Sunday, June 8, 2014

PR Q&A ပီအာကိစ္စ သောင်းပြောင်းအမေးအဖြေ မိုးကုတ်ကိုတိုး

PR Q&A ပီအာကိစ္စ သောင်းပြောင်းအမေးအဖြေ

မိုးကုတ်ကိုတိုး

ပီအာနဲ့ပတ်သတ်ပြီး ဝေဖန်ချက်များကို (ဂျာနယ်၊ အင်တာနက်၊ လေထန်ကုန်းတွေကနေ) စုစည်းလိုက်တာ စုစုပေါင်း (၃၈) ချက်ရပါတယ်။ တချို့အကြောင်းအရာတွေလဲ ဆင်တူလေး တွေ ထပ်နေပါတယ်။  ပီအာစနစ်ကို မြန်မာနိုင်ငံမှာ မကျင့်သုံးသင့်ကြောင်း အများစုက ပြောဆို ဆွေးနွေး ရေးသားနေသလို တစ်ဖက်မှာလည်း ပီအာဟာ မြန်မာနိုင်ငံမှာ ကျင့်သုံးသင့်တယ်၊ လက်ရှိအခြေခံဥပဒေတွေနဲ့ ကျင့်သုံးလို့ ရတယ်ဆိုပြီ ထုတ်ဖော်ပြောဆိုတဲ့ ပါတီတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အချိုးကျ ကိုယ်စားပြုမဲပေးစနစ် သို့မဟုတ်  ပီအာစနစ်ကို စတင်တင်သွင်းသူ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းကို ဒီမေးခွန်း(၃၈) ချက်ကို ဖြေပေးပါဆိုပြီး တောင်းဆိုဖြစ်ပါတယ်။ 

 

၁။      ပီအာစနစ်ကိုကျင့်သုံးရင် အစွန်းရောက်ပါတီတွေ ၊ အစွန်းရောက်ဝါဒီများ၊ အရေချုံဒီမိုကရေစီများ၊ ခေတ်နောက်ပြန်ဆွဲလိုသူများ လွှတ်တော်ထဲရောက်လာနိုင်တယ်။

         ဥပမာ  ဂျာမဏီမှာ ဟစ်တလာအာဏာရလာတာက ပီအာစနစ်ကြောင့်။

ဖြေ။    ပြည်သူတွေမထောက်ခံရင်တော့ ဘယ်ရောက်လာနိုင်မှာလဲဗျာ။ မဲပေးတဲ့ပြည်သူတွေက ခွဲခြားဆုံး
ဖြတ်နိုင်တဲ့ အရည်ချင်းမရှိလို့ကတော့ ဘာစနစ်နဲ့ဖြစ်ဖြစ် လူကြိုက်များတဲ့ ခေါင်းဆောင်အရိပ်ကို
ခိုပြီးတော့ဝင်ရင် ဖြစ်မှာပဲ။ အစွန်းရောက်ပါတီဟူသည် လူအများထောက်ခံမှုမရနိုင်။ PR တွင်အနိမ့်ဆုံး
မဲရာနှုန်းသက်မှတ်ချက် (ဥပမာ- ၅% ၁၀% စသည်) မရလို့ရှိရင် အရွေးမခံရနိုင်ပါ။ ဂျာမဏီဟစ်တလာ
အာဏာရတာ PR ကြောင့်ဟု ပြောသူသည် သမိုင်းဆိုတာဘာမျှနားမလည်၍ပြောခြင်းသာ ဖြစ်ပါ  
လိမ့်မည်။ ဟစ်တလာအာဏာရလာတာဟာ ပီအာကြောင့်ဟုတ်မဟုတ် ဂျာမဏီသမိုင်းကို ပြန်လေ့လာ   ကြည့်ပါ။

 

၂။      လွှတ်တော်ထဲကို ပါတီတွေအများကြီးရောက်လာရင် တစ်ညီတစ်ညွှတ်တည်းအမြင်ကို မရနိုင်တော့ပါ။ ထိုအခါ         အနည်းစုပါတီတွေရဲ့ အနေအထားက ဦးစားပေးအဆင့် ဖြစ်လာမယ်။ အာဏာရရေးအတွက်  သူတို့၏ထောက်ခံမှုက ပါတီကြီးများအတွက် လိုအပ်နေမည်။

ဖြေ။    တညီတညွတ်တည်းအမြင်ကို အာရုံကျနေသေးလျှင် ထိုသူသည် တစ်ပါတီစနစ်ကို ကိုးကွယ်နေသူသာ ဖြစ်ပေလိမ့်မည်။ ဒီမိုကရေစီ၏လက္ခဏာတွင် အမြင်မတူ ကွဲပြားမှုကို လက်ခံရုံမက ဖိတ်ခေါ် မှုပင် ပြုရပါသည်။ ပါတီကြီးတွေက အနည်းစုပါတီထောက်ခံမှုကို လိုနေသည်ဆိုလျှင် ၎င်းတို့ ကိုယ်တိုင် အခြေမခိုင်မှု၊ လူထုထောက်ခံမှုအပြည့်အ၀မရဘဲ မိမိကိုယ်ကိုယ်ပါတီကြီးဟု အထင်ရောက် နေခြင်းသာ ဖြစ်ပါသည်။

 

၃။      လက်ရှိအခြေခံဥပဒေသည် ပီအာစနစ်နှင့် ကိုက်ညီမှုမရှိ။

ဖြေ။    လက်ရှိအခြေခံဥပဒေသည် PR နှင့် မကိုက်ညီ၍လက်မခံဆိုလျှင် လက်ရှိအခြေခံဥပဒေကို အထိမခံနိုင် သိပ်အထင်ကြီးနေ၍ ဖြစ်ပါလိမ့်မည်။

 

၎။      မဲပေးသည့်အတွေ့အကြုံနည်းသေးသည့် လူထုအတွက် မဲပေးမှုရှုတ်အထွေးများ ဖြစ်စေနိုင်။ ပြည်သူက ယခုစနစ်မှာတောင် မဲမပေးတတ်သေး။ ပြည်သူစာတတ်မြောက်မှုရေချိန် နိမ့်သေးသည်။

ဖြေ။    လွန်ခဲ့သည့်ကာလရွေးကောက်ပွဲများ၊ တစ်ခုနှင့်တစ်ခု မတူကြပါ။ လူထုကကြိုက်သလို မဲပေးခိုင်း၊ မဲပေး တတ်ကြပါတယ်။ ကိုယ့်လူမျိုးကို လူအတွေဟု မစော်ကာသင့်ပါ။ မြန်မာတွေမည်မျှထိုးထွင်းဥာဏ်၊ဖြတ် ထိုးဥာဏ်ရှိသည်ကို ကမ္ဘာကပင်သဘောပေါက်ပါသည်။

 

၅။      ရခိုင်မှာ ပီအာစနစ်ကို မကျင့်သုံးသင့်။ အစွန်းရောက်ပါတီများပေါ်လာနိုင်၊ နေရာရသွားနိုင်။

ဖြေ။    အစွန်းရောက်ပါတီများပေါ်ပေါက်မှု မပေါ်ပေါက်အောင်တားဆီးမှုမှာ ရခိုင်ပြည်သူများ နှင့်တရားဥပဒေ စိုးမိုးမှုပေါ်မှာတည်ပါသည်။ အစွန်းရောက်ဟုယူဆသူအချို့ လက်ရှိလွှတ်တော်ထဲ ဘယ်လို ရောက်လာ ပါသလဲ။ PR ကခေါ်လာတာလား။ ဘယ်သူတွေက ခေါ်လာတာလဲ။

 

၆။      ပီအာစနစ်သည် မဲပေးရာတွင်၎င်း၊ မဲရေတွက်ရာတွင်၎င်း အလွန်ရှုတ်ထွေးမှု ရှိနေသည်။

ဖြေ။    အလွန်ရှုပ်ထွေးသည်ဟုဆိုခြင်းမှာ ကိုယ်တိုင်ညံ့လွန်း၍ သော်လည်းကောင်း၊ မလေ့လာဘဲ ပြော၍ သော်လည်းကောင်း ဖြစ်နိုင်ပါသည်။

 

၇။      မဲပေးသည့်စနစ်သည် ပြည်သူလူထု၏ဆန္ဒကို အမှန်တကယ်ဖော်ဆောင်ခြင်း ရှိမရှိ လေ့လာဖို့လိုသည်။

ဖြေ။    လေ့လာပါ။

 

၈။      ရင့်ကျက်သည့်ဒီမိုကရေစီနိုင်ငံများတွင်သာ ကျင့်သုံးနိုင်၊ မြန်မာနိုင်ငံလို မြေစမ်းခရမ်းပျိုး နိုင်ငံတွင် မသုံးသင့်သေး။

ဖြေ။ အိမ်နီးချင်းနိုင်ငံများတွင် သီရိလင်္ကာ၊ နီပေါ၊ အိန္ဒိယ(တစ်စိတ်တစ်ပိုင်း) ကမ္ဘောဒီးယား၊ အင်ဒိုနီး ရှား၊ထိုင်း…ဘာပြောမလဲ။ အဲဒီနိုင်ငံတွေလောက်မှ မြန်မာနိုင်ငံကမရင့်ကျက်ဘူးလား။ လစ်ဗျား မနေ့တစ်နေ့ကမှ အာဏာရှင်ဥခွံကရုန်းထွက်ခဲ့တာကလည်း ရွေးကောက်ပွဲကိုတော့ PR ပါပဲ။

 

၉။      နေရာတိုင်းမှာ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ ပါတီကြီးတွေကိုသာ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်။ ပါတီ ငယ်များ နှင့် တသီးပုဂ္ဂလိကများအတွက်  နေရာမရှိဖြစ်နိုင်သည်။

ဖြေ။    နေရာတိုင်းဝင်ပြိုင်နိုင်တဲ့ လူထုထောက်ခံမှုအများကြီးရရှိတဲ့ ပါတီကြီးတွေကို မနာလိုဖြစ်မနေပါဘူး။ ရသင့်လို့ရတာရပါစေ။ လူနည်းစုကိုယ်စားပြုတဲ့ လူနည်းစုကသာထောက်ခံတဲ့ ပါတီငယ်များကိုလည်း ကိုယ်စားပြုခွင့်တော့ ပေးပါ။ အဲဒီလောက်လေးမှ အပြန်အလှန်သဘောထားမကြီးနိုင်ကြဘူးလား။

 

၁၀။    ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ခွဲခြားပြီး အချိုးအစားသတ်မှတ်ပေးထားခြင်းသည်  ကိုယ်စားပြုမှု ဖော်ပြထား၊  ပြင်ချင်ရင် အခြေခံဥပဒေကိုပါ ပြင်ဖို့လို၊ လူထုဆန္ဒကိုပါ ခံယူသင့်။

ဖြေ။    FPTP နဲ့ ကျင်းပရမယ်ဆိုတာ အခြေခံဥပဒေကသတ်မှတ်မထားပ့ါ။ FPTP စနစ်အတွက် လူထုဆန္ဒ ခံယူမှုလည်း သမိုင်းမှာမရှိခဲ့ပါ။ PR ကျမှ ဘယ်နှယ့်ကြောင့်………..

 

၁၁။    လတ်တလောပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းရှာတာလား။ နောင်ရေရှည်မှာ ဒီစနစ်က တိုင်းပြည်ကို ကောင်းကျိုးပြုမှာလား။

ဖြေ။    ကောင်းကျိုးပြုမှာ သေချာတာပေါ့။ လူတိုင်းလောက်နီးနီး ကိုယ်စားပြုခွင့်ရမယ်။ သူတို့ဆန္ဒကို ပြောပေးလုပ်ပေးမယ့်သူရှိမယ်။ ရွေးကောက်ခံ/မခံ အာဏာရှင်စနစ်ကို ကာကွယ်တားဆီး ပေးနိုင်မယ်။ နောက်လည်းရှိသေးတယ်…….

 

၁၂။    တိုင်းရင်းသား ၁၃၅ မျိုးစလုံးက ငါတို့ကိုယ်စားပြုဖို့ ပါတီအသီးသီး ထောင်လာမယ်ဆိုရင် နိုင်ငံစည်းလုံး ညီညွတ်မှု  ပျက်သွားနိုင်ချေရှိသည်။။

ဖြေ။    အခုလည်း ထောင်ခွင့်ရှိပါတယ်။ ထောက်ခံတဲ့လူရှိရင်ထောင်ပေါ့။ ထောင်လည်းမထောင်ကြပါဘူး။ ပျက်လည်းမပျက်ပါဘူး။ တိုင်းရင်းသား ၁၃၅ မျိုးလောက်က အဲဒီပုဂ္ဂိုလ်လောက်မမိုက်ပါဘူး။

 

၁၃။    အဓိကအကျဆုံးမှာ ပီအာစနစ်ကျင့်သုံးလျှင်  အများစုနိုင်ပါတီအနေဖြင့် အမတ်၇၅% မရနိုင်သဖြင့် အခြေခံဥပဒေပြင်ဆင်ရေး ခက်ခဲသွားနိုင်ခြင်း ဖြစ်သည်။

ဖြေ။    ယူဗျာ……၇၅% ။ ကဲပြင်လို့ရရောလား……။

 

၁၄။    ပီအာစနစ်သည် လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများတွင် အသုံးပြုနိုင်ပြီး ဒီမိုကရေစီအစပျိုးနိုင်ငံများတွင် အသုံးပြုပါက  နိုင်ငံနှင့်လူမျိုးအတွက် အန္တရာယ်ရှိနေသည်။

         ဘယ်ကျမ်းစာမှမှမပါပါ။ ဘယ်သာဓကမှလဲမရှိပါ။

၁၅။    လွှတ်တော်တွင် ညွှန်ပေါင်းအစိုးရဖွဲ့စည်းလာနိုင်ပြီး ဘုံသဘောတူညီချက် အလွယ်တကူမရခြင်း။

         ည့န့်ပေါင်းအစိုးရဖွဲ့စည်းလာနိုင်ပြီဆိုမှတော့ ဘုံသဘောတူညီချက်ရလို့ပေါ့။

၁၆။    ဤပီအာစနစ်သည် ငွေကြေးအင်အားတောင့်တင်းမှ အစိုးရက အပြည့်အ၀ ထောက်ပံ့နိုင်မှ အောင်မြင် အောင် ဆောင်ရွက် နိုင်မည်။

         လူတစ်ယောက်မဲတစ်ပုံးထဲထည့်နိုင်ရင်ရပါပြီ။

၁၇။    အမတ်များသည် ပြည်သူလူထုကို သစ္စာခံရမည်ထက် ပါတီခေါင်းဆောင်များကိုအပေါ်သာ သစ္စာရှိနိုင် ခြင်း။

         ရွေးကောက်ပွဲစနစ်နဲ့ မဆိုင်ဘူးလေ။ အခုပြည်သူကို လှည့်မကြည့်ဘဲ၊ပါတီမျက်နှာပဲကြည့်နေသူတွေ ပါတီခေါင်းဆောင်ရဲ့ မျက်နှာပဲ ကြည့်နေသူတွေ ဘယ်နားမှာပါလိမ့်။

၁၈။    လူထုနှင့် သက်ဆိုင်ရာအမတ်များအကြား ဆက်ဆံရေးနည်းပါးသွားနိုင်ခြင်း။

         လူထုနဲ့အမတ်အပေါ်မှာပဲမူတည်ပါတယ်။

၁၉။    နိုင်ငံရေးတည်ငြိမ်ရန်နှင့်  ခိုင်မာသောအစိုးအရအဖွဲ့ အထူးလိုအပ်နေသော မြန်မာနိုင်ငံအတွက် ပီအာ စနစ်သည်  အံဝင်ဂွင်ကျ မဖြစ်နိုင်ပါ။

         နိုင်ငံရေးတည်ငြိမ်ရန် ဆိုတဲ့စကားနဲ့ ခိုင်မာသော အစိုးရဆိုတဲ့စကားတွေကြားခဲ့ရတာ များတော့ အိပ်မက်ထဲတောင်လိုက်ပြီး ခြောက်လှန့်နေတုန်းရှိသေးတယ်။ Good Governance ထူထောင်နိုင်ရင် နှစ်ခုစလုံးဖြစ်လာမှာပေါ့။ အတင်းမလုပ်ပါနဲ့။

၂၀။    အစိုးရအဖွဲ့ကို ပါတီအများနှင့်ဖွဲ့စည်းထားရသဖြင့် အဖြေတစ်ခု မြန်မြန်မထုတ်နိုင်ပါ။

         အဖြေကမြန်ဖို့ထက် မှန်ဖို့အရေးကြီးပါတယ်။ မှန်ဖို့ဆိုတာ ပြည်သူ့ဆန္ဒအမှန်ကိုထင်ဟပ်နိုင်မှ ဖြစ်မှာပါ။ ပြည်သူ့ဆန္ဒအမှန်ဆိုတာ ကျယ်ပြန့်တဲ့ ကိုယ်စားပြုမှု ရှိရမယ်။

၂၁။    ပီအာစနစ်ကျင့်သုံးသော နိုင်ငံတိုင်းတွင် အစိုးရအဖွဲ့သည် သက်တမ်းပြည့် တာဝန်မထမ်းဆောင်နိုင်ပါ။  အစိုးရအဖွဲ့အပြောင်းအလဲ မကြာခဏဖြစ်ပြီး တည်ငြိမ်သောအုပ်ချုပ်ရေးကို မလုပ်ဆောင်နိုင်ပါ။

         ပြန်လေ့လာကြည့်ပါဦး။ PR တိုင်းက ညွန့်ပေါင်း အစိုးရမဖြစ်ပါဘူး။ ညွန့်ပေါင်းအစိုးရဖြစ်တာ တောင်သက်တမ်းရှည်တဲ့ နိုင်င့တော်တွေအများကြီးရှိပါတယ်။

၂၂။    ပီအာစနစ်တင်သွင်းသည့်ပါတီများသည် တပ်မတော် ၂၅%ကိုပယ်ရှားဖို့လိုကြောင်း ပူးတွဲတင်ပြမှသာ သမိုင်းအမည်းစက်မှ ကင်းလွတ်မည်ဖြစ်သည်။

         PR စနစ်မတင်သွင်းတဲ့ ပါတီတွေကတော့ ၂၅% ကိစ္စမပြောလဲ သမိုင်းအမည်းစက်က လွတ်တယ်ပေါ့။ ဒီလိုလား။

၂၃။    ကြားဖြတ်ရွေးကောက်ပွဲမှ ဖော်ပြခဲ့သော ပြည်သူလူထု၏ မျှော်လင့်ချက်မီးအိမ်ကို ငြိမ်းသတ်မည့် အရာမှာ ပီအာစနစ် ဖြစ်နေသည်။

         မဟုတ်ရပါဘူးဗျာ။ပြည်သူလူထုကပေးလိုက်တဲ့မီးအိမ်ကို ကိုင်ထားတဲ့သူက ငြှိမ်းပြီးနေမှပဲ။ 

၂၄။    ပီအာစနစ်ကျင့်သုံးခြင်းကြောင့် ဖြစ်ပေါ်လာမည့် မတည်မငြိမ်မှုများနှင့် တိုင်းပြည်၏ခံစားရမည့် ဆင်းရဲ သံသရာကို ဖန်တီးသည့်ပူးတွဲတရားခံများအဖြစ် ပြည်သူက သတ်မှတ်လိမ့်မည်။

         မပူပါနဲ့။ သမိုင်းကဆုံးဖြတ်ပါလိမ့်မယ်။

၂၅။    တပ်မတော်သားအမတ်များ မရှိသည့်ကာလရောက်သည့်အခါမှသာ ပီအာစနစ်ကိုကျင့်သုံးသင့်သည်။

         ဒါဆို PR စနစ်မကြိုက်ရင် တပ်မတော်သားတွေလွှတ်တော်ထဲမှာ အမြဲရှိနေအောင်လုပ်ပေါ့။

၂၆။    ပုဂ္ဂိုလ်မင်မှ တရားခင်သည့် မြန်မာ့ဓလေ့စရိုက်အရ ကိုယ်ကြိုက်ရာလူကို မဲပေးခွင့်မရှိသည့် ပီအာစနစ် သည် ပြည်သူတို့ ခံတွင်းတွေ့နိုင်မည် မဟုတ်ပါ။

         နည်းနည်းပိုလေ့လာပါဦး။ PR စနစ်ကိုကိုယ်စားပြုမယ့် သူတွေကိုတင်ပြရပါတယ်။ လူထုကြိုက်မှာကို ရွေးတင်မှ မဲရမှာပေါ့။

၂၇။    FPTP စနစ်သည် ပြည်သူကတိုက်ရိုက်မဲပေးရွေးချယ်လိုက်သည့်  ပြည်သူ့ကိုယ်စားလှယ်စစ်စစ်ဖြစ်ပြီး ပီအာ စနစ်မှ ဖြစ်လာသော အမတ်သည်  ပြည်သူ့ကိုယ်စားလှယ်စစ်စစ်မဟုတ်ပါ။

         ဘာစနစ်နဲ့ဖြစ်ဖြစ် ပြည်သူပေးတဲ့မဲနဲ့ ကိုယ်စားလှယ်ဖြစ်လာကြတာချည်းပါပဲ။ ပြည်သူ့ကိုယ်စားလှယ် စစ်မစစ်ဆိုတာကတော့ ပြည်သူ့အတွက် တကယ်ဆောင်ရွက်ပေးနိုင်သလား၊ လွှတ်တော်ထဲမှာ ငုတ်တုပ်မေ့နေကြသလား ဆိုတာနဲ့ဆုံးဖြတ်ပေါ့။

၂၈။    အင်အားကြီးပါတီကသာ နိုင်ငံကို ဦးဆောင်နိုင်မှာဖြစ်ပြီး ပီအာစနစ်ကြောင့် နိုင်ငံရေးပါတီငယ်များ လွှတ်တော်တွင်းရောက်ရှိလာပြီး  လွှတ်တော်နှင့်အစိုးရလုပ်ဆောင်မှုများ အားနည်းသွားမည်။ လွှတ်တော်ရဲ့ သြဇာ အရမ်းအားနည်းသွားမယ်။

         ဒါကတော့လွန်တာပေါ့။ ဒီအပြောမျိုးတွေကြောက်လို့ PR ကိုလုပ်ရတာ။ ဒို့ကအင်အားကြီးပါတီကွ။ ဒို့ပဲ ဦးဆောင်မယ်၊ ဒို့ကိုမလိုတဲ့ပါတီတွေ ပါတီငယ်တွေမကပ်နဲ့ ဆိုတာ……………..အဲဒါပြောတာပေါ့။ ရွေးကောက်ခံ အာဏာရှင်စနစ် ဆိုတာ အစောကြီးလာတွေ့နေရတယ်။

၂၉။    အင်အားကြီးပါတီရဲ့ ဦးဆောင်မှုကို မလိုလားတဲ့ နိုင်ငံရေးပါတီတွေ၊ အုပ်စုတွေက  ပီအာစနစ်ကို ဖြစ်စေချင်တယ်။ ဒါမှ လွှတ်တော်ထဲမှာ  ပါတီငယ်များ ပေါများလာပြီး ဆရာမွေးတပည့်မွေး လုပ်လို့ ရမယ်။

         အပေါ်ကစာပိုဒ်ပဲပြန်ဖတ်တော့ဗျာ။

၃၀။    ပြည်သူလူထုထောက်ခံမှုကို  ပြည့်ပြည့်၀၀ သို့မဟုတ် လူဝင်သူဝင် မရကြတဲ့ ပါတီတွေက  ပီအာစနစ် ကိုအသုံးပြုပြီး  လွှတ်တော်မှ နေရာရချင်တယ်။

         ပါတီငယ်ပဲဗျာ။ တစ်နေရာ နှစ်နေရာ လောက်တော့ သဒ္ဓါ ဖို့ကောင်းပါတယ်။ ထောက်ခံမဲလက်မှတ် ပြ၀င်မှာပါ။ စိတ်ချပါ။ အစိုးရနေရာ။ သမ္မတနေရာ ရဖို့လုပ်နေတာမဟုတ်ပါဘူး။

၃၁။    ပီအာစနစ်ဟာ NLD  ၂၀၁၅ မှာ တောင်ပြိုကမ်းပြိုအနိုင်ရရှိနိုင်တာကို ဟန့်တားဖို့ တင်လာတဲ့ စနစ်ပါ။

         တောင်ပြိုကမ်းပြိုလောက်ဆို ကိစ္စမရှိဘူးပေါ့ဗျာ................တိုင်းပြည်ပါပြိုသွားရင်…….

၃၂။    လူထုကို ထောက်ခံအောင် စည်းရုံးလှုံဆော်မှု မလုပ်နိုင်ကြတဲ့ ပါတီတွေက တင်လာတဲ့ အဆိုပါ။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မယှဉ်နိုင်ကြတဲ့ ပါတီငယ်တွေက တင်လာတဲ့ အဆိုပါ။

         အဲဒီလိုအမြဲလက်မထောင်နိုင်ပါစေ။ ခြေဖျားထောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အောက်က ကြမ်းပေါက်တော့ကြည့်နော်။

၃၃။    ပီအာစနစ်ကို တင်ပြလာကြတဲ့ ပါတီခေါင်းဆောင်တွေရဲ့ နိုင်ငံရေးရိုးသားမှုဟာ မေးခွန်းထုတ်စရာဖြစ် နေပါတယ်။

         ဘယ်သူတွေရိုးတယ်မရိုးဘူးဆိုတာ အားလုံးသိကုန်ပြီ။

၃၄။    ပီအာစနစ်ကို တင်ပြလာတဲ့ ပါတီခေါင်းဆောင်တွေဟာ တိုင်းပြညကို ချောက်ထဲ ဆွဲချနေတဲ့၊ တွန်းပို့ နေတဲ့ နိုင်ငံရေးသစ္စာဖောက်တွေ၊ သမိုင်းတရားခံဖြစ်မယ်သူတွေပဲ ဖြစ်ပါတယ်။

         သမိုင်းခုံရုံးကျတော့ ဘယ်သူဝက်ခြံထဲမှာလဲဆိုတာတွေ့ကြမှာပါ။

 ၃၅။   တိုင်းရင်းသားပါတီငယ်များအနေဖြင့် လုံလောက်သောမဲမရရှိနိုင်သဖြင့် လွှတ်တော်အတွင်းသို့ မရောက်ရှိနိုင်ခြင်း။

         လုံလောက်တဲ့မဲရရင်တော့မကန့်ကွက်ပါနဲ့ဗျာ။

၃၆။    ပီအာစနစ်ဟာ ပညာရေးရေချိန်မြင့်မှ သုံးလို့ရတဲ့ စနစ် ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပညာရေးရေချိန်က အလွန်နိမ့်နေပါသေးတယ်။

         မဲပေးတဲ့နေရာမှာ ပိဋိကတ်(၃) ပုံရွတ်ပြရမယ်လို့မပါပါဘူး။

၃၇။    ပီအာစနစ်ဟာ ဒီမိုကရေစီအခြေကျပြီးပြီဆိုမှ အသုံးပြုသင့်တဲ့ စနစ်ပါ။ လက်ရှိမြန်မာ့နိုင်ငံရဲ့ဒီမိုကရေစီ စနစ်ဟာ အခုမှ အစပျိုးခါစမို့ ပီအာစနစ်ကို မသုံးသင့်သေးပါ။

         ဒီမိုကရေစီစနစ်ကိုမရောက်ဘဲ လမ်းချော်မှာစိုးလိုပ PR ကိုသုံးရတာပါ။

၃၈။    သွေးနုသားနု မြန်မာ့ဒီမိုကရေစီစနစ်ကို အပင်ပေါက်စမှာ သင်းသတ်တဲ့စနစ်မို့ မသုံးသင့်ပါ။

         လွှတ်တော်ထဲမှာ သွေးနုသားနုဒီမိုကရေစီကို အာဏာငမ်းဖမ်းနေတဲ့တစ်ကိုယ်တော်ပါတီကြီးနဲ့ လွှတ်ထားရင်တော့ ဆွဲမယ့်လွှဲမယ့်သူမရှိဘဲ သွေးတက်ပြီးသေမှာ သေချာတာပေါ့။

 

 

 

#to be happy#

$$ kotoetoe $$

No comments:

Post a Comment