက မှတ်ပုံတင်သင့်တယ်လို့  စပြောတဲ့အခါ ဦးဝင်းတင်က ခင်ဗျားတို့က စစ်ဖိနပ်ပြေးနမ်းဖို့လုပ်နေတာ၊ အမဲရိုးပစ်ချပေးတာကို ၀င်ဟပ်တာ၊ ခွေးတိုးပေါက်ကနေ ၀င်ချင်တာ စသဖြင့် ပြောဆိုကန့်ကွက်တော့တာပါပဲ။ ဦးဥာဏ်ဝင်းကလည်း ဒေါ်စုခြံထဲက နေ ပါးလိုက်တဲ့အမှာစကားကို ထပြောတယ်။ အားလုံးညီညီညွတ်ညွတ်နဲ့ ဆုံးဖြတ်ကြပါ။ ဘာဆုံးဖြတ်ဖြတ် ကျမ လက်ခံမယ်။ ၀င်လည်း ညီညီညွတ် ညွတ်၊ မ၀င်လည်း ညီညီညွတ်ညွတ်ဖြစ်စေချင်ပါတယ်ဆိုလား။ ဒီအခါ ဒေါက်တာသန်းငြိမ်းက လက်ရှိအနေ အထားအရ သဘောထားတွေတူညီဖို့ မဖြစ်နိုင်တော့။ အခုတောင် လူတွေက ကွဲနေပြီ။ ဆုံးဖြတ်ချက်ကလည်း မချ မဖြစ်ချရမှာမို့  ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင်သာမက ဗဟိုဦးစီးကော်မတီတွေကိုပါခေါ်ပြီးဆုံးဖြတ် သင့်တယ်လို့ ဆိုပါတယ်။ နောက်ဆုံး ဗဟိုဦးစီးကော်မတီအစည်း အဝေးကို ခေါ်ပြီးဆုံးဖြတ်မယ် ဖြစ်လာပါတယ်။ မတ်လ ၂၉ ရက်နေ့မှာ ဗဟိုဦးစီးကော်မတီ အစည်းအဝေးခေါ်ဖို့ လုပ်ထားပါတယ်။

         ဒေါက်တာသန်းငြိမ်းတို့ နောက်ပိုင်းပြောစကားအရ အမှန်က ဗဟိုအလုပ်အမှုဆောင်ကော်မတီမှာ တစ်ခါတည်း မဲခွဲ ပြီးဆုံးဖြတ်ရမှာ ။ ဥက္ကဌက သူပဲ အဆိုစတင်ပြီး နောက်တွန့်သွားတော့ မဲခွဲတဲ့အဆင့် မရောက်တော့ဘူး။ မဲခွဲရင် လည်း  မှတ်ပုံတင်မယ့်အဖွဲ့က ၁၀မဲနဲ့ မတင်တဲ့အဖွဲ့က ၅ မဲပဲ ရှိမှာလို့ ဆိုပါတယ်။

         ဒီလိုနဲ့  ပါတီထပ်မံမှတ်ပုံတင်သင့် မတင်သင့်ကိစ္စကိုပဲ နိုင်ငံနဲ့အ၀ှမ်း  ဆွေးနွေးနေခဲ့တာက ၁၈-၃-၂၀၁၀ မှာလုပ်တဲ့ ဗွီအိုအေအင်တာဗျူးမှာ ဦးဝင်းတင်ပြောကြားတဲ့စကားက အဲ့ဒီအချိန်ရဲ့ ပြယုဂ်တစ်ခု ဖြစ်လာခဲ့တယ်။ သူဘာပြောလဲဆိုတော့ ….

"အများစု မှတ်ပုံတင်ရေးအတွက် ထောက်ခံမယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီလို ဆိုရင်တော့ ကျနော် နားတော့မယ်။ ကျနော့် ကျန်းမာရေး လည်း သိပ်ကောင်းတော့တာ မဟုတ်ဘူး" ဟု  NLD ထိပ်တန်းခေါင်းဆောင် ဦးဝင်းတင်က ပြောကြားသည်။   ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခဲ့ပါက သူ့အနေဖြင့် ပါတီမှ အနားယူဖွယ် ရှိကြောင်း ဦးဝင်းတင်က ပြောသည်။ သီးခြား ပါတီ ထောင်ခြင်း၊ တခြားသော နိုင်ငံရေး အဖွဲ့များနှင့် ပူးပေါင်းခြင်း တို့ကို ပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံရေးနှင့် ပတ်သက်၍  ဝေဖန်သွားမည်ဟု ဆိုသည်။   

 

         ဦးဝင်းတင်တောင် ဒီလို စဉ်းစားနေရတဲ့အနေအထားက နောက်တော့ ပြောင်းပြန်ဖြစ်သွားခဲ့တယ်။ မတ်လ ၂၂ ရက်နေ့ကလုပ်တဲ့ CEC ဆုံးဖြတ်ချက်က ပါတီတွင်းကိစ္စတွေကို လုပ်ပိုင်ခွင့်ပေးထားတဲ့ ဦးအောင်ရွှေ နဲ့ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး ဘာတွေဆုံးဖြတ်ဆုံးဖြတ် ပါတီအနေနဲ့ လက်ခံမယ်ဆိုတာ ကို ဆုံးဖြတ်ချက် အဖြစ် ချမှတ်ခဲ့တယ်။ နောက်တစ်နေ့မနက်ပိုင်းမှာ ရှေ့နေဦးဥာဏ်ဝင်းတစ်ယောက်   ဒေါ်စုခြံဝင်းထဲကို ၀င်ခွင့် ရသွားတယ်။ ဘာကြောင့် အာဏာပိုင်တွေက ၀င်ခွင့်ပေးသလဲဆိုတာကိုတော့ တွေးကြည့်ရုံပဲ။ စီအီးစီအစည်းအ ဝေးမှာလည်း မနက်ဖြန်ဒေါ်စုနဲ့တွေ့ဖို့ရှိတယ်ဆိုတာကိုလည်း ပြောမသွား။ ၀င်သွားပြီး ပြန်ထွက်လာတော့ ပြည်ပအသံလွှင့်ဌာနတွေကနေ  ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်မှာကို သူမအနေနဲ့လက်မခံနိုင်ဘူးလို့ ပြောတဲ့အကြောင်း အင်တာဗျူးလုပ်ခဲ့တယ်။

         ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်တစ်နေ့ စီအီးစီ အစည်းအဝေးမှာ စီအီးစီအစည်းအဝေးရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဘာကြောင့်မပြောရတာလဲဆိုတာကို မေးကြတော့ ဦးဥာဏ်ဝင်းဖြေပုံက ရှင်းတယ်။ သူ ၀င်သွား ကတည်းက ဒေါ်စုကချည်းပဲပြောတာ။ သူဘာမှပြန်ပြောခွင့်မရလိုက်ဘူးဆိုပဲ။ မနက် ၁၀နာရီလောက်က ၀င်သွားပြီး ညနေ ၄း၀၀ နာရီလောက်မှ ပြန်ထွက်လာတဲ့သူက နားထောင်ပြီး ပြန်လာခဲ့တယ်ဆိုတဲ့ အဖြေကိုကြား တော့ ဦးခင်မောင်ဆွေက ခင်ဗျားလူလိမ်ပဲဆိုပြီး ဆွဲထိုးမယ်လုပ်လို့ အားလုံးဝိုင်းဆွဲကြပြီး ဆွေးနွေးတဲ့ အကြောင်းအရာကလည်း ဦးဥာဏ်ဝင်းကိစ္စကနေ ဦးခင်မောင်ဆွေတို့အလွန်ကိစ္စဖြစ်သွားပြီး အစည်းအဝေးကရပ် သွားတယ်။ သိရတာကတော့ ဥက္ကဌ ဦးအောင်ရွှေတို့ကိုလည်း ပြောမပြဘဲ ဦးတင်ဦး၊ ဦးဝင်းတင်တို့အုပ်စုနဲ့ တိုင်ပင်ပြီးလုပ်သွားပုံရတယ်။ ဘာကြောင့်ဒီလိုလုပ်ရတယ်ဆိုတာရဲ့ အဖြေကတော့ သူတို့ဆီမှာနဲ့ ဒေါ်အောင်ဆန်း စုကြည် ဆီမှာ။   

         ဗဟိုဦးစီးကော်မတီအစည်းအဝေးကို စလုပ်မယ့်အစီအစဉ်က ဒီလို။ ဗဟိုဦးစီး ၁၀၀ကျော်မို့ တစ်ယောက် ကို  ၁၀မိနစ်ဆီပြောခိုင်းရင် သုံးရက်ကြာမယ်။ အစည်းအဝေးကိုသုံးရက်လုပ်ဖို့ စရိတ်ထုတ်ပြီး ပြင်ဆင်ထားဖို့ လုပ် ထားတယ်။  ဖြစ်လာတဲ့အစည်းအဝေးက ပြောင်းပြန်။ တစ်တိုင်းကို နှစ်ယောက်ပဲပြောရမယ်ဖြစ်သွားရော။ စီစဉ်တဲ့ ဗဟိုအလုပ်အမှုဆောင်တွေတောင် အစီအစဉ်ပြောင်းသွားတာ မသိလိုက်ရတဲ့အပြင် အစည်းအဝေးမှာ ပြောခွင့်တောင် မရလိုက်ဘူး။ နောက်မှ မကြားတကြားပြောသံကြားလို့ နောက်တိုးအစီအစဉ်အဖြစ် အားလုံးပြောပြီးမှ စီအီးစီတွေ ပြောဖို့ထပ်ထည့် ပေးတယ်။   

         ဒီလိုဖြစ်အောင် ဘယ်သူတွေက ဦးဆောင်လုပ်ကြသလဲဆိုတော့ ဦးတင်ဦး၊ ဦးဝင်းတင်၊ဦးဥာဏ်ဝင်းတို့ အုပ်စုက တိုင်းနဲ့ပြည်နယ်တွေက ရောက်လာကြတဲ့ ဗဟိုဦးစီးကော်မတီဝင်တွေကို ခေါ်တွေ့ကြပြီး ဒေါ်စုက ဒီလို မှာလိုက်တယ်ဆိုတာမျိုး ပြောတော့ ခေါင်းဆောင်ကြီးမှာတယ်ဆိုတော့ ဘယ်သူကငြင်းဆန်ရဲတော့မလဲ။ အားလုံး အတွေးတွေ ပြောင်းကုန်တာပေါ့။ ဒါကြောင့် အစည်းအဝေးမတိုင်မီ ၂၆-၃-၂၀၁၀ ရက်နေ့မှာ လုပ်တဲ့ မိုးမခက ဦးဝင်းတင်နဲ့အင်တာဗျူးမှာ ၁၈ ရက်နေ့ကလုပ်တဲ့ မှတ်ပုံတင်ဖို့များလို့ နိုင်ငံရေးကနေ နားတော့မယ်ဆိုတဲ့ စကားပြောခဲ့သူက   ဒီလိုပြောနိုင်တဲ့အဆင့် ဖြစ်သွားတယ်။

ပါတီတရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို စံနမူနာယူပြီးတော့ အတူတကွ တစုတစည်းတည်း ရပ်တည်ကြဖို့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ဆုံးဖြတ်ချက်အနေနဲ့ကတော့ ပါတီကို မှတ်ပုံမတင်နိုင်ဘူး။ ထို့အတူ ပါတီရဲ့ ဆုံးဖြတ်ချက်ကိုတော့  လိုက်နာမယ်လို့ ပြောလိုက်ပါတယ်။ အခုအရေးကိစ္စကို အားလုံးက ဆွေးနွေးဆုံးဖြတ်ကြတဲ့နေရာမှာ လူနည်းစုကလည်း ကိုယ်လုပ်ချင်တာကို အတင်းဆုပ်ကိုင်ထားလို့ မရဘူး။ ဇွတ်လုပ်ကြဖို့ မလိုဘူး။ အများစုအနေနဲ့ကလည်း အားလုံးကို စည်းရုံးပြီးတော့ လက်တွဲပြီး ရပ်တည်ကြဖို့ လိုပါတယ်။ လူများစုပဲ ဖြစ်ဖြစ်၊ လူနည်းစုပဲ ဖြစ်ဖြစ် ခွဲကြ၊ ထွက်ကြ လုပ်ကြမယ် ဆိုရင် အခုဟာက ဟိုတုန်းက ခေတ်နဲ့ မတူတော့ဘူး။ သည်အတိုင်း ဘေးမှာ၊ အပြင်မှာ ရပ်တည်ခွင့်ရှိမှာ မဟုတ်ဘူး။ နည်းမျိုးစုံနဲ့ ဖယ်ရှား ရှင်းလင်းခြင်း ခံရမှာ ဖြစ်တယ်။ အားလုံးက ခုချိန်မှာ ပါတီနဲ့ တွဲလုပ်ကြပါလို့ ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါ်စုကို စံပြုပြီးတော့ ပါတီနဲ့ တွဲလုပ်ကြပါလို့ …ဟု ဆိုပြီး ဖြေကြားပါတယ်။

 

ကျွန်တော်တို့လူကြီးတွေက ဒီလိုခြေပုန်းခုတ်နေမှန်းမသိတော့ ဗဟိုဦးစီးကော်မတီအစည်းအဝေးကို ပုံမှန်အတိုင်းလုပ်မယ်လို့ထင်နေကြတာ။ နောက်မှထပ်ကြားရတာကလည်း နားဝက မသက်သာ။ တကယ်လို့ ပါတီမှတ်ပုံတင်ဖို့ ဆွေးနွေးရင်၊ ဖြစ်လာရင် ဦးခင်မောင်ဆွေနဲ့ ဒေါက်တာသန်းငြိမ်းတို့ကို ၀ိုင်းရိုက်ဖို့ လူငယ်တွေကို စုထားပြီးပြီဆိုလား။ ဒီသတင်းကို ကြားတဲ့။သိတဲ့သူတွေ ရှိနေပါတယ်။ မေးမြန်းလို့ ရပါသေးတယ်။

 

         အစည်းအဝေးကတော့ နဂို ဆုံးဖြတ်ထားတဲ့အတိုင်း မဟုတ်တော့ဘဲ အစီအစဉ်သစ်နဲ့ ကျင်းပတယ်။ ကျွန်တော်ရေးတဲ့NLDCECနှင့်ဗဟိုဦးစီးအဖွဲ့ဝင်များသို့မြို့နယ်အဆင့်စည်းရုံးရေးကော်မတီဝင်တစ်ဦး၏အိတ်ဖွင့်                                      ပေးစာထဲမှာ ဖော်ပြတဲ့အတိုင်း ဖော်ပြရရင်-…

မတ်လ(၂၉)ရက်နေ့ ရန်ကုန်ရွှေဂုံတိုင်လမ်းNLDဗဟိုရုံးချုပ်မှာကျင်းပပြုလုပ်ခဲ့တဲ့NLDCECနှင့်ဗဟိုဦးစီးအဖွဲ့ဝင်များ အစည်းအဝေးက ပါတီကို ထပ်မံမှတ်ပုံမတင်ရန် တညီတညွတ်တည်းထောက်ခံအတည် ပြုဆုံးဖြတ်ခဲ့ ကြသည်ဟု  ညပိုင်း သတင်းတွေမှာ ပါလာပါတယ်။ ဒီနေ့အစည်းအဝေးကို မတက်ရောက်နိုင်တဲ့ ဥက္ကဌဦးအောင်ရွှေက ဒေါ်အောင်ဆန်း စုကြည်ဟာ ပါတီရဲ့ခေါင်းဆောင်ဖြစ်တာကြောင့် သူမရဲ့ဆန္ဒကို အားလုံးက လိုက်နာကြဖို့လိုတဲ့အကြောင်းနဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့မြှာ ကားချက် ၆ချက်ဆိုတာကို အစည်းအဝေးအစမှာ ဖတ်ကြားပြပါတယ်။.

၁။       ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ဘူး။ရွှေဂုံတိုင်ကြေညာစာတမ်းကို ဆက်လက်စွဲကိုင်ထားဆဲဖြစ်တယ်

၂။       မတရားတဲ့ရွှေးကောက်ပွဲဥပဒေဖြစ်လို့ပါတိီကို မှတ်ပုံတင်ဖို့သူမအနေနဲ့လက်မခံနိုင်။

၃။       NLDဟာ သူမရဲ့ကိုယ်ပိုင်ပါတီမဟုတ်သလို မည်သူတစ်ဦးတစ်ယောက်ပိုင်မျှမဟုတ်။

၎။       ပါတီတွင်းအုပ်စုဖွဲ့တဲ့လုပ်ရပ်ကို လုံးဝမကြိုက်သကဲ့သို့လက်မခံနိုင်။

၅။       ပြည်သူလူထုကိုလည်း ဒီမိုကရေစီရရှီရန်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း

၆။       ပါတီဖျက်သိမ်းခံရရုံနဲ့ ပါတီပျက်စီးသွားမှာ မဟုတ်ကြောင်း။                             

 ဒီလိုရှေ့ကနေ ပြောကြားပြီးမှ တိုင်းတစ်တိုင်းစီက ဗဟိုဦးစီး၂ဦးစီက ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားနဲ့အညီ ပါတီကိုမှတ်ပုံတင်ရန် မသင့်ကြောင်း ထောက်ခံဆွေးနွေးကြပြီး တညီတညွတ်တည်းသဘောထားနဲ့ဆုံးဖြတ်ချက်ချမှတ်ပြီး အစည်းအဝေးကို ညနေ ၅း၀၀ နာရီမှာ အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်လို့ ဆိုပါတယ်။

       NLDဗဟိုဦးစီးအဖွဲ့ဝင်တွေက လေးနာရီကြာမျှအစည်းအဝေးကျင်းပကြပြီးနောက် ပါတီရဲ့အနာဂတ်ကို တညီ တညွတ်တည်းဆုံးဖြတ်ချက် ချလိုက်ကြပါပြီ။ ဒီလိုဆုံးဖြတ်ချက်ချတဲ့အစည်းအဝေးကိုတက်ရောက်ခွင့်မရှိကြတဲ့ နယ်ကမြို့နယ်အဆင့်အဖွဲ့ဝင်များကိုယ်စား ကျုနော်ရဲ့ ကိုယ်ပိုင်အမြင်ကိုဆွေးနွေးချင်ပါတယ်။

          ၁=ပါတီရဲ့သေရေးရှင်ရေးကိစ္စ
        
နိုင်ငံနဲ့ပြည်သူတွေအတွက်အလွန်အရေးကြီးတဲ့ဆုံးဖြတ်ချက်ချတဲ့နေရာမှာတာဝန်ရှိကြတဲ့ဗဟိုဦးစီး၁၂၀ကရှေ့ကခေါင်းဆောင်ကြီးရဲ့မှာကြားချက်နဲ့အညီတစ်တိုင်းကို၂ဦးထောက်ခံဆွေးနွေးကြပြီးအားလုံးသဘောတူဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်ဆိုတဲ့လေးနာရီကြာအစည်းအဝေးကြီးကအများအမြင်မှာရယ်စရာကြီးဖြစ်နေပါပြီ။ကျနော်ထင်ထားတာက ဒီအစည်းအဝေးကြီးမှာဝင်သင့်တယ်ဆိုတဲ့အုပ်စုကဘာကြောင့်ဝင်သင့်တယ်ဆိုတာကို အကျိုးအကြောင်း၊အထောက်အထားတွေနဲ့ခိုင်ခိုင်လုံလုံတင်ပြကြမယ်။မ၀င်သင့်ဘူးဆိုတဲ့အုပ်စုကလည်းဘာကြောင့်မ၀င်သင့် ဘူး။မ၀င်ရင်ဖြစ်ပေါ်လာမယ့်ပြဿနာတွေကိုဘယ်လိုရင်ဆိုင်ကြရမယ်။ဘယ်လိုရှေ့ဆက်လုပ်ဖို့အစီအစဉ်တွေရှိတယ်ဆိုတာတွေကိုအချက်အလက်တွေနဲ့တင်ပြကြပြီးတက်ရောက်လာသူတွေစဉ်းစားဆုံးဖြတ်နိုင်အောင်ရှင်းလင်းဆွေးနွေးပြကြရလိမ့်မယ်။ဒါကြောင့် အစည်းအဝေးကြီးက၂ရက်လောက်ကြာအောင် ကျင်းပရလိမ့်မယ်။ တစ်ရက်တည်းနဲ့ပြီးမှာမဟုတ်ဘူး။             ပိုပြီးဆိုးတာက၀င်သင့်တယ်ဆိုတဲ့သူတွေရဲ့သဘောထားကိုအစည်းအဝေးမှာရှင်းလင်းဆွေးနွေးခွင့်မပြုနိုင်တာဟာ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ဖို့ကြိုးစားနေပါတယ်ဆိုတဲ့ကျနော်တို့ပါတီကအစည်းအဝေးကြီးမှာဒီမိုကရေစီကျင့်ထုံးတွေကို မကျင့်သုံးနိုင်ခဲ့ တာဟာရာဇ၀င်ရိုင်းလှပါတယ်လို့ပြောချင်ပါတယ်။ ဒီမိုကရေစီဆိုတာဟာမတူတဲ့ သဘောထားတွေကိုထုတ်ဖော်တင်ပြခွင့်ရှိရပါမယ်။သဘောထားမတူတာကိုရန်သူလို့သတ်မှတ်တဲ့ကွန်မြူနစ်စနစ်မှမဟုတ်တာ။ပါတီရဲ့သေရေးရှင်ရေးအစည်းအဝေးကြီးမှာဒီအခွင့်အရေးကြီးကို အသုံးပြုခွင့် မပေးခဲ့သလိုပါပဲ။ အပြန်အလှန်ညှိနိုင်းဆွေးနွေးကြရမယ့်အစားရှေ့ကဒေါ်အောင်ဆန်းစုကြည်ရဲ့မှာကြားချက်ကိုပဲ ထောက်ခံ ဆွေးနွေးကြတာ။ဒီသဘောတရားနဲ့တစ်ထပ်တည်းပါပဲဆိုပြီးဂုဏ်ယူဝင့်ကြွားစွာပြောဆိုနေကြတာဟာပါတီခေါင်း ဆောင်ကြီးရဲ့မိန့်မှာချက်ကိုမျက်စိမှိတ်နာခံလိုက်ကြတာပါပဲလို့ပြောချင်ပါတယ်။
          ဥက္ကဌဦးအောင်ရွှေကိုယ်တိုင်ကဒေါ်စုစကားကိုလိုက်နာနားထောင်ကြပါဆိုတော့ဘာများတတ်နိုင်ကြမှာလဲ။ခေါင်းဆောင်စကားကိုပဲနားထောင်၊ဘာထင်မြင်ချက်၊ဝေဖန်ချက်မှမပေးကြနဲ့။ထောက်ခံဆွေးနွေးတင်ပြကြပြီး

ဖြစ်ပေါ်လာတဲ့ဆုံးဖြတ်ချက်ကလည်းဒေါ်စုရဲ့သဘောထားကိုပဲထင်ဟပ်နေတာကဘာမှမဆန်းတော့ပါဘူး။ကျနော်တို့ဟာကိုယ်ကြိုက်တာကိုကြိုက်တဲ့အကြောင်းပြောခွင့်ရှီသလို၊မကြိုက်ရင်လည်းမကြိုက်တဲ့အကြောင်းအထောက်အထားနဲ့ဝေဖန်တင်ပြနိုင်ခွင့်ရှိရပါမယ်။ ဒီလိုအခွင့်အရေးမျိုးတွေရဖို့အတွက်ကျနော်တို့ ဒီမိုကရေစီအရေး ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
             ပါတီသမိုင်းမှာအလွန်အရေးကြီးတဲ့ဆုံးဖြတ်ချက်ဖြစ်လို့လျှိှု့ဝှက်မဲနဲ့မဲခွဲ့ဆုံးဖြတ်သင့်ပါတယ်။ထောက်ခံမဲဘယ်လောက်၊ကန့်ကွက်မဲဘယ်လောက်၊ကြားနေမဲဘယ်လောက်ဆိုပြီးမဲနဲ့ဆုံးဖြတ်အတည်ပြုလိုက်တာကဒီမိုကရေစီပိုဆန်ပါတယ်။ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ဖို့ ကြိုးစားနေပါတယ်ဆိုတဲ့ပါတီကြီးက တကယ့်အရေးင်္ကြီးတဲ့ ကိစ္စတစ်ရပ်ကို ဒီမိုကရေစီသဘောတရားများနဲ့အညီ  ဘာကြောင့်များမလုပ်ဆောင် နိုင်ရတာလဲ။ လျွှိုဝှက်မဲဆိုတာက ကိုယ်ရဲ့ကိုယ်ပိုင်ရပ်တည်ချက်ကို ဘယ်သူမှမသိအောင်လုပ်ဆောင်တာမို့  ဒါမျိုးကို မကျင့်သုံးနိုင်ခဲ့တဲ့ ပါတီရဲ့အရေးအကြီးဆုံးအစည်းအဝေးက မဆလပါတီအစည်းအဝေး၊ ကွန်မြူနစ်ပါတ်ီတွေရဲ့ အစည်းအဝေးတွေနဲ့ဘာများ ကွာခြားသွားလို့လဲ။ ဦးအောင်ကြိးကိစ္စတုန်းကတောင်မဲနဲ့ဆုံးဖြတ်ခဲ့နိုင်ပါသေးတယ်။
            ကျနော်တို့ခေါင်းဆောင်ကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့သြဇာကလည်းပါတီအတွင်းသက်ရောက်မှု အလွန်ကြီးမားတာကြောင့် သူနဲ့ဆန့်ကျင်ပြီးဘယ်သူမှမပြောရဲတာ၊ထောက်ပြဝေဖန်ခြင်းမပြုရဲကြတာဟာ မှန်နေတဲ့လုပ်ရပ်တွေအတွက် ဘာမှပြဿနာမဟုတ်ပေမယ့် မှားနိုင်တဲ့ကိစ္စတွေမှာကတော့ တကယ့်ပြဿနာ ကြီး ပါပဲ။ပါတီကိုမှတ်ပုံမတင်ရဘူးဆိုလို့မတင်တော့ဘူး။ ပါတီဗဟိုမှာလည်းဒီအတွက် ဘာမှစဉ်းစားထားတာ မရှိဘူး။ဘာဆက်လုပ်မလဲဆိုတဲ့အစီအစဉ်မရှိဘူး။ဗဟိုဦးစီးတွေကလဲဘာအကြံမှမပေးတတ်ဘူး။ပါတီရှေ့ဆက်ပြီးဘာလုပ်မှာလဲဆိုတာကိုလည်းဒေါ်စုကိုယ်တိုင်အတွင်းကနေမပြောနိုင်ဘူး။     ဒီမိုကရေစီအရေးဆက်လုပ်မယ် ဆိုတာလောက်၊ ပါတီကအစိုးရဖျက်ပေမယ့် မပျက်ပါဘူးဆိုတာလောက်ပဲပြောနိုင်တယ်။ ပါတီခေါင်းဆောင်တွေ ကလဲနိုင်ငံရေးမလုပ်ရရင်လူမှုရေးလုပ်ငန်းတွေလုပ်မယ်။ပြည်သူကြားထဲမှာ နေပြီးလုပ်မယ်ဆိုတာလောက်ပဲ ပြောနေရတယ်။
           ပါတီကတော့တရားဝင်ပါတီကနေစုတေသွားရတော့မယ်။ကျနော်တို့မြင်တာကတော့ပါတီတရားဝင်ရှိနေမှသာ တရားဝင်နိုင်ငံရေး၊ဥပဒေဘောင်ထဲကနိုင်ငံရေးကိုလုပ်လို့ရမယ်။ဒီမိုကရေစီသဘောတရားတွေကို ဟောပြောဆွေးနွေးလို့၊ရှင်းပြလို့ရမယ်။ပြည်သူတွေရဲ့အကြပ်အတည်းတွေကိုဖော်ထုတ်တင်ပြလို့ရမယ်။ကျနော်တို့အားကောင်းရင်ကောင်းသလိုပြည်သူတွေအတွက် လုပ်ပေးနိုင်တာ တွေများပါတယ်။

ဒါတွေကတော့ အဲ့ဒီအချိန်က ကျွန်တော့်ရဲ တင်ပြချက်တွေပါ။ ဒီစာကို သူတို့ဖတ်ရ မဖတ်ရတော့ မသိဘူး။ရေးသင့်ရေးထိုက်တာတွေ ရေးလိုက်ပါတယ်။ နောက်မှကြားရတာက အဲ့ဒီအစည်းအဝေးမှ ကချင်က ကိုယ်စားလှယ်တစ်ဦးနဲ့ တနင်္သာရီတိုင်းက ဦးတိုးပိုတို့ပဲ မှတ်ပုံတင်သင့်တယ်လို့ ဆွေးနွေးခဲ့တယ်ဆိုတာ သိရ ပါ တယ်။

 

ကဲ။ လာပါပြီဗျာ။  အဲ့ဒီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်က ရွေးကောက်ပွဲသပိတ်မှောက်ရေးလား၊ ပါတီမှတ်ပုံမတင်ရေးလားဆိုတာ။

 NLD ပြန်ကြား ရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က "ဗဟို ဦးစီး အဖွဲ့ဝင်များရဲ့ ဆွေးနွေး ချက်များအရ နအဖက ထုတ်ပြန် ထားသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ များသည် လုံးဝ မျှတမှု မရှိတော့ပါသဖြင့် NLD ကို ထပ်မံ မှတ်ပုံတင် တော့မည် မဟုတ်ကြောင်း အများ သဘောတူ ကန့်ကွက်သူ မရှိ ဆုံးဖြတ်သည်" ဟု ပြောသည်။ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ဖမ်းဆီး ထားသော အကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် ကိုလည်း ချမှတ် လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒါတောင် ပထမဆုံးစာကြမ်းက တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်သည်လို့ ရေးထားတာကို ဒေါက်တာ သန်းငြိမ်းတို့က ကျုပ်တို့က သဘောတူတာမဟုတ်ဘူး၊ ကျုပ်တို့သဘောထားက ပြပြီးသား။ အားလုံးဆုံးဖြတ်ချက် ကို ကျုပ်တို့က မကန့်ကွက်ဘူး။ ဒါကြောင့် ကန့်ကွက်သူမရှိ ဆုံးဖြတ်တာလို့ ပြင်ခိုင်းလို့ ပြင်ပြီး ထွက်လာတယ်။

 

ဒီနောက်ပိုင်း ဇာတ်လမ်းတွေက ရှင်းပါတယ်။ ပါတီတရားဝင်ပျက်ပျယ်သွားတဲ့အခါ ဘာလုပ်မလဲ မေးတော လူမူရေးလုပ်မယ်၊ အမှိုက်ကောက်မယ်ဆိုတာတွေ ဖြေကြတယ်။ လူမူရေးလုပ်မယ့်သူတွေနဲ့ နိုင်ငံရေးလုပ်မယ့်သူတွေ အကြားမှာ ဘယ်သူကပဲဖြစ်ဖြစ် ပါတီရဲ့ ခွပ်ဒေါင်းအလံနဲ့တံဆိပ်ကို မသုံးကြကြေးဆိုပြီး  နှစ်ဖက်အကြား သဘောတူညီထားခဲ့ကြတယ်။ ဒါကြောင့် NDF ဖြစ်လာမယ့်သူ့တွေက ခွပ်ဒေါင်းကို မသုံးဘဲ အခြားတံဆိပ်ကို ရွေးခဲ့ကြတယ်။

 

NLD တရားဝင်ပါတီအဖြစ် ပျက်တယ်၊ မပျက်ဘူးဆိုတာက အခုစကားများနေကြပေမယ့် အဲ့ဒီအချိန်က ပါတီခေါင်းဆောင်တွေအားလုံးဟာ မေလ(၆) ရက်နေ့ပြီးတာနဲ့ ပါတီက မရှိတော့ဘူးဆိုတာ အားလုံးနားလည် သဘောပေါက်ထားပြီးဖြစ်သလို ပါတီဖျက်သိမ်းရေးကော်မတီကို ဧပြီပထမပတ်မှာပဲ ဖွဲ့စည်းပြီး ပါတီစာရင်းအင်း တွေ၊ စာရွက်စာတမ်းတွေရှင်းလင်းဖျက်သိမ်းခဲ့တယ်။ အဲ့ဒီကော်မတီထဲကို NDF ပါတီခေါင်းဆောင်တွေ ဖြစ်လာမယ့်သူတွေက သူတို့ကို မထည့်ဖို့ ပြောကြတယ်။ သူတို့စကားကလည်း ရှင်းတယ်။

 ကျုပ်တို့က ပါတီကို ဆက်လက်ရှင်သန်ပြိး ရှိစေချင်တဲ့သူတွေ။ ပါတီကိုဖျက်ချင်တဲ့သူတွေမဟုတ်ဘူး။ ဒါကြောင့် ပါတီဖျက်တဲ့အဖွဲ့ထဲမှာ ကျုပ်တို့နာမည်တွေ အပါမခံနိုင်ဘူး။ ဒါကြောင့်ကျူပ်တို့နာမည်တွေ ကို ဒီအဖွဲ့ထဲ မထည့်ပါနဲ့လို့ ပြောခဲ့ကြတယ်။

ဒါပေမယ့် အချို့စာရင်းအင်းတွေကို အများကြီးကိုင်ထားရတဲ့ ဒေါက်တာ ၀င်းနိုင်ကိုတော့ စာရင်းတွေရှင်းဖို့ ဒီအဖွဲ့ထဲကိုပါပေးပါဆိုလို့ ပါသွားတယ်။ စာရင်းတွေ၊စာရွက်စာတမ်းတွေ ဘယ်လိုရှင်းရသလဲ ဆိုတာကိုတော့ အဲ့ဒီအချိန်က ရုံးစောင့်လုပ်တဲ့ ဦးကျော်မြင့်ကိုပဲ မေးကြည့်ပေတော့။ တစ်ပတ်လောက် စာရွက်စာတမ်းတွေမီးရှို့၊ ပီနံအိတ်တွေနဲ့ထည့်ပြီး သွားပစ်ရတယ်။ဒါ့ပြင် ရုံးကပစ္စည်းတွေကို လည်း ပိုင်ရှင်တွေထံပြန်ပို့သင့်တာပို့၊ ပေးသင့်တာပေးလုပ်ရတယ်။ ဒါကတော့ NLD ပါတီဟာ ဥပဒေကြောင်းအရ ဘယ်လိုပဲပြောပြော တရားဝင်အဖြစ်ကနေ ရပ်စဲသွားပြီဆိုတာ  အဲ့ဒီအချိန်က ပါတီခေါင်းဆောင်တွေ အားလုံး  လက်ခံထားကြတယ်ဆိုတာပါပဲ။ 

 

နောက် အရေးကြီးတဲ့ ဘယ်သူမှမသိကြတဲ့ စီအီးစီထဲက အတွင်းရေးတစ်ခု။  ပါတီမှတ်ပုံထပ်မတင်လို့ ပါတီက သတ်မှတ်ထားတဲ့ရက်ပြီးရင် တရားဝင်ပါတီအဖြစ်ကနေ ရပ်စဲသွားတော့မယ်ဆိုတဲ့နောက်ပိုင်း ဘာဆက်လုပ်ကြမလဲလို့ စီအီးစီထဲမှာ စဉ်းစားနေချိန်မှာ စာတမ်းတစ်စောင် စီအီးစီအစည်းအဝေးမှာ စီအီးစီတွေ ဆီ ဝေလာတယ်။ အဲ့ဒီစာတမ်းက  ပါတီဖျက်သိမ်းခံရပြီးနောက်ပိုင်းမှာ ကွန်ယက်တွေအဖြစ် ပြန်လည်ဖွဲ့စည်းပြီး ဆက်သွယ်လုပ်ဆောင်ကြဖို့ အစီအစဉ်ပါတဲ့ စာတမ်း။ အောက်မှာ လက်မှတ်မထိုးပဲ ဝေထားတဲ့စာတမ်းဖြစ်လို့ ဒေါက်တာသန်းငြိမ်းက ဘယ်သူတင်တာလဲ၊ ဘယ်သူလုပ်ခိုင်းတာလဲလို့မေးတော့ ဦးအုန်းကြိုင်က သူဝေထား တာပါလို့ပြောပြီး စီအီးစီအစည်းအဝေးမှာ ဆွေးနွေးဖို့ စည်းကမ်းချက်နဲ့မညီလို့ ပြန်သိမ်းယူသွားတယ်။  ဒါဟာ ပါတီပျက်ပြီးနောက်ပိုင်း ပါတီဝင်တွေ ဒုက္ခတွေ့လာနိုင်တဲ့ကိစ္စဖြစ်လို့ NDF ပါတီကို အမြန်ဆုံးထူထောင်ရတဲ့ အချက်တွေထဲက တစ်ချက် ဖြစ်ပါတယ်။ ယူဂျီ-အိုဂျီကိစ္စတွေဟာ ပါတီဝင်ဟောင်းတွေအတွက် အန္တရာယ်ကြီး ဖြစ်လို့ အကာအကွယ်ပေးနိုင်ဖို့ NDF ကို အမြန်ဆုံးထူထောင်ကြခြင်းလည်း ဖြစ်ပါတယ်။

NDF ပါတီခေါင်းဆောင်တွေဟာ ပါတီသက်တမ်းကုန်တဲ့ မေလ(၆)ရက်နေ့ညနေ ရုံးပိတ်တဲ့အချိန်ထိ NLD ရုံးမှာနေခဲ့ကြတယ်။ ပါတီတရားဝင်ပျက်ပျယ်ပြီးတဲ့နောက် မေလကုန်မှသာ ပါတီတစ်ခုကို ထူထောင်ဖို့ လုံးပမ်းကြတာပါ။ ခွဲထောင်တာလည်းမဟုတ်သလို ခွဲထွက်တာလည်းမဟုတ်။ ပဲ့စင်တာလည်း မဟုတ်။ ပဲ့ထွက် တာလည်း မဟုတ်။ အထူးသဖြင့် ယူဂျီအိုဂျီရောဂါကူးချင်နေတဲ့အချိန်နဲ့ ဘာလုပ်ရ၊ဘာကိုင်ရမှန်းမသိကြတဲ့ ပါတီဝင်ဟောင်းတွေအတွက်၊ ပြီးတော့ အကျယ်ချုပ်ကထွက်လာရင် နိုင်ငံရေးမှာ ခြေချနိုင်ဖို့အတွက် ပါတီတစ်ခု ရှိထားဖို့လိုတယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့  NDFပါတီကို ထူထောင်ခဲ့ကြခြင်း ဖြစ်ပါတယ်။  ယုံတာ-မယုံတာက တကဏ္ဍ။ အဲ့ဒီတုန်းက ဒီလိုရည်ရွယ်ချက်တွေလည်း ရှိခဲ့ပါတယ်။  ဒါကြောင့် NDF ပါတီဟာ ဇူလိုင်(၉)ရက် ၊ ၂၀၁၀မှ ပါတီမှတ်ပုံတင်အမှတ် (၃၈)နဲ့ တရားဝင်ပါတီ ဖြစ်လာခဲ့တာပါ။

 

ဒေါက်တာသန်းငြိမ်းရဲ့ အမှန်ပြောကြေး(၁)ဆောင်းပါးက ကောက်နုတ်ချက်မှာ-

ဦးဝင်းတင်က "  ဒီလူတွေဟာ၊ ကိုခင်မောင်ဆွေတို့ ဘာတို့ဟာ၊ ပါတီမှာ သူတို့ မတ်လ (၂၉) ရက်မှာ ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဖို့ဆုံးဖြတ်တော့၊ သူတို့က သဘောမတူဘူး။ ဒါပေမဲ့ သူတို့က ဘာမှမပြောဘူး၊ ဘာမှ ထူးထူးခြားခြားမပြောဘူး။ သူတို့ဘာမှ ကန့်ကွက်တာမရှိဘူး။ သူတို့က ပါတီမှာ ဆက်နေတယ်၊ မတ်လ ၂၉ရက် ကနေပြီးတော့၊ မေလ (၆)ရက်နေ့အထိနေတယ်။ (၆)ရက်နေ့ကျမှ ပါတီပျက်ပြယ်တယ်ဆိုတဲ့ သတ်မှတ်ချက်က အတည်ဖြစ်တော့မှ ပါတီခွဲထောင်တာလေ။ ပါတီတရားဝင်ဖြစ်တဲ့အချိန်မှာ သူတို့က အပြင်ထွက်ပြီးတော့ ပါတီခွဲတယ်ဆိုရင် ပါတီကိုဖျက်လိုဖျက်ဆီးလုပ်တယ်လို့ ကျွန်တော်ယူဆတယ်။ ဒါပေမဲ့ သူတို့ဟာ ပါတီရဲ့ လုပ်ငန်းတွေကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ဟာတွေ မလုပ်ခဲ့ဘူး၊ လုပ်ခဲ့မှပဲ အန်တီပါတီ (Anti-party ၊ ပါတီဆန့်ကျင်ရေးသမား) လို့ စဉ်းစားရမယ်' လို့ သူ့ရဲ့သဘောထားကို ရှင်းပြတယ်။

        အမှန်တွေလို့ပဲ ပြောလို့ရပါတယ်။ နည်းနည်းလွဲတာက မတ်လ(၂၉)ရက် ဗဟိုဦးစီးအစည်း အဝေးမှာ စဉ်းစားဆုံးဖြတ်တာဟာ၊ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးမဟုတ်ပဲ၊ NLD ပါတီကိုဆက်ပြီး တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရေး မတင်ရေး ကိစ္စဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ဆက်စပ်သွားတာက နောက်ပိုင်း ကျမှပါ။ နောက်တစ်ချက်က ရှင်းအောင်ပြောရရင် မေလ(၆)ရက်နေ့ဟာ NLD ပါတီရဲ့တရားဝင်ရပ်တည်မှု နောက်ဆုံးရက်ဖြစ်တော့၊ ဒီရက်နောက်ပိုင်း၊ NLD ပါတီ တရားဝင်မရှိတော့တဲ့နောက်ပိုင်းမှာ ပါတီထောင်တာဟာ ပါတီခွဲထောင်တာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး၊ ဒါကိုလည်း ဆရာဦးဝင်းတင်က တရားဝင်ပါတီဖြစ်နေတုံး၊ ခွဲထောင်တာမဟုတ်ဘူးလို့ ပြောထားပါတယ်။

 

NLD အနေနဲ့ရွေးကောက်ပွဲသပိတ်မှောက်ကြောင်း ကြေညာတာကလည်းဒီရက်တွေမှပါ။

နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်ဒီမိုကရေစီရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်တဲ့ အတွက် ဒီရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင် သပိတ်မှောက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အောက်တိုဘာ ၂၆ ရက်နေ့ ဒီကနေ့ ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ကြေညာချက်မှာ ပြည်သူတွေရဲ့ မဲပေးခွင့်နဲ့ ပတ်သက်ပြီး ပါဝင်တဲ့အချက်တွေကို RFA ကို ပြောပါတယ်။

"မဲဆန္ဒရှင် ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ ရွေးကောက်ပွဲတွင် မဲပေးခြင်း မပြုပဲ နေနိုင်သော အခွင့်အရေး ရှိပါသည်။ ထို့ပြင် တဦးဦးက အတင်းအဓမ္မ မဲပေးခိုင်းပါက သက်ဆိုင်ရာ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားနိုင်ပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံသားတွေအနေနဲ့ မဲပေးဖို့ အခွင့်အရေး ရှိသလို ဆန္ဒမရှိရင် မဲမပေးပါကလည်း ဥပဒေအရ အခွင့်အရေးပဲ ဟူ၍လည်းကောင်း၊ အတင်းအဓမ္မ မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည် ဟူ၍လည်းကောင်း၊ NLD မပါလို့ ဘယ်သူ့ကို မဲပေးရမလဲဆိုရင် ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ပဲ နေပါဟူ၍လည်းကောင်း၊ ၎င်း၏ သဘောထားများကို ထုတ်ဖော်ထားပြီး ဖြစ်ပါကြောင်း အများပြည်သူ သိစေရန် ကြေညာလိုက်သည်။"

စစ်အစိုးရရဲ့ ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်တမ်းရှည်စေမှာ ဖြစ်တဲ့အပြင် တိုင်းရင်းသား ပြည်သူတွေရဲ့ အခွင့်အရေး မပါဝင်တဲ့အတွက် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကြေညာချက်မှာ ရှင်းပြထားပါတယ်။

ဒါတွေက သမိုင်းကြောင်းကို ရှင်းပြခြင်း ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သိစေချင်လို့ပါ။  ပါတီမှတ်ပုံမတင်တာနဲ့ ရွေးကောက်ပွဲသပိတ်မှောက်တာက ဘာမှမဆိုင်ဘူး၊တစ်ခြားစီဆိုတာ သိစေချင်လို့ပါ။

လာပါပြီ။ ကျွန်တော်ရဲ့ အဓိကမေးခွန်းတွေ။

၁။      ဦးဥာဏ်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တစ်နေကုန်တွေ့တုန်းက သူတို့နှစ်ယောက် ဘာတွေ ဆွေးနွေးကြသလဲ။ ဦးဥာဏ်ဝင်းပြောသလို ဒေါ်စုချည်းကပဲ ပြောနေတာကတော့ မဖြစ်နိုင်။ ဦးဥာဏ်ဝင်းဆိုတာက လည်း မှတ်ပုံတင်ရေးကို ဆန့်ကျင်တဲ့ ဦးဝင်းတင်ဂိုဏ်းသား။

၂။      စီအီးစီကိုတောင် မတင်ပြဘဲ ဘာကြောင့် ဦးဥာဏ်ဝင်းက နိုင်ငံခြားက အသံလွှင့်မီဒီယာတွေနဲ့ တွေ့ပြီး တန်းပြောလိုက်တာလဲ။ ဒေါ်အောင်ဆန်းစုကြည်က ခိုင်းလိုက်လို့လား။ သူတို့နှစ်ယောက်ဆွေးနွေးကြတဲ့ အခါ မှတ်ပုံတင်ရေးအဖွဲ့တွေ အားကောင်းနေလို့ ဦးဝင်းတင်တောင် နိုင်ငံရေးက အနားယူမယ်လို့ပြောနေတာ ကြောင့် ဒီအားသာချက်ကို မရရအောင် ဖျက်ဖို့ လုပ်လိုက်တာလား။

၃။      စီအီးစီရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်တဲ့ ဦးအောင်ရွှေနဲ့ ဒေါ်စု နှစ်ယောက်တည်းတွေ့ပြီးဆုံး ဖြတ်ဖို့ဆိုတာကို ဦးဥာဏ်ဝင်းက တကယ်မပြောခဲ့တာလား။ ရေဒီယိုနားထောင်တဲ့ဒေါ်စုကတော့ ဒီသတင်းကြားရ မှာပါ။

၎။      ၂၃ရက်နေ့ကနေ ၂၉ ရက်နေ့အတွင်း ဦးတင်ဦး၊ ဦးဝင်းတင်၊ဦးဥာဏ်ဝင်းနဲ့ ဦးအုန်းကြိုင်တို့ရဲ့ တိုင်းနဲ့ပြည်နယ်က ဗဟိုဦးစီးတွေကို ဘယ်လိုတွေ့ဆုံမှာကြားကြသလဲ။ သူတို့ရဲ့ ဒီအချိန်အတွင်းလုပ်ဆောင်ချက် တွေက ပျောက်နေတဲ့ကွင်းဆက်တစ်ခုပါ။ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြသလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားတွေက ဘာတွေလဲ။ ဟိုဖတ်သွားတဲ့ ခြောက်ချက်ထက်မကတော့ ရှိပါလိမ့်မယ်။

၅။      ဗဟိုဦးစီးအစည်းအဝေးကိုတောင် နဂိုအစီအစဉ်ကနေ ပြောင်းသွားအောင် ဗဟိုအလုပ်အမှု ဆောင်ကော်မတီကိုတောင် အသိမပေးဘဲ လုပ်ခဲ့တာက ဘာကြောင့်လဲ။ ဘာကြောင့် အစီအစဉ်ပြောင်းသွားတာ ကို မတင်ပြတာလဲ။အသိမပေးတာလဲ။

၆။      ပါတီခေါင်းဆောင်တစ်ယောက်ဟာ ပထမ စီအီးစီဆုံးဖြတ်တာကို လက်ခံပါ့မယ်ဆိုပြီးမှ ဗဟိုဦးစီးအစည်းအဝေးမစတင်ခင်မှ ကျွန်မက မှတ်ပုံတင်တာကို လက်မခံနိုင်ဘူးလို့ အားလုံးအပေါ် လွှမ်းမိုးမှုရှိအောင် ပြောသွားခဲ့တာဟာ ခေါင်းဆောင်ပီသပါရဲ့လား။  ၂၀၁၁ခု မှာ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ့် ဗဟိုဦးစီးအစည်းအဝေးမှာ ခေါင်းဆောင်က နောက်ဆုံးမှ သူအမြင်ပြောသင့်တယ်၊ ကြိုပြောရင် အားလုံးကိုလွှမ်းမိုးသလို ဖြစ်မယ်ဆိုပြီး ပြောခဲ့တာကို ကြည့်ပြီး အရင်က  သူမ မှားခဲ့တယ်ဆိုတာကို ပြောနိုင်ပါသလား။ ( ပထမတစ်ကြိမ်မှာ ဒီလူတွေကပဲ ပါတီကိုမှတ်ပုံမတင်သင့်ဘူး ဆုံးဖြတ်ခဲ့တယ်။ နောက်တစ်နှစ်အကြာမှာလည်း ဒီလူတွေကပဲ ပါတီမှတ်ပုံတင်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။)

၇။      ရွေးကောက်ပွဲကို  ပါတီအနေဖြင့် သပိတ်မှောက်တာက ကန့်ကွက်စရာမရှိပါ။ သို့သော် NO VOTE ကန်ပိန်းကို တစ်နိုင်ငံလုံး တက်တက်ကြွကြွလုပ်ကာ ဒီမိုကရက်တစ်တွေ မဲအရနည်းအောင်၊ သို့မဟုတ် ကြံ့ခိုင်ရေးကို မဲအသာရစေအောင် လုပ်ဆောင်ခဲ့တာက ဘယ်လိုရည်ရွှယ်ချက်မျိုး ပါလဲ။ ( အထူးသဖြင့် ခမောက်သူခိုး၊ ခမောက်အတု၊NLD အတု ဆိုတာမျိုးတွေ မိုးမွှန်နေအောင် ပြောဆိုရင်း ဒီမိုကရက်တစ်အင်အားစု တွေ   မဲတွေ အရနည်းအောင် လုပ်ခဲ့ရခြင်းရဲ့ ရည်ရွယ်ချက်)

နံပါတ်(၇) အဖြေကတော့ နောက်ပိုင်းသိရသလောက် တော်တော်ဆိုးတာပဲ။ ငါတို့လုပ်မှသာ ဒီမိုကရေစီ ဆိုတာမျိုး ဖြစ်နေပြီ။

၈။      NDF  အနေနဲ့ ခမောက်တံဆိပ်ကို ဒီမိုကရက်တစ်အင်အားစုတစ်ခုအနေဖြင့် ကြံခိုင်ရေးကိုယှဉ် ပြိုင်ဖို့  ၂၀၁၀ရွေးကောက်ပွဲမှာ အသုံးပြုခဲခြင်းကို ဘာကြောင့်များ အမုန်းတရားပွားများနေကြရပါသလဲ။ ဒီမိုကရက်တစ်ပါတီဆိုတာကို တောင် လက်မခံနိုင်ကြဘူးလား။ မြန်မာပြည်မှာ ဒီမိုကရက်တစ်ပါတီဆိုတာ တစ်ခုတည်းများ ရှိနေတာလား။

မိုးကုတ်ကိုတိုး( ၂၇-၆-၂၀၁၄)

                                                                                                                            

                     

#to be happy#

$$ kotoetoe $$

Wednesday, June 25, 2014

ဇာတိမြေသို့ အလည်တစ်ခေါက် မိုးကုတ်လွမ်းချင်း

ဇာတိမြေသို့ အလည်တစ်ခေါက်

မိုးကုတ်လွမ်းချင်း

         ကိုယ့်ရဲ့ မွေးဇာတိဖြစ်တဲ့ မိုးကုတ်နဲ့ ဝေးနေတာ ၂ နှစ်လောက်ရှိတော့မယ်။ ၂၀၁၀ ရွေးကောက်ပွဲပြီးလို့  ပါတီရဲ့ ပထမအကြိမ် ဗဟိုဦးစီးညီလာခံကျင်းပတဲ့ ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၁ ရက်နေ့အမှီ မိုးကုတ်ကနေ ရန်ကုန်ကိုလာခဲ့တယ်။ ပါတီဌာနချုပ်မှာ သုတေသနဌာနအတွက် လူလိုနေလို့ရယ်၊ နေဖို့ထိုင်ဖို့ တာဝန်ယူတယ် ဆိုတာကြောင့် ရောက်လာခဲ့တယ်။ အဲ့ဒီတုန်းက ရန်ကုန်ကို ပြန်မရောက်တာ  ၁၈ နှစ်လောက် ရှိပြီ။၁၉၉၂ တုန်းက နောက်ဆုံးရောက်ဖူးခြင်းပဲ။ သြဂုတ် (၁)ရက်၊ ၂၀၁၀ တုန်းကတော့ ပါတီဌာနချုပ်ရုံးဖွင့်ပွဲကို နှစ်ရက်ကြာလာခဲ့ဖူးတာလွဲပြီး ရန်ကုန်မြေကို ပြန်မချမိခဲ့။

         ရန်ကုန်ဌာနချုပ်ရုံးမှာက အဖော်အဖြစ် ကိုမျိုးဇော်အောင် ရှိတယ်။ ရုံးမှာ ညအိပ်တာက ကိုယ့်တို့ နှစ်ယောက်။ အခုတော့ ကိုမျိုးဇော်အောင်က Innovative အမည်နဲ့ သင်တန်းကျောင်းဖွင့်ပြီး ဆရာကြီးဖြစ်နေပြီ။

ရန်ကုန်ရောက်ပြီးမှ ၂၀၁၂ခု၊ အောက်တိုဘာလမှာ မန္တလေးမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေနဲ့ နိုင်ငံရေးသင်တန်းတစ်ခု  ငါးရက်ကြာလာပို့ချတယ်။ အဲ့ဒီအချိန်တုန်းက မိုးကုတ်ကနေ သင်တန်းလာတက်ကြတဲ့ NDF ပါတီဝင်တွေနဲ့အတူ  သင်တန်းအပြီးမှာ မိုးကုတ်ကို သူတို့နဲ့အတူ ဆိုင်ကယ်စီးပြီး ပြန်လိုက်ခဲ့တယ်။ သီတင်းကျွတ်မှာ မိုးကုတ်မှာ နေဖြစ်ခဲ့တာက အမြတ်။

         ဒီကနေ မိုးကုတ်ကို ပြန်မရောက်ဖြစ်တော့။ NLD ပါတီ တရားဝင်မှတ်ပုံတင်ပြီး ပါတီပြန်ထူထောင်တော့ မိုးကုတ်က ပါတီဝင်တွေအားလုံး NDF ကနေထွက်ပြီး NLD ထဲ ပြန်ဝင်သွားခဲ့ကြတယ်။ နောင်ထပ်ကြားရတာ ကလည်း NDF ဖြစ်လို့ မယုံဘူး။ တာဝန်မပေးဘူး။ လက်မခံဘူးဆိုတာမျိုးတွေ။  နောက်ဆုံးတော့လည်း နိုင်ငံရေး ကိုတကယ်လုပ်တတ်တာက ဒီလူတွေပဲ ဖြစ်နေတော့  အနည်းနဲ့အများကတော့  နေရာအပေးခံရပြီး တာဝန်ယူ လုပ်ကြရတယ်လို့ သိရတယ်။ အချို့ဆို ဗဟိုညီလာခံကိုယ်စားလှယ်များတောင် ဖြစ်လို့။ ဒီချာတိတ်က NDF ထဲ ၀င်လာတုန်းက နိုင်ငံရေးစလုပ်ခါစ။ ဘယ်ပါတီမှာမှ မလုပ်ဖူးဘူး။ အတွေးအခေါ်နဲ့ အပြောအဆိုက ကောင်း တယ်။

         ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ  မန္တလေးမှာလုပ်တဲ့ ပဉ္စမအကြိမ်နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးကော်မတီ အစည်းအဝေးပြီးတော့ ၁၆ ရက်နေ့မှာ မိုးကုတ်ကို ပြန်လာခဲ့တယ်။ ခွင့်ကလည်း ငါးရက်ပဲ ရတယ်။ ဗဟိုလူကြီး တွေက ရန်ကုန်ပြန်။ ကိုယ်က မိုးကုတ်ပြန်။ အောင်စိုးမိုးသူကားဂိတ်က ဘင်ကားနဲ့ကားလက်မှတ်ဖြတ်ထားတယ်။ ကားခက အတက် ၁၂၀၀၀ိ/ ဒါတောင် နောက်ခန်း။ ရှေ့ခန်းက ၁၅၀၀၀ိ/။ အသစ်ဖောက်တဲ့ မေမြို့လမ်းက သွားမှာလားမေးတော့ မသွားဘူးလို့ ပြောတယ်။ နောက်နေ့ ကားလာကြိုတော့ မေမြို့လမ်းကနေ ပြန်မယ်ဖြစ် သွားတော့ အတိုင်းထက်အလွန်ပဲ။ ကိုယ်က ဒီလမ်းကို ကြည့်ချင်၊ သိချင်နေတာ။

         မေမြို့။ ဒါမှမဟုတ် ပြင်ဦးလွင်- မိုးကုတ်လမ်းက တောင်တန်းတွေရဲ့ ထိပ်ဖျားကနေ ဖောက်ထားတာပဲ။ မိုးကုတ်ကနေ ပြင်ဦးလွင်ကို အမြန်မောင်းရင် ၃နာရီလောက်ပဲ ကြာတယ်ဆိုလား။ လမ်းမှာတော့ ရွာဆက်တွေ က အရမ်းပြတ်။ ရွာတည်မယ်ဆိုရင်တောင် တောင်ထိပ်နီးပါးမှာ ရွာတည်ထားတော့ သောက်ရေ၊သုံးရေပြဿနာ ဖြစ်မယ်ပုံ။ ပြီးတော့ ကားလမ်းကလည်း တောင်အထပ်ထပ်ကို ကျော်ဖြတ်ထားတာ။ ကားစီးရင် မြင်ရတဲ့ရှုခင်း တွေကတော့ အရမ်းလှ။ တောင်ခါးပန်းတွေကလည်း ကျောက်တောင်တွေကို ဖြတ်ပြီး ကားလမ်းဖောက်ထား တာ။ အရင် မိုးကုတ်လမ်းဟောင်းလို မြေတောင်တွေမဟုတ်တော့ တော်ရုံတန်ရုံနဲ့ တောင်ပြိုဖို့မလွယ်ဘူးပဲ။ လမ်း ဖောက်ထားတာကလည်း ဖြူးလို့ဖြောင့်လို့။ အကွေ့အကောက်ကတော့ ဟို မိုးကုတ်မန္နလေးလမ်းဟောင်းလို့ အကွေ့တစ်ထောင် ၊ အကောက်တစ်ထောင်လို့ ရေတွက်တဲ့သူ မပေါ်သေးဘူး။ ကားခေတ္တနားတဲ့နေရာကလည်း မိုင်တိုင်အမှတ် ၅၀။ ပက်စီဆိုတဲ့ နေရာလေး။ ဆိုင်ကလေးပဲ ဖွင့်ထားပြီး ဒီနေရာက တယ်လီဖုန်းလိုင်းမိတဲ့ နေရာလည်း ဖြစ်နေတယ်။ ကျန်တဲ့နေရာတွေမှာတော့ ကားရပ်နားတာ မရှိ။

         မိုးကုတ်ရောက်တော့ နေ့လည် ၂း၀၀နာရီလောက်။  အိမ်မှာက အမနဲ့တူမတွေက ကြိုဆိုကြတယ်။  သူတို့နဲ့ စကားပြောပြီးတော့ အကိုကြီးဖြစ်တဲ့ ကိုဇော်ဝင်းရှိရာ ရွှေကူရပ်ကွက်ကိုလာခဲ့တယ်။ ကိုယ့်အကိုပေမယ့် မတွေ့တာ ၂နှစ်အတွင်းမှာ ရုပ်က ပြောင်းသွားတော့ ရုပ်တရက်ဆို မမှတ်မိဘူးဖြစ်သွားတယ်။ ညီအကိုနှစ် ယောက် အကြောင်းအရာပေါင်းစုံ ပြောဖြစ်ကြတယ်။ အရင်ကလည်း နိုင်ငံရေးဆွေးနွေးဖက်တွေ။

         ညနေပိုင်းမှာတော့ စုံရပ်ဖြစ်တဲ့ နွေစံအိမ်လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံဖြစ် တယ်။ အားလုံးက ၀မ်းသာအားရနဲ့ပဲ။ သူတို့လည်း ပါတီနိုင်ငံရေးထက် လူမှုရေးအလုပ်တွေကို ပိုလုပ်နေကြ တယ်။ မေးကြည့်တော့ NLD ထဲမှာ အကန့်ခံနေရပြီး လက်ရှိဦးဆောင်သူတွေက အုပ်စုဖွဲ့နေကြတော့ သူတို့လည်း ဘေးကနေပြီး အခြားလူမှုရေးအလုပ်တွေကိုပဲ လုပ်နေကြတာဆိုလား။ နိုင်ငံရေးကို တစ်ခါမှ မလုပ်ဖူးတဲ့သူတွေ၊ ထဲထဲဝင်ဝင် မလုပ်ဘူးကြတဲ့သူတွေက ဥက္ကဌ၊ အတွင်းရေးမှူးတွေ ဖြစ်ကုန်ကြတော့  သုတို့ လည်းမလုပ်တတ်၊ လုပ်တတ်တဲ့သူတွေ၊ လူဟောင်းတွေကိုလည်း နေရာမပေးချင်၊ ဒါနဲ့ အုပ်စုတွေဖွဲ့ပြီး ကန်ထုတ် ကြ၊ ဘေးဖယ်ထားကြနဲ့  ဖြစ်ချင်သလို ဖြစ်နေတာဆိုလား။

         မြင်နေရတာကလည်း သူတို့ပြောသလိုပဲ။ မိုးကုတ်နိုင်ငံရေးမှာ ကိုယ့်လောက် ထဲထဲဝင်ဝင်နဲ့ စွမ်းစွမ်းတမံ လုပ်ခဲ့တဲ့သူက မရှိ။ ကျန်တဲ့သူတွေကလည်း ကိုယ့်လောက် ပါတီရုံးအလုပ်ကို မလုပ်ကြ။ ရုံးတစ်ခု လည်ပတ်ပုံကို မသိ။ အစည်းအဝေးတက်ပြီး စကားပြောဖို့လောက်သာ သိကြတဲ့သူတွေဖြစ်နေတယ်။ ကြပ်တည်းတဲ့ကာလတုန်း က ရုံးက ဝေးဝေးရှောင်နေသူတွေက ပွင့်လင်းတဲ့အခါမှာ  ရုံးမှာ အာအကျယ်ဆုံး ဖြစ်လာနေကြတယ်။ လုပ်ခဲ့ဖူး ကြတဲ့သူတွေကလည်း ရှေ့က မိုးကုတ် NLD သမိုင်းအဆက်အစပ်ကို မသိ။ အရှေ့ပိုင်း၊ အနောက်ပိုင်းပြဿနာ၊ နေရာဒေသပြဿနာတွေနဲ့ နားလည်မှုယူပြီး လုပ်ကိုင်ပုံတွေကို မသိကြတော့။  နောက်လူတွေက ဒီသမိုင်း ကြောင်းကို မသိကြတော့  နယ်မြေပြဿနာ ပြေလည်အောင် ဖြေရှင်းဖို့ မသိတော့ဘဲ မိုးကုတ်အနောက်ပိုင်းမှာ ရုံးခွဲ မရှိသင့်ဘူးဆိုတာတွေ ဖြစ်လာတယ်။ ပိတ်ပစ်ရမယ်ဆိုသံတွေ ပစ်လာတယ်။

         ရှစ်လေးလုံးအရေးတော်ပုံမှာ သိကျွမ်းခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ အာဇာနည်နေ့ကျင်းပမှုနဲ့ ဦးအောင်ကျော်တို့ အဖမ်းခံရပြီးနောက်ပိုင်း မိုးကုတ် NLDကို အတူဦးဆောင်ခဲ့တဲ့ အရှေ့ရွာရပ်က ဦးမြတ်ထွန်းဆိုတဲ့ မိုးကုတ်မြို့ နယ် အမှုဆောင်တစ်ဦးရှိခဲ့တယ်။ သူရဲ့သဘောထားပြည့်ဝမှု၊ မြင်တတ်မှုနဲ့ ဆုံးဖြတ်တတ်မှု၊ ပြောဆိုတတ်မှုတွေ က ကျွန်တော် အရမ်းလေးစားအားကျမိတယ်။  သူ မိုးကုတ်NLD အမှုဆောင်မှာ  ဆက်ရှိနေတယ် ကြားရတုန်းက မြို့နယ်အတွက် အတော်စိတ်အေးခဲ့ရတယ်။ အခု ပြန်သွားပြီး သူနဲ့တွေ့ပြီး စကားပြောကြည့်လိုက်မှပဲ စိတ်ပျက် စရာတွေ ဖြစ်ကုန်ရတယ်။ သူ့ကို အခုဖွဲ့စည်းထားတဲ့ မြို့နယ်အမှုဆောင်တွေက ဦးမြတ်ထွန်းဟာ ကြံ့ခိုင်ရေးပါတီ က လွှတ်ထားတဲ့ သူလျှိုဆိုပြီး တီးတိုးဝါဒဖြန့်ထားတယ်။ သြော်….ရက်စက်လှချည်းလား ပုဂ္ဂိုလ်တို့ရေ။ ခင်ဗျားတို့ သမိုင်းကြောင်းကို ဘာမှမသိဘဲ လွယ်လွယ်ကလေးနဲ့ ပြောရက်လိုက်တာဗျာ။ ဒီလူတစ်ယောက် တစ်သက်လုံး လုပ်လာသမျှက ခင်ဗျားတို့လုပ်လိုက်မှပဲ ရာဇ၀င်ရိုင်းရတော့တယ်။

         ကိုယ့်လိုပဲ ဦးမြတ်ထွန်းက၂၀၁၂နောက်ပိုင်း ပါတီရုံးပြန်ဖွင့်တော့ ရုံးကိုကိုယ့်အိမ်လိုသဘောထားပြီး မနက်စောစောဖွင့်၊ ညနေပိုင်းပြန်ပိတ် တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ ဒါလည်း အပြစ်မြင်တယ်ဆိုလား။ ပြီးတော့ အကြီးဆုံးပြဿနာက ရံပုံငွေကိစ္စ။  ဦးမြတ်ထွန်းက ရံပုံငွေတွေကိုသုံးတဲ့အခါမှာ အထုတ်လက်မှတ်ထိုး၊ ဘောက်ချာတင်ပြဆိုတာမျိုးကို လက်ရှိမြို့နယ်ခေါင်းဆောင်တွေက သိပ်မကြိုက်ချင်ကြဘူး။ သူတို့က လွယ်လွယ်ကလေး ကောက်တယ်။ သုံးတယ်ဆိုတာမျိုး လုပ်ချင်ကြတယ်။ ဒီအတွက် တဖြည်းဖြည်းဘေးရောက် ရင်း နောက်ဆုံး ပါတီတာဝန်ကနေ အနားယူတဲ့အဆင့် ဖြစ်သွားခဲ့တယ်။ ကျွန်တော့်အနေနဲ့ကတော့ မိုးကုတ် NLD အတွက် အလွန်အသုံးဝင်တဲ့ သူတစ်ယောက် ဆုံးရှုံးရချင်းအတွက် အလွန်ဝမ်းနည်းမိပါတယ်။

         ငွေရေးကြေးရေးနဲ့ ဘဏ္ဍာရေးကိစ္စတွေကို အခြားသူတွေက ရင်လာဖွင့်ကြတာ စာရင်းမရှင်းနိုင်တာ က နည်းနည်းလေးမှ မဟုတ်တာ။ သိန်း ရာချီနေတဲ့ကိစ္စဆိုပါလား။ ကိုယ့်လိုပါတီတစ်ခုလုံးရဲ့ ယနေ့ထိအောင် သုံးနေတဲ့အသုံးစရိတ်က ကိုယ့်မြို့က မြိ့နယ်ရုံးကလေးရဲ့ အသုံးစရိတ်ကိုတောင် မမှီပါလား။

         မိုးကုတ်မှာက NLD မှာ မြို့မိမြို့ဖတို့၊ မြို့မျက်နှာဖုံးတွေကနေ ပါဝင်တာ ၊ ဦးဆောင်တာ၊ ကြီးကြပ်တာမျိုး မရှိတော့ လက်ရှိမြို့နယ်စည်းတွေရဲ့လုပ်ဆောင်မှုအပိုင်းတွေ အားနည်းနေတယ်။ ပြီးတော့ နိုင်ငံရေးအရ ထက်မြက်ပြီး တက်ကြွတဲ့၊  လုပ်တတ်ကိုင်တတ်တဲ့သူတွေ ဘေးရောက်နေတယ်။ ကိုယ့်လိုလူမျိုးတွေ ထပ်မထွက်လာတော့ဘူး။

         မိုးကုတ်မှာကိုယ်အကြည်နှုးဆုံး မြင်ကွင်းကတော့ ကျောက်တိုင်ကွင်းမှာ အာဇာနည်ကျောက်တိုင် ပြန်ဖြစ်လာတာပါပဲ။ ရှစ်လေးလုံးတုန်းက ဒီကျောက်တိုင်ကွင်းမှာ ဟောပြောပွဲလုပ်ခဲ့ကြတယ်။ ကျောက်တိုင်ပေါ် မှာ တက်ပြောခဲ့ကြတယ်။  ၁၉၈၉ အာဇာနည်နေ့ကို ခမ်းခမ်းနားနားကျင်းပခဲ့ပြီးနောက်ပိုင်းမှာ ဒီကျောက်တိုင်က ဖြိုဖျက်ခံခဲ့ရတယ်။ ကျောက်တိုင်ကွင်းလို့သာ နာမည်သာရှိပြီး ကျောက်တိုင်ပျောက်နေခဲ့တာ ၁၉၉၀ကနေ ၂၀၁၄ ထိ။ ခုတော့ လှလှပပလေးဖြစ်ပါတယ်။ အရင်ကျောက်တိုင်လို ငါးမြှောင့် မဟုတ်ဘဲ လေးထောင့်ဖြစ်နေတာ တစ်ခုတည်းက ပြောစရာဖြစ်တယ်။ အခုလာမယ့် အာဇာနည်နေ့ကိုတော့ ဒီကွင်းမှာ ကျင်းပဖြစ်ပြီး။ ကိုယ့်ခေတ် တုန်းကတော့ ကျောင်းပေါင်းစုံကနေ လွှမ်းသူပန်းခွေတွေ လာချခဲ့ကြတယ်။ အခုလည်း ဒီလိုဖြစ်ဦးမှာလား။

         အရင်က မဟာဗျူဟာလမ်းဖောက်ဖို့ လမ်းမကြီးတစ်လျှောက်က အိမ်တွေ ဖျက်ဖို့ဖြစ်လာတယ်။ မြိ့ထဲလမ်း ကျဉ်းကျဉ်းကလေးကို ပေ ၅၀၊ ပေ ၁၀၀လမ်း ဖောက်မယ်ဆိုပြီး ဆေးနီတွေမှတ်၊ တိုင်းတာတာတွေ လုပ်ပြီးနောက်ပိုင်း  မြို့လူထုက ကန့်ကွက်ကျလို့ အသံပြန်ပျောက်သွားပြန်ပြီ။ မှုံကွင်းထဲမှာလည်း သီတဂူ မျက်စိကုဆေးရုံ ဆောက်မယ်ဆိုပါလား။ နေရာကလည်း ရေကြီးတိုင်း ချောင်းအမြဲကျိုးနေတဲ့နေရာနဲ့မှ တည့်တည့်။ ဒီနေရာကိုလည်း ကျောက်မျက်ပြတိုက်လား။ ဆိုင်ခန်းလား ဆောက်မယ်ဆိုပြီး အသံထွက်လာသလို မြို့လယ်ကွင်းပတ်ပတ်လည် နေရာလွတ်မှန်သမျှကိုလည်း ဆိုင်ရာပိုင်ရာတွေက နေရာဦးထားပြီြး့ပီ ဆိုပဲ။ အခုမှ  ပြန်လျှော့သွားတာ။ မြို့လယ်အင်းကတော့ သဘာဝအတိုင်း ရှိနေတာက အကောင်းဆုံး။ မိုးကုတ်မှာ ဖွဲ့ထားတဲ့ စိမ်းရောင်စုံအဖွဲ့ကလည်း အပင်တွေစိုက်၊ မြို့လယ်အင်းကိုလည်း အမှိုက်တွေကောက်။ အခုလည်း လာမယ့်စနေ၊တနင်္ဂနွေမှာ အမှိုက်ကောက်မယ် ဆိုပါလား။

         မိုးကုတ်မှာ ကျောက်လုပ်ငန်းက အလုပ်သိပ်မဖြစ်တော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အားထားနေ ရတာ။ ကမ္ဘာလှည့်တွေလာရင် အားလုံးအလုပ်ဖြစ်ကြတာမို့ ခရီးသွားဒေသ ဖြစ်စေချင်ကြတယ်။ ဒါပေမယ့် လုံခြုံရေးပြဿနာက ရှိနေ။ အရင်က မန္တလေးတိုင်းဝန်ကြီးချုပ်တောင် ကားမိုင်းအဆွဲခံရတော့ အေးချမ်းတဲ့ ကာလရောက်လာရင်တော့ မိုးကုတ်ကို ကမ္ဘာလှည့်ခရီးသည်တွေ လာချင်တဲ့မြို့ကလေး ဖြစ်အောင် ကြိုးပမ်းကြ ရဦးမှာ။ အခုတော့ မျှော်လေဦးပေါ့။ ဒီကြားထဲ ကျောက်တွေ မကုန်ပါစေနဲ့လို့ ဆုတောင်းရဦးမယ်။

         မိုးကုတ်ကို ပယင်းက လောလောဆယ် ကယ်သွားခဲ့တယ်။ တနိုင်းမှာ ပယင်းတွေခေတ်ကောင်းတော့ မိုးကုတ်သားတွေ အများစုသွားကြတယ်။ တူးကြ၊ ၀ယ်ကြ၊ သွေးကြ၊ ရောင်းကြနဲ့ အဆင်ပြေသင့်သလောက် ပြေ ကုန်ကြတယ်။ အိမ်က တူမတွေလည်း အားလုံးနီးပါး တနိုင်းအထိသွားပြီးဝယ်ကြ၊ ရောင်းကြနဲ့။

         ကင်မရာတစ်လုံး ရှိတာနဲ့ သူများတကာတွေ မိုးကုတ်ပုံတွေ ရိုက်ပြီးတင်တာကို အားကျတာနဲ့ ချမ်းသာကြီးဘုရားနဲ့ ဘီးတောင် ပတ္တမြားစေတီဘက်ကနေ မိုးကုတ်ရှုခင်းတွေကို သွားရိုက်တယ်။ အင်တာနက် လိုင်းကောင်းချက်ကလည်း မိုးကုတ်မှာတော့ ချီးကျူးစရာ။ တာဝါတိုင်အောက်ကနေ ပုံတင်တာတောင် အရမ်းကြာ။ တစ်ခါတစ်လေ ဖုန်းလိုင်းလည်းပျောက်၊ အင်တာနက်လိုင်းလည်းပျောက်။ လိုင်းကောင်းချိန်ကလည်း ည ၂နာရီ။ သုံးနာရီလောက်မှ။ ဒါတောင် ကိုယ်ရောက်နေတဲ့အချိန်မှာ မီးကခဏခဏပြတ် ။ တစ်နေကုန်မလာ။ ညပိုင်းခဏလာ။ လာတော့လည်း မီးအားက ၉၀။ ၁၀၀။ လက်ပန်လှမီးလိုင်းပေါ်မှာ သစ်ပင်၊သစ်ကိုင်းကျိုးကျလို့ ဆိုလို့ကတော့  ပျက်တဲ့နေရာ ရှာပေဦးတော့။  ကိုယ့်တုန်းကတော့ မိုးကုတ်မှာ အင်တာနက်ဆိုင်တွေ သုံးလေး ဆိုင်မက ရှိတယ်။ အခုတော့ အင်တာနက်ဆိုင်တွေ ပျောက်ကုန်ပြီ။ ဘယ်နာသွားသုံးရမှန်းမသိ။

         ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၅၀ ပြည့်မွေးနေ့။ ဥယျာဉ်ကျောင်းကို မုန့်ဟင်းခါးဆွမ်း သွားကပ်။ ပြီးတော့ အမျိုးအိမ်တွေ သွားလည်။ ဘုန်းကြီးကျောင်းဝင်းထဲက ဟိုတုန်းက ဇရပ်အမည်း၊ အခုတော့ ဇရပ်အနီ ကြီးက ကိုယ့်အဖေ လက်သမားဆရာအနေနဲ့ ကြီးကြပ်ပြီး ဆောက်ခဲ့တာ ဆိုပါလား။ သမိုင်းကြောင်းက အခုမှ သိရ။ ဒီဖက်က အဖိုးဇရပ်မဆောက်ခင် ၅နှစ်လောက်က။ အဖိုးဇရပ်က ၁၉၆၁ခုမှာ ပြီးတယ်ဆိုတော့ ဇရပ်မည်း ကြီးက ၁၉၅၆ လောက်မှာ ဆောက်မယ်။ ဆောက်ရင်း အမေနဲ့တွေ့ပြီး ညားသွားတာ ဖြစ်မယ်။ အဖိုးအိမ်နဲ့ ကျောင်းဝင်းကလည်း လမ်းဘဲခြားတာကိုး။ အဖိုးဇရပ်မှာလည်း အဖိုးရဲ့သားတွေ၊ ကိုယ့်ဦးလေးသုံးယောက်စလုံး ဘုန်းကြီးဝတ်တွေနဲ့ တွေ့ရတယ်။ အကြီးဆုံး ဦလေးကြီးက ပြင်ဦးလွင်မှာ သတင်းသုံးတယ်။ ဦးလေးအလတ် တစ်ယောက်က မော်လမြိုင်ဖက်မှာသတင်းသုံးရင် နေမကောင်းလို့ ပြန်ရောက်နေတယ်။ ဦးလေးအငယ်ကတော့ ဥယျာဉ်ကျောင်းမှာပဲ သတင်းသုံးတယ်။ ကိုယ့်အဖွားက သားလေးယောက်၊ သမီးလေးယောက် မွေးခဲ့တာ အခု ဦးလေးကသုံးယောက်၊ အဒေါ်ကနှစ်ယောက် ကျန်သေးတယ်။ လွန်ခဲ့တဲ့တစ်ပတ်လောက်က အဒေါ်တစ်ယောက် ဆုံးသွားခဲ့တယ်။ အမျိုးတွေအားလုံးနဲ့တွေ့ရတာ ပျော်စရာကောင်းတယ်။

         ကိုယ့်အမေကလည်း ကိုယ့်အထက်က လေးယောက်၊ အောက်က သုံးယောက်မွေးထားတာ အငယ် တစ်ယောက် တစ်နှစ်သားလောက်ကပဲ ဆုံးသွားတယ်။ တနိုင်းရောက်နေတဲ့အကိုတစ်ယောက်ကလွဲလို့ ကျန်တဲ့ အကို၊အမတွေနဲ့ ညီ၊ညီမတွေကို စုံစုံညီညီ တွေ့ခဲ့ရတယ်။ ကိုယ့်တူမတွေ မွေးထားတဲ့  မမြင်ဘူးတဲ့ မြေးကလေးတွေကိုလည်း တွေ့ခဲ့ရတယ်။

         မိုးကုတ်ကနေ ရန်ကုန်အပြန်မှာတော့ အရင် မိုးကုတ်-မန္တလေးကားလမ်းကနေ ပြန်ခဲ့တယ်။  ကားခကတော့ ရှေ့ခန်း ၁၃၀၀၀ိ/။ မိုးကုတ်မှာကလည်း ကားဂိတ်တွေက အရမ်းများလာပြီ။ဖော့တော့ အလွန်ကနေစပြီး ပုဂ္ဂလိကပေးထားတဲ့လမ်းက အရင် ၂နှစ်ကနဲ့မတူတော့ပဲ ကျယ်လို့၊ ဖြောင့်လို့၊  ကတ္တရာတွေ မည်းနက်နေလို့။ ၂၀၁၀ ပါတီစထောင်တုန်းက မန္တလေးကို ဆိုင်ကယ်နဲ့ဆင်းတိုင်း လမ်းက ချိုင့်ခွက်တွေကို မနည်းရှောင်၊ ကားတွေကို မနည်းရှောင်ရတဲ့လမ်းက ကားနှစ်စီး တစ်ဖက်တစ်ချက်စီ အေးအေးဆေးဆေး မောင်းလို့ရနေပြီ။ တစ်ခုပဲရှိတာက ဖော့တော့တံတားက သစ်သားဗေလီတံတားဖြစ်နေတုန်း။ ကျန်တဲ့တံတားတွေ အားလုံး ကွန်ကရစ်တံတားတွေ ဖြစ်ကုန်ပြီ။

         ဖော့တောကနေ ဇရပ်ကွင်း၊ လိပ်ကျအထိက  ၂၀၀၀ခုနှစ်လောက်ဆီက ရွှေတောမှာ လေးနှစ်လောက် ကျင်လည်ခဲ့တယ်။ ဇရပ်ကွင်းတစ်ဖက်က မြေနီတောင်မှာ ကြာခဲ့တယ်။ အခုတော့ ဒီဖက်တွေမှာ ဘယ်လိုများ ဖြစ်နေပြီလဲ။  လမ်းတစ်လျှောက်မှာ အရင်၂နှစ်ကထက် မတူတာက အိမ်ခြေတွေ တိုးလာသလို ရွာသစ်တွေ လည်း တွေ့နေရပြီ။ အရင်က ပုံးနဲ့ရောင်းတဲ့ ဆီဆိုင်တွေကနေ အခုတော့ ပန့်နဲ့ရောင်းတဲ့ ဆီဆိုင်တွေ ဖြစ်လာကုန် ပြီ။ အမြဲတန်းနားပြီး ထမင်းစားနေကျ စိန်ဂေဟာတစ်ဝိုက်လည်း ဆိုင်တွေ ခြောက်ကပ်ကပ်ဖြစ်ကုန်ပြီ။

         ဒါကတော့ ကျွန်တော့်ရဲ့ ဇာတိမြေ မိုးကုတ်ကို ခေတ္တပြန်သွားတဲ့ အတွေ့အကြုံကလေးကို ပြန်ပြောပြခြင်းပါ။

မိုးကုတ်ကိုတိုး (၂၂-၆-၂၀၁၄)

        

fda နိုင်ငံရေးဆွေးနွေးပွဲသင်တန်းအစီရင်ခံစာ

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA

အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

အစီရင်ခံစာ

ရက်စွဲ။  ၂၀၁၄ခုနှစ်၊ ဇွန်လ(၁)ရက်

 

         ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ၏အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ  Workshop On National Dialogue ကို  ရန်ကုန်မြို့၊ ဦးဖိုးစိန်လမ်းရှိ Green Hill hotel တွင် မေလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲသို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် အဖွဲ့ဝင်ပါတီများ ဖြစ်ကြသော ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မတူကွဲပြားခြင်း နှင့်ငြိမ်းချမ်းရေးပါတီ၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စုစုပေါင်း ၉ ပါတီမှ ပါတီကိုယ်စားလှယ် ၃ဦးစီ တက်ရောက်ခဲ့ကြသည်။ ကရင်ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုဒီမိုက ရေစီပါတီမှ တက်ရောက်နိုင်ခြင်း မရှိခဲ့ပါ။ နယ်မှလာရောက်လာသူများကို ဟိုတယ်တွင် တည်းခိုရန် စီစဉ်ပေးခဲ့

သည်။

         သင်တန်းသို့ Euro- Burma Office မှ ပညာရှင်တစ်ဦးဖြစ်သူ Mr. Hannes Siebertမှ လာ ရောက်ပို့ချ ခဲ့သည်။ သူသည် နိုင်ငံများ၏ National Dialogue အဆင့်ဆွေးနွေးပွဲများတွင် ၀င်ရောက်ကူညီ အကြံပေးနေသော ပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိတွင် မြန်မာပြည်နှင့် ယီမင်နိုင်ငံတို့၏ National Dialogue ဆွေးနွေးပွဲများတွင် ပါဝင်နေသော ပညာရှင်တစ်ဦး ဖြစ်သည်။

         ပထမဦးစွာ အရှေ့အလယ်ပိုင်းနှင့် အာရပ်နိုင်ငံများတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပြောင်းလဲမှုအခြေ အနေများကို တစ်နိုင်ငံချင်းအလိုက် ရှင်းလင်းပြောဆိုခဲ့သည်။  အထူးသဖြင့် ယီမင်၊ ဆီးရီးယား၊ လက်ဘနွန်နှင့် တူနီးရှားအခြေအနေများနှင့် ထိုနိုင်ငံများ၏ National Dialogueအဆင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် လုပ်ဆောင်မှုများ၊ ပါဝင်သူရွေးချယ်မှုများနှင့် ဆုံးဖြတ်ချက်ချမှတ်ပုံများ၊ ညီလာခံဖွဲ့စည်းပုံနှင့် လုပ်ဆောင်ပုံများ နှင့် အချိန်ကာလယူရပုံများ၊ ကြုံဆုံရသောအကျဉ်းအကျပ်များကို ကိုင်တွယ်ဖြေရှင်းပုံများကို ရှင်းလင်းပြောကြားခဲ့ သည်။ ထိုအထဲမှ ဖြစ်ပေါ်ရင်ဆိုင်ရသော အခက်အခဲများ၊ ပြဿနာများကို ထုတ်နုတ်ပြပြီး ပါတီများအနေဖြင့် ထိုဖြစ်ရပ်များကို သင်ခန်းစာယူသင့်ကြောင်း အကြံပြုခဲ့သည်။ လက်ဘနွန်၊ တောင်အာဖရိက နှင့် ယီမင်နိုင်ငံတို့၏ National Dialogue ဆောင်ရွက်ပုံများကို ဆလိုက်များဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထိုသို့ အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်းပြောကြားချက်များကို သင်တန်းစီစဉ်သူ တစ်ဦးဖြစ်သော ချင်းတိုးတက်ရေး ပါတီမှ ဒေါ်ချယ်ရီဇာဟောဝ်က မြန်မာလို့ အကျဉ်းချုပ်ဘာသာပြန်ပေးခဲ့သည်။

         နံနက်ပိုင်းပို့ချချက်များကို နေ့လည် ၁၂း၄၅နာရီတွင် ရပ်နားပြီး နေလည်စာ ကျွေးမွေးသည်။

         နေ့လည်ပိုင်းအစီအစဉ်များကို နေ့လည် ၁း၄၅နာရီတွင်ပြန်လည်စတင်သည်။  National Dialogue လုပ်သည့်အခါ ရင်ဆိုင်ရမည့်အဆင့်များကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှတင်ပြသော frame Work နှင့် ညီနောင်သားချင်းပါတီများအဖွဲ့မှ တင်ပြသော frame work များကို ဆလိုက်များဖြင့်ထိုးပြ၍ ရှင်းလင်းပြောကြားခဲ့သည်။   

         ထိုFrame Work များကိုကြည့်၍  သင်တန်းသားများအနေဖြင့် အုပ်စုလေးစုခွဲပြီး ပေးထားသော ခေါင်းစဉ်များအလိုက်  မိမိစိတ်ဝင်စားသည့် အချက်အလက်များကို အုပ်စုဖွဲ့ဆွေးနွေးပြီး နောက်တစ်ရက် သင်တန်းတွင် ပြန်လည်တင်ပြရန် ပြောကြားပြီး  ပထမရက်သင်တန်းကို ရပ်နားခဲ့သည်။

         အုပ်စု(၁)       Mandate and Process Priciple

                 ဦးလှမြင့် UDP ဦးအောင်ကြီး မြန်မာ့လူဘောင်သစ်၊ ဥိးဝင်းတင်၊ စောစန်းဒို၊ စောဝင်ကျော်

         အုပ်စု(၂)       Agenda, Issues, Sequencing

                 ဦးဇင်အောင် မြန်မာ့လူ့ဘောင်သစ်၊ ဦးဒစ်ဆင်ထွန်းလင်း ကရင်ပြည်သူ့ပါတီ

         အုပ်စု(၃)       Participate and Decision

                 ဦးတိုးတိုး၊ ဦးကျော်အောင်၊ ဦးအောင်ဆန်း၊ ဦးအေးမင်းထွန်း ( NDF)၊ ဦးမျိုးညွန့် DM 

ဦးသက်ဦး ညီညွတ်သော ဒီမိုကရက်တစ်၊ ဒေါ်ကြည်ကြည်မော် DM

အုပ်စု(၄)       Management Mechanisms , Support Studies, Commucation

         ဦးအောင်သန်းမြင့်၊ ဦးမျိုးညွန့်၊ ဦးနေ၀င်းအောင်၊ ဦးဇော်ဝင်း၊  Bdy Ngm Bil Thluai, Lal tin Khum

 

         သင်တန်းဒုတိယရက်ဖြစ်သော ၂၉-၅-၂၀၁၄ ရက်နေ့ မနက်ပိုင်းတွင် အုပ်စုလိုက် မိမိတို့ကျရာ ခေါင်းစဉ် အတိုင်း ပထမဦးစွာ ၀ိုင်းဖွဲ့ဆွေးနွေးကြပြီးနောက် စာတမ်းပြုစုကာ  အားလုံးရှေ့တွင် ဆွေးနွေးချက် များကို ရှင်းပြရန်ဖြစ်သည်။

         ပထမဦးစွာ အုပ်စု (၁) က Mandate and Process Priciple အပိုင်းဆွေးနွေးချက်များကို တင်ပြရာတွင်

အဖွဲ့(၁)ကိုယ်စား မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးအောင်ကြီးက-

         MANDATE ပေးပိုင်ခွင့်ကို ၁။ တည်ဆဲအစိုးရနှင့်လွှတ်တော်မှ ၃၅%၊ လက်နက်ကိုင် အဖွဲ့အစည်းများမှ ၃၅%၊ နိုင်ငံရေးပါတီများ(လွှတ်တော်အတွင်း/အပြင်) မှ ၁၀%၊ လူမှုရေးအဖွဲ့အစည်းများမှ ၁၀%နှင့် လူထုလေး စားသောပုဂ္ဂိုလ်များမှ ၁၀%ပါဝင်သော ထိပ်သီးငြိမ်းချမ်းရေးကော်မတီကို ဖွဲ့စည်း ဆောင်ရွက်ရန်နှင့်၊  ထိုကော်မတီမှ အမျိုးသားတွေ့ဆုံဆွေးနွေးရေးပူးတွဲစီမံခန့်ခွဲရေးကော်မတီကို  အုပ်စု(၁)မှ ၁၅%၊အုပ်စု(၂)မှ ၁၅% နှင့် ကျန်အုပ်စုသုံးစုမှ ၁၀%စီ ပါဝင်ဖွဲ့စည်းရန်၊  ထိုကော်မတီအနေဖြင့် တာဝန်များအဖြစ် တာဝန်များ အဖြစ်-

          (၁)    ထိပ်သီးကော်မတီတွင် ဆွေးနွေးမည့် အကြောင်းအရာများကို ရွေးချယ်ခြင်း၊

         (၂)     လုပ်ငန်းချော့မွေ့စေရေးအတွက် စဉ်းစားခြင်း၊

         (၃)     Technical Team များကို စီမံခန့်ခွဲခြင်း၊

         (၄)     ထိပ်သီးကော်မတီသို့တင်သွင်းမည့် အဆိုပြုချက်များအား နိဂုံးချုပ်ပေးခြင်း၊

         (၅)     ထိပ်သီးညီလာခံအတွင်း ရှေ့ဆက်မရပါက ပြန်ဖြေပေးခြင်း။

         ထိုတင်ပြချက်များအနက် ပြန်လည်မေးခွန်းမေးရာတွင် အစိုးရနှင့် လက်နက်ကိုင်များ၏ ပါဝင်မှု ရာခိုင်နှုန်း များနေခြင်းကို အဓိကထား၍ မေးမြန်းကြသည်။

 

အုပ်စု(၃)အဖွဲ့အနေဖြင့်         Participate and Decision ကဏ္ဍ စုပေါင်းဆွေးနွေးချက်များကို အဖွဲ့ကိုယ်စား အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးတိုးတိုးမှ တင်ပြခဲ့သည်။

         ပြည်ထောင်စုညီလာခံအတွက် ဖိတ်ကြားသင့်သူများကို

         ၁။      အစိုးရနှင့်တပ်မတော်

         ၂။      တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ

         ၃။      နိုင်ငံရေးပါတီများ

         ၄။      လွှတ်တော်

၅။      အရပ်ဖက်လူမှုအဖွဲ့အစည်းများဟူ၍ဖြစ်ပြီး

         အမျိုးသားအဆင့်ညီလာခံကို အမှတ်စဉ်(၁)မှ (၄)အထိ  တူညီသောလူဦးရေအချိုးအစား(ဥပမာ ၂၀၀စီ) ဖြင့် ကျင်းပရန်ဖြစ်သည်။ ထိုညီလာခံမှ ပူးတွဲလုပ်ငန်းကော်မတီကို  တစ်ဖွဲ့လျှင် ၂၀ ဦးစီဖြင့် ဖွဲ့စည်းပြီး လိုအပ်သော လုပ်ငန်းကော်မတီခွဲများကို လိုအပ်သမျှ ဖွဲ့စည်းရန်ဖြစ်သည်။ ထိုလုပ်ငန်းကော်မတီခွဲများတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို အချိုးအစားအလိုက် ထည့်သွင်းဖွဲ့စည်းရန် ဖြစ်သည်။ ဆွေနွေးချက်များကို လွှတ်တော်က အတည်ပြုပေးရမည်ဖြစ်သဖြင့် လွှတ်တော်အမတ်များ ပါဝင်မှုမရှိသော ညီလာခံဆုံးဖြတ်ချက်များကို လွှတ်တော်အမတ်များအနေဖြင့် အပြည့်အ၀ထောက်ခံရန် ဖြစ်နိုင်ချေ နည်းသဖြင့် လွှတ်တော်၏အခန်းကဏ္ဍကို ထည့်သွင်းခြင်းဖြစ်ပြီး ဆိုင်ရာလွှတ်တော်များမှ ပါဝင်ရမည့်ကိုယ်စားလှယ်များကို စည်းမျဉ်းစည်းကမ်းများသတ်မှတ်၍ ရွေးချယ်ပေးရန် ဖြစ်သည်။

ပြည်ထောင်စုအဆင့်ညီလာခံကို တစ်ဖွဲ့လျှင် ၂၀၀ ဦးစီပါဝင်သော အဖွဲ့ငါးဖွဲ့ဖြင့် ဖွဲ့စည်းရန်ဖြစ် သည်။

ဆုံးဖြတ်ချက် ချမှတ်ခြင်း။

တက်ရောက်လာသူများ၏ အနည်းဆုံး ၇၅% သဘောတူသော ဆုံးဖြတ်ချက်များကို အများက လိုက်နာ ရန်ဖြစ်သည်။  သဘောတူညီမှုမရရှိသော ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာအဖွဲ့များတွင် ပြန်လည်ဆွေးနွေးရန် ဖြစ်သည်။ အရပ်ဖက်လူ့မှုအဖွဲ့အစည်းများ ကိုယ်စားလှယ်များ မဲပေးခွင့် ပေးသင့်/မပေးသင့်ကိုမှု စဉ်းစားချင့်ချိန်ရန် ဖြစ်သည်။

 နိုင်ငံရေးပါတီများ ပါဝင်မှုအချိုးအစားနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းရာခိုင်နှုန်းကို အဓိကထားမေးမြန်းခဲ့ကြ ရာတွင် ပြန်လည်ဖြေကြားရာတွင် နိုင်ငံရေးပါတီများကို တရားဝင်မှတ်ပုံတင်ထားသော ပါတီများကိုသာ ပါဝင်ခွင့် ပြုရန်၊  နိုင်ငံရေးပါတီများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ အစိုးရအဖွဲ့များနှင့် ပါတီများအဖွဲ့တွင် ပါဝင်မှု ရှိနေသဖြင့် အနည်းဆုံး ၅၀%ခန့် ပတ်သက်နေသည်ဟု ယူဆနိုင်ပါကြောင်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများတွင် လည်း နိုင်ငံရေးနှင့်ယှက်နွယ်သောအဖွဲ့များ ရှိနိုင်ပါကြောင်း၊ ဆုံးဖြတ်ချက်ကိုချမှတ်ရာတွင် သုံးပုံနှစ်ပုံထက် လေးပုံသုံးပုံက ပိုကောင်းမည်ဟု ထင်မြင်ပါကြောင်း၊ မိမိလက်မခံနိုင်သော အဆိုပြုချက်များကို ကန့်ကွက်လိုပါက ၂၅%ကို ရှာနိုင်မည်ဟု ထင်ပါကြောင်း၊ ဖြစ်နိုင်ပါက အားလုံးသဘောတူညီနိုင်သော ဆုံးဖြတ်ချက်မျိုးကို လိုချင် ပါကြောင်း၊ လက်နက်ကိုင်ထားသောအဖွဲ့အစည်းများက လက်မခံနိုင်သော ဆုံးဖြတ်ချက်မျိုး ဖြစ်နေပါက ငြိမ်းချမ်း ရေးလမ်းစဉ် ထိခိုက်နိုင်မှုကို ထည့်သွင်းစဉ်းစားဖို့ လိုပါကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။

 

အုပ်စု(၂)အနေဖြင့် Agenda, Issues, Sequencing ကဏ္ဍ ဆွေးနွေးချက်များကို  မြန်မာ့လူ့ဘောင်သစ် ပါတီမှ ဦးဇင်အောင်မှ ရှင်းလင်းပြောကြားရာတွင်

၁။      Fram work ရေးဆွဲရာတွင် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ပါဝင်နိုင်ရေး၊ ထိုသို့ရေးဆွဲရာ တွင်  Time Frame ပါဝင်ရေး၊

၂။      Political Dialogue ဖြစ်သည့်အလျှောက် Political Paries များအနေဖြင့် ၅၀% ပါဝင်မှုဖြစ်ရေး၊

၃။      ပညာရေး၊ ကျန်းမာရေး

၎။      ဖွံ့ဖြိုးရေး/ ပြန်လည်ထူထောင်ရေး၊(မြစ်ဆုံ၊ စစ်ဘေးဒုက္ခသည်များ)

၅။      နိုင်ငံတော်ပြန်လည်ဖွဲ့စည်းရေး( Reconstrucation)

         constitution/ federalism

၆။      ပြည်ထောင်စုတပ်မတော် ပြန်လည်ဖွဲ့စည်းခြင်း။

ပြဿနာဖြစ်ပွားမှု အနည်းဆုံးဖြစ်နိုင်သော အကြော်းအရာများကို အရင်ဆုံးဆွေးနွေးပြီး တဖြည်းဖြည်း ပိုမိုခက်ခဲသောကဏ္ဍများကိုဆွေးနွေးရန်ဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်သဖြင့် နိုင်ငံရေးပါတီများကို ပိုမို နေရာ ပေးသင့်ကြောင်း၊ ထိုသို့ဆွေးနွေးရာတွင်လည်း FDA အဖွဲ့အနေဖြင့် ပါဝင်နိုင်ရန် ဆောင်ရွက်ထားဖို့ လိုအပ် ကြောင်း၊ အငြင်းပွားမှုများစွာဖြစ်စေနိုင်မည့် အခြေခံဥပဒေပြင်ဆင်ရေး၊ ဖက်ဒရယ်နိုင်ငံနှင့် ဖက်ဒရယ်တပ်မတော် ကိစ္စများကို နောက်ဆုံးတွင်ဆွေးနွေးရန် လျာထားကြောင်းဖြင့် ရှင်းပြခဲ့သည်။

 

အုပ်စု(၄)အနေဖြင့် Management Mechanisms , Support Studies, Commucation ကဏ္ဍ စုပေါင်းဆွေးနွေးချက်များကို ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်မှ အဖွဲ့ကိုယ်စားတင်ပြခဲ့သည်။

ပါဝင်ရမည့်သူများအဖြစ် အစိုးရအဖွဲ့ကိုယ်စားလှယ် ၊ မြန်မာ့တပ်မတော်ကိုယ်စားလှယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ်၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်၊ စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ကြရမည် ဖြစ်သည်။ တိုင်းပြည်စီးပွားရေးအတွက် စီးပွားရေးအကြံပြုနိုင်သူများ ပါဝင်ရန် လိုအပ်နေသည်။ 

         တက်ရောက်ရမည့် အရေအတွက်နှင့်စပ်လျဉ်း၍


၁။      အစိုးရ                   ၃၅ဦး

၂။      မြန်မာ့တပ်မတော်      ၃၅ ဦး

၃။      တိုင်းရင်းသားလက်     ၁၀၀-၁၅၀

နက်ကိုင်များ

၎။      လွှတ်တော်              ၇၀ဦး

၅။      စီးပွားရေးအဖွဲ့အစည်းများ ၁၅ဦး

၆။      လူမှုအဖွဲ့အစည်းများ    ၁၀ဦး

၇။      နိုင်ငံရေးပါတီများ               ၂၂၀- ၂၅၀


         ဖော်ပြပါပုဂ္ဂိုလ်များဖြင့်သာ တစ်မျိုးသားလုံးဆိုင်ရာ ဆွေးနွေးပွဲသဘာပတိအဖွဲ့ ဖွဲ့စည်းရမည်။

၂။      အတွင်းရေးမှူးအဖွဲ့ကို   (၁)နှင့်(၂)မှ ၅ဦးစီ၊ (၃)မှ ၁၀ဦး၊ (၄)မှ ၅ဦး၊ (၅)မှ ၃ဦး၊ (၆)မှ ၂ဦး၊ (၇)မှ ၁၀ဦး ဖြင့်  ဖွဲ့စည်းပြီး အထောက်အကူပြုကော်မတီများကို  (၁)မှ(၇)အဖွဲ့အသီးသီးမှ သုံးဦးစီနှင့် ပညာရှင်နှင့်ကျွမ်းကျင် သူများ(စုစုပေါင်း ၁၀၀)ခန့်ဖြင့် ဖွဲ့စည်းရမည်။

ဆပ်ကော်မတီများမှာ

၁။      ဆက်သွယ်ညှိနှိုင်းရေးကော်မတီ

၂။      လုပ်ငန်းများစောင့်ကြည့်လေ့လာရေးကော်မတီ

၃။      ဘဏ္ဍာရေးကော်မတီ

၎။      သုတေသနကော်မတီ

၅။      သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကော်မတီ

၆။      လူမှုရေးကော်မတီ

၇။      လုံခြုံရေးကော်မတီတို့ ဖြစ်သည်။

         ဤအဖွဲ့၏ အဓိကဆွေးနွေးချက်များ ပါဝင်ရမည့်အဖွဲ့အစည်းများရွေးချယ်ခြင်းနှင့် ဦးရေသတ်မှတ်ခြင်း ဖြစ်သည်။

 

         တင်ပြချက်များအားလုံးအပြီးတွင် ပြန်လည်ဆွေးနွေးချက်များ၌-

၁။      လွှတ်တော်အခန်းကဏ္ဍ ပါဝင်လာမှုသည်  တင်ပြချက်အသစ်ဖြစ်သည်။

၂။      ပါဝင်ရမည့်အဖွဲ့အစည်းနှင့် ရာခိုင်နှုန်းအချိုးအစားသည် တင်ပြချက်သာဖြစ်ပြီး အတည်ဖြစ်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရဦးမည် ဖြစ်ပြီး အပြောင်းအလဲများလည်း ရှိမည် ဖြစ်သည်။

၃။      ယခုတစ်ကြိမ်သည် ပထမဦးဆုံး ဆွေးနွေးမှုသာ ဖြစ်ပြီး ထပ်မံတွေ့ဆုံဆွေးနွေးရန် လိုအပ်မည် ဖြစ်သည်။

         FDA အနေဖြင့် အဖွဲ့၏ Frame work တစ်ခုကို ရေးဆွဲပြီး တင်ပြန်ရန် လုပ်ဆောင်သင့်သည်။

၎။      နိုင်ငံရေးပါတီများနှင့် ဒီမိုကရက်တစ်အင်အားစု ဆိုသည့် အသုံးအနှုန်းတွင်  ဒီမိုကရက်တစ်အင်အားစု များကို မည်ကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုရမည်နည်းဆိုသည်မှာ ဆွေးနွေးရမည့်အချက်များ ဖြစ်သည်။

၅။      အရပ်ဖက်လူ့အဖွဲ့အစည်း CSO ဆိုသည်မှာလည်း အဓိပ္ပါယ်ကျယ်ဝန်းသဖြင့်  ဖိတ်ကြားသင့်သူများကို ရွေးချယ်ရန်မှာလည်း တိကျသောသတ်မှတ်ချက်များ ရှိသင့်သည်။

၆။      အချို့သော လွယ်ကူသည့်အချက်များသည် အခြေခံဥပဒေတွင် ပြည်နယ်/တိုင်းများနှင့် ဗဟိုအစိုးရ အကြား အာဏာခွဲဝေမှု၊ လုပ်ပိုင်ခွင့်ခွဲဝေမှုများနှင့် ပတ်သက်နေသည့်အတွက် ဆက်စပ်နေသည်များကို လည်း ကြည့်ရန်လိုအပ်နေသည်။

၇။      မြန်မာပြည်ရှိ NCCT နှင့် NBF ၏ FRAME WORK များကို  စနစ်တကျလေ့လာနိုင်ခဲ့သည်။ အခြားနိုင်ငံ များ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များကိုလည်း သိရှိရသဖြင့် FDA အနေဖြင့် မိမိတို့၏  Frame work များကို တိုင်ပင်ညှိနှိုင်း၍ ဆွေးနွေးကြရန် ဖြစ်သည်။

၈။      နောက်ထပ်သင်တန်းတစ်ခုကို လာမည့် ဇူလိုင်လ ပထမပတ်တွင်ထပ်မံပြုလုပ်မည် ဖြစ်သည်။

၉။      သင်တန်းတက်ရောက်သူများအနေဖြင့်  မိမိတို့၏သက်ဆိုင်ရာပါတီခေါင်းဆောင်ပိုင်းသို့ ယခုဆွေးနွေး ချက်များကို ပြန်လည်တင်ပြ၍ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDA ၏ ငြိမ်းချမ်းရေးမူဘောင်ကို စုပေါင်း ဆွေးနွေးပြီး ထုတ်ပြန်နိုင်ရေးအတွက် လုပ်ဆောင်ကြရန် ဖြစ်သည်။

မှတ်တမ်းတင်သူ၏

ဦးတိုးတိုး

အမျိုးသားဒီမိုကရေစီအင်အားစု (NDF)

09 4500 57088

Monday, June 23, 2014

အချိုးကျကိုယ်စားပြုစနစ်( PR)ကို ပြည်နယ်များမပါ တိုင်းဒေသကြီးများတွင်သာ ကျင့်သုံးရေးဆိုင်ရာထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

ကြေညာချက်အမှတ် ၆/၂၀၁၄

ရက်စွဲ။  ၂၃-၆-၂၀၁၄

အချိုးကျကိုယ်စားပြုစနစ်( PR)ကို ပြည်နယ်များမပါ တိုင်းဒေသကြီးများတွင်သာ

ကျင့်သုံးရေးဆိုင်ရာထုတ်ပြန်ချက်

၁။      ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ အနေဖြင့် ဇွန်လ ပထမပတ်တွင် အမျိုးသား လွှတ်တော်၌ အချိုးကျကိုယ်စားပြုစနစ် PR  ကျင့်သုံးရေးကို ပြည်နယ်များတွင်မပါဘဲ၊ တိုင်းဒေသကြီးများတွင် သာ ကျင့်သုံးရန်အဆိုပြုခဲ့ပါသည်။

၂။      NDFပါတီအနေဖြင့် ၂၀၁၂ခုနှစ်ကာလကပင် ပီအာစနစ်ကို ကျင့်သုံးရန် ပြည်သူ့လွှတ်တော်တွင် တင်ပြခဲ့သည်။ ယခုအခါ ပီအာစနစ်ကျင့်သုံးရေးအဆိုကို  ပြည်သူ့လွှတ်တော်တွင် ထပ်မံတင်သွင်းနိုင်ရန် ဆောင်ရွက်ဆဲ ဖြစ်ပါသည်။

၃။      ဤအချိုးကျကိုယ်စားပြုစနစ် ပီအာ ကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ဒီမိုကရေစီမိတ် ဆွေပါတီများအဖွဲ့တွင်  စတင်ဆွေးနွေးစဉ်ကပင် ထိုစနစ်အား ပြည်နယ်များတွင်ကျင့်သုံးရန်အသင့်မဖြစ်သေး၍ တိုင်းဒေသကြီးများတွင်သာ  စတင်ကျင့်သုံးရန် ဆွေးနွေးခဲ့ကြသည်။ ကျွန်ုပ်တို့ ပါတီအနေဖြင့် ထိုစနစ်အား လက်ရှိမြန်မာ့နိုင်ငံရေး၏ လိုအပ်ချက်တစ်ခုအဖြစ် ရှုမြင်၍ ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကို ပိတ်ပင်ခြင်း၊ အားနည်းအောင်ပြုလုပ်ခြင်း၊ ဖြစ်စေရန် ဆိုသည့် စွပ်စွဲချက်များသည် အခြေအမြစ် မရှိပါ။ ဤစနစ်ကြောင့်လည်း ထိုသို့ဖြစ်စရာ အကြောင်းလည်း မရှိပါ။

၎။      အမျိုးသားလွှတ်တော်တွင် ပီအာစနစ်ကျင့်သုံးရေးအဆိုကို တင်သွင်းခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အား တယ်လီဖုန်းနှင့် ဆက်သွယ်၍ ခြိမ်းခြောက်ခြင်း၊ လွှတ်တော်အတွင်း၌ပင် စောင်းမြောင်း ပြောဆိုခြင်း၊ မီဒီယာများတွင်လည်း ထိုစနစ်ကို တင်ပြသူများသည် နိုင်ငံကိုချောက်ထဲ ဆွဲချသူ၊ ဘုံရန်သူ များအဖြစ် တံဆိပ်ကပ်ထားကြသလိုနှင့် သမိုင်းတရားခံများအဖြစ်ထိပင် ဆန္ဒစွဲဖြင့် ရေးသားဖော်ပြနေခြင်းကို တွေ့နေရပါသည်။

၅။      ထိုသို့ ပြုမှုလုပ်ဆောင်နေသူများအနေဖြင့် ဒီမိုကရေစီသဘောတရားအရ မိမိ၏ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိနေပါသည်။ တစ်ဖက်တွင်လည်း  လက်တွေ့တွင် ကွဲပြားခြားနားသော အမြင်တို့ရှိနေသည် ကိုလည်း လက်ခံရမည်ဟူသည့် ဒီမိုကရေစီ၏ အရင်းခံသဘောထားကို မျက်ကွယ်ပြုနေကြသည်မှာ အနာ ဂတ်ဒီမိုကရေစီရေးအတွက် လွန်စွာဝမ်းနည်းဖွယ် ဖြစ်ရပါသည်။ သိက္ခာရှိသော နိုင်ငံရေးနှင့် အဆင့်မြင့်နိုင်ငံရေး ကို လုပ်ဆောင်ကြရန် အမှာအကြားများ ရှိသည့်တိုင် မိမိတို့အမြင်ကို လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိပါလျှက် အခြားတစ်ပါးသော အမြင်ကွဲမှုအပေါ် သည်းခံနိုင်မှု မရှိခြင်းအပေါ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် များစွာစိုးရိမ်ကြောင့်ကြမှု များ  ဖြစ်ရပါသည်။  ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ဤ ပီအာစနစ်ကို ပြည်နယ်များ တွင် အသုံးမပြုရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ ထိုသို့ ဆုံးဖြတ်ချက်အတိုင်း ပြည်နယ်များတွင် မကျင့်သုံးရန်ကိုလည်း လွှတ်တော်တွင် တင်သွင်းပြီး ဖြစ်သည်။ သို့စဉ်လျှက် ဝေဖန်ရုံမျှမက တိုက်ခိုက်ပြောကြားလာမှုများကြောင့် ဒီမိုကရေစီ နိုင်ငံသားတို့၏ နိုင်ငံရေးဂုဏ်သိက္ခာကို မထိပါးနိုင်စေရေး အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ အလေးအနက် တိုက်တွန်းပါကြောင်း  သဘောထားထုတ်ပြန်အပ်ပါ သည်။

  ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

Sunday, June 15, 2014

ndf ပဉ္စမအကြိမ် ဗဟိုဦးစီးညီလာခံ ဓာတ်ပုံမျာား

--
#to be happy#

$$ kotoetoe $$

NDF ပါတီ၏ ပဉ္စမအကြိမ်နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် အမှတ် ၂၄-၂၀၁၄
ရက်စွဲ။ ၁၅-၆-၂၀၁၄
NDF ပါတီ၏ ပဉ္စမအကြိမ်နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေး
အောင်မြင်စွာကျင်းပပြီးစီး

နိုင်လွန်ခန်းမ၊ ၁၅လမ်းနှင့်လမ်း ၈၀ ထောင့်၊ မန္တလေးမြို့တွင်
နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေးသည် ယနေ့ ၁၅-၆-၂၀၁၄ ရက်နေ့
ညနေပိုင်းတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
ထိုအစည်းအဝေး ပထမနေ့ဖြစ်သော ၁၄-၆-၂၀၁၄ ရက်နေ့တွင် ထိုအစည်းအဝေးသို့ NDF
ပါတီ၏ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ပါတီဥက္ကဌဦးခင်မောင်ဆွေ အမှူးပြုသော
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုအလုပ်ကော်မတီဝင်များ၊
ပြည်နယ်နှင့်တိုင်းဒေသ အသီးသီးမှ ဗဟိုဦးစီးကော်မတီဝင်များ၊ လေ့လာသူများ၊
မန္တလေးတိုင်းဒေသကြီးစည်းရုံးရေးကော်မတီဝင်များနှင့်
မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ
စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးမစတင်မီ ဆရာတော် ဦးဝီရသူကြွရောက်လာပြီး သြ၀ါဒစကား
ပြောကြားခဲ့သည် ။ ထို့နောက် ကွယ်လွန်သွားသော ပါတီခေါင်းဆောင်
ဒေါက်တာသန်းငြိမ်းအား တစ်မိနစ် ငြိမ်သကဂုဏ်ပြုခဲ့ သည်။
နံနက်ပိုင်းသဘာပတိအဖြစ် ဦးခင်မောင်ဆွေ၊ အခမ်းအနားမှူးအဖြစ်
ဒေါက်တာဝင်းနိုင်တို့က ဆောင်ရွက်သည်။ ထို့နောက် အခမ်းအနားဖွင့်လှစ်ပြီး
ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ အမှာစကားပြောကြားရာတွင် NDF ပါတီ
ဆက်လက်လျှောက်လှမ်းရမည့် ခရီးကို ရှင်းလင်းပြောကြားခဲ့သည်။
ပါတီဒုခေါင်းဆောင် ဦးတိုးပိုမှ ပါတီတွင်းစည်းလုံးညီညွတ်ရေးကိစ္စအကြောင်း
ဆက်လက်ပြောကြားခဲ့ပြီး အစည်းအဝေးကိုခေတ္တရပ်နားကာ ဧည့်သည်တော်များအား
အကျွေးအမွေးဖြင့် ဧည့်ခံခဲ့သည်။
အစည်းအဝေးပြန်လည်စတင်သည့်အခါ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့်
တက်ရောက် လာသော ပြည်နယ်နှင့်တိုင်းများမှ ဗဟိုဦးစီးကော်မတီဝင်များအား
တစ်တိုင်းချင်း မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏
အစီရင်ခံစာကို ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာ ၀င်းနိုင် နှင့်
ဦးကျော်အောင်တို့မှ ဖတ်ကြားတင်သွင်းပြီး ခေတ္တရပ်နားပြီး နေ့လည်စာဖြင့်
ဧည့်ခံခဲ့သည်။
အစည်းအဝေးကို နေ့လည် ၁း၀၀ နာရီတွင် ပြန်လည်စတင်ပြီး
နေ့လည်ပိုင်းသဘာပတိအဖြစ် ဦးစိုးဝင်းနှင့်အခမ်းအနားမှူးအဖြစ်
ဦးကျော်အောင်တို့က ဆောင်ရွက်သည်။ ပြည်နယ်နှင့်တိုင်းများ၏ စည်းရုံးရေး
အစီရင်ခံစာများကို တင်သွင်းရာတွင် ကချင်ပြည်နယ်မှ ဒေါ်ဘောက်ဂျာ၊
ပဲခူးတိုင်းအစီရင်ခံစာကို ဒေါ်နန်းကြူသန်းဝင်းနှင့် ဦးမြတ်မိုး၊
မွန်ပြည်နယ်အစီရင်ခံစာကို ဦးအောင်ဆန်း၊ မကွေးတိုင်းအစီရင်ခံစာကို
ဦးအေးမင်းထွန်း၊ မန္တလေးတိုင်းအစီရင်ခံစာကို ဦးမောင်မောင်လှသောင်း၊
ရန်ကုန်တိုင်းအစီရင်ခံစာကို ဦးစိုးဦး၊ ကရင်ပြည်နယ်မှ
ဦးအောင်ဝင်းလှိုင်၊ ရှမ်းပြည်နယ်အစီရင်ခံစာကို ဦးကျော်ဆန်း၊
တနင်္သာရီတိုင်းအစီရင်ခံစာကို ဦးကြီးမြင့်၊ နေပြည်တော်အစီရင်ခံစာကို
လယ်ဝေးဥက္ကဌ ဦးဇော်နိုင်ဦး၊ ဧရာဝတီတိုင်းအစီရင်ခံစာကို ဦးတင်ဝင်းတို့မှ
ဖတ်ကြားတင်သွင်းခဲ့သည်။
ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏
အထက်မြန်မာပြည်စည်းရုံးရေးအစီရင်ခံစာကို ဦးခင်မောင်သန်း၊
အောက်မြန်မာပြည်စည်းရုံးရေးအစီရင်ခံစာကို ဦးထက်အောင်ကျော်တို့မှ
ဖတ်ကြားတင်သွင်း ခဲ့သည်။ အစီအစဉ်အရ လွှတ်တော်ကိုယ်စားလှယ်များ၏
လွှတ်တော်တွင်းအတွေ့အကြုံများကို ရှင်းလင်းပြော ကြားရာတွင်
ဒဂုံမြိုသစ်မြောက်ပိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၊
ပုဇွန်တောင်မြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်၊
အလုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းမောင်၊
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်တို့က လွှတ်တော်တွင်း
ရင်ဆိုင်နေရသော အခြေအနေများနှင့် အောင်မြင်သောဆောင်ရွက်မှု များ၊
ပြည်သူလူထုအတွက် တင်ပြပေးခဲ့မူများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နေ့လည်ပိုင်း သဘာပတိ
စမ်းချောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းမှ
နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ညနေ ၅း၀၀နာရီတွင်
ပထမနေ့အစည်းအဝေးကို ရပ်နားခဲ့ပါသည်။
၁၅-၆-၂၀၁၄ ရက်နေ့ နံနက် ၉း၀၀နာရီတွင် အစည်းအဝေး ဒုတိယနေ့ကို
ဆက်လက်ကျင်းပခဲ့သည်။ နံနက်ပိုင်းသဘာပတိအဖြစ် ပါတီဒုခေါင်းဆောင်
ဦးတိုးပိုနှင့် အခမ်းအနားမှူးအဖြစ် ဦးမြင့်ဌေးတို့က ဆောင်ရွက် ခဲ့သည်။
လစ်လပ်နေသော ပါတီခေါင်းဆောင်နေရာတွင် ပါတီဥက္ကဌ ဦးခင်မောင်ဆွေအား
ပူးတွဲထမ်းဆောင်ရန် အဆိုကို ကချင်ပြည်နယ်မှ ဦးသန်းဦးမှ အဆိုပြုပြီး
တိုင်းနှင့်ပြည်နယ်များမှ ကိုယ်စားလှယ်များက ထောက်ခံ ဆွေးနွေးခဲ့ကြသဖြင့်
ပါတီဥက္ကဌ ဦးခင်မောင်ဆွေအား ပါတီခေါင်းဆောင် နေရာကိုပါ
ပူးတွဲထမ်းဆောင်ရန် အတည်ပြုခဲ့သည်။
အဆို(၂) အဖြစ် ၂၀၁၅တွင် ပါတီ၏ ခေါင်းဆောင်မှုမျိုးဆက်သစ်အား ၂၀၁၅
အလွန်ကာလတွင် ဦးဆောင်မှုအခန်းကဏ္ဍတွင် လွဲပြောင်းတာဝန်ပေးအပ်ရန်အဆိုအား
မကွေးတိုင်းမှ ဦးအေးမင်းထွန်းက အဆိုပြု ခဲ့ပြီး
တက်ရောက်လာသောဗဟိုဦးစီးကော်မတီဝင်အားလုံးက ထိုအဆိုကို ထောက်ခံခဲ့သည်။
အဆို(၃) အဖြစ် ခေါင်းဆောင်မှုမျိုးဆက်သစ်အား
ကြီးကြပ်ညှိနိုင်းပေးနိုင်ရန် ပါတီနာယကအဖွဲ့ကို ဖွဲ့စည်းရန်အဆိုအား
ရန်ကုန်တိုင်းမှ ဦးမင်းမင်းထွန်းက တင်သွင်းခဲ့ပြီး တက်ရောက်လာသော
ဗဟိုဦးစီးကော်မတီ ၀င်အားလုံးက ထိုအဆိုအား ထောက်ခံခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်မှ
အချိုးကျကိုယ်စားပြုစနစ် တင်သွင်းရခြင်းနှင့် ပတ်သက်သည့်အကြောင်းကို
ရှင်းလင်းပြောကြားခဲ့သည်။
ပထမနေ့တွင် တင်ပြခဲ့သော ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာနှင့်
စည်းရုံးရေးအစီရင်ခံ စာများနှင့်ပတ်သက်၍ ကချင်ပြည်နယ်မှ
ဦးမြတ်မိုးမြင့်၊ ဦးဇော်ဂျက်၊ ကရင်ပြည်နယ်မှ ဦးအောင်ဝင်းလှိုင်၊
ပဲခူးတိုင်းမှ ဒေါ်နန်းကြူသန်းဝင်းနှင့် ဦးမြတ်မိုး၊ မန္တလေးတိုင်းမှ
ဦးကျော်ဆွေနှင့် ဦးမြင့်ဦး၊ မွန်ပြည်နယ်မှ ဦးမြင့် အောင်၊
ရန်ကုန်တိုင်းမှ ဦးခိုင်မောင်ရည်နှင့် ဦးထက်အောင်ကျော်၊ ဧရာဝတီတိုင်းမှ
ဦးတင်ဝင်းနှင့် ဦးသီဟစိုး၊ နေပြည်တော်မှ ဦးဇော်လွင်ဦး၊ ဗဟိုလူငယ်မှ
ဦးကျော်သူရ၊ ဗဟိုအမျိုးသမီးမှ ဒေါ်ထွေးထွေးတို့က ဆွေးနွေးခဲ့ကြ ပြီး
အစည်းအဝေးကို ခေတ္တရပ်နားခဲ့သည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ထိုဆွေးနွေးတင်ပြချက်များထဲမှာ
ဗဟိုအနေဖြင့် ပြန်လည်ဖြေကြား ရမည့်အချက်များကို
ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ညနေ ၃း၀၀ နာရီတွင် အစည်းအဝေးပြန်လည်စတင်ပြီး
ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ပြည်နယ်နှင့်တိုင်းဆွေးနွေးချက်များမှ
ဗဟိုအနေဖြင့် ပြန်လည်ဖြေကြားရမည့် အချက်များကို
သက်ဆိုင်ရာခေါင်းဆောင်များက အသီးသီးဖြေကြားခဲ့သည်။
ထို့နောက် ပဉ္စမအကြိမ် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေးမှ
ချမှတ်သည့် ဆုံးဖြတ်ချက် များကို ဖတ်ကြားပြီး ဗဟိုဦးစီးကော်မတီဝင်များ၏
အတည်ပြုချက်ကို ရယူခဲ့သည်။ သဘာပတိ ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ
နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ညနေ ၄း၀၀ နာရီတွင်
အောင်မြင်စွာရု့ပ်သိမ်းခဲ့သည်။
ထို့နောက် သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင်
လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီခေါင်း ဆောင်များက မီဒီယာများ၏
မေးမြန်းချက်များကို အသီးသီးဖြေကြားခဲ့ကြသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်း
ဗဟိုဦးစီးကော်မတီဝင်များ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။


--
#to be happy#

$$ kotoetoe $$

Wednesday, June 11, 2014

NDFပါတီ၏ ပဥ္မမအကြိမ်နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေး (မန္တလေး)

 အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
အမျိုးသားဒီိမိုကရေစီအင်အားစုပါတီ၏ ပဉ္စမအကြိမ်မြောက် နိုင်ငံ လုံးဆိုင်ရာ ဗဟိုဦးစီးကော်မတီအစည်းအဝေးကို လာမည့် ဇွန်လ ( ၁၄)ရက်နှင့် ၁၅ ရက်နေ့များတွင် မန္တလေးမြို့တွင် အောက်ပါအစီအစဉ် အတိုင်းကျင်းပပြုလုပ်မည် ဖြစ်ပါသည်
ကျင်းပမည့်နေ့ ဇွန်လ (၁၄)ရက်နှင့် (၁၅)ရက်
ကျင်းပမည့်အချိန် နံနက် (၉း၀၀)နာရီမှ ညနေ (၄း၀၀)နာရီ
ကျင်းပမည့်နေရာ နိုင်လွန်ခန်းမ၊ လမ်း၈၀နှင့် ၁၅လမ်းထောင့်၊
မန္တလေးမြို့

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ပဲခူးတိုင်း၊ဧရာဝတီတိုင်းနှင့်ရန်ုကုန်တိုင်း များမှ ဗဟိုဦးစီကော်မတီဝင်များ ရန်ကုန်ဌာနချုပ်ရုံးတွင်စုစည်း၍ ၁၃-၆-၂၀၁၄ ရက်နေ့ နံနက် ၇း၀၀နာရီတွင် မန္တလေးသို့ ကားဖြင့်ထွက်ခွာပါ မည်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊တို့မှ ဗဟိုဦးစီးကော်မတီဝင်များ မန္တလေးမြိုရှိ ဦးကျော်အောင် ၀၉၂၅၆၀၃၃၆၇၃၊ ဦးခင်မောင်သန်း ၀၉၂၀၁၄၅၂၂၊ ဦးနန်းထိုက် ဇော် ၀၉၄၀၂၈၂၂၁၇၄၊ ဦးမြင့်ဦး ၀၉၀၉၂၅၆၁၁၂၁၈၆ သို့ ဆက်သွယ်ကြပါရန်(တည်းခိုရန်နေရာများစီစဉ်ထားသည်)
ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအင်အားစု

Monday, June 9, 2014

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ပဥ္မမအကြိမ်ဗဟိုဦးစီးကော်မတီအစည်းအဝေး

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
အမျိုးသားဒီိမိုကရေစီအင်အားစုပါတီ၏ ပဉ္စမအကြိမ်မြောက် နိုင်ငံ လုံးဆိုင်ရာ ဗဟိုဦးစီးကော်မတီအစည်းအဝေးကို လာမည့် ဇွန်လ ( ၁၄)ရက်နှင့် ၁၅ ရက်နေ့များတွင် မန္တလေးမြို့တွင် အောက်ပါအစီအစဉ် အတိုင်းကျင်းပပြုလုပ်မည် ဖြစ်ပါသည်
ကျင်းပမည့်နေ့ ဇွန်လ (၁၄)ရက်နှင့် (၁၅)ရက်
ကျင်းပမည့်အချိန် နံနက် (၉း၀၀)နာရီမှ ညနေ (၄း၀၀)နာရီ
ကျင်းပမည့်နေရာ နိုင်လွန်ခန်းမ၊ လမ်း၈၀နှင့် ၁၅လမ်းထောင့်၊
မန္တလေးမြို့

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ပဲခူးတိုင်း၊ဧရာဝတီတိုင်းနှင့်ရန်ုကုန်တိုင်း များမှ ဗဟိုဦးစီကော်မတီဝင်များ ရန်ကုန်ဌာနချုပ်ရုံးတွင်စုစည်း၍ ၁၃-၆-၂၀၁၄ ရက်နေ့ နံနက် ၇း၀၀နာရီတွင် မန္တလေးသို့ ကားဖြင့်ထွက်ခွာပါ မည်။ 
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊တို့မှ ဗဟိုဦးစီးကော်မတီဝင်များ မန္တလေးမြိုရှိ ဦးကျော်အောင် ၀၉၂၅၆၀၃၃၆၇၃၊ ဦးခင်မောင်သန်း ၀၉၂၀၁၄၅၂၂၊ ဦးနန်းထိုက် ဇော် ၀၉၄၀၂၈၂၂၁၇၄၊ ဦးမြင့်ဦး ၀၉၀၉၂၅၆၁၁၂၁၈၆ သို့ ဆက်သွယ်ကြပါရန်(တည်းခိုရန်နေရာများစီစဉ်ထားသည်)
ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအင်အားစု

Sunday, June 8, 2014

ပီအာစနစ်ကို စတင်မိတ်ဆက်ပေးသူ NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းနှင့် အင်တာဗျုး

ပီအာစနစ်ကို စတင်မိတ်ဆက်ပေးသူ NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းနှင့် အင်တာဗျုး

June 3, 2014 at 7:54pm

ပီအာစနစ်ကို စတင်မိတ်ဆက်ပေးသူ NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းနှင့် အင်တာဗျုး

အင်တာဗျူးသူ-သီရီတင်

ဒီမိုကရေစီမိတ်ဆွေပါတီများက ရွေးကောက်ပွဲစနစ်ကျင့်သုံးရာမှာ အချိုးကျကိုယ်စားပြုမှုစနစ် (Proportional Representation)  ကို ပြောင်းလဲကျင့်သုံးဖို့ ရွေးကောက်ပွဲကော်မရှင်ကို စာတင်ခဲ့ကြပါတယ်။ ဒီစနစ်ကိုထောက်ခံမှုထက် ဝေဖန်မှုကန့်ကွက်မှုတွေက အများကြီး ရှိခဲ့ပါတယ်။ အခုလာမယ့် ပထမအကြိမ်လွှတ်တော်  သတ္တမအစည်းအဝေးမှာ ဒီပီအာစနစ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးကြပါတော့မယ်။ ၂၀၁၅ရွေးကောက်ပွဲမှာ သုံးဖြစ်မလား၊ မသုံးဖြစ်ဘူးလား။ သုံးသင့်လား၊ မသုံးသင့်ဘူးလား စတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆွေးနွေးချက်တွေ တွေ့ကြရပါတော့မယ်။ ဒါကြောင့် ပီအာကိုစတင်တင်သွင်းခဲ့တဲ့ NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းနဲ့ အင်တာဗျူး ပြုလုပ်ဖြစ်ခဲ့ပါတယ်။

မေး။    ပထမဆုံးအနေနဲ့ အန်ကယ်တို့ဘာကြောင့် ပီအာစနစ်ကိုတင်သွင်းရတာလဲဆိုတာလေး သိချင်ပါတယ်။ ရည်ရွယ်ချက်ပေါ့။

ဖြေ။      ပီအာကိုဘာဖြစ်လို့တင်ရသလဲဆိုတာကတော့ အန်ကယ်တို့က အခု ၂၀၁၀ ကာလကနေပြီးတော့ ဖြတ်သန်းလာ ခဲ့တဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးဟာ ဒီမိုကရေစီခေတ်ကို သွားတဲ့နိုင်ငံရေးဖြစ်တယ်။ ဒီမိုကရေစီခေတ်ပြောင်းနိုင်ငံရေး

ပေါ့။ အဲတော့ ခေတ်ပြောင်းနိုင်ငံရေးဆိုတော့ အန်ကယ်တို့က ဒီမိုကရေစီပေါ်မှာ သေချာသုံးသပ်ဖို့လိုလာပြီ။ အရင်ကစစ်အစိုးရခေတ်မှာကျတော့ ဒီမိုကရေစီဆိုတာ တစ်လုံးတည်းပြောလိုက်ရင် ပြည့်စုံတယ်။ ကျုပ်တို့ ဒီအာဏာရှင်စနစ်ကို လက်မခံဘူး။ ဒီမိုကရေစီအတွက် ကျုပ်တို့လုပ်နေတယ်။ ဒီမိုကရေစီကို တောင်းဆိုမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ အခြေခံအားဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ အခုတော့ မဟုတ်တော့ဘူး။ ဒီမိုကရေစီက တကယ်လုပ်ကြရတော့မယ်ဆိုတော့ ဒီမိုကရေစီရဲ့အသွင်လက္ခဏာတွေဟာ ဘာတွေလဲ။ ဒီမိုကရေစီရဲ့အရေးကြီးတဲ့ အချက်တွေဟာဘာတွေလဲ။ဒီမိုကရေစီမှာ ဘာတွေကိုဖြည့်ဆည်းကြရမလဲ။ အဲဒါတွေကိုပါ အန်ကယ်တို့က စဉ်းစားလာရတယ်။ အဲဒါကြောင့် အန်ကယ်တို့ကြည့်လိုက်တဲ့အခါ ဒီမိုကရေစီရဲ့ရွေးကောက်ပွဲ စနစ်တစ်ခုဟာ ဒီမိုကရေစီရဲ့အနှစ်သာရကို ဖော်ဆောင်တဲ့အခါ အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာကို တွေ့ရတယ်။ ဒါက လေ့လာလိုက်တဲ့အခါကြတော့ အန်ကယ်တို့လဲပါရဂူတွေ မဟုတ်ပါဘူး။ နိုင်ငံခြားမှာ ဒီမိုကရေစီနိုင်ငံ တွေမှာ ဘာတွေလုပ်နေကြသလဲ။ အရင်က ကိုယ်ဖြတ်သန်းလာရတဲ့ အတွေ့ကြုံက ဘာတွေရှိသလဲ။ အဲဒါတွေကို ကြည့်ပြီးတော့မှ။ ဒီရွေးကောက်ပွဲစနစ်မှာ အဓိကအားဖြင့် နှစ်ခုဖြစ်တဲ့ များရာကိုအနိုင်ပေးတဲ့ FPTP စနစ်နဲ့ အချိုးကျ PRစနစ် ဒီစနစ် နှစ်ခုရဲ့အားပြိုင်တာကို တွေ့ရတယ်။ တွေ့တဲ့အခါကျတော့ ဘယ်ဟာက တို့နိုင်ငံနဲ့ကိုက်မလဲ။ ဒီမိုကရေစီ ရဲ့နှုန်းစံ တွေနဲ့ ဘယ်ဟာက ပိုပြည့်စုံသလဲ။ စဉ်းစားတဲ့အခါမှာ ပီအာစနစ်ကို အလေးသာတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံ ဒီမိုကရေစီစတဲ့အခါမှာ ရွေးကောက်ပွဲစနစ်ပြင်လိုက်ရင် ပိုပြီးကောင်းမယ်။ အစကောင်းမှအနှောင်းသေချာမယ်ဆိုပြီး တင်လိုက်တာပါ။

 

မေး။     ပီအာစနစ်ကြောင့်အစွန်းရောက်တွေ၊ လွှတ်တော်ထဲရောက်လာမယ်။ ပါတီအများကြီး လွှတ်တော်ထဲမှာ ရှိနေတဲ့အတွက်ကြောင့် ညွှန့်ပေါင်းတွေဖြစ်လာပြီး ဒီမိုကရေစီခရီးကို နှေးစေနိုင်မလား။

ဖြေ။       အဲဒါကတော့ ညွှန့်ပေါင်းဆိုတာကတော့ လိုအပ်ရင်တော့ဖွဲ့ရမှာပဲ။ ပီအာလုပ်တိုင်းလဲ ညွှန့်ပေါင်း လုပ်မယ်လို့မဟုတ်ပါဘူး။ ပီအာမဟုတ်ဘဲလည်း ညွှန့်ပေါင်းဖွဲ့ချင်ဖွဲ့မှာပဲ။  ဥပမာ….. ဒီပါတီကြီးတစ်ခုက ၅၀%ကျော်တဲ့ ထောက်ခံမှုကိုရတယ်ဆိုရင် ဘာမှညွန့်ပေါင်းဖွဲ့စရာမလိုဘူး။ အဲလောက်မှ မရဘူးဆိုရင် တခြားပါတီတွေနဲ့ညှိနှိုင်းရမယ် ဆိုတဲ့အခါကျမှ ညွန့်ပေါင်းဖြစ်လာတယ် မဟုတ်ဘူးလား။ ဒီတော့ ညွန့်ပေါင်းဖွဲ့ပြီဆိုကတည်းက ဒီပါတီဟာ ပြည်သူလူထု ရဲ့အများစုထောက်ခံမှုကြီးကို မရလို့ဖြစ်ရတာပေါ့။ ဒါကြောင့် ဒီညွန့်ပေါင်းဖြစ်လာပြီဆိုကတည်းက ပေါင်းလိုက်တဲ့အခါမှာ  ပေါင်းထားတဲ့ပါတီတွေရဲ့ထောက်ခံမှုတွေက အများစုဖြစ်သွားတာပေါ့။ အများစုမို့ ညွန့်ပေါင်းက အစိုးရလုပ်လို့ရတာပေါ့။ ဒါဆိုအများစုရဲ့သဘောထားကို လိုက်နာရမှာပဲလေ။ အဲဒါမှသာလျှင်ဒါ ဒါဒီမိုကရေစီ ရဲ့အနှစ်သာရပဲလေ။

 

မေး။    အချိုးကျခွဲရတယ်ဆိုတော့ အစွန်းရောက်တွေ။ ခေတ်နောက်ပြန်ဆွဲလိုသူတွေ လွှတ်တော်ထဲ ရောက်မလာ နိုင်ဘူးလား။

ဖြေ။     ။ လွှတ်တော်ထဲရောက်တယ်ဆိုတာက ဒါက ဒီတိုင်းကြီး လွှတ်တော်ထဲကို သွားလည်ရင်တော့ ရောက်ချင်ရောက်မှပေါ့။ (ရယ်လျှက်) ဒီလိုမှမဟုတ်ရင်တော့ ပြည်သူက မထောက်ခံရင်ရောက်စရာမရှိဘူး။ ပြည်သူက အစွန်းရောက်ကိုထောက်ခံရင်တော့ ရောက်လာမှာပေါ့။ သို့သော်လည်း အများစုကတော့ အစွန်းရောက်တွေကို မထောက်ခံပါဘူး။ အစွန်းရောက်ဆိုကတည်းကိုက  အစွန်းမှာပဲရောက်နေမှတော့ အများစုက ဘယ်ထောက်ခံမလဲ။ ဒါပေမယ့် အနည်းအကျင်းကတော့  ပီအာစနစ်အောက်မှာ ၀င်လာနိုင်သလားဆိုရင် ၀င်ချင်လည်းဝင်လာနိုင်တာပဲ။ အဲ့ဒီလိုပြောကြကြေးဆိုလို့ရှိရင်တော့  ပီအာစနစ်မှာ အဲ့ဒီလိုမျိုးကို တားဆီးတဲ့ အကာအကွယ် ပေးထားတဲ့ အချက်လည်း ရှိတယ်။ ပီအာစနစ်အောက်မှာ ၀င်ပြိုင်တဲ့ပါတီတိုင်း လွှတ်တော်ထဲမရောက်ဘူး။ ၀င်ပြိုင်တဲ့ပါတီတိုင်း အမတ်နေရာမရဘူး။ သူ့မှာအနိမ့်ဆုံး သတ်မှတ်ချက်တွေ ရှိတယ်။ တချို့နိုင်ငံတွေဆိုလို့ရှိရင် ခုနလို အစွန်းရောက်တွေရဲ့အန္တရာယ်ရှိတယ်ဆိုရင် ဒီအနိမ့်ဆုံးမဲဆိုတဲ့ သတ်မှတ်ချက်ကို ဥပမာအနည်းဆုံး ၁၀% လို့သတ်မှတ်မယ်။ အထူးသဖြင့် ဥပမာ တူရကီလိုနိုင်ငံမျိုးပေါ့။ တူရကီမှာ Kurd လို့ခေါ်တဲ့ အစွန်းရောက်လို့ သတ်မှတ်ထားတာတွေရှိတယ်။ သူတို့မ၀င်နိုင်အောင် ၁၀%အနည်းဆုံး မရရင် လွှတ်တော်အမတ်မဖြစ်နိုင်ဘူးလို့ ကန့်သတ်ထားတော့ ဒီ Kurd တွေကို ၁၀% မထောက်ခံဘူးဆိုရင် မဖြစ်နိုင်တော့ဘူးပေါ့။ တချို့နိုင်ငံတွေလဲ ၅%။ အဲလိုပြဿနာတွေ မရှိဘူးဆိုရင်တော့ အနည်းဆုံး ၂%လောက် သတ်မှတ်ထားကြပါတယ်။ တစ်မဲရတိုင်း လွှတ်တော်ကိုယ်စားလှယ်မဖြစ်ပါဘူး။

 

မေး။    ဂျာမဏီကဟစ်တလာလို အာဏာရှင်တွေပေါ်မလာနိုင်ဘူးလား။

ဖြေ။     အဲဒါပြောချင်နေတာကြာပြီ။ ဘာအထောက်အထားနဲ့ ပြောတာလဲမသိဘူး။ အန်ကယ်တို့ပဲလေ့လာအား လိုတာလားမသိဘူးပေါ့နော်။ အန်ကယ်သိသလောက်ဆိုရင်တော့ မဟုတ်ပါဘူး။ အန်ကယ်တို့ဖတ်တဲ့ထဲမှာ ပီအာဆိုတာ တစ်လုံးမှမပါဘူး။ ရွေးကောက်ပွဲလို့ပဲပါတာ။ ပြီးတော့တကယ်ပြောကြကြေးဆိုရင် ဂျာမဏီလိုနိုင်ငံမျိုးမှာ ဟစ်တလာအာဏာရလာတယ်ဆိုတာ အကြောင်းချက်တွေ အများကြီးရှိတယ်။ အများကြီးရှိတယ်နော်။ ဥပမာဆိုပါတော့….. ဂျာမဏီဟာ ပထမ္ဘာစစ်မှာ စစ်ရှုံးတယ်။ စစ်လျော်ကြေးတွေ အများကြီးပေးရတယ်။ တိုင်းပြည်က တစ်ခါတည်း စုတ်ပြတ်သွားတယ်။ မွဲသွားတယ်။ ငွေကြေးဖောင်းပွမှုတွေဆိုတာ ရာခိုင်နှုန်းတစ်သန်းလောက်ထိ ရှိတယ်။ လူတွေက အလုပ်လက်မဲ့တွေဖြစ်။ ကုန်ဈေးနှုန်းတွေကတက်။ အဲဒီအချိန်မျိုးမှာ မကျေနပ်မှုတွေပေါ့။ စစ်ရှုံးထားလို့ဒေါသဖြစ်နေ ရတဲ့ကြားထဲမှာ အခက်အခဲတွေကြုံရတဲ့အခါကျတော့ ဟစ်တလာတို့က ဟောပြောနေဟာတွေက….အဲဒါတွေက ဒီကောင်တွေကြောင့်ဖြစ်တာ။ အစိုးရကနေ အလျော့ပေးလို့ ဖြစ်ရတာ။ ဒီကောင်တွေက ကိုယ့်နိုင်ငံကိုယ် နောက်ကျောဓါးနဲ့ ထိုးတဲ့ကောင်တွေ။ အဲလို ဆွပေးပြီးတော့ လူထုကိုစည်းရုံးယူတာ။ နောက်တစ်ခါ လူငယ်တွေကိုစည်းရုံးတာ။ လူငယ်ဆိုတော့ သွေးကကြွတယ်။ စည်းရုံးလို့လွယ်တယ်။ အဲဒါကနေ ရှပ်ညိုတို့ဘာတို့ ဖြစ်လာတာ။ နောက်ရွေးကောက် ပွဲဆို တရုန်းရုန်းပေါ့။ လူတွေကို တခါတည်းကြောက်လန့်အောင် လုပ်ဘာညာပေါ့။ အဲလိုနည်းနဲ့ လုပ်သွားတဲ့ အခါကျတော့ တိုင်းပြည်ရဲ့အခြေနေနဲ့ လူတွေရဲ့စိတ်ဓါတ်နဲ့က ဟစ်တလာကို အထင်ကြီးဖြစ်သွားတာ။ ဒါနိုင်ငံရေးအရ ဒီထက်လေ့လာရင် ပြောစရာတွေ အများကြိးရှိတယ်။ အဲဒီအခြေနေကြောင့်သာလျှင်ဖြစ်တာကိုး။ အဲဒါကို ဒီမဲပေးတဲ့စနစ်လေးကြောင့်သာ ဖြစ်တယ်ဆိုရင် အဲဒီပြောတဲ့သူဟာ နိုင်ငံရေးကို ဘာမှသိပ်ပြီးတော့ နားမလည်တဲ့သူလို့ပဲပြောချင်ပါတယ်။

 

မေး။    ပီအာစနစ်ဟာ ဒီမိုကရေစီမှာအခြေကျပြီးသားနိုင်ငံတွေမှာသာကျင့်သုံး သင့်တာဟုတ်ပါသလား။ ဒီမိုကရေစီ လမ်းကိုစလျှောက်တဲ့ မြန်မာနိုင်ငံအတွက် သင့်တော်ပါ့မလား။

ဖြေ။     ။ ဒါကတော့ ခက်တာက ဒီလိုလေ။  ဒီမိုကရေစီအခြေကျထားမှပဲ လုပ်လို့ရမယ်ဆိုရင် မဟုတ်တော့ဘူး ထင်တယ်။ မဆိုင်ပါဘူး။ ခုပဲ ကိုယ်တို့နိုင်ငံဘေးမှာဆို။ ကိုယ်တို့နဲ့ အဆင့်တန်းဘာမှမကွာတဲ့ နိုင်ငံတွေမှာလုပ်နေတာပဲ။ ဥပမာ နီပေါဆို  တောင်ပေါ်နိုင်ငံလေး။ နောက်သိရိလင်္ကာ၊ အိန္ဒိယ၊အိန္ဒိယဆိုလဲ နိုင်ငံကြီးဆိုပေမယ့် သူတို့လဲပြဿနာတွေအများကြီးနဲ့။ သူတို့အထက်လွှတ်တော်မှာဆို ပီအာနဲ့ရွေးကောက် တင်မြှောက်တာပဲ။ နောက်ထိုင်း၊ ကမ္ဘောဒီးယား။ အင်ဒိုနီးရှားတို့ ။ အဲလိုနိုင်ငံတွေတောင်မှ လုပ်နေတာပဲလေ။ နောက်ဆုံးကုန်ကုန်ပြောရမယ်ဆိုလို့ရှိရင်ကွာ လစ်ဗျားပေါ့။ လစ်ဗျားဆို အာဏာရှင်စနစ်အောက်မှာ အကြာကြီး နေခဲ့ရတယ်။ လွတ်လွတ်ချင်းစသုံးတဲ့ ပထမဆုံးရွေးကောက်ပွဲမှာ ပီအာသုံးသွားတာပဲလေ။ အဲတော့ ဒီပီအာဆိုတာ ဒီမိုကရေစီအခြေကျမှဆိုတာ မဟုတ်ဘူး။ ပီအာဆိုတာ ဒီမိုကရေစီ Trend တစ်ခုပဲ။ အရင်က ဆိုရှယ်လစ်မှဆိုရှယ်လစ်။ နောက် ဒီမိုကရေစီ။ အခုဒီမိုကရေစီမှာမှ ဒီမိုကရေစီအကျဆုံးဖြတ်တဲ့ ပီအာကို ပြောင်းလဲကျင့်သုံးလာကြတယ်။ ဒီမိုကရေစီဆိုတာဘာလဲ။ လူထုကအုပ်ချုပ်တာ။ အနိုင်ရသူအကုန်  ယူသွားတာထက် အချိုးကျခွဲဝေယူတာက ပိုပြီးဒီမိုကရေစီမကျဘူးလားဆိုပြီး ရွေးကောက်တင်မြှောက်ပုံကို ဆန်းသစ်လာကြရင်း ပီအာဖြစ်လာတာပဲ။ ဒါက ဒီမိုကရေစီ အခြေကျတာ မကျတာထက် ဒီမိုကရေစီ Trend တစ်ခုလို့ပဲ ပြောချင်ပါတယ်။ အဲ့ဒီတော့ လုပ်လို့ရပါတယ်။ ဘာလို့မရရမှာလဲ။

 

မေး။    ။ပီအာစနစ်နဲ့ရွေးကောက်တင်မြှောက်လိုက်ရင် အများစုနိုင်ပါတီအနေနဲ့ အမတ်၇၅%မရတဲ့အတွက်  အခြေခံဥပဒေပြင်ဆင်ဖို့ ခက်သွားမလား။

ဖြေ။      ဟ……အခုရော သူတို့မခက်ဘူးလား။ FPTP သုံးလို့ ၇၅% ရတောင် ပြင်လို့မရသေးဘူးလေ။ အဲဒီတော့  ဒီလောက် အများကြီးလိုချင်တာ အခြေခံဥပဒေပြင်ချင်လို့လား။ အာဏာကို ထူထောင်ချင်လို့လားတောင် မေးစရာဖြစ်နေပြီ။

 

မေး။    ပီအာစနစ်ကိုကျင့်သုံးဖို့ လူထုဆန္ဒခံယူသင့်ပါသလား။

ဖြေ။      ဒီရွေးကောက်ပွဲစနစ်ဆိုတာ ရှင်းရှင်းပြောရရင် အခြေခံဥပဒေထဲမှာ သတ်မှတ်ထားတာမရှိဘူး။ ဘာစနစ်နဲ့ ရွေးကောက်ပွဲကျင့်သုံးပါဆိုတာ ပြောမထားဘူး။ နောက်တစ်ခုက လူထုဆန္ဒခံယူရမယ်တို့ ဘာတို့ဆိုတာ FPTP ကရော လူထုဆန္ဒခံယူခဲ့လို့လား။ ရွေးကောက်ပွဲစနစ်အကုန်လုံးက လူထုဆန္ဒခံယူတာ မရှိပါဘူး။ နော်…..။ ၄၇လဲမရှိဘူး။ အင်္ဂလိပ်လက်ထက်ကလဲ မရှိပါဘူး။

 

မေး။    ။ ပီအာစနစ်ကျင့်သုံးခဲ့ရင် လွှတ်တော်အမတ်လောင်းတွေဟာ လူထုထက် ပါတီခေါင်းဆောင်တွေကို ပိုပြီး သစ္စာခံနေရမှာလား။

ဖြေ။      အဲဒါကတော့ အန်ကယ်ထင်တယ်။ အဲဒါက ရွေးကောက်ပွဲစနစ်နဲ့တောင် သိပ်မဆိုင်ဘူးထင်တယ်။ (ရယ်လျှက်) ဒီနေ့ FPTP မှာလည်းဒီလိုပဲလေ။ လွှတ်တော်ကိုယ်စားလှယ်ဆိုပြီးတော့ ချပေးလိုက်တယ်။ ဘယ်သူက ချပေး လိုက်လဲ။.ပါတီကပဲချပေးလိုက်တာပဲ။ ပါတီခေါင်းဆောင်က နေချပေးလိုက်တာပဲလေ။ သူတို့ကချပေးလိုက်တာ မကျေနပ်ဘူးဆို မပေးယုံပဲရှိတာပဲ။ နောက်ရသွားခဲ့ရင် သူလုပ်တဲ့အလုပ်တွေကြည့်ပြီး နောက်တစ်ကြိမ်အတွက် စဉ်းစားပြီး ချပေးယုံပဲ။ ပီအာမှာလဲ ဒီလိုပဲလေ။ ပါတီကရွေးပြီး ချပေးလိုက်တာပဲ။ ဒါပေမယ့် ပါတီက လူထုမယုံကြည်ရတဲ့သူတွေ ရွေးပြီးချပေးရင် လူထုက ဘယ်မဲထည့်မလဲ။ လူထုက ယုံကြည်ကိုးစားလောက်တဲ့ လူတွေကိုပဲ ရွေးချယ်ရမှာပေါ့။ နောက်ဒီစနစ်က ပါတီတွင်းမှာကို အရင်ပြိုင်ရဦးမယ်။ ပါတီရဲ့စဉ်းမျဥ်းစည်းကမ်းအရ အရင်ရွေးချယ်ရဦးမယ်။ အန်ကယ်တို့ပါတီမှာတော့ အဲလိုပဲလုပ်တယ်။ ခေါင်းဆောင်တစ်ယောက်တည်းကနေ ဒီလူဒီလူတွေ အမတ်လောင်းစာရင်းထဲ ထည့်လိုက်ပါဆိုပြီး လုပ်လို့မရဘူး။ အဲဒါမျိုးကို လက်ခံတဲ့ပါတီမျိုး အန်ကယ်တို့မဟုတ်ဘူး။

 

မေး။    အန်ကယ်ပြောဖူးတယ်။ ပီအာကိုသုံးမယ်ဆို မဲဆန္ဒနယ်တွေပေါင်းပြီး လုပ်ရမယ်လို့လေ။ အဲခါကျတော့ အမတ်တွေဟာ မြို့နယ်တစ်ခုဆီကို ကိုယ်စားမပြုတဲ့အခါ လူထုနဲ့ဆက်နွှယ်မှု လျော့နည်းသွားနိုင်မလား။

ဖြေ။     ဒါကတော့.နည်းနည်းတော့ဖြစ်နိုင်တာပေါ့နော်။ ဒါပေမယ့် တကယ်တမ်းဒီနေ့ အခြေနေတွေကို ကြည့်တဲ့ အခါကျတော့ …..ပြည်သူလူထုက သူ့အတွက်လုပ်ပေးတဲ့သူဆီ သွားတာပဲ။ ဥပမာဆိုလို့ရှိရင် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ဇင်။ သူဆို ပုဇွန်တောင်ကနေ အရွေးခံရတယ်။ သူ့ဆို ပြည်သူတွေအတွက် ကြိုးစားပမ်းစား လုပ်ပေးတယ် လို့မြင်ကြတော့ တစ်နိုင်ငံလုံးက သူ့ဆီရောက်လာကြတာပဲ။ ဟိုး  မြ၀တီကလဲတယ်။ ပဲခူးကလာတယ်။ မြောင်းမြကလာတယ်။ မကွေးကလာတယ်။ ကချင်ကလည်းလာတယ်။ အဲတော့..ခုနပြောသလိုပေါ့။ ဒီမဲဆန္ဒနယ်တစ်ခုမှာ ၁၀ ယောက် ရွေးတယ်။ ဒါဆိုပြည်သူက ရွေးချယ်လို့ရသွားပြီ လေ။ ဘယ်သူက ငါ့အတွက်လုပ်ပေးတာလဲ။ ဘယ်သူကတော့ လှည့်တောင်မကြည့်ဘူးလဲ။ သူ့အတွက် လုပ်ပေးတဲ့လူဆီ သွားမှာပေါ့။ သွားခွင့်လည်းရှိတယ်လေ။ အခုဆိုလို့ရှိရင်တော့ မပြောချင်လို့။ မပြောရဲလို့သာ နေမှာပေါ့။ ကြိုက်ချင်မှ ကြိုက်မှာလေ။ ဟိုဟာဆိုရင်တော့ ပြည်သူက ၁၀ယောက်ထဲက သူသွားချင်တဲ့ အမတ်ဆီ သွားလို့ရတယ်။ သူရွေးချင်တဲ့သူ ရွေးလို့ရတယ်။ ပြည်သူအတွက် ပိုပြီတော့တောင် အခွင့်လမ်းများ သွား သေးတယ်။

 

မေး။    ပီအာကိုဘာကြောင့်မြန်မာနိုင်ငံမှာသုံးသင့်တယ်လို့ထင်ရတာလဲ။

ဖြေ။     ။ဒါကတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို အန်ကယ်တို့လေ့လာပြီးတော့မှ ပီအာတင်တယ်ဆိုတာမှန်ပါတယ်။ ဘယ်လိုလေ့လာကြည့်သလဲဆိုတော့ ၂၀၁၀ရွေးကောက်ပွဲတုန်းကတော့ လုံးဝတရားမျှတမှုမရှိဘူး။ ဒါကိုအားလုံးသိကြ တယ်။ ၂၀၁၂ကျတော့ အဲလိုမဟုတ်ဘူး။ သူ့ဟာနဲ့သူ လွတ်လပ်မှုတရားမျှတမှု ရှိသင့်သလောက်ရှိတယ်လို့ ပြောလို့ရတယ်။ ရွေးကောက်ပွဲတရားမျှတမှုမရှိရင် ရွေးကောက်ပွဲစနစ်တွေဘာတွေ အန်ကယ်တို့က ပြင်နေစရာမလိုဘူး။ ဒါပေမယ့် ၂၀၁၅ကျရင် ၂၀၁၂တုန်းကလိုပဲ လွတ်လပ်ပြီးတရားမျှတမှုရှိလိမ့်မယ်လို့ အန်ကယ်တို့ ထင်တယ်။ ၂၀၁၂ထက် မနိမ့်တဲ့အဆင့်မျိုး ရှိလိမ့်မယ်လို့ ထင်တယ်။  အဲဒါကြောင့် အဲဒီအတွက် သေသေချာချာပြင်ဆင်ရမယ်။ ပြင်ဆင်တယ်ဆိုတာ အန်ကယ်တို့ပါတီကို ပြောနေတာမဟုတ်ဘူး။ တရားမျှတမှုရှိပြီး ကျင်းပတဲ့ရွေးကောက်ပွဲသည် ပြည်သူရဲ့ဆန္ဒကို တကယ် ဖော်ပြနိုင်တဲ့နည်းနဲ့မှ ပိုပြီးပြည့်စုံသင့်တော်လိမ့်မယ်လို့ ထင်တယ။်  လိုက်လျောညီထွေလည်း ရှိမယ်။ ဥပမာပြောရရင် မော်တော်ကားတစ်စီး တက်စီးမယ်။ ဒီကားကပျက်နေမယ်။ မောင်းလို့မရဘူးဆို ဘာကားဖြစ်နေနေ ကိစ္စမရှိဘူး။ ဘယ်ကိုမှမရောက်တာ။ ကားအကောင်းဆိုရင်တော့ ရွေးရတော့မယ်။ ဂျစ်ကားနဲ့သွားမလား။ ဗဲန်နဲ့သွားမလား။ မဟုတ်ရင် မာစီဒီးစ်။ အဲဒီလိုပေါ့။ ရှေ့မှာလာမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှုရှိဖို့ အလားအလာရှိနေမှတော့ အဲဒီရွေးကောက်ပွဲရဲ့အနှစ်သာရကို ပိုပြီးပေါ်လွင်အောင်၊ပိုပြီးပြည့်စုံအောင်၊ ပြည်သူတွေအတွက်ပိုပြီး အကျိုးရှိတဲ့ စနစ်မျိုးဖြစ်အောင် စဉ်းစားရတာပေါ့။ ဟိုပါတီကြီးက သူကအများစုထောက်ခံမှုရလို့ အစိုးရဖွဲ့မယ်ဆို ဖွဲ့ပါစေ။ မဖြစ်အောင် လုပ်လို့လဲမရဘူး။ အန်ကယ်တို့ မနာလိုစရာလည်း မရှိပါဘူး။ ဒါပေမယ့် အနည်းစုရဲ့ဆန္ဒကိုလဲ လျစ်လျူရှုလို့ မရဘူးလေ။ အနည်းစုရဲ့ဆန္ဒတွေကိုလည်း ဖော်ထုတ်ခွင့်တော့ ပေးလိုက်ပါ။ ဒါမှလဲ ဒီမိုကရေစီကျမှာပေါ့။ အဲလောက်တော့ သဘောထားကြီးသင့်ပါတယ်။ အာဏာရှင်စနစ်ကျင့်သုံးနေတာမှ မဟုတ်တာ။ ဒါမှလဲ ပါတီစုံဒီမိုကရေစီဆိုတဲ့ စကားနဲ့ ကိုက်ညီမှာပေါ့။

 

မေး။    ။နောက်ဆုံးမေးခွန်းအနေနဲ့က ၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာကိုကျင့်သုံးသင့်တယ်လို့ယူဆပါလား

ဖြေ။     ဒါခုနကဖြေတဲ့ထဲမှာလဲ ပါပါတယ်။ ရွေးကောက်ပွဲက တရားမျှတပြီး လွတ်လပ်မှတော့ ဒီမိုကရေစီရဲ့ အနှစ်သာရကိုပိုပြီး ပေါ်လွင်စေတဲ့ စနစ်နဲ့သာ ရွေးချယ်တင်မြှောက်သင့်တယ်လို့ ယူဆလို့ကို တင်တာပေါ့။ အန်ကယ်တို့ အစောကြီးကတည်းက ကော်မရှင်ကို ကြိုပြိးတင်ပြထားတာ။ ကျင့်သုံးမယ်ဆိုရင် လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်နိုင် အောင်လို့။ အန်ကယ်တို့ကြားရတယ် ပီအာကို ကျင့်သုံးချင်တဲ့ ရည်ရွယ်ချက် မမှန်ဘူး။ ဒါဆိုရင် မကျင့်သုံးချင်တဲ့ ရည်ရွယ်ချက် မှန်သလား။ ဘာလို့ မကျင့်သုံးချင်ရတာလဲ။ ပီအာဆိုတာ အခုလက်ရှိ ဒီမိုကရေစီအကျဆုံး ရွေးကောက်တင် မြှောက်တဲ့စနစ်။ ကမ္ဘာ့နိုင်ငံပေါင်း (၉၀) ကျော်မှာလဲကျင့်သုံးနေပြီ။ ဒီနိုင်ငံ (၉၀) ကျော်လုံးက ဒီမိုကရေစီ အခြေကျပြီးသား နိုင်ငံတွေမဟုတ်ပါဘူး။ ဒါကြောင့် ဒီမိုကရေစီအခြေမကျသေးလို့ သုံးဖို့မသင့်ဘူးဆို တဲ့ ကန့်ကွက်ချက်တွေဟာ  ရိုးသားမှုရှိရဲ့လားလို့ မေးခွန်းထုတ်စရာပါ။ အများစုထောက်ခံတဲ့သူကတော့ ဘာစနစ် နဲ့ပဲဖြစ်ဖြစ် မဲအများစုရမှာပါပဲ။ ဒါကို အနည်းစုထောက်ခံတဲ့သူရှိလို့ ရမယ့်မဲအနည်းစုကို ခွဲမပေးချင်ဘူး ဆိုတာ ဒီမိုကရေစီမဟုတ်တော့ဘူးလေ။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲဟာမှာ ပီအာစနစ်ကိုကျင့်သုံးသင့်တယ် လို့ပြောတာပါ။ 

                                                                                          သီရိတင်

 

#to be happy#

$$ kotoetoe $$

PR Q&A ပီအာကိစ္စ သောင်းပြောင်းအမေးအဖြေ မိုးကုတ်ကိုတိုး

PR Q&A ပီအာကိစ္စ သောင်းပြောင်းအမေးအဖြေ

မိုးကုတ်ကိုတိုး

ပီအာနဲ့ပတ်သတ်ပြီး ဝေဖန်ချက်များကို (ဂျာနယ်၊ အင်တာနက်၊ လေထန်ကုန်းတွေကနေ) စုစည်းလိုက်တာ စုစုပေါင်း (၃၈) ချက်ရပါတယ်။ တချို့အကြောင်းအရာတွေလဲ ဆင်တူလေး တွေ ထပ်နေပါတယ်။  ပီအာစနစ်ကို မြန်မာနိုင်ငံမှာ မကျင့်သုံးသင့်ကြောင်း အများစုက ပြောဆို ဆွေးနွေး ရေးသားနေသလို တစ်ဖက်မှာလည်း ပီအာဟာ မြန်မာနိုင်ငံမှာ ကျင့်သုံးသင့်တယ်၊ လက်ရှိအခြေခံဥပဒေတွေနဲ့ ကျင့်သုံးလို့ ရတယ်ဆိုပြီ ထုတ်ဖော်ပြောဆိုတဲ့ ပါတီတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အချိုးကျ ကိုယ်စားပြုမဲပေးစနစ် သို့မဟုတ်  ပီအာစနစ်ကို စတင်တင်သွင်းသူ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းကို ဒီမေးခွန်း(၃၈) ချက်ကို ဖြေပေးပါဆိုပြီး တောင်းဆိုဖြစ်ပါတယ်။ 

 

၁။      ပီအာစနစ်ကိုကျင့်သုံးရင် အစွန်းရောက်ပါတီတွေ ၊ အစွန်းရောက်ဝါဒီများ၊ အရေချုံဒီမိုကရေစီများ၊ ခေတ်နောက်ပြန်ဆွဲလိုသူများ လွှတ်တော်ထဲရောက်လာနိုင်တယ်။

         ဥပမာ  ဂျာမဏီမှာ ဟစ်တလာအာဏာရလာတာက ပီအာစနစ်ကြောင့်။

ဖြေ။    ပြည်သူတွေမထောက်ခံရင်တော့ ဘယ်ရောက်လာနိုင်မှာလဲဗျာ။ မဲပေးတဲ့ပြည်သူတွေက ခွဲခြားဆုံး
ဖြတ်နိုင်တဲ့ အရည်ချင်းမရှိလို့ကတော့ ဘာစနစ်နဲ့ဖြစ်ဖြစ် လူကြိုက်များတဲ့ ခေါင်းဆောင်အရိပ်ကို
ခိုပြီးတော့ဝင်ရင် ဖြစ်မှာပဲ။ အစွန်းရောက်ပါတီဟူသည် လူအများထောက်ခံမှုမရနိုင်။ PR တွင်အနိမ့်ဆုံး
မဲရာနှုန်းသက်မှတ်ချက် (ဥပမာ- ၅% ၁၀% စသည်) မရလို့ရှိရင် အရွေးမခံရနိုင်ပါ။ ဂျာမဏီဟစ်တလာ
အာဏာရတာ PR ကြောင့်ဟု ပြောသူသည် သမိုင်းဆိုတာဘာမျှနားမလည်၍ပြောခြင်းသာ ဖြစ်ပါ  
လိမ့်မည်။ ဟစ်တလာအာဏာရလာတာဟာ ပီအာကြောင့်ဟုတ်မဟုတ် ဂျာမဏီသမိုင်းကို ပြန်လေ့လာ   ကြည့်ပါ။

 

၂။      လွှတ်တော်ထဲကို ပါတီတွေအများကြီးရောက်လာရင် တစ်ညီတစ်ညွှတ်တည်းအမြင်ကို မရနိုင်တော့ပါ။ ထိုအခါ         အနည်းစုပါတီတွေရဲ့ အနေအထားက ဦးစားပေးအဆင့် ဖြစ်လာမယ်။ အာဏာရရေးအတွက်  သူတို့၏ထောက်ခံမှုက ပါတီကြီးများအတွက် လိုအပ်နေမည်။

ဖြေ။    တညီတညွတ်တည်းအမြင်ကို အာရုံကျနေသေးလျှင် ထိုသူသည် တစ်ပါတီစနစ်ကို ကိုးကွယ်နေသူသာ ဖြစ်ပေလိမ့်မည်။ ဒီမိုကရေစီ၏လက္ခဏာတွင် အမြင်မတူ ကွဲပြားမှုကို လက်ခံရုံမက ဖိတ်ခေါ် မှုပင် ပြုရပါသည်။ ပါတီကြီးတွေက အနည်းစုပါတီထောက်ခံမှုကို လိုနေသည်ဆိုလျှင် ၎င်းတို့ ကိုယ်တိုင် အခြေမခိုင်မှု၊ လူထုထောက်ခံမှုအပြည့်အ၀မရဘဲ မိမိကိုယ်ကိုယ်ပါတီကြီးဟု အထင်ရောက် နေခြင်းသာ ဖြစ်ပါသည်။

 

၃။      လက်ရှိအခြေခံဥပဒေသည် ပီအာစနစ်နှင့် ကိုက်ညီမှုမရှိ။

ဖြေ။    လက်ရှိအခြေခံဥပဒေသည် PR နှင့် မကိုက်ညီ၍လက်မခံဆိုလျှင် လက်ရှိအခြေခံဥပဒေကို အထိမခံနိုင် သိပ်အထင်ကြီးနေ၍ ဖြစ်ပါလိမ့်မည်။

 

၎။      မဲပေးသည့်အတွေ့အကြုံနည်းသေးသည့် လူထုအတွက် မဲပေးမှုရှုတ်အထွေးများ ဖြစ်စေနိုင်။ ပြည်သူက ယခုစနစ်မှာတောင် မဲမပေးတတ်သေး။ ပြည်သူစာတတ်မြောက်မှုရေချိန် နိမ့်သေးသည်။

ဖြေ။    လွန်ခဲ့သည့်ကာလရွေးကောက်ပွဲများ၊ တစ်ခုနှင့်တစ်ခု မတူကြပါ။ လူထုကကြိုက်သလို မဲပေးခိုင်း၊ မဲပေး တတ်ကြပါတယ်။ ကိုယ့်လူမျိုးကို လူအတွေဟု မစော်ကာသင့်ပါ။ မြန်မာတွေမည်မျှထိုးထွင်းဥာဏ်၊ဖြတ် ထိုးဥာဏ်ရှိသည်ကို ကမ္ဘာကပင်သဘောပေါက်ပါသည်။

 

၅။      ရခိုင်မှာ ပီအာစနစ်ကို မကျင့်သုံးသင့်။ အစွန်းရောက်ပါတီများပေါ်လာနိုင်၊ နေရာရသွားနိုင်။

ဖြေ။    အစွန်းရောက်ပါတီများပေါ်ပေါက်မှု မပေါ်ပေါက်အောင်တားဆီးမှုမှာ ရခိုင်ပြည်သူများ နှင့်တရားဥပဒေ စိုးမိုးမှုပေါ်မှာတည်ပါသည်။ အစွန်းရောက်ဟုယူဆသူအချို့ လက်ရှိလွှတ်တော်ထဲ ဘယ်လို ရောက်လာ ပါသလဲ။ PR ကခေါ်လာတာလား။ ဘယ်သူတွေက ခေါ်လာတာလဲ။

 

၆။      ပီအာစနစ်သည် မဲပေးရာတွင်၎င်း၊ မဲရေတွက်ရာတွင်၎င်း အလွန်ရှုတ်ထွေးမှု ရှိနေသည်။

ဖြေ။    အလွန်ရှုပ်ထွေးသည်ဟုဆိုခြင်းမှာ ကိုယ်တိုင်ညံ့လွန်း၍ သော်လည်းကောင်း၊ မလေ့လာဘဲ ပြော၍ သော်လည်းကောင်း ဖြစ်နိုင်ပါသည်။

 

၇။      မဲပေးသည့်စနစ်သည် ပြည်သူလူထု၏ဆန္ဒကို အမှန်တကယ်ဖော်ဆောင်ခြင်း ရှိမရှိ လေ့လာဖို့လိုသည်။

ဖြေ။    လေ့လာပါ။

 

၈။      ရင့်ကျက်သည့်ဒီမိုကရေစီနိုင်ငံများတွင်သာ ကျင့်သုံးနိုင်၊ မြန်မာနိုင်ငံလို မြေစမ်းခရမ်းပျိုး နိုင်ငံတွင် မသုံးသင့်သေး။

ဖြေ။ အိမ်နီးချင်းနိုင်ငံများတွင် သီရိလင်္ကာ၊ နီပေါ၊ အိန္ဒိယ(တစ်စိတ်တစ်ပိုင်း) ကမ္ဘောဒီးယား၊ အင်ဒိုနီး ရှား၊ထိုင်း…ဘာပြောမလဲ။ အဲဒီနိုင်ငံတွေလောက်မှ မြန်မာနိုင်ငံကမရင့်ကျက်ဘူးလား။ လစ်ဗျား မနေ့တစ်နေ့ကမှ အာဏာရှင်ဥခွံကရုန်းထွက်ခဲ့တာကလည်း ရွေးကောက်ပွဲကိုတော့ PR ပါပဲ။

 

၉။      နေရာတိုင်းမှာ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ ပါတီကြီးတွေကိုသာ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်။ ပါတီ ငယ်များ နှင့် တသီးပုဂ္ဂလိကများအတွက်  နေရာမရှိဖြစ်နိုင်သည်။

ဖြေ။    နေရာတိုင်းဝင်ပြိုင်နိုင်တဲ့ လူထုထောက်ခံမှုအများကြီးရရှိတဲ့ ပါတီကြီးတွေကို မနာလိုဖြစ်မနေပါဘူး။ ရသင့်လို့ရတာရပါစေ။ လူနည်းစုကိုယ်စားပြုတဲ့ လူနည်းစုကသာထောက်ခံတဲ့ ပါတီငယ်များကိုလည်း ကိုယ်စားပြုခွင့်တော့ ပေးပါ။ အဲဒီလောက်လေးမှ အပြန်အလှန်သဘောထားမကြီးနိုင်ကြဘူးလား။

 

၁၀။    ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ခွဲခြားပြီး အချိုးအစားသတ်မှတ်ပေးထားခြင်းသည်  ကိုယ်စားပြုမှု ဖော်ပြထား၊  ပြင်ချင်ရင် အခြေခံဥပဒေကိုပါ ပြင်ဖို့လို၊ လူထုဆန္ဒကိုပါ ခံယူသင့်။

ဖြေ။    FPTP နဲ့ ကျင်းပရမယ်ဆိုတာ အခြေခံဥပဒေကသတ်မှတ်မထားပ့ါ။ FPTP စနစ်အတွက် လူထုဆန္ဒ ခံယူမှုလည်း သမိုင်းမှာမရှိခဲ့ပါ။ PR ကျမှ ဘယ်နှယ့်ကြောင့်………..

 

၁၁။    လတ်တလောပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းရှာတာလား။ နောင်ရေရှည်မှာ ဒီစနစ်က တိုင်းပြည်ကို ကောင်းကျိုးပြုမှာလား။

ဖြေ။    ကောင်းကျိုးပြုမှာ သေချာတာပေါ့။ လူတိုင်းလောက်နီးနီး ကိုယ်စားပြုခွင့်ရမယ်။ သူတို့ဆန္ဒကို ပြောပေးလုပ်ပေးမယ့်သူရှိမယ်။ ရွေးကောက်ခံ/မခံ အာဏာရှင်စနစ်ကို ကာကွယ်တားဆီး ပေးနိုင်မယ်။ နောက်လည်းရှိသေးတယ်…….

 

၁၂။    တိုင်းရင်းသား ၁၃၅ မျိုးစလုံးက ငါတို့ကိုယ်စားပြုဖို့ ပါတီအသီးသီး ထောင်လာမယ်ဆိုရင် နိုင်ငံစည်းလုံး ညီညွတ်မှု  ပျက်သွားနိုင်ချေရှိသည်။။

ဖြေ။    အခုလည်း ထောင်ခွင့်ရှိပါတယ်။ ထောက်ခံတဲ့လူရှိရင်ထောင်ပေါ့။ ထောင်လည်းမထောင်ကြပါဘူး။ ပျက်လည်းမပျက်ပါဘူး။ တိုင်းရင်းသား ၁၃၅ မျိုးလောက်က အဲဒီပုဂ္ဂိုလ်လောက်မမိုက်ပါဘူး။

 

၁၃။    အဓိကအကျဆုံးမှာ ပီအာစနစ်ကျင့်သုံးလျှင်  အများစုနိုင်ပါတီအနေဖြင့် အမတ်၇၅% မရနိုင်သဖြင့် အခြေခံဥပဒေပြင်ဆင်ရေး ခက်ခဲသွားနိုင်ခြင်း ဖြစ်သည်။

ဖြေ။    ယူဗျာ……၇၅% ။ ကဲပြင်လို့ရရောလား……။

 

၁၄။    ပီအာစနစ်သည် လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများတွင် အသုံးပြုနိုင်ပြီး ဒီမိုကရေစီအစပျိုးနိုင်ငံများတွင် အသုံးပြုပါက  နိုင်ငံနှင့်လူမျိုးအတွက် အန္တရာယ်ရှိနေသည်။

         ဘယ်ကျမ်းစာမှမှမပါပါ။ ဘယ်သာဓကမှလဲမရှိပါ။

၁၅။    လွှတ်တော်တွင် ညွှန်ပေါင်းအစိုးရဖွဲ့စည်းလာနိုင်ပြီး ဘုံသဘောတူညီချက် အလွယ်တကူမရခြင်း။

         ည့န့်ပေါင်းအစိုးရဖွဲ့စည်းလာနိုင်ပြီဆိုမှတော့ ဘုံသဘောတူညီချက်ရလို့ပေါ့။

၁၆။    ဤပီအာစနစ်သည် ငွေကြေးအင်အားတောင့်တင်းမှ အစိုးရက အပြည့်အ၀ ထောက်ပံ့နိုင်မှ အောင်မြင် အောင် ဆောင်ရွက် နိုင်မည်။

         လူတစ်ယောက်မဲတစ်ပုံးထဲထည့်နိုင်ရင်ရပါပြီ။

၁၇။    အမတ်များသည် ပြည်သူလူထုကို သစ္စာခံရမည်ထက် ပါတီခေါင်းဆောင်များကိုအပေါ်သာ သစ္စာရှိနိုင် ခြင်း။

         ရွေးကောက်ပွဲစနစ်နဲ့ မဆိုင်ဘူးလေ။ အခုပြည်သူကို လှည့်မကြည့်ဘဲ၊ပါတီမျက်နှာပဲကြည့်နေသူတွေ ပါတီခေါင်းဆောင်ရဲ့ မျက်နှာပဲ ကြည့်နေသူတွေ ဘယ်နားမှာပါလိမ့်။

၁၈။    လူထုနှင့် သက်ဆိုင်ရာအမတ်များအကြား ဆက်ဆံရေးနည်းပါးသွားနိုင်ခြင်း။

         လူထုနဲ့အမတ်အပေါ်မှာပဲမူတည်ပါတယ်။

၁၉။    နိုင်ငံရေးတည်ငြိမ်ရန်နှင့်  ခိုင်မာသောအစိုးအရအဖွဲ့ အထူးလိုအပ်နေသော မြန်မာနိုင်ငံအတွက် ပီအာ စနစ်သည်  အံဝင်ဂွင်ကျ မဖြစ်နိုင်ပါ။

         နိုင်ငံရေးတည်ငြိမ်ရန် ဆိုတဲ့စကားနဲ့ ခိုင်မာသော အစိုးရဆိုတဲ့စကားတွေကြားခဲ့ရတာ များတော့ အိပ်မက်ထဲတောင်လိုက်ပြီး ခြောက်လှန့်နေတုန်းရှိသေးတယ်။ Good Governance ထူထောင်နိုင်ရင် နှစ်ခုစလုံးဖြစ်လာမှာပေါ့။ အတင်းမလုပ်ပါနဲ့။

၂၀။    အစိုးရအဖွဲ့ကို ပါတီအများနှင့်ဖွဲ့စည်းထားရသဖြင့် အဖြေတစ်ခု မြန်မြန်မထုတ်နိုင်ပါ။

         အဖြေကမြန်ဖို့ထက် မှန်ဖို့အရေးကြီးပါတယ်။ မှန်ဖို့ဆိုတာ ပြည်သူ့ဆန္ဒအမှန်ကိုထင်ဟပ်နိုင်မှ ဖြစ်မှာပါ။ ပြည်သူ့ဆန္ဒအမှန်ဆိုတာ ကျယ်ပြန့်တဲ့ ကိုယ်စားပြုမှု ရှိရမယ်။

၂၁။    ပီအာစနစ်ကျင့်သုံးသော နိုင်ငံတိုင်းတွင် အစိုးရအဖွဲ့သည် သက်တမ်းပြည့် တာဝန်မထမ်းဆောင်နိုင်ပါ။  အစိုးရအဖွဲ့အပြောင်းအလဲ မကြာခဏဖြစ်ပြီး တည်ငြိမ်သောအုပ်ချုပ်ရေးကို မလုပ်ဆောင်နိုင်ပါ။

         ပြန်လေ့လာကြည့်ပါဦး။ PR တိုင်းက ညွန့်ပေါင်း အစိုးရမဖြစ်ပါဘူး။ ညွန့်ပေါင်းအစိုးရဖြစ်တာ တောင်သက်တမ်းရှည်တဲ့ နိုင်င့တော်တွေအများကြီးရှိပါတယ်။

၂၂။    ပီအာစနစ်တင်သွင်းသည့်ပါတီများသည် တပ်မတော် ၂၅%ကိုပယ်ရှားဖို့လိုကြောင်း ပူးတွဲတင်ပြမှသာ သမိုင်းအမည်းစက်မှ ကင်းလွတ်မည်ဖြစ်သည်။

         PR စနစ်မတင်သွင်းတဲ့ ပါတီတွေကတော့ ၂၅% ကိစ္စမပြောလဲ သမိုင်းအမည်းစက်က လွတ်တယ်ပေါ့။ ဒီလိုလား။

၂၃။    ကြားဖြတ်ရွေးကောက်ပွဲမှ ဖော်ပြခဲ့သော ပြည်သူလူထု၏ မျှော်လင့်ချက်မီးအိမ်ကို ငြိမ်းသတ်မည့် အရာမှာ ပီအာစနစ် ဖြစ်နေသည်။

         မဟုတ်ရပါဘူးဗျာ။ပြည်သူလူထုကပေးလိုက်တဲ့မီးအိမ်ကို ကိုင်ထားတဲ့သူက ငြှိမ်းပြီးနေမှပဲ။ 

၂၄။    ပီအာစနစ်ကျင့်သုံးခြင်းကြောင့် ဖြစ်ပေါ်လာမည့် မတည်မငြိမ်မှုများနှင့် တိုင်းပြည်၏ခံစားရမည့် ဆင်းရဲ သံသရာကို ဖန်တီးသည့်ပူးတွဲတရားခံများအဖြစ် ပြည်သူက သတ်မှတ်လိမ့်မည်။

         မပူပါနဲ့။ သမိုင်းကဆုံးဖြတ်ပါလိမ့်မယ်။

၂၅။    တပ်မတော်သားအမတ်များ မရှိသည့်ကာလရောက်သည့်အခါမှသာ ပီအာစနစ်ကိုကျင့်သုံးသင့်သည်။

         ဒါဆို PR စနစ်မကြိုက်ရင် တပ်မတော်သားတွေလွှတ်တော်ထဲမှာ အမြဲရှိနေအောင်လုပ်ပေါ့။

၂၆။    ပုဂ္ဂိုလ်မင်မှ တရားခင်သည့် မြန်မာ့ဓလေ့စရိုက်အရ ကိုယ်ကြိုက်ရာလူကို မဲပေးခွင့်မရှိသည့် ပီအာစနစ် သည် ပြည်သူတို့ ခံတွင်းတွေ့နိုင်မည် မဟုတ်ပါ။

         နည်းနည်းပိုလေ့လာပါဦး။ PR စနစ်ကိုကိုယ်စားပြုမယ့် သူတွေကိုတင်ပြရပါတယ်။ လူထုကြိုက်မှာကို ရွေးတင်မှ မဲရမှာပေါ့။

၂၇။    FPTP စနစ်သည် ပြည်သူကတိုက်ရိုက်မဲပေးရွေးချယ်လိုက်သည့်  ပြည်သူ့ကိုယ်စားလှယ်စစ်စစ်ဖြစ်ပြီး ပီအာ စနစ်မှ ဖြစ်လာသော အမတ်သည်  ပြည်သူ့ကိုယ်စားလှယ်စစ်စစ်မဟုတ်ပါ။

         ဘာစနစ်နဲ့ဖြစ်ဖြစ် ပြည်သူပေးတဲ့မဲနဲ့ ကိုယ်စားလှယ်ဖြစ်လာကြတာချည်းပါပဲ။ ပြည်သူ့ကိုယ်စားလှယ် စစ်မစစ်ဆိုတာကတော့ ပြည်သူ့အတွက် တကယ်ဆောင်ရွက်ပေးနိုင်သလား၊ လွှတ်တော်ထဲမှာ ငုတ်တုပ်မေ့နေကြသလား ဆိုတာနဲ့ဆုံးဖြတ်ပေါ့။

၂၈။    အင်အားကြီးပါတီကသာ နိုင်ငံကို ဦးဆောင်နိုင်မှာဖြစ်ပြီး ပီအာစနစ်ကြောင့် နိုင်ငံရေးပါတီငယ်များ လွှတ်တော်တွင်းရောက်ရှိလာပြီး  လွှတ်တော်နှင့်အစိုးရလုပ်ဆောင်မှုများ အားနည်းသွားမည်။ လွှတ်တော်ရဲ့ သြဇာ အရမ်းအားနည်းသွားမယ်။

         ဒါကတော့လွန်တာပေါ့။ ဒီအပြောမျိုးတွေကြောက်လို့ PR ကိုလုပ်ရတာ။ ဒို့ကအင်အားကြီးပါတီကွ။ ဒို့ပဲ ဦးဆောင်မယ်၊ ဒို့ကိုမလိုတဲ့ပါတီတွေ ပါတီငယ်တွေမကပ်နဲ့ ဆိုတာ……………..အဲဒါပြောတာပေါ့။ ရွေးကောက်ခံ အာဏာရှင်စနစ် ဆိုတာ အစောကြီးလာတွေ့နေရတယ်။

၂၉။    အင်အားကြီးပါတီရဲ့ ဦးဆောင်မှုကို မလိုလားတဲ့ နိုင်ငံရေးပါတီတွေ၊ အုပ်စုတွေက  ပီအာစနစ်ကို ဖြစ်စေချင်တယ်။ ဒါမှ လွှတ်တော်ထဲမှာ  ပါတီငယ်များ ပေါများလာပြီး ဆရာမွေးတပည့်မွေး လုပ်လို့ ရမယ်။

         အပေါ်ကစာပိုဒ်ပဲပြန်ဖတ်တော့ဗျာ။

၃၀။    ပြည်သူလူထုထောက်ခံမှုကို  ပြည့်ပြည့်၀၀ သို့မဟုတ် လူဝင်သူဝင် မရကြတဲ့ ပါတီတွေက  ပီအာစနစ် ကိုအသုံးပြုပြီး  လွှတ်တော်မှ နေရာရချင်တယ်။

         ပါတီငယ်ပဲဗျာ။ တစ်နေရာ နှစ်နေရာ လောက်တော့ သဒ္ဓါ ဖို့ကောင်းပါတယ်။ ထောက်ခံမဲလက်မှတ် ပြ၀င်မှာပါ။ စိတ်ချပါ။ အစိုးရနေရာ။ သမ္မတနေရာ ရဖို့လုပ်နေတာမဟုတ်ပါဘူး။

၃၁။    ပီအာစနစ်ဟာ NLD  ၂၀၁၅ မှာ တောင်ပြိုကမ်းပြိုအနိုင်ရရှိနိုင်တာကို ဟန့်တားဖို့ တင်လာတဲ့ စနစ်ပါ။

         တောင်ပြိုကမ်းပြိုလောက်ဆို ကိစ္စမရှိဘူးပေါ့ဗျာ................တိုင်းပြည်ပါပြိုသွားရင်…….

၃၂။    လူထုကို ထောက်ခံအောင် စည်းရုံးလှုံဆော်မှု မလုပ်နိုင်ကြတဲ့ ပါတီတွေက တင်လာတဲ့ အဆိုပါ။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မယှဉ်နိုင်ကြတဲ့ ပါတီငယ်တွေက တင်လာတဲ့ အဆိုပါ။

         အဲဒီလိုအမြဲလက်မထောင်နိုင်ပါစေ။ ခြေဖျားထောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အောက်က ကြမ်းပေါက်တော့ကြည့်နော်။

၃၃။    ပီအာစနစ်ကို တင်ပြလာကြတဲ့ ပါတီခေါင်းဆောင်တွေရဲ့ နိုင်ငံရေးရိုးသားမှုဟာ မေးခွန်းထုတ်စရာဖြစ် နေပါတယ်။

         ဘယ်သူတွေရိုးတယ်မရိုးဘူးဆိုတာ အားလုံးသိကုန်ပြီ။

၃၄။    ပီအာစနစ်ကို တင်ပြလာတဲ့ ပါတီခေါင်းဆောင်တွေဟာ တိုင်းပြညကို ချောက်ထဲ ဆွဲချနေတဲ့၊ တွန်းပို့ နေတဲ့ နိုင်ငံရေးသစ္စာဖောက်တွေ၊ သမိုင်းတရားခံဖြစ်မယ်သူတွေပဲ ဖြစ်ပါတယ်။

         သမိုင်းခုံရုံးကျတော့ ဘယ်သူဝက်ခြံထဲမှာလဲဆိုတာတွေ့ကြမှာပါ။

 ၃၅။   တိုင်းရင်းသားပါတီငယ်များအနေဖြင့် လုံလောက်သောမဲမရရှိနိုင်သဖြင့် လွှတ်တော်အတွင်းသို့ မရောက်ရှိနိုင်ခြင်း။

         လုံလောက်တဲ့မဲရရင်တော့မကန့်ကွက်ပါနဲ့ဗျာ။

၃၆။    ပီအာစနစ်ဟာ ပညာရေးရေချိန်မြင့်မှ သုံးလို့ရတဲ့ စနစ် ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပညာရေးရေချိန်က အလွန်နိမ့်နေပါသေးတယ်။

         မဲပေးတဲ့နေရာမှာ ပိဋိကတ်(၃) ပုံရွတ်ပြရမယ်လို့မပါပါဘူး။

၃၇။    ပီအာစနစ်ဟာ ဒီမိုကရေစီအခြေကျပြီးပြီဆိုမှ အသုံးပြုသင့်တဲ့ စနစ်ပါ။ လက်ရှိမြန်မာ့နိုင်ငံရဲ့ဒီမိုကရေစီ စနစ်ဟာ အခုမှ အစပျိုးခါစမို့ ပီအာစနစ်ကို မသုံးသင့်သေးပါ။

         ဒီမိုကရေစီစနစ်ကိုမရောက်ဘဲ လမ်းချော်မှာစိုးလိုပ PR ကိုသုံးရတာပါ။

၃၈။    သွေးနုသားနု မြန်မာ့ဒီမိုကရေစီစနစ်ကို အပင်ပေါက်စမှာ သင်းသတ်တဲ့စနစ်မို့ မသုံးသင့်ပါ။

         လွှတ်တော်ထဲမှာ သွေးနုသားနုဒီမိုကရေစီကို အာဏာငမ်းဖမ်းနေတဲ့တစ်ကိုယ်တော်ပါတီကြီးနဲ့ လွှတ်ထားရင်တော့ ဆွဲမယ့်လွှဲမယ့်သူမရှိဘဲ သွေးတက်ပြီးသေမှာ သေချာတာပေါ့။

 

 

 

#to be happy#

$$ kotoetoe $$