ပြည်သူများ စိတ်ချလုံခြုံစွာ ခရီးသွားလာနိုင်ရေးအတွက်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားကြေညာချက်။
ရက်စွဲ။ ၂၁-၁၀-၂၀၁၆
မြန်မာနိုင်ငံတွင် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းစွာ ခရီးသွားလာနိုင်ရေးသည် ယခုအခါ အထူးဂရုပြုဆောင်ရွက်ရမည့် နိုင်ငံအတွက် အရေးတကြီးကိစ္စတစ်ရပ် ဖြစ်သည်မှာ ထင်ရှားနေပြီဖြစ်သည်။ အကြောင်းမှာ သတင်းများအရ ကုန်လမ်း၊ရေလမ်းနှင့်လေကြောင်းလမ်းများတွင် လုံခြုံစိတ်ချရမှု ကင်းမဲ့လာသည် ကို တစ်နေ့တစ်ခြားတွေ့မြင်လာရခြင်းကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် (၁၅-၁၀-၂၀၁၆) ရက်နေ့၊ (၀၅း၀၀) နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ နယ်၊ မိချောင်းတွင်းကျေးရွာအနီး၌ ချင်းတွင်းမြစ်ကြောင်းအတွင်း ဟုမ္မလင်းမှ မုံရွာမြို့သို့ ခုတ်မောင်းလာသော အောင်စိုးမိုးကျော် အမြန်ရေယာဉ် (၂) တိမ်းမှောက်နစ်မြုပ်ခဲ့မှုကြောင့် ခရီးသည်(၁၇၅)ဦး ကို ကယ်တင်နိုင်ပြီး လူတစ်ရာကျော် ပျောက်ဆုံးနေကြောင်း သတင်းများ ရရှိပါသည်။ ယနေ့ (၂၁-၁၀-၂၀၁၆) နေ့အထိ သေဆုံးသူ (၇၃)ဦး၏ ရုပ်အလောင်းများကို ဆယ်ယူရရှိပြီးဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းကျောင်းဆရာ၊ ဆရာမများနှင့် တက္ကသိုလ် စာမေးပွဲဖြေရန်သွားရောက်ကြသည့်ကျောင်းသားများနှင့် ခရီးသွားပြည်သူများဆုံးပါးရခြင်းကို ၀မ်းနည်းဖွယ်ရာ တွေ့ရပါသည်။ ထိုကြောင့် အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီ အနေဖြင့် ကွယ်လွန်သူများ၏ မိသားစု များ နှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။ယင်းဖြစ်စဉ်တွင် ပုံမှန်တင်ဆောင်ရမည့် ခရီးသည်ဦးရေ ထက် ပို၍ အဆမတန်တင်ဆောင်ခြင်း၊ ခရီးသည်များအန္တရာယ်ကျရောက်မည်ကို ဂရုမထားဘဲ ညအချိန်စုံဆင်းခဲ့ခြင်း စသည်တို့သည် ရေကြောင်းသွားယာဉ်များ လိုက်နာရမည့် စည်းမျဉ်းများကို ကျော်လွန်လုပ်ဆောင်ခဲ့ခြင်းများ ရှိနေသည်ဟု ယူဆရပါသည်။
ချင်းတွင်းမြစ်ကြောင်းအတွင်း မကြာခဏ ရေယာဉ်တိမ်းမှောက်၍ခရီးသည်များ သေဆုံးရမှုများ ကြုံတွေ့ နေရသဖြင့် ဒေသအတွင်းခရီးသွားလာနေရသည့်ပြည်သူလူထု ဘေးအန္တရာယ်ကင်းစင်ရေးနှင့် လုံခြုံစိတ်ချစွာ သွား လာနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လိုအပ်သည့် ရေကြောင်းသွားလာရေးဆိုင်ရာ စည်း မျဉ်းစည်းကမ်းများကို ပြဋ္ဌာန်း၍ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးရန်နှင့် ချိုးဖောက်မှုများကို အရေးယူဆောင် ရွက်ရန် လိုအပ်နေပါသည်။
ထိုနည်းတူ အများပြည်သူခရီးသွားလာရာတွင် လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက်၊ ကုန်းလမ်း၊ ရေ လမ်းနှင့် လေကြောင်းခရီးစဉ်များတွင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြည်သူများ သိရှိလိုက်နာရေး အတွက် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ပေးရန်နှင့် ဥပဒေနှင့်ညီညွတ်မှုမရှိသည့်ဖြစ်စဉ်များ ပေါ်ပေါက်လာပါ၍က အလေးထား၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးရန် လိုအပ်နေကြောင်း တွေ့ရှိရပါသည်။ ထိုဖြစ်ရပ်များကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ပေးနိုင်ပါရန် အမျိုးသားဒီမိုကရေစီအင် အားစု NDFပါတီ အနေဖြင့် နိုင်ငံတော်အစိုးရအား အထူးတိုက်တွန်း တောင်းဆိုကြောင်း သဘောထားထုတ် ပြန်အပ် ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ