Wednesday, October 9, 2013

NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင်အင်တာဗျုး

NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေနှင့် တွေ့ဆုံခြင်း

(နော်ကိုကို )

အခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ပြန်ရေးဆွဲရေးနှင့် ပတ်သက်၍ နိုင်ငံရေး အင်အားစုများ၊ နိုင်ငံရေးပါတီများ အကြား မတူညီသည့် အယူအဆများ ဖြစ်ပေါ်နေသည်။ အသစ်ရေးဆွဲရေးမှာ အန္တရာယ်များပြီး လက်တွေ့မကျ၊ ပြန်လည်ပြင်ဆင်ရေးသာ လက်တွေ့ကျသည် ဆိုသော အယူအဆများလည်း ဖြစ်ပေါ်နေရာ ယင်းမူဝါဒ သဘောထားများအပေါ် ၂၀၁၀ ရွေးကောက်ပွဲတွင် လူထုယုံကြည်မှု များစွာ ရရှိထားသည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) က မည်သို့မြင်သည် ဆိုသည်ကို သိရှိနိုင်စေရန် ယင်းပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေနှင့် The Voice တို့ တွေ့ဆုံမေးမြန်းထား သည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice ။ ။ NDF ပါတီက ၂၀၀၈ အခြေခံဥပဒေအောက်မှာ ရွေးကောက်ပွဲ ဝင်ခဲ့တာ ဆိုတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပါတီဥက္ကဋ္ဌတစ်ယောက် အနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ။

UKMS ။ ။ ထောင်ကလွတ်လာတော့ နိုင်ငံရေး မလုပ်တော့ဘူး၊ ပါတီ မထောင်တော့ဘူးလို့ ဆုံးဖြတ်ထားတာပဲ။ ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြန်သုံးသပ်ကြည့် တဲ့အခါ ဒီမိုကရက်တစ် အခွင့်အရေးတွေနဲ့ မပြည့်စုံဘူး။ တိုင်းရင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ရင်လည်း ဖွဲ့စည်းပုံက ပြည်ထောင်စု ပုံသဏ္ဌာန် မကျရောက်တဲ့ အတွက် ၂၀၀၈ အခြေခံဥပဒေကို မကြိုက်လို့ နိုင်ငံရေး နယ်ပယ်ထဲ ပြန်ရောက်ခဲ့တာ။ ပုံစံအားဖြင့် ဖက်ဒရယ်ပုံစံကို ယူထားတာ တွေပါပေမယ့် အနှစ်သာရကို ကြည့်တဲ့အခါ လိုတာတွေ ရှိနေတယ်။ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေကျင့်သုံးမှု၊ အုပ်ချုပ်မှုအပိုင်းမှာ ဆောင်ရွက်နိုင်မှု၊ ပြည်နယ် တိုင်းလွှတ်တော် တွေမှာ ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေဟာ အားနည်းတာ တွေ့ရတယ်။ ပြည်ထောင်စု စနစ်ဆိုတာ ဗဟိုနဲ့ ပြည်နယ်တိုင်း တွေအကြား သီးခြားအုပ်ချုပ်တဲ့ စနစ်ကို ထူထောင်တာ။ ဗဟိုပဲ ပြန်မျှော်ကြည့်နေရ ပြီး ဗဟိုက ပေးသလောက် စားရမယ် ဆိုတာမျိုး မဖြစ်သင့်ဘူး။ မြင်သာအောင် ပြောရရင် အခြေခံဥပဒေမှာ အခွန်ကောက်ခံခွင့်၊ ဥပဒေ ပြုခွင့်တွေ မမျှတဘူး။ အဲ့ဒါတွေကိုပြင်မှ ပြည်ထောင်စုပုံသဏ္ဌာန် ပေါ်လာမယ်။

Voice ။ ။ NDF ပါတီက အခြေခံ ဥပဒေပြင်ဆင်ရေး မူကြမ်းကို ဒီနှစ် အစောပိုင်းမှာပဲ ထုတ်ပြန်ထားတာ ရှိတယ်ဆိုတော့ လက်ရှိ အခြေခံဥပဒေ ပြောင်းလဲရေးကို ဘယ်ပုံစံနဲ့ ဘယ်လိုဆောင်ရွက်နေလဲ ဆိုတာ ပြောပေးပါ။

UKMS ။ ။ အခြေခံဥပဒေ ပြင်ဆင်ချက် မူကြမ်း ထုတ်ပြန်ထားတဲ့ အထဲမှာ အဓိကကျတဲ့ အချက်အလက်တွေ တော်တော် များများ ပါပြီးပါပြီ။ ဥပမာ - တပ်မတော် ပါဝင်ခွင့်ဟာ ပြည်သူ့ဆန္ဒနဲ့ အညီ ပါဝင် ထမ်းဆောင်ရမယ်ဆိုတာ ပြင်ထားပါတယ်။ တပ်မတော်က Our Right တစ်ခါတည်း ပိုင်ခွင့်ကြီးတစ်ခု အနေနဲ့ အမျိုးသား နိုင်ငံရေးမှာ ပါရမယ့်အစား ပြည်သူ့ဆန္ဒနဲ့ အညီ ပါဝင်နိုင်မယ်။ ကာလတစ်ခုပြီးရင် တပ်မတော်က တဖြည်းဖြည်း နောက်ဆုတ်သွားပြီး တိုင်းပြည်လုံခြုံရေးကို ကာကွယ်တဲ့ တာဝန်သာ ပြန်ယူရင် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာမို့ တပ်မတော်အခန်း ကဏ္ဍကို အဲ့ဒီလို ပြင်ထားပါတယ်။ နောက် ပြည်နယ်တိုင်းတွေမှာ လွှတ်တော်က တင်ပြထားတဲ့ ကိုယ်စားလှယ်တစ်ဦးကို သာလျှင် ဝန်ကြီးချုပ်အဖြစ် ခန့်ထားရ မယ်ဆိုတာမျိုး ပြင်ဆင် ရေးဆွဲထားတာ ရှိပါတယ်။ မိမိအချုပ်အခြာ အာဏာပိုင် မြေမှာ မိမိရှိနေတဲ့ ပြည်သူများက လိုလားတဲ့ ပုဂ္ဂိုလ်သာလျှင် အုပ်ချုပ်မှုအာဏာရဲ့ အကြီး အကဲနေရာကို ယူရမယ်ဆိုတဲ့ သဘောကို ဆောင်ပါတယ်။ နောက်ပြီးတော့ နာမည်ကြီး နေတဲ့ ၅၉ (စ) ပေါ့။ ဒီပုဒ်မကို အမျိုးသား အကျိုးစီးပွားနဲ့ အမျိုးသားလုံခြုံရေး မထိခိုက်စေတဲ့ ရှုထောင့်ကနေ တင်ပြထားတာ ရှိပါတယ်။ နိုင်ငံတော်သမ္မတ ဖြစ်မယ့်သူဟာ တိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားဆင်း သက်ရမယ်ဆိုတာတော့ အငြင်းပွားဖွယ်မရှိ ပါဘူး။ ဒါပေမဲ့ နိုင်ငံတော်သမ္မတ တာဝန်ကို ယူမယ့်ပုဂ္ဂိုလ်ဟာ တာဝန်ယူတဲ့ အချိန်အခါ မှာ သူ့ရဲ့ဇနီးခင်ပွန်းဟာ နိုင်ငံသားအဖြစ်ကို ရောက်ရှိနေရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ထည့်ထားတာရှိပါတယ်။

Voice ။ ။ ဒါဆို ပါတီက ချမှတ်ထားတဲ့ မူကြမ်းတွေကို အခြေခံဥပဒေ ပြင်တဲ့အခါ ပါဝင်အောင် ဘယ်လို ဆောင်ရွက်သွားမှာပါလဲ သိပါရစေ။

UKMS ။ ။ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်က သဘောထားတွေ ထွက်လာရင် ကော်မရှင်ကို ရောက်အောင် ပို့မယ်။ ပြီးရင် အဲဒီကော်မရှင်မှာ ပါတဲ့ ကျွန်တော်တို့ပါတီရဲ့ ဒုဥက္ကဋ္ဌပေါ့။ သူကနေ တစ်ဆင့်လည်း တင်ခွင့်ရရင် တင်သွားဖို့ အဲ့ဒီလိုနှစ်နည်း စဉ်းစားထားတာရှိပါတယ်။ အခြေခံဥပဒေက တစ်ခါတည်း ပြင်လို့တော့ မရဘူး။ တစ်ဖက်မှာ ငြိမ်းချမ်းရေး ကိစ္စလည်း ပါနေတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်ရင် အောင်မြင်သလောက် အခြေခံ ဥပဒေပြင်ရေး ဟာလည်း ရှေ့တိုးသွားမှာပဲ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ဘဲ၊ တိုင်းရင်းသားလူမျိုးစု များရဲ့ လိုလားချက် မပါဘဲ အခြေခံဥပဒေကို ပြင်ရင် အခြေခံ ဥပဒေကြီးဟာ စာရွက်ပဲရှိပြီး အသက်ဝင်မှာ မဟုတ်ဘူး။

Voice ။ ။ ဒါဆို NDF ပါတီအနေနဲ့ ခုပြောနေကြတဲ့ အခြေခံဥပဒေပြင်ရေး၊ အသစ်ပြန်ဆွဲရေးမှာ ပြင်ရေးဘက်ကို ရပ်တည်ထားတယ်လို့ အခိုင်အမာ ဆိုနိုင်တာပေါ့။

UKMS ။ ။ ဟုတ်ပါတယ်။ ကျွန်တော် တို့ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများက ပြင်ရေးပါပဲ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် ပါတီများကတော့ ဖျက်ပြီး အသစ်ပြန် ရေးဆွဲရေးပေါ့။ ပြင်တဲ့လမ်းကို ဘာလို့ရွေးရလဲ ဆိုတော့ နိုင်ငံရေးတည်ငြိမ်မှု ရှိဖို့လိုတယ်။ လွှတ်တော်နိုင်ငံရေး အဓွန့်ရှည်ဖို့လည်း လိုပါတယ်။ ဒီကြားထဲမှာ ထပ်ပြီး အနှောင့်အသွား မလွတ်တာမျိုးတွေ ဖြစ်မလာအောင် လမ်းကြောင်း သာအောင်ပေါ့။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအထိ ရောက်သွားနိုင်အောင် ရှိပြီးသား အခြေခံဥပဒေမှာ မလိုအပ် တာတွေဖြုတ်၊ လိုတာတွေဖြည့်၊ ပြင်စရာရှိတာတွေ ပြင်သွားမယ်ဆိုရင် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်နဲ့ တပ်မတော် က ပါဝင်ပတ်သက်တဲ့ အပိုင်းတွေပါ ပြင်ဆင်သွားနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်။ လက်ရှိအနေအထားကို မပျက်စေချင်ဘူး။

Voice ။ ။ လက်ရှိအခြေခံဥပဒေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု အပိုင်းကိုရော ဘယ်လိုမြင်ပါသလဲ။

UKMS ။ ။ ငြိမ်းချမ်းရေးဟာ လက်ရှိ သမ္မတသက်တမ်း အတွင်းမှာ အခြေခံတစ်ခု အထိတော့ ရောက်သွားမှာပဲ။ ထာဝရ ငြိမ်းချမ်းရေးရဖို့တော့ ၂၀၁၅ ရဲ့ ဟိုဘက်မှာပဲ ဆက်လုပ်သွားရမှာ။ ဒါကြောင့် အခြေခံ ဥပဒေကို မဖျက်ဘဲနဲ့ ပြင်တယ်ဆိုရင်တော့ ၂၀၁၅ မှာပြီးဖို့ အကြောင်းသိပ်မရှိဘူး။ တချို့အပိုဒ်တွေက လူထုဆန္ဒ ခံယူရတာ တွေရှိမယ်။ ပြင်ရုံသက်သက်နဲ့တင် ၂၀၁၅ မှီလိမ့်မယ်လို့ သိပ်မထင်ဘူး။

Voice ။ ။ ခု အခြေခံဥပဒေပြင်ရေး ဖျက်ရေးကို ပြည်သူလူထု သဘောထား ကောက်ခံ သွားမယ် လို့လည်း ပြောကြတော့ တကယ်သာ ဆောင်ရွက်မယ်ဆို ဘယ်လိုအကျိုး သက်ရောက်မှုတွေ ရှိနိုင်မလဲ ဆရာ။

UKMS ။ ။ ပြည်သူတွေဟာ နိုင်ငံရေးနဲ့ ထိစပ်မှုနည်းခဲ့တယ်။ အာဏာနဲ့ အုပ်ချုပ်မှု အောက်မှာ အကြာကြီး နေခဲ့ရတော့ Political Education ဘက်မှာ အင်မတန် အားနည်းတော့ အခြေခံဥပဒေ ဘာကြောင့် ပြင်သင့်တယ်၊ ဘာကြောင့် ဖျက်သင့်တယ်ဆိုတာ မပြောနဲ့ သာမန်နိုင်ငံရေး ဖြစ်စဉ်တွေ ကိုတောင် လက်လှမ်းမီဖို့ တော်တော် အားနည်းပါတယ်။ နိုင်ငံရေးခေါင်းဆောင်မှု ဆိုတာ ပြည်သူ့ရှေ့က သွားရမှာ။ ဒီနိုင်ငံမှာ အခက်အခဲ အကျပ်အတည်း တွေကြုံနေတာ မဟုတ်ဘူး။ ပြည်သူတစ်ရပ်လုံး ကလည်း အခြေခံဥပဒေကို ဖျက်ပြီး အသစ်ဆွဲပါလို့ အော်နေတာ မဟုတ်ဘူး။ ပြည်သူက ငြိမ်သက်နေချိန်မှာ နိုင်ငံရေးခေါင်းဆောင်မှုက ရှေ့ကမသွားဘဲ ဒီပြဿနာကြီးကို ပြည်သူ့ထံ တွန်းပို့တယ် ဆိုတာဟာ ပြတ်သားတဲ့ နိုင်ငံရေးခေါင်းဆောင်မှု မယူနိုင်ဘူး ဆိုတဲ့ အဖြေထွက်တယ်။ နိုင်ငံရေးခေါင်းဆောင်မှု ယူထားတဲ့ ပုဂ္ဂိုလ် အစုအဝေးတွေ အားလုံးက တစ်ညီထဲ ဆုံးဖြတ်ပြီး အခြေခံဥပဒေ ပြင်ရေးကို မြန်မြန်ထက်ထက် လုပ်သင့်တယ်။ ဒါမှ ၂၀၁၅ မတိုင်မီ ပြီးမယ်။ မဟုတ်ရင်တော့ ပြီးစရာ အကြောင်းမရှိဘူး။ လက်တွေ့ကျတဲ့ နိုင်ငံရေးကို သွားဖို့ အချိန်တန်နေပါပြီ။ ဒါကြောင့် ခေါင်းဆောင်မှု ပြတ်သားစေချင် ပါတယ်။ ပြည်သူတွေဟာ နိုင်ငံရေး Awareness အများကြီးရှိတယ် ဆိုရင်တော့ ပြောစရာ မလိုဘူးပေါ့။ မဟုတ်ရင်တော့ ဝင်လာမယ့် Interferences တွေရှိတယ်။ မှန်းဆလို့တော့မရဘူး။

Voice ။ ။ အခြေခံဥပဒေကို အသစ် ပြန်ဆွဲကြမယ် ဆိုရင် တပ်နဲ့ ထိပ်တိုက် တွေ့မှာပဲလို့ ဆိုကြတဲ့အပေါ်မှာ ဆရာဦးခင်မောင်ဆွေ ဘယ်လိုမြင်ပါလဲ။

UKMS ။ ။ တပ်နဲ့ ထိပ်တိုက်တွေ့မယ်လို့ ကံသေကံမ ပြောလို့တော့ မရဘူး။ ဒါပေမဲ့ တပ်ဆိုတာက ကတိသစ္စာပြုထားရင် ဖျက်ခဲတယ်။ ၂၀၀၈ အခြေခံဥပဒေကြီးကို ကာကွယ် စောင့်ရှောက်ပါမယ် ဆိုတာကို ဖျက်မယ်ဆိုရင် သူတို့ရဲ့ သဘောတူချက်က အဓိကကျတယ်။ အခြေခံဥပဒေ ပြင်တယ် ဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်သလို လက်ရှိ တိုင်းပြည်သွားနေတဲ့ အနေအထား ကိုလည်း ကြည့်ဖို့လိုတယ်။ နောက်ပြီး ခုကာလက တော်လှန်ရေး ကာလလား၊ နိုင်ငံရေး တည်ဆောက်ရေး ကာလလားဆိုတာ ကွဲပြားဖို့ လိုပါတယ်။ တော်လှန်ရေး ကာလဆိုတဲ့ Mindset နဲ့ဆိုရင်တော့ အခြေခံဥပဒေကို ဖျက်ပြီး အသစ်ရေးဆိုတဲ့ ဘက်ကို ရောက်သွားနိုင်တယ်။ လိုနေတာ တွေကို နုတ်ပယ်၊ ဖြည့်စွက်၊ ပြင်ဆင်မယ် ဆိုရင် ရှိပြီးသား လွှတ်တော်နိုင်ငံရေး ပုံသဏ္ဌာန် ပျက်မသွားနိုင်သလို တိုင်းပြည်ရဲ့ နိုင်ငံရေး အနေအထား ကလည်း ကသောင်းကနင်း ဖြစ်စရာ အကြောင်းမရှိဘူး။ နိုင်ငံတည်ဆောက်ရေး ကိုပဲ သွားချင်တယ် ဆိုရင်တော့ နောက်တစ်ဖန် အာဏာပြန်သိမ်းတယ် ဆိုတာမျိုးလည်း ကြုံတွေ့စရာ အကြောင်းမရှိပါဘူး။

Voice ။ ။ လက်ရှိ အခြေခံဥပဒေသည် ကမ္ဘာမှာ ပြင်ရန်အခက်ဆုံး ဥပဒေလို့ ဆိုထားတော့ ပြင်မယ်ဆိုရင်ရော ဘယ်လောက် အတိုင်းအတာ အထိ ပြင်နိုင်မယ်လို့ မျှော်မှန်းထားပါလဲ။

UKMS ။ ။ သမ္မတအရည်အချင်း သတ်မှတ်ချက်လိုမျိုး မှာဆိုရင် ကျွန်တော်တို့ ကတော့ နှစ်ဖက်မျှပြီး ကြည့်တော့ လက်ခံနိုင်ဖွယ် ရှိပါတယ်။ တချို့ကလည်း မပြင်ပေးနိုင်ဘူး ဆိုတာ ရှိကောင်းရှိမယ်။ အဲ့ဒီမှာတော့ စကားပြောကြရမယ်။ ကာလဒေသနဲ့ ကိုက်ညီတဲ့ ပြောင်းလဲမှုမျိုးကို အားလုံးက သဘောတူညီသွားမှာပါ။ ခက်တာတွေ ညှိလို့မရတာတွေ ရှိကောင်းရှိမယ်။ လက် တွေ့ကျတာ စဉ်းစားပြီး ဖြစ်နိုင်ခြေရှိတာတွေ လက်ငင်း ပြင်သွားတာဟာ နိုင်ငံနဲ့လူမျိုး အကျိုးစီးပွားကို သယ်ဆောင်ရာ ရောက်ပါတယ်။

Voice ။ ။ အခြေခံဥပဒေကို မပြင်နိုင်ရင် ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေး အကျပ်အတည်း တွေ့မယ်လို့ ဆိုတယ်။ ဆိုတော့ အခြေခံဥပဒေ ပြင်ရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အပေါ် ဘယ်လိုသုံးသပ်ပါလဲ။

UKMS ။ ။ ကျွန်တော် သိသလောက်တော့ သဘောထား အယူဆတွေက ပြင်ရေးဘက်မှာ များတယ်။ ရွေးကောက်ပွဲ မတိုင်မီမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်က ရလာတဲ့ ရလဒ်တွေကို လွှတ်တော်မှာ တင်ပြပြီး ၂၀၁၄ မတ်လလောက်မှာ ဖြစ်နိုင်ဖွယ်ရှိတဲ့ ငြိမ်းချမ်းရေး ညီလာခံကြီးကနေ ထွက်လာ တာတွေက အခြေခံဥပဒေ ပြင်ရေးဆီ ရောက်သွားလိမ့်မယ်။ ဒီ Process အတိုင်း သွားရင် ရွေးကောက်ပွဲမတိုင်မီ အခြေခံ ဥပဒေပြင်ရေးဟာ အတော်အတန် ရသွားနိုင်တယ်။ တစ်ခုလုံးကို အပြီးပြင်ဖို့တော့ မဖြစ်နိုင်ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်မယ်။ ဖွဲ့စည်းပုံ အထိုက်အလျောက် ပြင်ပြီး ဖြစ်မယ်။ အခြေခံဥပဒေကြောင့် ၂၀၁၅ ရွေးကောက်ပွဲ အကျပ်အတည်းဖြစ်မယ်လို့ မမြင်ဘူး။

Voice ။ ။ မြန်မာ့နိုင်ငံရေးမှာ ခုချိန်အထိ အစဉ်တစိုက် ရှေ့တန်းနေရာ ယူထားတဲ့ တပ်မတော်ကိုရော ဘာပြောချင် ပါသလဲ။

UKMS ။ ။ ငြိမ်းချမ်းရေး အောင်မြင်သွားရင် နိုင်ငံရေးထဲက တပ်မတော်အနေနဲ့ နောက်ဆုတ်ပေးပါ။ ငြိမ်းချမ်းရေးရပြီ ဆိုရင် တပ်မတော်က ကာကွယ်ရေး ဘက်ကိုပဲ အာရုံစိုက်ဖို့ လိုပြီ။ ၂၅ ရာခိုင်နှုန်း ပါဖို့လည်း မလိုတော့ဘူး။ နောက် ရာခိုင်နှုန်းအလိုက် လျှော့ချသွားတဲ့ အခါမှာလည်း တိုင်းစစ်ဌာနချုပ်တွေမှာ အချင်းချင်း ရွေးကောက် တင်မြှောက်ပြီး တပ်မတော် ကိုယ်စားလှယ် တွေကို လွှတ်တော်ထဲပို့မယ် ဆိုရင် ဒီမိုကရေစီ စံနှုန်းနဲ့လည်း ပိုညီသွားမယ်။

Voice ။ ။ လက်ရှိ အခြေအနေ တွေအပေါ် ခြုံငုံပြီးတော့ ဆရာ့ရဲ့ သုံးသပ်ချက်ကို ပြောပြပေးပါ။

UKMS ။ ။ နိုင်ငံရေးကို စဉ်းစားတဲ့ အခါ စိတ်ကူးယဉ် စဉ်းစားလို့မရဘူး။ စစ်အစိုးရ မလိုချင်ဘူးလို့ အော်ပြီးတော့ ကျွန်တော်တို့ ထောင်ထဲဝင်သွားတယ်။ ထောင်ထဲက ထွက်လာတော့လည်း စစ်အစိုးရက ရှိနေတာပဲ။ စစ်အစိုးရကို လူထုအားနဲ့ တိုက်ချလိုက်ရင် ပြုတ်သွားမယ်လို့ ထင်မှားမိခဲ့တာပေါ့။ ခု စစ်အစိုးရကို ထွက်လမ်းပေးပြီး ရွေးကောက်ပွဲ ဝင်တဲ့အခါ သူဆုတ်သွားတယ်။ အဲ့လိုပဲ ၂၀၁၅ မှာ လည်း ကိုယ်လိုချင်တဲ့ အပိုင်းတွေ ရအောင် ယူထားပြီး မပြီးသေးတာတွေကို ၂၀၁၅ ဟိုဘက်မှာ ဆက်ပြင်လို့ရတယ်။ ၂၀၁၅ကို အသာတကြည် ဖြတ်ပြီး နိုင်ငံတည် ဆောက်ရေးကို ဆက်သွားဖို့ လိုတယ်။ အမျိုးသားညီညွတ်ရေးကို မပျက်အောင် ထိန်းဖို့ လိုတယ်။ ခေတ်တွေက ပြောင်းသွားပြီ။ အချို့ နိုင်ငံရေးသမားအုပ်စု တွေရဲ့ နိုင်ငံရေး အတွေးအခေါ် တွေက ၂၀၁၀ ဟိုဘက်မှာ ကျန်ခဲ့ပြီ။ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ရမယ်ဆိုတဲ့ အယူအမြင် အပေါ်မှာ မရပ်ဘဲ ဖြစ်သင့်တယ် ဖြစ်ထိုက်တယ် ဆိုတဲ့ အမြင်ပေါ်မှာ ရပ်ပြီးသွားတာက ပိုပြီးတော့ တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွားဖြစ်မယ်။ တော်လှန်ရေး စိတ်ထားတွေနဲ့ ဆက်သွားမယ် ဆိုရင် အကျပ်အတည်းထဲကို ပြန်ပြီးတော့ ဆွဲခေါ်ရာရောက်မှာပဲ။
#to be happy#

$$ kotoetoe $$

Wednesday, February 20, 2013

အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းနှင့် အင်တာဗျူးဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မည်သူဦးဆောင်သင့်သနည်း

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မည်သူဦးဆောင်သင့်သနည်း

အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းနှင့် အင်တာဗျူး

ဇေယျာလင်း TRADE TIME ဂျာနယ်၊   ၁၆-၂-၂၀၁၃

 

မေး။    တရားစီရင်ရေးမဏ္ဍိုင်အပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်က ခေတ်အဆက်ဆက်က လွှမ်းမိုးခဲ့ပါတယ်။ အခုထိလည်း လွှမ်းမိုးမှုရှိနေဆဲလို့ ပြောနေကြတဲ့အပေါ် ဆရာ့ရဲ့အမြင်လေး သိပါရစေ။

ဖြေ။       လွန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးလက်ထက်မတိုင်ခင် မဆလအစိုးရလက်ထက်ကတည်းက သိသိသာသာပါပဲ။ အုပ်ချုပ် ရေးမဏ္ဍိုင်တင်မကပါဘူး၊ ပါတီခေတ်ဆိုတော့ ပါတီကလွှမ်းမိုးခဲ့ပါတယ်။ ခေတ်အဆက်ဆက် ပြည်သူလူထုက

လည်း  တောက်လျှောက်ခံစားခဲ့ရပါတယ်။ အဲ့ဒီအကျင့်တွေက ဒီဘက် ဒီမိုကရေစီခေတ်ထိတောင် ရှိသင့်သလောက် ရှိနေ သေးတယ်။ လူကြီးတွေကတော့ ဒီမိုကရေစီအပြောင်းအလဲကာလမှာ တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ အခြားမဏ္ဍိုင်တွေက လွှမ်းမိုးမှု မရှိအောင်နဲ့ တရားစီရင်ရာမှာလည်း မျှမျှတတဖြစ်အောင် သူတို့ဖြစ်စေချင်တယ်။ တကယ့် လက်တွေ့ကျတော့ အောက်ခြေကလူတွေ ပြောင်းလဲမှုမရှိသေးဘူး။ အောက်ခြေကလူတွေ မပြောင်းလဲသေးတော့ အပေါ် ကလူတွေကို အပြစ်ရှိတယ်လို့ မပြောချင်ပါဘူး။

 

မေး။      ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်လို့ ထင်ပါသလဲ။

ဖြေ။       ပြဿနာတွေကို အပေါ်ကတာဝန်ရှိသူတွေကလည်း လျစ်လျူရှုထားလို့ မဖြစ်ပါဘူး။ ပြည်သူထူထုကလည်း အခု ခေတ်ပြောင်းနေပြီ။ တရားစီရင်ရေးမဏ္ဍိုင်က ချွတ်ယွင်းနေတယ်ဆိုရင်လည်း  ပြည်သူလူထုအနေနဲ့  သက်ဆိုင်ရာကို တင်ပြပြီး ပြောဆိုရမယ်။ မီဒီယာတွေအနေနဲ့ လည်း ဒါမျိုးတွေကိုဖော်ထုတ်ပြီးတော့ မှန်မှန်ကန်ကန် ရေးသားပေးရမယ်။ အားလုံးဝိုင်းဝန်းပြီးတော့ လုပ်ရမယ်။ ဒါမှ အဆင်ပြေမယ်လို့ ထင်ပါတယ်။

 

မေး။      အားလုံးကပြောနေပါတယ်။ အခြေခံဥပဒေပြင်ဆင်ဖို့ အရေးအကြီးဆုံးလိုအပ်တယ်လို့၊ ဘယ်လိုအချိန်မှာ ပြင်ဆင်သင့်ပါသလဲ။

ဖြေ၊       အခြေခံဥပဒေကတော့ မဖြစ်မနေပြင်ဆင်ဖို့ လိုအပ်ပါတယ်။ အစကတည်ကလည်း ပြင်ဆင်ရမယ်ဆိုတာ သိပါ တယ်။ အန်ကယ်တို့အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်တုန်းကလည်း ၂၀၁၀ အခြေခံဥပဒေကြီးက ကောင်းလှပါတယ်ဆိုပြီး ၀င်ခဲ့တာ မဟုတ်ပါဘူး။ အခြေခံဥပဒေထဲမှာ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတာတွ အများကြီးရှိနေပါသေးတယ်။ အဲ့ဒါတွေကို မဖြစ်မနေပြင်ဆင်ဖို့  လိုအပ်တယ်ဆိုတာ အစကတည်းက ယူဆပြီးသားပါ။

 

မေး။      ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရမယ်ဆိုတော့ အလွယ်တကူပြင်ဆင်လို့ ရနိုင်ပါ့မလား။

ဖြေ။       ပြင်မယ်ဆိုပြန်တော့ တစ်ဖက်ကနေ ပြင်ဆင်ရခက်အောင် ဥပဒေတွေ၊ စည်းကမ်းတွေနဲ့လုပ်ထားတယ်။ နောက်တခုကလည်း အခုထိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တစ်ဖက်စောင်းနင်း ဖြစ်နေတယ် ဆိုတာကလည်း အရင်ကတည်း က တစ်ဖက်နဲ့တစ်ဖက် မယုံကြည်မှုတွေ ၊ သဟာဇာတမဖြစ်မှုတွေ အဲ့ဒီအပေါ်မှာ အခြေတည်ပြီးတော့မှ ဒီလိုမညီမျှမှုတွေ ဖြစ်လာတာပါ။ သူတို့ဘက်ကလည်း စိုးရိမ်တာတွေ ဘာတွေ ရှိတာပေါ့။ သူတို့ကိုကာကွယ်ဖို့အတွက် အခြေခံဥပဒေထဲမှာ ထည့်ထားတာတွေ ရှိပါတယ်။ လတ်တလော ချက်ချင်းကြီး အကုန်လုံးကောင်းအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြည်း ဖြည်းချင်းပဲ ပြင်ဆင်သွားရမယ်။ လုပ်တဲ့နေရာမှာ အဓိကအချက်ကတော့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေ တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒီဘက်မှာ လုပ်နေတဲ့သူတွေရော၊ ဟိုဘက်ကလူတွေပါ အားလုံးတိုင်းပြည်အတွက် လုပ်နေတဲ့သူတွေ ဖြစ်တယ်။ တို့နိုင်ငံကောင်းအောင်  တို့အတူတူလက်တွဲပြီးလုပ်ကြမယ်။ တော်ရုံတန်ရုံ အပြစ်အနာအ ဆာဆိုလည်း ခွင့်လွှတ်တန်ခွင့်လွှတ်ကြမယ်ဆိုတဲံ တစ်ဖက်နဲ့တစ်ဖက် အဲ့ဒီလို နည်းလည်မှုတွေ ရလာအောင် တည်ဆောက်မှသာ အခြေခံဥပဒေပြင်ဆင်ဖို့ လမ်းပွင့်သွားမယ်လို့ ဆရာထင်ပါတယ်။

 

မေး။      ဖွဲ့စည်းပုံအခြေခံဥပဒေကို အစိုးရအဖွဲ့က ဦးဆောင်ပြီး ပြင်ရမှာလား၊ လွှတ်တော်က ပြင်ရမှာလား။

ဖြေ။       လွှတ်တော်က ဥပဒေပြုတော့ လွှတ်တော်ထဲမှာပဲ ပြင်ဆင်ရမှာပါ။ အပြင်ကနေ ပြင်ဆင်ဖို့ဆိုတာကတော့ သိပ် မလွယ်ဘူး။

 

မေး။      လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ နည်းပါးနေတာကြောင့် ဖွဲ့စည်းပုံအခြခံဥပဒေကို ပြင်ဆင်ဖို့ အခက်အခဲ မရှိနိုင်ဘူးလား။

ဖြေ။       ဒါက အခုတော့ ရှိနေနိုင်သေးတယ်။ ခုနကပြောခဲ့သလိုပဲ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကိုက ပြုပြင်ဖို့ခက်အောင် ဖြစ်နေတယ်။

 

မေး။      လက်ရှိပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ရော အားလုံး ဘယ်လိုနည်းနဲ့ အဆင်ပြေသွားနိုင်မှာလဲ။

ဖြေ၊       ပြည်တွင်းငြိမ်းချမ်းရေးရဖို့ကတော့ အဓိကအချက်ပေါ့။ ကိုယ့်နိုင်ငံကို နိုင်ငံရေးအရ ဒီမိုကရေစီနိုင်ငံဖြစ်အောင် လုပ်မယ်လို့ ဘယ်လိုပဲရည်မှန်းရည်မှန်း  နိုင်ငံရေး၊ စီးပွားရေးတိုးတက်ဖို့ ၊ လူမှုရေးတိုးတက်ဖို့ ကောင်းအောင်လုပ်မယ်ဆို ရင် ပြည်တွင်းမှာငြိမ်းချမ်းရေး ရှိရမယ်။ ကိုယ့်ရဲ့ပြည်သူပြည်သားတွေ တစ်ဦးနဲ့တစ်ဦး သဟာဇာတဖြစ်ရမယ်။ ညီရင်းအစ်ကို မောင်နှမတွေလို နေထိုင်နိုင်ရမယ်။ အဲ့ဒီလိုညီညွတ်မှု၊ စည်းလုံးမှု၊ သဟာဇာတရှိမှု၊ အဲ့ဒါတွေမရှိဘဲနဲ့က တော့ ရှေ့ဆက်ဘာမှဖြစ်လာမှာ မဟုတ်ဘူး။

 

မေး။      ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်အပိုင်းတွေကို အဓိကထားပြီး ပြင်ဆင်သင့်ပါသလဲ။

ဖြေ။       အခြေခံဥပဒေကို ပြင်ဖို့ပြောမယ်ဆိုရင်လည်း အများကြီးပေါ့။ ပြင်ဆင်သင့်တဲ့ အကြောင်းအရာတွေ ရှိနေတယ်။  သို့သော်လည်း အဓိကအားဖြင့် အကြီးအကျယ်ပြင်ဆင်သင့်တယ်တယ်လို့ ယူဆတဲ့ အရာတွေက ပြင်ဆင်ဖို့အခက်ဆုံး ဖြစ်နေ တယ်။ ပြင်ဖို့ကတော့ အခုကစပြီး ပြင်ဆင်သင့်တယ်။ ဒီအပိုင်းကတော့ စစ်မှန်တဲ့ဒီမိုကရေစီမှာ အရေးကြီးတယ် ဆိုတာထက်  ပြင်ဖို့လွယ်မယ့်ကိစ္စတွေကို နှစ်ဖက်အနေနဲ့ ညှိနှိုင်းလို့ လိုက်လျောလို့ ဖြစ်နိုင်တဲ့ အပိုင်းတွေနဲ့ တိုင်းပြည်အ တွက်၊ ပြည်သူအတွက် ၊ တိုင်းရင်းသားတွေအတွက်ရော အကျိုးရှိမယ်ဆိုတဲ့ အပိုင်းလေးတွေကို အရင်ဆုံးပြင်သင့်တယ်။

 

မေး။      အခြေခံဥပဒေကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးတော့မှ ပြင်ဆင်သင့်ပါသလား။ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင် သင့်ပါသလား။

ဖြေ။       ပြင်ချင်တယ်ဆိုရင်တော့ အခုပြင်ရင် အကောင်းဆုံးပဲပေါ့။ အခြေခံဥပဒေပြင်တာနဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲ က သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ်ပတ်သက်တာ မရှိဘူး။  ရွေးကောက်ပွဲတရားမျှတမှုဆိုတာက ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြီးကြပ်မှုတွေ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီတွေရဲ့ သဘောထားမှန်ကန်မှု တွေ အပေါ်မှာ ပိုပြီးတော့ မူတည်တယ်။

 

မေး။      တရားစီရင်ရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေအပြင် ပြည်သူလူထုကို ဘယ်လိုအကြံပြုချင်ပါသလဲ။

ဖြေ။       ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေဆိုတာ တစ်သားတည်းပါ။ အတူတူပါပဲ။ ပြည်သူတွေခံစားနေရသလို ကျွန်တော်တို့လည်း ခံစားခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ပြည်သူတွေအပါအ၀င် နိုင်ငံရေးပါတီတွေက  ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အတတ်နိုင်ဆုံး သည်းခံပြီးတော့ လမ်းကြောင်းတစ်ခုစီကို ခေါ်ဆောင်လာခဲ့တယ်။ အဲံဒိလမ်း ကြောင်းလေး ပိုပြီးတော့ ထင်ရှားလာအောင် ၊ ပီပြင်လာအောင်၊ ၀ိုင်းဝန်းဆောင်ရွက်တဲ့အခါမှာ စိတ်ရှည်လက်ရှည်နဲ့ လုပ်ကိုင်ပေးကြဖို့ ပြောချင်ပါတယ်။ 

Wednesday, February 13, 2013

NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေနှင့်အင်တာဗျူး 14-2-2013

NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေနှင့်အင်တာဗျူး

နွယ်နီစန်း                                                                                    The Politics Journal 14.FEB. 2013

 

 

မေး။      ။ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအနေနဲ့လုပ်ကိုင်နိုင်စွမ်း ယှဉ်ပြိုင်နိုင်စွမ်းတွေ ဘယ်လိုရှိလာနိုင်ပါသလဲ။

 

ဖြေ။       ။ ၂၀၁၅ အတွက်ဆိုအခု ပါတီတွေက (၅၀) ကျော်သွားပြီ။ (၅၄) ပါတီရှိသွားပြီ။ နောက်ထပ်လည်းတိုးဖို့ရာ ရှိနေပါသေးတယ်။ မသကာပြောမယ်ဆိုရင် ပါတီလေးငါးဆယ်ခုလောက်တော့တိုးရင်တိုးနေဦးမှာပါ။ ပါတီတွေအများကြီး ဖြစ်လာမှာပါ။ ၂၀၁၅ ပွဲကတော့ ပြည်သူတွေမျက်စိလည်မယ့်ပွဲလို့ပြောရမှာပေါ့။ အင်အားကြီးပါတီကတော့ NLD နဲ့ ပြည်ခိုင်ဖြိုးပါတီပေါ့။ ကျန်တဲ့ပါတီတွေက သူတို့လောက်အရှိန်အ၀ါမကြီးပေမယ့်လို့ အချို့ပါတီတွေက စည်းရုံးရေးအင် အားကောင်းတယ်။ အချို့ပါတီတွေက နိုင်ငံရေးသိက္ခာရှိခဲ့ကြတယ်။ တချို့ပါတီတွေက နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ ပါတီမျိုးကျတော့ နိုင်ငံရေးဥပဓိရုပ်ကောင်းတာပေါ့။ အဲဒါတွေထည့်တွက်မယ်ဆိုရင် မှန်မှန်ကန်ကန်သွားမယ်ဆိုရင်တော့ ပြည်မမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ NLD ကအဓိကပြိုင်ဖက်ဖြစ်မှာပေါ့။ ကျန်တဲ့ပါတီတွေလဲ သူတို့အင်သူတို့အားပေါ့လေ။ စည်းရုံးရေးကောင်းတဲ့နယ်မြေတွေမှာ ရနိုင်တဲ့အနေအထားရှိပါတယ်။ ပြည်နယ်တွေမှာတော့ တိုင်းရင်းသားပါတီတွေက နံပါတ်(၁) ပေါ့လေ။ ရာခိုင်နှုန်း ၈၀၊၉၀ တော့ရမှာပေါ့။ ကျန်တဲ့ပါတီဘယ်ပါတီမဆို တိုင်းရင်းသားပါတီတွေကိုကျော်တက် ပြီးတော့ land-slide နိုင်သွားဖို့တော့မဖြစ်နိုင်ပါဘူး။ ဥပမာဆိုပါစို့- ရှမ်းမှာဆိုရင် ရှမ်း(၃) ပါတီရှိတယ်လေ။ ရှမ်းသုံးပါတီ ကို ကျော်ပြီးတော့ ဗမာပါတီတစ်ခုကို ဦးစားပေးဖို့ဆိုတာကတော့  အတော်ခက်တဲ့ကိစ္စပဲလေ။  တောင်ကြီးလို၊ မြစ်ကြီးနားလို၊ လားရှိုးလို မြို့ကြီးပေါ်မှာ  လူမျိုးပေါင်းစုံနေထိုင်တဲ့နေရာမှာတော့ လူမျိုးနဲ့ပတ်သက်တဲ့ မဲနိုင်ဖို့ဆိုတာကတော့ အားရ လောက်အောင် ရမှာမဟုတ်ဘူး။ အခြားပါတီတွေ ၀င်ပြိုင်ရင် ရနိုင်တဲ့အလားအလာတွေ ရှိတာပေါ့။ တောင်ကြီးဆိုရင် ဗမာ များတယ်။ ပအိုဝ့် ၊ ပလောင်အစုံရှိတယ်။ ရှမ်းချည်းပဲမရှိဘူး။ မြစ်ကြီးနားမှာလည်း ဒီလိုပဲ။ ကချင်ရှိတယ်။ ရှမ်းရှိတယ်။ ဗမာရှိတယ်။ အဲ့ဒီလိုရှိတဲ့နေရာတွေမှာတော့ တိုင်းရင်းသားပါတီတွေ အရေးနိုမ့်နိုင်တာပေါ့လေ။ ပြည်နယ်အလိုက်ကြည့် မယ်ဆိုရင်တော့ ရာခိုင်နှုန်း၈၀-၈၅ လောက် တိုင်းရင်းသားပါတီတွေ နိုင်ဖို့များတယ်။ ဒါကောတ့ ယေဘုယျသုံးသပ်ချက် ပေါ့။ အဲ့ဒီသုံးသပ်ချက်မှန်ပြီလားဆိုတော့ ဒီလိုလည်းပြောလို့မရပြန်ဘူး။ ရွှေးကောက်ပွဲနီးလာတဲ့အခါမှာ ပြည်သူ့သဘော ထားပြောင်းသွားနိုင်သလို ရွေးကောက်ပွဲနောက်ကွယ်မှာ ဖြစ်လာမယ့် မမြင်ရသေးတဲ့အခြေအနေတွေ၊ ဖန်တီးလှုံဆော်မှု တွေ ပေါ်လာရင်လည်း မဲအခြေအနေတွေ ပြောင်းသွားနိုင်ပါတယ်။ အခြေခံအားဖြင့်တော့ ဒီအတိုင်းပါပဲ။ ဒီအတိုင်းပေါ်မှာ အကျအနတွေရှိတယ်၊ တိုးလာတာရှိမယ်။လျှော့သွားတာရှိမယ်၊ ဒါမျိုးတွေ ရှိနိုင်ပါတယ်။

 

မေး။      ပါတီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့အုပ်ချုပ်မှုစနစ်အပေါ်မှာ ဘယ်လိုမြင်ပါ သလဲ။

 

ဖြေ။       လက်ရှိအုပ်ချုပ်ရေးစနစ်ကတော့ အပေါ်ကစပြောင်းတဲ့ နိုင်ငံရေးပုံသဏ္ဍာန်တစ်ခုပါ။  အပေါ်ကစပြောင်းတော့ အပေါ်ပိုင်းမှာပဲ ပြောင်းဖို့အတွက်ကြိုးပမ်းတာတေါ၊ အပေါ်မှာပဲ ရှိနေသေးတာပေါ့။ အောက်ကို သက်ရောက်လားဆိုတော့ အလယ်မှာရှိနေတဲ့အဆင့်မှာလည်း Mind Set တွေ မပြောင်းသေးဘူးပေါ့။ ဘာလို့လဲဆိုတော့ နှစ်ပေါင်းများစွာ Military Bureaucracy အုပ်ချုပ်လာတဲ့အခါကျတော့ Commanding Parctise ပေါ့။ အပေါ်ကအမိန့်ပေးမှ လုပ်တတ်တဲ့ဟာတွေ ရှိ နေတဲံအခါကျတော့ အလယ်မှာရှိနေတဲ့ပုဂ္ဂိုလ်တွေကလည်း ကိုယ်ကျိုးစီးပွားအရသော်လည်းကောင်း၊ ခေါက်ရိုးကျိုးနေတဲ့ အကျင့်အရသော်လည်းကောင်း အထက်ကအမိန့်ပေးမှ လုပ်မယ်ဆိုတဲ့ သဘောမျိုးတွေရှိနေတာကတစ်ပိုင်းပေါ့။ နောက် တစ်ချက်က လူဆိုတာက လူမှုဘ၀ဖူလုံမှုအပေါ်မှာ အတိုးအဆုတ်တွေရှိတဲ့အခါမှာ  corruption ခြစားမှု ပေါ့။ အဲ့ဒီအကျင့် ဆိုးကြီးကို ကျော်လွှားနိုင်တဲ့အနေအထားမှာလည်း လုံးဝဥဿုံး မရောက်သေးဘူး။ အောက်ခြေလုတန်းစားကျတော့ ဘာမှ ထိထိရောက်ရောက် ခံစားရတာ မတွေ့ရသေးဘူး။ အုပ်ချုပ်ရေးယန္တယားဟာ အောက်အထိမရောက်သေးဘူးဆိုတာ သွားပေါ်နေတယ်။ အန်ကယ်တို့ NDF ပါတီအနေနဲ့လည်းပဲ အခွင့်အခါသင့်တိုင်း အာဏာပိုင်တွေကို ရှင်းပြတာတွေရှိ တယ်။ ဘာလဲဆိုတော့ ခုနကပြောတဲ့အတိုင်းပေါ့။ အပေါ်မှာတစ်ဝဲလည်လည်၊ အလယ်နားမှာလည်း သိပ်မရောက်သေး ဘူး။ အောက်ခြေကို လုံးဝမထိဘူး။ ဒီလိုသာဆိုရင် ဒီအစိုးရဟာ ဟိုတုန်းကအစိုးရလိုပဲ ဘာမှမထူးတဲ့ အစိုးရဖြစ်မှာပဲလို့ ဝေဖန်မှုတွေနဲ့ပြောကြတာရှိတယ်။ ဒါကို သမ္မတက မကြာခင်ကမိန့်ခွန်းမှာ ဒီမိုကရေစီလူထုအုပ်ချုပ်ရေးစနစ် ဆိုတဲ့ဟာနဲ့ စဖော်လာတယ်။ ဖော်လာပြီးဆောင်ရွက်မယ့်သဘောတော့ တွေ့နေရပြီ။ အကယ်ပီပြင်မယ်ဆိုရင် အောက်ခြေအထိ အုပ်ချုပ်ရေး အာဏာ သက်ရောက်ပြီးတော့ ပြည်သူတွေခံစားရဖို့ အကြောင်းရှိပါတယ်။

 

မေး။     မြန်မာနိုင်ငံရဲ့စီးပွားရေးအပြောင်းအလဲကို အုပ်ချုပ်သူတွေက ဘယ်လောက်အတိုင်းအတာအထိ ပုံဖော်နိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။       အဲ့ဒါကတော့ ဥပဒေပြုအာဏာကိုင်ထားတဲ့လွှတ်တော်က စီးပွားရေးဥပဒေအဟောင်းတွေကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင် ဖျက်ပြီး အသစ်ပြုတာတွေ ရှိဖို့လိုတယ်။ အသ်ပြဋ္ဌာန်းဖို့လိုတယ်။ ပြုပြင်သင့်တာ ပြုပြင်ဖို့လိုတယ်။ ဥပဒေ အသစ်နဲ့မှသာလျှင် အုပ်ချုပ်ရေးပိုင်းကနေ ဥပဒေအသစ်အပေါ်တည်မှီပြီး ပြည်သူတွေအကျိုးရှိမယ့်လုပ်ငန်းတွေ၊ စီးပွား ရေး အကွက်အကွင်းတွေကို ဖန်တီးပေးနိုင်မှာဖြစ်တယ်။ နံပတ်တစ်ကတော့ ဥပဒေပြုဖို့၊ နံပတ်နှစ်ကတော့ အုပ်ချုပ်ရေး အာဏာကိုင်ထားတဲ့ပုဂ္ဂိုလ်တွေက ပြည်သူ့ဖက်ကရပ်တည်တဲ့ဥပဒေ ပြုပြင်ပြုထားသော်လည်း ပြည်သူ့အကျိုးကိုမကြည့် ဘဲနဲ့ အစိုးရအကျိုးကိုပဲကြည့်မယ်ဆိုရင် စီးပွားရေးဥပဒေတွေကို ဘယ်လောက်ကောင်းအောင်ပြင်ထားပြင်ထား  အလယ် ကောင်မှာရှိနေတဲ့ အလယ်ကဆုံချက်ကိုကိုင်ထားတဲ့ အုပ်ချုပ်ရေးအာဏာကိုင်ထားတဲ့ပုဂ္ဂိုလ်တွေ သမာသမတ်ကျဖို့လို တယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို တကယ်လိုလားတဲ့ပုဂ္ဂိုလ်တွေ ၀န်ကြီးဌာနတွေမှာရှိမှသာ ထင်ရှားမြင်သာတဲ့ အကြောင်း တွေ ပေါ်လာဖို့ အကြောင်းရှိပါတယ်။ နောက်ပြီးတော့ အုပ်ချုပ်ရေးအာဏာတွေကို ၀င်ပူးမယ့်ခရိုနီတွေပေါ့။ လက်ဝေခံမျှစားမယ့်သူတွေကိုလည်း ကြိုးစားပြီးကင်းကင်းရှင်းရှင်း ဖြစ်အောင်လုပ်ဖို့လိုပါတယ်။ ထိုနည်းတူ ခေတ်အဆက် ဆက်က စားသောက်ထားတဲ့ ခရိုနီတွေပေါ့။ ရှေ့ကနေပြီးတော့ အရင်းအနှီးတွေကိုလည်း တရားဝင်စီးပွားရေးနယ်ပယ်ထဲ မှာ အသုံးချနိုင်အောင်လည်း ဥပဒေပြဋ္ဌာန်းပြီးတော့ ဆောင်ရွက်ပေးဖို့ အစိုးရဖက်ကလည်း ပြင်ဆင်ပေးဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ မတရားရထားတဲ့ဟာတွေ ရှိပင်ရှိသော်လည်း ဒါတွေဟာ အများပြည်သူပိုက်ဆံပဲလေ။ အဲ့ဒီပိုက်ဆံ တွေနဲ့ ပြည်သူ့အကျိုးပြုစီးပွားရေးလုပ်ငန်း လုပ်ကွင်းလုပ်ကွက်တွေ ဖော်နိုင်အောင် ၊ ဥပဒေအသစ်တွေပြဋ္ဌာန်းပြီးတော့ ယူထားတဲ့ငွေတွေကို တရားဝင်သုံးစွဲခွင့်ရှိအောင် ဖန်တီးပေးမယ်ဆိုရင် စီးပွားရေးအရှိန်အဟုန် တက်လာမှာပဲလေ။ နိုင်ငံ ရပ်ခြားက ရင်းနှီးမြှုတ်နှံမှုတွေ ၀င်လာမယ့်ဟာတွေအတွက်လည်း သာယာတဲ့လမ်းတွေ ခင်းပေးဖို့ လိုပါတယ်။ နောက်ပြီးောတ့ ဒီအပေါ်မှာလည်း      perfect compaction ယှဉ်ပြိုင်မှုစွမ်းအား အမြင့်ဆုံးရောက်အောင်  ဖြစ်နိုင်ခြေရှိတဲ့လုပ်ကွင်း လုပ်ကွက်တွေ၊ ဥပဒေတွေကို ဖန်တီးပေးဖို့ လိုတယ်။ လက်တစ်ဆုပ်စာလူတစ်စုတည်း ကောင်းစားတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ ပြည်သူတွေ အပြိုင်းအရိုင်း စီးပွားရေးလုပ်ခွင့်ရှိအောင် ပြည်နယ်နှင့်တိုင်းတွေအထိပါ လုပ်ပိုင်ခွင့်အာဏာကို ဖြန့်ထုတ်ပေး ဖို့လိုတယ်။  သဘောကတော့ နိုင်ငံက နှစ်ပေါင်း၂၀ ထက်မကနောက်ကျနေတဲ့ စီးပွားရေးကို အမြန်ဆုံးမြှင့်တင်ချင်တယ် ဆိုရင် ပြည်နယ်နှင့်တိုင်းအစိုးရတွေမှာလည်းပဲ အုပ်ချုပ်ခွင့်အာဏာ ခွဲဝေကျင့်သုံးခွင့်ပေးပြီးတော့ စီးပွားရေးလုပ်ပိုင်ခွင့်တွေ ကို တိုင်းနဲ့ပြည်နယ်အသီးသီးက လုပ်ပိုင်ခွင့်၊ အစိုးရတွေရဲ့အာဏာနဲ့လုပ်ပိုင်ခွင့်၊တွေကို ပြည်သူအများစုအကျိုးရှိမယ့် စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ပေးမယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေ အပြိုင်းအရိုင်းပေါ်လာမယ်။ တိုင်းပြည်ကလည်း တစ်ပြိုင်နက်တိုးတက်လာဖို့အကြောင်းရှိတယ်။ အဓိကကတော့ နံပတ်တစ် လွှတ်တော်ပေါ့။ နှစ်ကတော့ အစိုးရပေါ့။ သုံးကတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေရဲ့ပါဝင်မှုအတိုင်းအဆ များပြားဖို့ပေါ့။ ဒါတွေက အရေးကြီးပါတယ်။

 

မေး။ တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဘယ်လိုနိုင်ငံရေးအခင်းအကျင်း လိုအပ်ပါမလဲ။

ဖြေ။       ဒါကတော့ နှစ်ဖက်စလုံးက ရိုးသားဖို့လိုတယ်။ နှစ်ဖက်စလုံးက နိုင်ငံရေးရိုးသားမှုနဲ့ တကယ်ပဲ ငြိမ်းချမ်းရေးလိုချင်

တယ်ဆိုတဲ့ စေတနာသန့်ဖို့ လိုတယ်။ ငြိမ်းချမ်းရေးကို လိုချင်တယ်ပြောပြီး တော့ တကယ်မဟုတ်ဘဲနဲ့ အပြကောင်းရုံ လောက် အသံထွက်ပြီးတော့ တကယ့်ငြိမ်းချမ်းရေးတံခါးပေါက်ဆီ မသွားဘူးဆိုရင်တော့ ထာဝရငြိမ်းချမ်းရေးရဖို့ မလွယ်ကူပါဘူး။ ငြိမ်းချမ်းရေးဖြေရှင်းတဲ့နေရာမှာ အဓိကကတော့ စစ်မှန်တဲ့ပြည်ထောင်စုပုံသဏ္ဍာန်တစ်ခုကို သွားကြမယ် ဆိုတဲ့ ကတိက၀တ်တွေ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပါဝင်နိုင်ဖို့ လိုတယ်။ အပစ်အခတ်ရပ်စဲရုံတင်မဟုတ်ဘူးပေါ့။ အပစ် အခတ်ရပ်စဲမှုရဖို့ဆိုတာကတော့ ကောင်းတာပေါ့။ အပစ်အခတ်ရပ်စဲမှုရဖို့ဆိုတာကတော့ နိုင်ငံရေးအရယုံကြည်မှုရှိမှဖြစ် မယ်။ အပစ်အခတ်ရပ်စဲသွားပြီဆိုရင်တော့ အပြစ်မဲ့ပြည်သူတွေ ဒုက္ခမရောက်တော့ဘူးပေါ့။ အန်ကယ်အမြင်ကတော့ အပစ်အခတ်မရပ်စဲနိုင်သေးသော်လည်းဘဲ ဆွေးနွေးပွဲတွေဆီ သွားဖို့လိုတယ်။ ငြိမ်းချမ်းရေးမရတာက နိုင်ငံရေးအရ မပြေလည်လို့ လက်နက်ကိုင်ပစ်ကြရတာကိုး။ ငြိမ်းချမ်းရေးမပြေလည်ဘဲနဲ့ လက်နက်ကိုင်ပစ်တာတွေ ရပ်ပြီးတော့ ခင်ဗျား စားပွဲဝိုင်းပေါ်လာဆို ဘယ်လာမလဲ။ လက်နက်ကတော့ ဘယ်ချလိမ့်ဦးမလဲ။ ပစ်ဖို့အတွက်ကတော့ ကိုင်ထားဦးမှာပေါ့။ အရေးကြီးတာက နိုင်ငံရေးပြဿနာ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ကိစ္စကို အရင်ဆုံးထိတွေ့ဖို့လိုတယ်။ Tough လုပ်ဖို့လိုတယ်။  အဲ့ဒီမှာ တန်းတူညီမျှခွင့်ရှိတဲ့နိုင်ငံဖြစ်ရမယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရှိတဲ့ အနေအထားတွေကို ဖန်တီးပေးနိုင်ဖို့ဆိုတဲ့ သဘောတူညီမှု ရှိရမယ်။ မွေးရာပါအခွင့်အရေးတွေကို အာမခံချက်ရှိတဲ့ဥပဒေတွေကို ပြဋ္ဌာန်းမယ် ဆိုတဲ့ သဘောတွေ ပါရမယ်။ နောက်ပြီး သယံဇာတတွေ၊ ပြည်နယ်နဲ့တိုင်း အချုပ်အခြာအာဏာအောက်မှာရှိနေတဲ့ သယံဇာတတွေကို ဘယ်လိုနှစ်ဖက်ခွဲဝေကျင့်သုံးမလဲဆိုတဲ့ ညှိနှိုင်းမှုတွေ ရှိဖို့လိုတယ်။ ဒါတွေပမယ်ဆိုရင်တော့ ထာဝရငြိမ်းချမ်းရေးကို ဦးတည်ဖို့ သိပ်မခက်တော့ပါဘူး။

 

မေး။      ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လိုအပ်မယ်လို့ ထင်ပါသလား။ တကယ်လို့ လိုအပ်တယ်ဆိုရင် ဘယ်လို နည်းလမ်းတွေနဲ့ ပြင်ရမလဲဆိုတာ ဆရာ့အမြင်ကို သိပါရစေ။

ဖြေ။       ပြင်ရမှာပဲ။ အန်ကယ်တို့ NDF ပါတီမူဝါဒမှာကိုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမယ်ဆိုတာ ပါပြီးသားပဲ။ ၂၀၀၈ အခြေခံဥပဒေမှာ ဒီမိုကရက်တစ်မဖြစ်တဲ့ အပိုင်းတွေ အများကြီးပါတာကိုး။ အဲ့ဒါတွေပြင်ပြီးတော့မှ ရှေ့ဆက်သွားဖို့ လိုပါတယ်။ ပြင်ခွင့်လည်းရှိပါတယ်။ အခြေခံဥပဒေအခန်း ၁၁ မှာ အခြေခံဥပဒေကို ဘယ်လိုပြင်ရမလဲဆိုတာ ပြဋ္ဌာန်းပြီး သား။ အဲ့ဒီတော့ အခြေခံဥပဒေကို မကြိုက်သော်လည်း လက်ခံပြီးတော့ ရွေးကောက်ပွဲဝင်ခဲ့ကြတာကိုး။ ရွေးကောက်ပွဲဝင် ပြီး အခြေခံဥပဒေပြင်ြ့ပီးတော့ ပြည်သူတွေကို ဒီမိုကရေစီလူ့ဘောင်ရောက်အောင် ခေါ်သွားချင်လို့ ၀င်ရတာပဲ။ အခြေခံဥပ ဒေ ပြင်မှာပါ။ ဘယ်လိုပြင်မလဲဆိုတာကောတ့ တစ်ဆင့်ချင်းပြင်သွားရမှာပေါ့။ အားလုံးတစ်ပြိုင်နက်တည်း ပြင်လို့တော့ မရဘူးပေါ့။ ဒါအားလုံးသဘောတူညီချက်နဲ့ ပြင်ရမှာလေ။ ငြိမ်းချမ်းရေးရပြီးမှပဲ အခြေခံဥပဒေပြင်လို့ရမယ်။ ငြိမ်းချမ်းရေး မရဘဲနဲ့တော့ အခြေခံဥပဒေပြင်လို့မရဘူး။ ငြိမ်းချမ်းရေးက အတားအဆီးကြီးပဲ။

 

မေး။      PR စနစ်ကို ဆရာ့အနေနဲ့ အရင်ဆုံးပြောတယ်လို့ ကြားရတယ်။ အဲ့ဒီစနစ်အပေါ် ဆရာအမြင်သိပါရစေ။

ဖြေ။       PR စနစ်ကို ဆရာတို့ NDF ပါတီက အရင်ဆုံးမိတ်ဆက်ပေးတာပါ။ ဒီစနစ်ကတော့ အချိုးကျကိုယ်စားပြုမဲပေး စနစ်ပါ။ ပါတီတစ်ခုက အချိုးကျစနစ်နဲ့ လွှတ်တော်ထဲရောက်နိုင်တယ်ပေါ့။ တစ်ခုတော့ရှိတယ်ပေါ့လေ။ ခရိုင်တစ်ခုမှာ လူ ၁၀သိန်း ရှိတယ်ဆိုပါတော့၊ မဲပေးတဲ့သူ ဆယ်သိန်းရှိတယ်ဆိုပါတော့။ အောက်ထစ် မဲ ၁၀ရာခိုင်နှုန်းရတဲ့ပါတီတွေကို အချိုးကျကိုယ်စားပြုစနစ်နဲ့ လွှတ်တော်ထဲပို့နိုင်တယ်။ ၁၀ သိန်းမှာ ၁၀ရာခိုင်နှုန်းဖြစ်တဲ့ မဲတစ်သိန်းတောင်မရတဲ့ပါတီက တော့ ထားရစ်ခဲ့ရမှာပါပဲ။ ဒီလိုလိုင်းသတ်မှတ်ပြီးရင် ကျန်တာတွေကတော့ မဲ ၂၀ရာခိုင်နှုန်းရရင်  ၂ ယောက်ရမယ်။ ၄၀ ရာခိုင်နှုန်းရရင် လေးယောက်ရမယ်။  ဒါဆိုရင်လွှတ်တော်ထဲမှာ ပါတီပေါင်းစုံကို ကိုယ်စားပြုပြီးဖြစ်သွားမယ်။ ပြည်သူလူထု ကြိုက်တဲ့သူမှန်သမျှ အများစုလွှတ်တော်ထဲရောက်သွားတဲ့အခါကျတော့ ပြည်သူတွေရဲ့ဆန္ဒကို အများစုကိုယ်စားပြုရာ ရောက်သွားမယ်။  ပီအာစနစ်ဟာ ပြည်သူ့ဆန္ဒကို အများစုကနေသယ်ဆောင်သွားနိုင်တဲ့ အခွင့်အရေးရမယ်။  ပြည်သူ့အသံကို လွှတ်တော်ထဲမှာ အများစုပို့ပေးနိုင်တဲ့စွမ်းရည်ရမယ်။ ပီအာစနစ်က ကောင်းပါတယ်လို့ ကျွန်တော်တို့ NDF ပါတီကပြောတာ။ ပါတီကပြောသော်လည်း ဒီစနစ်ကို  သုံးရမယ်။ ရမှရရမယ်ဆိုတဲ့သဘောနဲ့ ပြောတာမဟုတ်ဘူး။ ပါတီပေါင်းစုံကနေ စဉ်းစားပါ။ မြန်မာ့နိုင်ငံနဲ့ ကိုက်ညီသလား စဉ်းစားပါ။ လက်ရှိကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်တို့၊ အမျိုးသားလွှတ်တော်တို့၊ ၂၅ရာခိုင်နှုန်းကိစ္စဆိုတာတွေကို ချင့်တွက်ပြီးတော့ ပီအာစနစ်ကို ဘယ်လိုသုံးနိုင်မလဲဆိုတာ စဉ်းစားလို့ရအောင် ပေးလိုက်တာပဲလေ။ စဉ်းစားပေါ့။ ပြည်နယ်မှာမသုံးစေချင်ဘူးဆိုရင် ပြည်မမှာပဲသုံး။ ပြည်မမှာဆိုရင် ဘယ်လိုသုံးမလဲ။ အချိန်ယူစဉ်းစားပြီးတော့ မြန်မာနိုင်ငံနဲ့ သင့်တော်တယ်ဆိုရင် သုံးပေါ့။ ကမ္ဘာနိုင်ငံတွေမှာ နိုင်ငံ ၉၀ ကျော်က သုံးနေပြီ။ ဂျာမဏီမှာလည်း ပီအာစနစ်နဲ့လုပ်ထားတာပဲ။ ပြည်ထောင်စုစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ပီအာစနစ် က ပိုပြီးတော့ကောင်းတယ်လို့ ယူဆစရာ ရှိပါတယ်။

 

မေး။      အာဏာရှိတဲ့အုပ်ချုပ်သူနဲ့ သြဇာရှိတဲ့အုပ်ချုပ်သူ တစ်ထပ်တည်းကျတယ်ဆိုရင် တိုင်းပြည်ကတိုးတက်တယ်လို့ ပြောတယ်။ အဲ့ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။       အုပ်ချုပ်သူမှာ အာဏာရှိတယ်ဆိုရင်လည်းပဲ ဒါက အခြေခံဥပဒေက ပေးထားတဲ့အခွင့်အာဏာထဲမှာပဲ ရှိရမယ်။  သြဇာရှိတဲ့အုပ်ချုပ်သူရတော့ ပိုကောင်းတာပေါ့။ ပြည်သူလူထုက ကြိုက်တာပေါ့။ ကြိုက်တဲ့ပဂ္ဂိုလ်ဆိုင်ရင်တော့ ပြောတဲ့ ဟာ အရာရောက်တာပေါ့။ အချို့အခက်အခဲတွေကို ကျော်လွှားသွားနိုင်တဲ့သဘောရှိတယ်။ အာဏာရှတဲ့အုပ်ချုပ်သူနဲ့ သြဇာရှိတဲ့အုပ်ချုပ်သူ တစ်ထပ်တည်းရမယ်ဆိုရင်တော့ နည်းနည်းကြောက်စရာကောင်းတယ်။ သြဇာရော၊ အာဏာပါရှိ သွားတဲ့အခါ သူသာမမှန်မကန်လုပ်မယ်ဆိုရင်တော့ ပြည်သူတွေခံရမှာပဲလေ။ ဘယ်လောက်ပဲသြဇာရှိရှိ၊ အာဏာရှိရှိ  အခြေခံမူဘောင်တွေကို မကျော်တဲ့ခေါင်းဆောင်မျိုးပဲ လိုချင်ပါတယ်။ ဒါမှလည်း ပြည်သူတွေလှုပ်သာလှည့်သာရှိမှာလေ။ ဒီမိုကရေစီဆိုတာ ပြည်သူတွေက နိုင်ငံရေးဆုံးဖြတ်ခွင်တွေမှာ ပြည်သူတွေကိုယ်တိုင်ပါရမယ့်ဟာ။ ဒီမိုကရေစီပဲလေ။ ဆုံဖြတ်ခွင့်ပြည်သူမှာရှိတယ်။ အစိုးရအဖွဲ့ခေါင်းဆောင်ဆိုတာ လေးနှစ်၊ ငါးနှစ်ပဲခံမှာ။ အချုပ်အခြာအာဏာက ပြည်သူမှာပဲ ရှိတယ်။ အရေးကြီးတာက သြဇာရှိတဲ့ခေါင်းဆောင်က လိုအပ်တဲ့ဟာကတော့ တော်လှန်ရေးကာလတွေမှာလိုတာ။ ဗိုလ် ချုပ်အောင်ဆန်းလိုပေါ့။ အဲ့ဒီတုန်းက တိုက်ခံတာက လွတ်လပ်ရေးရဖို့။ သြဇာရှိတဲ့ခေါင်းဆောင်ဆိုတော့ အားလုံးစုရပ်လိုက်ရင် အမျိုးသားအင်အားဖြစ်တာပေါ့။ အာဏာရှိတဲ့ခေါင်းဆောင်ကျတော့ အာဏာကိုင်စွဲသူရဲ့ ပကတိဥပဓိရုပ်က မှန်ကန်တယ်ဆိုရင် ဟုတ်တာပေါ့။ ဦးသန်းရွှေလိုဟာမျိုးကျတော့ ကြောက်စရာကောင်းတယ်။ သူ့ရဲ့ တစ်ကိုယ်ရည်တည်မြဲမှုသက်တမ်းရှည်မှုကိုပဲ ကြည့်သွားတာကိုး။ သူအုပ်ချုပ်တဲ့သက်တမ်းမှာ သြဇာနဲ့အာဏာရှိတော့ သိပ်ပြီးတော့ ဒီမိုကရေစီခေတ်နဲ့ မကိုက်ညီပါဘူး။ အာဏာဆိုတာ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ဖြစ်ရမယ်။ အာဏာဆိုတာ အဲ့ဒီပုဂ္ဂိုလ်ရဲ့ ကိုယ်ပိုင်လက်နက်မဖြစ်ရဘူး။ ဒါဆိုရင် အန်ကယ်တို့ လက်ခံတာပေါ့။

 

မေး။      မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ဘယ်လောက်အတိုင်းအတာအထိ ရောက်နေပြီလို့ ထင်ပါသလဲ။

ဖြေ။       အခုမှ ခြေလှမ်း စလှမ်းရုံပဲ ရှိပါသေးတယ်။ မရောက်သေးပါဘူး။ အခုမှ ခတ်ကွင်းပြင်တုန်း၊ခေါ်တာပေါ့။ တံခါး တောင် ခေါက်ပြီး မ၀င်ရသေးပါဘူး။ သွားမယ်ဆိုပြီး အားယူတဲ့အချိန်ပဲ ရှိပါသေးတယ်။ အဲ့ဒီတော့ စည်းမျဉ်းစည်းကမ်းတွေ နဲ့ ဘယ်လိုသွားရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လမ်းကြောင်းကို  FRAME WORK ချတုန်းပဲရှိပါသေးတယ်။ ပြည်သူတွေ မှာ Political Eduaction ရှိရမယ်။ ဒီမိုကရေစီဆိုတာ ဘာလဲလို့ ပြည်သူတွေသိရမယ်။ ဒီမိုကရေစီယဉ်ကျေးမှုကို သိရမယ်။ ငါလိုချင်တာ ရရမယ်ဆိုတဲ့စိတ်ထားမျိုးနဲ့ သွားရင် ဒီမိုကရေစီမဟုတ်ဘူး။ အများစုဆန္ဒနဲ့ ညီညွန်မျှတအောင် သွားဖို့လိုသ လို အနည်းစုဆန္ဒကိုလည်း မပစ်ပယ်ရဘူး။ အနည်းးစုအခွင့်အရေးကိုလည်း ကာကွယ်တဲ့သဘောထားတွေ ရှိရမယ်။ မျှမျှတတ ညီညီညွတ်ညွတ်နဲ့ သည်းခံစိတ်ရှည်စွာနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အကျင့် ရှိရမယ်။မျှဝေခံစားနိုင်ရမယ်။ သူရဲ့အဓိကအုတ်မြစ်က လွတ်လပ်မှုပဲ။ အခြေခံအနှစ်သာရကတော့ အချုပ်အခြာအာဏာကို ပြည်သူပိုင်တယ်။ ပြည်သူ့ အုပ်ချုပ်မှုစနစ်ဟာ ဒီမိုကရေစီပဲ။ လူလတ်တန်းစားအများစုရှိတဲ့တိုင်းပြည်က ဒီမိုကရေစီမြန်မြန်ရောက်တာပေါ့။ အခြေခံ လူတန်းစားတွေများနေရင် ဒီမိုကရေစီလည်းမသိ။ မင်းလောင်းမျှော်ဝါဒနဲ့ ငါတို့အတွက် ဘယ်သူကဘာလုပ်ပေးရမယ် မျှော်နေတာနဲု့ကို ကိုယ့်ကြမ္မာကိုယ် ဆုံးဖြတ်ခွင့်နဲ့ ကိုယ်တိုင်ပါဝင်ပတ်သက်ရမယ်ဆိုတာကို နားမလည်ဘဲနေလို့ရှိရင် တစ်ချိန်မှာ အာဏာရှင်ပြန်ဖြစ်သွားမှာပဲ။ အာဏာရှင်စနစ်က ပြန်ပေါ်လာမှာပဲ။ ကိုယ်ကမယူရင် အုပ်ချုပ်တဲ့သူက ယူသွား မှာပဲ။ ဒီလိုတွေမဖြစ်အောင်လူတွေက ပညာတတ်မှရမယ်။ နောက်ဆုံးအဆင့်  သတင်းစာဖတ်ရမယ်။ ဝေဖန်နိုင်တဲ့ ဦးနှောက်ရှိရမယ်။ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ရမယ်။ မဲရုံတွေကို သွားချင်တဲ့စိတ်ရှိရမယ်။ ငါတို့မဟာ မဲပြားတစ်ပြားတိုင်း တစ်ပြားတိုင်း တန်ဖိုးရှိတယ်။ အုပ်ချုပ်မှုအာဏာ၊ ဥဒေပြုရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတွေဟာ မဲပြားတိုင်းမှာ ပါတယ်ဆိုတာ ခံစားနားလည်ရမယ်။ ပြီးပြီးရောသွားထည့်လို့ရှိရင် ကိုယ့်ရဲ့အချုပ်အခြာအာဏာပိုင်ခွင့်တွေ ဆုံးရှုံးသွားမယ်။ အဲ့ဒီလူဟာ ကောင်းရဲ့လား၊ ဒီပါတီတော်ရဲ့လား။ ရွေးကောက်ပွဲပြီးလို့ရှိရင် ငါတို့ကို ညာနေမှာလား။ သူ့ကို အားကိုးရမှာ လား။ ဆိုတာတွေကို ပြန်လှန်သုံးသပ်ပြီးတော့ မှန်မှန်ကန်ကန်မဲပေးမှသာ ကိုယ့်မဲကို ကိုယ်ရမယ်။ အဲ့ဒိလိုမဟုတ်ရင် ကိုယ့်မဲကို အုပ်ချုပ်သူက ယူသွားလိမ့်မယ်။ အဲ့ဒါ ဒီမိုကရေစီရဲ့လိုအပ်တဲ့ အချင်းအရာတွေပဲ။

 

ခုလိုဖြေကြားပေးတဲ့အတွက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေကို ကျေးဇူးတင်ပါတယ်။

Tuesday, February 12, 2013

ဒ်ီမိုကရေစီမိတ်ဆွေပါတီများပြည်ထောင်စုနေ့အခမ်းအနားစုပေါင်းကျင်းပ

ဒ်ီမိုကရေစီမိတ်ဆွေပါတီများပြည်ထောင်စုနေ့အခမ်းအနားစုပေါင်းကျင်းပ
ဒီမိုကရေစီမိတ်ဆွေပါတီများမှ စုပေါင်းကျင်းပသော ၆၆ နှစ်မြောက်
ပြည်ထောင်စုနေ့အခမ်းအနားကို အမှတ် ၁၉၉၊ ဘိုကလေးဈေးလမ်း၊ ၀ိုင်ဒဗလျူစီအေ
ခန်းမတွင် ၁၂-၂-၂၀၁၃ ရက်နေ့ နေ့လည် ၂း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ထိုအခမ်းအနားသို့ ဒီမိုကရေစီမိတ်ဆွေပါတီများဖြစ်ကြသော
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက် တစ်ပါတီ(မြန်မာ)၊
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်ရေးနှင့်ြ့ငိမ်းချမ်းရေးပါတီ၊
ပြည်ထောင်စုဒီမိုကရေစီပါတီ၊
ရခိုင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ
ပါတီမှ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့်
ဖိတ်ကြားထားသောနိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊
သတင်းဌာနများမှသတင်းထောက်များ စုစုပေါင်း ၃၀၀ခန့် တက်ရောက်ခဲ့သည်။
သဘာပတိအဖွဲ့အဖြစ် ဒေါက်တာသန်းငြိမ်း(NDF)၊ ဒေါ်သန်းသန်းနု(DPM) ၊
ဦးမျိုးညွန့်(ဒီငြိမ်း)၊ ဦးထွန်းရွှေ (ညီငြိမ်း)၊ ဦးသောင်းဝင်း(UDP)၊
ဦးဦးလှစော(RNDP)၊ ဦးစောသန်းမြင့်(SNDP)၊ ဦးနိုင်ခင်မောင်(AMRDP)
တို့က ဆောင်ရွက်ကြပြီး အခမ်းအနားမှူးအဖြစ် ဦးလှမြင့်(DPM)နှင့်
ဒေါ်မိမြင့်မြင့်ဝေ(AMRDP) တို့က ဆောင်ရွက်သည်။
သဘာပတိ ဦးဦးလှစောက ၆၆ နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အတွက်
အမှာစကားပြောကြားရာ တွင် တိုင်းရင်းသားများအနေဖြင့် ရလိုချင်နေသော
ဖယ်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စများ၊ ပြည်တွင်းစစ်ရပ်စဲရေး
နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စများအကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများမှသ၀ဏ်လွှာများကို
ဖတ်ကြားရာတွင်တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၏ သ၀ဏ်လွှာကို
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသိန်းထွန်းက ဖတ်ကြားပြီး
ရှစ်ဆယ့်ရှစ်မျိုး ဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၏ သ၀ဏ်လွှာကို
ရှစ်ဆယ့်ရှစ်မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးက ဖတ်ကြားသည်။ ထိုနောက်
ဒီမိုကရေစီမိတ်ဆွေပါတီများ၏ ပြည်ထောင်စုနေ့ပူးတွဲကြေညာချက်ကို
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်က ဖတ်ကြားသည်။ သဘာပတိ
ဦးဦးလှစောက အမှာစကားပြောကြားက ဒီမိုကရေစီမိတ်ဆွေပါတီများ၏ ၆၆
နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ညနေ ၃း၀၀ တွင်
အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။




အခမ်းအနားကျင်းပရာ YWCA ခန်းမ သဘာပတိအဖွဲ့ဝင်များ

သဘာပတိ ဦးဦးလှစော
မိန့်ခွန်းပြောကြားစဉ် ရှစ်ဆယ့်ရှစ်မျိုးဆက်ခေါင်းဆောင်ဦးကိုကိုကြီး
ပြောကြားစဉ်


ဒီမိုကရေစီမိတ်ဆွေပါတီများ၏ပူးတွဲကြေညာချက် ဖတ်ကြားစဉ် တက်ရောက်လာကြသူများ

NDF ပါတီမှ တက်ရောက်လာသူများ အခမ်းအနားပြီးဆုံးကြောင်းကြေညာစဉ်
*************************************************************************************
ဒီမိုကရေစိမိတ်ဆွေပါတီများ၏
(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ပူးတွဲကြေညာချက်
ရက်စွဲ။ `၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်

ပြည်ထောင်စုမြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်းတို့ခင်ဗျား….
ယနေ့သည် ပြည်ထောင်စုဝင်တိုင်းရင်းသားအားလုံး၏
ညီညွတ်ပေါင်းစည်းမြင့်မြတ်အမြော်အမြင်ကြီးမားသည့် စိတ်ဓာတ်ဖြင့်
ပင်လုံညီလာခံ သဘောတူညီချက် ရေှးဆွဲချမှတ်တည်ဆောက်အောင်မြင်ခဲ့သည့်
(၆၆)နှစ်မြောက်နေ့ထူးနေ့ မြတ်ကြီး ဖြစ်ပါသည်။
ယနေ့ကျရောက်သော (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို
အလေးအမြတ်ထားဂုဏ်ပြုသောအားဖြင့် ကျွန်ုတို့ ဒီမိုကရေစီမိတ်ဆွေပါတီများက
ညီညွတ်စုစည်းလျှက် အထိမ်းအမှတ်ပြုစုပေါင်းကျင်းပသော
ပြည်ထောင်စုသားအားလုံးတို့ အား ၀မ်းမြောက်ရွှင်လန်းစွာ
နှုတ်ခွန်းဆက်သအပ်ပါသည်။
ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွှတ်မြောက်ရေးအဖွဲ့ချု့ပ်( ဖ.ဆ.ပ.လ)
၏ဦးဆောင်မှုဖြင့် မြန်မာ့လွတ်လပ်ရေး အရေးတော်ပုံကြီး အောင်ပွဲရခါနီးကာလ
၁၉၄၇ ခုနှစ်ဦးတွင် ထိုအရေးတော်ပုံကြီး အပြီးသတ်အောင်ပွဲခံနိုင်ရေးအတွက်
အဓိကစွမ်းအားကြီးတစ်ရပ်လည်းဖြစ်လျက်၊ အနာဂတ်၌
တည်ထောင်ဖွဲ့စည်းပေါ်ပေါက်လာတော့မည့် လွတ်လပ်သည့် သမ္မတနိုင်ငံကို
ပြည်ထောင်စုအဖြစ် ဖွဲ့စည်းမည်ကိုလည်း ပဋိညာဉ်ပြုလိုက်သည့်
ပင်လုံညီလာခံသဘောတူစာချုပ် ကို (၁၂-၂-၁၉၄၇)ရက်နေ့၌ ရှမ်းပြည်နယ်၊
ပင်လုံမြို့ကလေးတွင် ဗမာအပါအ၀င် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များက
ပါဝင်လက်မှတ်ရေးထိုး အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပါသည်။
ဤသို့ဖြင့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့တွင် လုံးဝလွတ်လပ်သော
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကြီး ပေါ်ထွန်းခဲ့ပေသည်။ သို့သော်
လွတ်လပ်ရေးအကြိုနှင့် လွတ်လပ်ရေးအောင်ပွဲရပြီးစကာလမှစ၍
အယူဝါဒကွဲပြားခြား နားမှုများကြောင့်လည်းကောင်း၊
ပြည်ထောင်စု၏လူမျိုးများအကြား ခြားနားကွဲပြားသည့်အမြင်သဘောထားများကြောင့်
လည်းကောင်း၊ လက်နက်စွဲကိုင်တိုက်ခိုက်ကြရသည်အထိ ပဋိပက္ခများ
ဖြစ်ပွားလာခဲ့သည်မှာ လွတ်လပ်ရေးသက်တမ်းနှင့်အမျှ နှစ်ပေါင်း ၆၀ ကျော်
ရှည်ကြာခဲ့သည်ကိုလည်း အမျိုးသားကြေကွဲဘွယ်ရာ( National Tergedy) အဖြစ်
တွေ့ကြုံခဲ့ကြရပါသည်။
ကျွန်ုပ်တို့နိုင်ငံ၏ သမိုင်းကြောင်းကို
ပြန်ပြောင်းကြည့်ရှုသုံးသပ်မည်ဆိုပါက ယခုလက်ရှိနယ်နမိတ်များကို
ကျော်လွန်လျှက်ပင် အင်ပါယာတည်ဆောက်နိုင်ခဲ့သော်လည်း
သက်ဦးဆံပိုင်ပဒသရာဇ်အာဏာစက် နိုင်ငံအဖြစ်သာ ဖြစ်ခဲ့ကြောင်း ၊ တဖန်
ဗြိတိသျှကိုလိုနီလက်အောက်၌ တောင်တန်းဒေသတို့တွင် ပဒေသရာဇ်အုပ်စိုးမှု၊
မြေပြန့်ဒေသတွင် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကို ထွန်းကားလျှက်
တိုင်းရင်းသားချင်း ညီညွတ်မှုပြိုကွဲနေသည့် သူ့ကျွန်ဘ၀ ကိုလိုနီနိုင်ငံ
တစ်ခု သာ ဖြစ်ခဲ့ကြောင်း၊ ထိုမှ နိုင်ငံအချုပ်အခြာအာဏာ
ပြန်လည်ရရှိလာချိန်၌ ပြည်ထောင်စုနိုင်ငံထူထောင်နိုင်ခဲ့ကြ သော်လည်း
ပြည်ထောင်စုဝင်တိုင်းရင်းသားလူမျိုးစုအားလုံး ကျေနပ်လက်ခံနိုင်မည့်
အခွင့်အရေးတန်းတူညီမျှမှု၊ စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စု၊
မတည်ဆောက်နိုင်ခဲ့၍ အငြင်းပွားမှုအစုံမှသည် လက်နက်ကိုင်ပဋိပက္ခအထိ ဖြစ်ပွား
ခဲ့ပြီး ပြည်တွင်းစစ်မီး မငြိမ်းနိုင်သည်မှာ ယခုထိပင်ဖြစ်ကြောင်းတို့ကို
နာကျဉ်းနှောင်ကျဉ်ဖွယ်ရာ သင်ခန်းစာအဖြစ် ထုတ်ယူရရှိပါသည်။
ထိုကဲ့သို့ ခါးသီးလှသည့် သမိုင်းသင်ခန်းစာများအရ လက်နက်ကိုင်ပဋိပက္ခများ
ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ကျယ် ပြန့်ခိုင်မာသည့်
ပြည်တွင်းငြိမ်းချမ်းမှု ပြည်လည်တည်ဆောက်နိုင်မှသာ ၀ပြောသာယာသည့်
ဒီမိုကရေစီပြည်ထောင်စုသမ္မ တ နိုင်ငံတော်ကို တည်ထောင်နိုင်ပေလိမ့်မည်။
ထိုသို့တည်ဆောက်နိုင်ရန်မှာ လူမျိုးကြီးစရိုက်လက္ခဏာရော၊ ကျဉ်းမြောင်း သော
လူမျိုးစွဲစိတ်ဓာတ်ပါ ကင်းရှင်းသည့် ထာဝရပူးပေါင်းဖွဲ့စည်းအပ်သော
စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စုမှုအပေါ် အခြေခံရလိမ့်မည်ဟု ကျွန်ုပ်တို့
ဒီမိုကရေစီမိတ်ဆွေပါတီများက အလေးအနက် ခံယူယုံကြည်ပါသည်။
ကျွန်ုပ်တို့ ဒီမိုကရေစီမိတ်ဆွေပါတီများသည် ၂၀၁၁ခုနှစ်မှစ၍ဤကြီးမြတ်သော
ပြည်ထောင်စုနေ့ကျရောက်တိုင်း ပူးပေါင်းကျုင်းပလာခဲ့သည်မှာ ယခု ၂၀၁၃
ခုနှစ်အထိဆိုလျှင် တတိယအကြိမ်တိုင်ခဲ့ပြီ ဖြစ်သည်။ (၁၂-၂-၂၀၁၁) ပထမ
အကြီမ်ပူးပေါင်းကျင်းပသည့် အထိမ်းအမှတ်ပွဲပူးတွဲကြေညာချက်တွင်လည်းကောင်း၊
(၁၂-၂-၂၀၁၂) ရက်နေ့ ပူးတွဲကြေညာချက်တွင်လည်းကောင်း ၊
ပြည်ထောင်စုတစ်ခုလုံး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအပြည့်အ၀ ထွန်းကားရေး၊
တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်သော ပြည်ထောင်စုစနစ်
ပေါ်ပေါက်ရေးတို့အတွက် အခြားအကြံပြုချက်များအပြင်-
(က) ဖြစ်တည်ဆဲ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်း၍
ငြိမ်းချမ်းမှုတည်ဆောက်နိုင်ရန် ၊ ထိုပဋိပက္ခ တွင်
တိုက်ရိုက်၊သွယ်ဝိုပါဝင်ပတ်သက်သော နိုင်ငံရေးးအဇွဲ့အစည်းများအားလုံး
တက်ရောက်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညိလာခံ တစ်ရပ်ကို တည်ဆဲအစိုးရက
ကမကထပြုခေါ်ယူကျင်းပပေးရန်၊
(ခ) ထိုညီလာခံမှ ပြည်ထောင်စုလုံးဆိုင်ရာသဘောတူညီချက် ပဋိညာဉ်ကြိးတစ်ရပ်
သဘောတူချမှတ်နိုင် သည်အထိ အပြန်အလှန် စိတ်ရှည်ဇွဲရှိ၊သည်းခံဝေဖန်
ပိုင်းခြားစိတ်ဖြင့် နိုင်ငံရေးပါတီများ၊ အင်အားစု များ၊
တပ်မတော်တို့နှင့် ပြည်သူလူထုတစ်ရပ်လုံး ၀ိုင်းဝန်းလုံလ ဥဿဟပြု
ထောက်ခံသွားကြရန် ပန်ကြားတိုက်တွန်းခဲ့ပါသည်။
ယခုလည်း ဆိုခဲ့ပါအကြံပြုပန်ကြားတိုက်တွန်းချက်ကို
ယနေ့ကျရောက်သော(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့
အခမ်းအနားကြိးတွင်ထပ်လောင်းအတည်ပြုအပ်ပါသည်။

ဒီမိုကရေစီမိတ်ဆွေပါတီများ

မိုးကုတ်ကိုတိုးနှင့် အမှတ်တရနေ့ရက်များ(၂) ကျွန်တော်နှင့်ရုံးဖွင့်ပွဲများ

မိုးကုတ်ကိုတိုးနှင့် အမှတ်တရနေ့ရက်များ(၂)     12020213thursday 12:30AM

        ကျွန်တော်နှင့်ရုံးဖွင့်ပွဲများ

            နိုင်ငံရေးပါတီတစ်ခုဖြစ်လာရင် ပါတီရုံးဖွင့်ပွဲတွေ လုပ်နေရတာက ပုံမှန်ထုံးစံပါပဲ။ အနည်းဆုံး ရပ်ကွက်အဆင့် ရုံးကနေ မြို့နယ်ရုံးတွေ ၊ တိုင်းရုံးတွေ၊ နောက် ဌာနချုပ်ရုံးတွေ ဖွင့်ပွဲတွေ လုပ်ကြရတာပါ။ ဆိုင်းဘုတ်တင်၊ ရုံးခန်းဖွင့်တယ် ဆိုတာ ပြောရတာကတာလွယ်တယ်၊ စီစဉ်ရတာက လက်ဝင်တယ်။ သာမန်ရပ်ကွက်ရုံးကလေးဖွင့်ဖို့တောင် အတော်ပြင်ဆင်ရတယ်။ ဗဟိုဌာနချုပ်ရုံးဆိုရင် ပိုတောင်စီစဉ်ရတယ်။ သွားဖို့လာဖို့၊ ဖိတ်ဖို့၊ ပြောဖို့ဆိုဖို့၊ ခွင့်ပြုချက်တင်ဖို့၊ နောက်ဆုံး ကျွေးဖို့မွေးဖို့အထိ စဉ်းစားရတယ်။ ပွဲကျင်းပရင် လူဘယ်လောက်ဖိတ်မလဲဆိုသလို ဗဟိုဌာနချုပ်ကလည်း ဘယ်နှစ်ယောက်သွားမလဲ၊ ဘယ်သူတွေပါမလဲ၊ ဘယ်သူတွေပြောမလဲဆိုပြီး စဉ်းစားရသလို သွားဖို့လာဖို့ အစီအစဉ် ဘယ်လိုလုပ်မလဲ၊ ကားဌားမလား၊ ဘယ်သူ့ကားကို ချောဆွဲမလဲ၊ ဓာတ်ဆီဖိုးဘယ်လောက်ကုန်မလဲ၊ အလှူငွေဘယ်လိုရှာမလဲဆိုတာတွေ စဉ်းစားပြီး စီစဉ်ရတယ်။ ဒါမျိုးဆို အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က အကျွမ်းဆုံးပဲ။ NLD မှာတုန်းကလဲ ပွဲတွေကို သူစီစဉ်ခဲ့တာ များတယ်။ ကျွန်တော်တို့ပါတီက ရံပုံငွေနဲ့ အလှူရှင်ချို့တဲတဲ့ ပါတီဖြစ်နေတော့ ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင် စီစဉ်ရတယ်။

            လောလောဆယ်အနီးစပ်ဆုံး ရုံးဖွင့်ပွဲနှစ်ခုအကြောင်း ပြောပြချင်တယ်။ အဲ့ဒီရုံးတွေကတော့ ဒဂုံမြို့သစ်တောင် ပိုင်း က မြို့နယ်ရုံးသစ်ဖွင့်ပွဲနဲ့ မြောက်ဥက္ကလာပမြို့နယ်က (င)ရပ်ကွက်ဖွင့်ပွဲတွေအကြောင်းပါ။

            ဒဂုံမြို့သစ်တောင်ပိုင်းကတော့ အရင် ရန်ကုန်တိုင်းဥက္ကဌလုပ်သွားတဲ့ ကိုကျော်ဖေယျာဝင်း ၂၀၁၀ တုန်းက ၀င်ပြိုင်ခဲ့တဲ့ နေရာပါ။ သူ့လက်ထက်မှာ ရုံးဖွင့်နိုင်မှုမရှိခဲ့ပေမယ့် မြို့နယ်စည်းကတော့ ဖွဲ့ထားနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ပါတီနဲ့ မြို့ခံတွေ အဆက်အသွယ်ကျဲသွားပြီး ကြားဖြတ်ရွေးကောက်ပွဲနီးလာမှ ပြန်ဆက်သွယ်မိခဲ့တယ်။ ဒဂုံမြို့သစ်တောင်ပိုင်းဥက္ကဌ ဦးကျော်မင်းက သူတို့ဆီမှာ တနင်္ဂနွေနေ့တိုင်း ပါတီပေါင်းစုံ စုစည်းပြီး သန့်ရှင်းရေးလုပ်အား ပေး ပွဲကို ဦးဆောင်လုပ်လာတယ်။ ကြံ့ခိုင်ရေး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)နဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင် တွေနဲ့ ရပ်ကွက်ထဲက မီးသတ်၊ ကြက်ခြေနီနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပါဝင်ပြီး လုပ်အားပေးပွဲတွေ လုပ်ကြတယ်။ ဌာနချုပ်ကိုလည်း သတင်းလာပို့တော့  ကျွန်တော်က သူတို့လုပ်ဆောင်မှုသတင်းတွေကို ပါတီဖေစ်ဘုတ်မှာတင်ပြီး အခြားမီဒီယာတွေဆီကို ထပ်မံ ပေးပို့ပေးတယ်။ အခုနောက်ဆုံးကတော့ ၁၀၇ ရပ်ကွက်အတွင်းရှိ ဧရာမင်း ၁၁  လမ်းကို  အလျားပေ ၈၀၀၊ အနံ၁၂ပေ၊ ထု ၆လက်မ ကွန်ကရစ်လမ်းကို NDF၊ ကြံခိုင်ရေး၊ ဒီမိုကရက်တစ်ပါတီနဲ့ NLD အပြင် သံယာတော်များကပါ ပါဝင်လုပ်အားပေးခဲ့တယ်ဆိုတာ သိရပါတယ်။

            တောင်ဒဂုံရုံးဖွင့်ပွဲနဲ့ ပတ်သက်ပြီးပြောရရင် ရုံးဖွင့်ပွဲကို လုပ်မယ်လုပ်မယ်နဲ့ ပါတီခေါင်းဆောင်တွေအားမယ့်ရက် ရွေးရင်း နောက်ဆုံး ဖေဖော်ဝါရီလ(၉) ရက်နေ့ မှာ လုပ်မယ်လို့ သတ်မှတ်ကြပြီး လိုအပ်တာတွေကို ရန်ကုန်တိုင်းစည်းနဲ့ တောင်ဒဂုံကလူတွေ ပူးတွဲလုပ်ကြတယ်။ ဆိုင်းဘုတ်ကိစ္စ၊ဗွီနိုင်းကိစ္စ၊ အလံနဲ့ ရင်ထိုး၊ အကျီ င်္ တွေအထိ စီစဉ်ကြသလို ဌာနချုပ်ကလည်း ရုံးဖွင့်ပွဲကို ဘယ်သူတွေလိုက်မလဲ၊ ဘယ်ကားနဲ့သွားမလဲ၊ အခမ်းအနားအစီအစဉ်ကဘာတွေလဲ၊ ဘယ်သူတွေပြောမလဲ ဆိုပြီး တိုင်ပင်ကြတယ်။ ကံဆိုးသူတွေကတော့ ကိုယ်ပိုင်ကားရှိကြတဲ့ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်တွေပဲ၊ ဦးသက်ထွန်းမောင်၊ ဦးကြည်သန်းနဲ့ ဦးနေမင်းကျော်၊ ဦးတိုးပိုနဲ့ ပါတီဘဏ္ဍာရေးအဖွဲ့ဝင် ဒေါ်မြင့်မြင့်မော်တို့ ရဲ့ကားတွေက လိုရင်လိုသလို ပင်တိုင်သုံးနေတဲ့ ကားတွေပါ။ သူများတွေက ရပ်ကွက်ရုံးဖွင့်ပွဲတောင် ပါတီရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေက တက်ပြီး မိန့်ခွန်းပြောဖွင့်နေကြတာကို တွေ့နေရတာမို့ မြို့နယ်ရုံးဖွင့်ပွဲကို ပါတီခေါင်းဆောင်တွေ  တက်နိုင်အောင် အချိန်တွေကို ကြိုညှိနေရတယ်။ နိုင်ငံခြားသံတမန်တွေ၊ အဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေ၊ ဆွေးနွေးပွဲတွေ၊ ဖိုရမ်တွေက ဖိတ်တာတွေက များနေလို့ ရက်မညှိအောင် ကြိုတင်ချိန်းထားရတယ်။ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက မလိုက်နိုင်တာကြောင့် ပါတီဥက္ကဌ ဦးခင်မောင်ဆွေကို မဖြစ်မနေပါအောင် ကြိုပြောထားရတယ်။  အခြားအရေးကြီးတဲ့အလုပ်တွေ မရှိရင် လိုက်ကြဖို့ ကျန်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို မှာထားတယ်။

            ဌာနချုပ်ရုံးမှာ မနက် ၈း၀၀နာရီစုပြီးထွက်မယ်၊ ဌာနချုပ်နဲ့ နီးတဲ့သူတွေက ဌာနချုပ်ကိုလာပြီး ကျန်တဲ့သူတွေက နီးစပ်ရာနေရာတွေမှာစုပြိး သွားကြဖို့ အစီအစဉ်ဆွဲကတည်းက ပြောထားတယ်။ ဒါကြောင့် ပါတီဌာနချုပ်မှာ ဦးကြည်သန်းနဲ့ ဦးနေမင်းကျော်ကားနှစ်စီးနဲ့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်နဲ့ ရန်ကုန်တိုင်းစည်းတွေ စုပြိးသွားကြမယ်။ ကျွန်တော်ကတော့ သတင်းထောက်အလုပ်လုပ်ရမယ့်သူဆိုတော့ ကင်မရာတစ်လုံး၊ MP3 တစ်ခုနဲ့ မပါမဖြစ်ပေါ့။

            စထွက်ကတည်က ယဉ်သကိုပဲ။ ကိုနေမင်းကျော်က နေသိပ်မကောင်းလို့ နောက်ကျတာနဲ့ ၉း၀၀ လောက်မှ ထွက်ဖြစ်တယ်။ တောင်ဒဂုံက အားလုံးမရောက်ဖူးတဲ့နေရာမို့ လမ်းကမှားနေသေး။ လမ်းညွှန်တဲ့ ဦးကြီးမြင့်ကလည်း မှားနေ၊ လမ်းဘေးကလူတွေကိုမေးရင် ၁၀၇ ရပ်ကွက်၊ မြ၀တီမင်းကြီးလမ်းကို ရောက်လာတယ်။ ကျွန်တော်တို့ကားက မုဒ်ဦးလုပ်ထားတဲ့လမ်းနဲ့ ပြောင်းပြန်မောင်းဝင်လာတယ်။ အချို့နေရာမှာ ကားအောက်ပိုင်းမလွတ်လို့ ဒိုင်းကနဲချိုင်းကနဲ တိုက်မိတဲ့နေရာက လေးငါးနေရာလောက်။ ကားပိုင်ရှင် ကိုနေမင်းကျော် ဘယ်လောက်များချွေးပြန်နေမလဲ။

            တောင်ဒဂုံရုံးဖွင့်ပွဲက လမ်းအ၀မှာ မုဒ်ဦးလုပ်ထားတယ်။  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မြို့နယ်ရုံးခန်းဖွင့်ပွဲ ဆိုပြီး လမ်းထိပ်မှာချိတ်ထားတယ်။  ပါတီအလံ နီနီရဲရဲ တွေကိုလည်း လမ်းတစ်လျှောက်လွင့်ထူ ထားတယ်။ အရင်က နိုင်ငံတော်အလံဖြစ်တဲ့ ကြယ်ငါးလုံးနဲ့ ကြယ်ဆယ့်လေးလုံး အလံနဲ့ ခပ်ဆင်ဆင်။  အနီ၊အပြာနဲ့ အဖြူ။

            ကားမှာက ပါတီဥက္ကဌ ဦးခင်မောင်ဆွေ ပါလာတော့ အားလုံးက ၀ိုင်းကြိုဆိုနှုတ်ဆက်ကြတယ်။ ဥက္ကဌ ရောက်မလာသေးလို့။ ကားက တောင်ဒဂုန်ထဲမှာ မျက်စိလည်သွားလို့ နောက်ကျသွားတယ်။ လူတွေက စည်ကား နေတယ်။ ပင်နီတွေ၊ ခမောက်ရင်ထိုးတွေနဲ့ စိတ်အားထက်သန်စွာနဲ့ ကြိုဆိုတာကို မြင်ရတော့ အမောပြေသွားသ လို။ ကျွန်တော်က ကင်မရာမင်းဆိုတော့ ဓာတ်ပုံရိုက်ကောင်းမယ့်နေရာတွေကို လိုက်ကြည့်ပြီး ကိုယ့်ရဲ့ ဆမ်ဆောင်း ကင်မရာ ကလေးနဲ့ မှတ်တမ်းတင်နေတယ်။ ရန်ကုန်တိုင်းအဖွဲ့က ဘီအမ်းကားတစ်စီးဌားလာတာ သူတို့လည်း တောင်ဒဂုန် ထဲမှာပဲ မျက်စိလည်ပြီး နောက်ကျမှရောက်လာကြတယ်။  ဒါပေမယ့် ဖွင့်ပွဲကိုတော့ အချိန်မီခဲ့တယ်။

            အခမ်းအနားအစီအစဉ်အတွက် ညှိနှိုင်းတိုင်ပင်ပြီးတော့ အခမ်းအနားမစမှီ ရုံးဖဲကြိုးဖြတ်ဖွင့်ပွဲ အရင်လုပ်တယ်။ ဖဲကြိုးကို ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ဖြတ်ပြီးဖွင့်ပေးတယ်။ မိုးပျံဘူးဘောင်းတွေ မငြှိဘဲ ပျံလို့ရအောင် နေရာရွေးနေရ သေးတယ်။ ဖဲကြိုးဖြတ်ဖွင့်ပြီးတော့ အခမ်းအနားစတယ်။ သဘာပတိအဖွဲ့ထဲမှာ တောင်ဒဂုန်စည်းတွေနဲ့ ရန်ကုန်တိုင်းဥက္ကဌ ဦးသက်ထွန်းမောင် တို့ကိုထားလိုက်တယ်။ အခမ်းအနားမှူးက ရန်ကုန်တိုင်းတွဲဖက်အတွင်းရေးမှူး(၁) ကိုမင်းမင်းထွန်း၊ သဘာပတိက မြို့နယ်ဥက္ကဌဦကျော်မင်း၊ သဘာပတိအဖွင့်အမှာစကားပြောတော့ စာရွက်ကြည့်ပြောရတဲ့ အပြင် ပြောတာက မြန်နေတာကို သတိထားမိတယ်။ ပြိးမှ ပါတီခေါင်းဆောင်တွေနဲ့ တစ်ဦးချင်းမိတ်ဆက်ပေးတယ်။  အဲ့ဒါပြီးတော့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ပါတီရဲ့လုပ်ငန်းစဉ်တွေအကြောင်းရှင်းလင်းပြောကြားတယ်။ အကြောင်းအရာ မျိုးစုံပါရှိပြီး လက်တန်းပြောတယ်။ အချိန်က မိနစ် ၂၅ မိနစ်လောက်ကြာတယ်။ ပါတီဥက္ကဌပြောပြီးတော့ ရန်ကုန်တိုင်းဥက္ကဌ ဦးသက်ထွန်းမောင်က ဆက်ပြောတယ်။ သူတို့ပြီးတော့ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က ပါတီလုပ်ငန်းစဉ်တွေနဲ့လိုအပ်ချက်တွေအကြောင်း ပြောတယ်။ NDF ထဲဝင်ဖို့ ဆုံးဖြတ်ထားပြီးပြီလား။ ဒီပါတီထဲဝင်ပြီးရင် အခြားပါတီတစ်ခုကို ကူးပြောင်းဖို့ဆိုတာ မလွယ်တာကြောင့် သေသေချာချာစဉ်းစားပြီးမှ ၀င်ပါလို ထည့်ပြောသွားတယ်။ NDF ကနေထွက်ပြီးပေမယ့်  အခြားပါတီက ပါတီဝင်အဖြစ် လက်ခံဖို့အရေး ညီလာခံပြီးတဲ့အထိ စောင့်နေကြရတာကို ကြားနေရလို့ပါ။

            NDF ခေါင်းဆောင်တွေကတော့ ပြောစရာရှိတာကိုပြောကြတယ်။ ဒါပေမယ့် စောင့်ထိန်းသင့်တဲ့ကိစ္စတွေကိုတော့ ထည့်မပြောကြဘူး။ တကယ်တန်း ဖြစ်ခဲ့တာတွေကို ပြောလိုက်ရင် အော် ဒီလိုကြီးပါလားဆိုပြီးဖြစ်သွားနိုင်စရာရှိသလို ဒီမိုကရေစီအင်အားစုတွေအတွက် အားမဖြစ်စေဘဲ အားပျက်စေကာ ပြိုင်ဖက်တွေ ၀မ်းသာရမယ့်အဖြစ်မျိုး ဖြစ်သွားနိုင်တာကြောင့် စောင့်ထိန်းနေကြပါတယ်။ ဒါပေမယ့် တစ်ချိန်မှာတော့ သမိုင်းဖြစ်ရပ်မှန်ကလေးတွေ ထွက်ပေါ်စေချင်ပါတယ်။ တစ်ချိန်မှာ ဒီလိုပြောခဲ့ကြတယ်၊ ဒီလိုဖြစ်ခဲ့ကြတယ်ဆိုတာ နောက်လူတွေသိပြီးသင်ခန်းစာယူနိုင် ကြဖို့ပါ။ မှတ်တမ်းကလေးတွေတော့ ရေးထားခဲ့ကြပါလို့ တတ်နိုင်သမျှ တိုက်တွန်းကြည့်ရဦးမယ်။ ဒီနေ့ပြောတာဆို တာတွေကိုတော့ အသံဖမ်းထားပြီးပြီ။ နောင် အားမှပဲ စာသားအဖြစ်ပြောင်းလဲရဦးမယ်။ ဒါကလည်း လုပ်မယ့်သူက ကိုယ်တစ်ယောက်တည်းဆိုသလိုဖြစ်နေတယ်။

            ဒေါက်တာဝင်းနိုင်ပြောပြီးတဲ့နောက် ရန်ကုန်တိုင်းအတွင်းရေးမှူး ကိုထက်အောင်ကျော်က ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်နေတဲ့ကိစ္စတွေနဲ့ ရှေ့ဆက်လက်လုပ်ဆောင်မယ့် ကိစ္စတွေကို ပြောကြားတယ်။ မြောက်ဥက္ကလာပလူငယ်တွေ ဦးဆောင်လုပ်ဆောင်နေတဲ့ သွေးလှူအသင်းမှာ ပါဝင်ကြဖို့ နိုးဆော်သွားတယ်။ အဲ့ဒီမှာက ဒေါက်တာလှမျိုးနဲ့ ဒေါ်အေးအေးမော်တို့က ဦးစီးနေတာဖြစ်တယ်။

            ရုံးဖွင့်ပွဲနဲ့ အခမ်းအနားပြီးတော့ တက်ရောက်တဲ့သူတွေကို နေ့လည်စာထမင်းနဲ့ ဧည့်ခံတယ်။ ဟင်းတွေက ၀က်သားဆီပြန်၊ သရက်ချဉ်၊ သီးစုံအချဉ်ရေ၊ ငပိရေချို၊ အတိုအမြုတ်တွေနဲ့။ လူများတော့ နှစ်သုတ်ခွဲကျွေးတယ်။

            စားသောက်ပြီး ပြန်ဖို့လုပ်မယ်ဆိုတော့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေရဲ့ အသိ ဘုန်းတော်ကြီးတစ်ပါး သတင်းသုံးရာ ဘုန်းကြီးကျောင်းကိုလိုက်ပို့ကြတယ်။  ဘုန်းကြီးကျောင်းက နှစ်ထပ်တိုက်အိမ်။ စေတီတော့ မရှိသေး။ အောက်ထပ်မှာ ကျောက်ဆင်းတုတစ်ဆူက ဥာဏ်တော်ခြောက်ပေရှိမယ်။ အနီးမှာတော့ ဟိန္ဒူဘုရားကျောင်းက ရောက်နေပြီ။ အချွန်အတက်တွေ ထိုးထိုးထောင်ထောင်နဲ့။ ဘုန်းကြီးကျောင်းပတ်ဝန်းကျင်က မြေပြန့်လွတ်ကြီး၊ အပင်လည်းမရှိ၊ လယ်ကွက်ဟောင်းတွေဆိုတာ သိသာနေတယ်။ ဘေးရပ်ကွက်တွေကမှာအပင်တွေနဲ့ ထိုးထိုးထောင်ထောင်ရှိနေတယ်။ ဘုန်းကြီးကျောင်းရှေ့မှာက မြေတူးစက်ကြီးနှစ်စီးနဲ့ ရေကန်ကြီးတစ်ကန်။ အရင်က ဒီမြေတွေကိုတူးပြီးရောင်းစားတာ။ ဘယ်သူက ဘယ်လိုခွင့်ပြုချက်နဲ့ လုပ်မှန်းမသိရ။ ရေကန်က မြေတူးထားလို့ အတော်နက်နေ၊ ကလေးတွေ မကြာခဏ ရေဆင်းကူးရင် သေဖူးတယ်။ ရပ်ကွက်ကနေ ပါတီကိုတိုင်၊ ပါတီလွှတ်တော်ကိုယ်စားလှယ်တွေ က သက်ဆိုင်ရာတွေကို ပြောပေးလို့ မြေတူးတာရပ်ထားတယ်။ ဒါတောင် စက်တွေကိုချန်ထားပြီး လစ်ရင်ဆက်တူးမယ့် သဘောရှိနေတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်က မတူးတော့ဖို့ပြောပြီး ရေကန်ကိုဘောင်ခတ်ဖို့ပြောခဲ့ပေမယ့် ဒိအတိုင်းပဲ ရှိနေသေးတယ်။ အောက်ခြေက အပေါ်ကညွှန်ကြားချက်ကို သိပ်အလေးမထားသလိုပဲ၊ အောက်ခြေဆိုင်ရာပိုင်ရာတွေက အချင်းချင်း ညှိစား နေကြတာလား။  မြေတူးစက်နှစ်ခုစလုံကို ဒီအတိုင်း ခြောက်လကြာလောက် မိုးထဲရေထဲ ပစ်ထားနိုင်တာက ဘယ်အဖွဲ့အစည်းကများ ပိုင်ထားလို့လဲ။ ငွေတော်တော်ပေါနေပုံရတယ်။ 

            တစ်ခုတော့ ကျေးဇူးတင်ရဦးမယ်။ ဒီလိုပြဿနာတွေဖြစ်လာတော့ ဟိုတိုင်၊ဒီတိုင်နဲ့ လိုက်တိုင်ကြရင်း နောက်ဆုံး ပါတီကိုရောက်လာကြတယ်။ ပါတီဌာနချုပ်ခေါင်းဆောင်တွေရဲ့ အကြံပေးမှုနဲ့ ပါတီလွှတ်တော်အမတ်တွေကလည်းဘောင် ထဲကနေတတ်နိုင်သမျှလုပ်ပေးကြတော့အဆင်ပြေသင့်သလောက် ပြေသွားကြတယ်။ ဒါကြောင့် လူထုအတွက်တကယ်ကို လုပ်ပေးတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီထဲကို ၀င်လာကြတာလို့ ပြောတော့ ကျွန်တော်တို့လည်း လုပ်ဆောင်ပေး ရကျိုးနပ်သလို ၀မ်းလည်းဝမ်းသာရပါတယ်။ နိုင်ငံရေးပါတီဆိုတာ ပြည်သူတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးကြဖို့ ရည်ရွယ်တာပဲ မဟုတ်ပါလား။ အသွားတုန်းကတော့ လမ်းမှားမျက်စိလည်သလောက် အပြန်ကျတော့လည်း ရှောရှောရှုရှု နဲ့ ဌာနချုပ်ကို ပြန်ရောက်လာတယ်။

            ဒါကတော့ ဒဂုံမြို့သစ်တောင်ပိုင်း ရုံးဖွင့်ပွဲအမှတ်တရလေးကို မှတ်တမ်းအဖြစ် ရေးကြည့်တာပါ။

နောက်တစ်ခါကတော့ မြောက်ဥက္ကလာပ(င)ရပ်ကွက်ရုံးဖွင့်ပွဲကို ထပ်ရေးပါဦးမယ

Monday, February 11, 2013

မိုးကုတ်ကိုတိုးနှင့် အမှတ်တရနေ့ရက်များ(၁) 10020213SUN 9:30PM

မိုးကုတ်ကိုတိုးနှင့် အမှတ်တရနေ့ရက်များ(၁)  10020213SUN 9:30PM

 

            အမှတ်တရ၊ သတိတရဖြစ်စေမယ့် ကိစ္စရပ်လေးတွေက လူတိုင်းမှာရှိပါတယ်။ အနည်းအများ နည်းနည်းလေးကွာခြားကြမှာပါ။ ထိုနည်းတူ ကျွန်တော့်မှာလည်း ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးလောကထဲကို ရောက်ခဲ့တဲ့ ရှစ်လေးလုံးစတဲ့နေ့ ၈-၈-၁၉၈၈ ခုကတည်းကဆိုရင် အခုဒီနေ့အချိန်ကာလအထိ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောစရာတွေ အများကြီး ရှိနေပါတယ်။ နှစ် ၂၀ ကျော်ကာလအတွင်းမှာ ကျွန်တော်က နယ်မြို့လေးက မြို့နယ်အတွင်းရေးမှူး အဆင့်လောက်ဆိုတော့ ကျွန်တော့်လုပ်ရပ်တွေက  နိုင်ငံနဲ့ချီပြီး ပြောရအောင်တော့ သိပ်မရှိခဲ့ဘူး။ ဒါပေမယ့် နိုင်ငံနဲ့ ချီပြီး တွေးခဲ့တာတွေကတော့ ရှိခဲ့ပါတယ်။

            ကျွန်တော်ရဲ့မိခင်ပါတီကြီး အခုတော့ ပါတီသစ်ကြီးဖြစ်သွားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကြီး   ပါတီဟောင်းဘ၀ဖြစ်နေတုန်းက မှတ်ပုံထပ်မတင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ ၂၉-၃-၂၀၁၀ ရက်နေ့နောက်ပိုင်းကစပြီး ကျွန်တော့်ရဲ့ နိုင်ငံရေးဘ၀က တဆစ်ချိုးပြောင်းသွားခဲ့တယ်။ အစည်းအဝေးတက်ရောက်ခွင့်ရှိတဲ့သူ တစ်ယောက်မဟုတ် တာကြောင့် ဒီအစည်းအဝေးကြီးမှာ ဘယ်လိုတွေအပြန်အလှန်ဆွေးနွေးကြပြီး ဘယ်လိုဆုံးဖြတ်လိုက်လို့ မှတ်ပုံထပ်မတင် နိုင်ဘူး၊ ရွေးကောက်ပွဲမ၀င်နိုင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဖြစ်လာတာလဲဆိုတာကို  တွေးဆလို့ မရတာကြောင့် ကျွန်တော်ဖာသာ စာတမ်းတစ်စောင်ရေးဖြစ်ခဲ့တယ်။ အဲ့ဒီစာတမ်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ကော်မတီသို့ အိတ်ဖွင့်ပေးစာဆိုပြီးခေါင်းစဉ်တပ်ပြီး အွန်လိုင်းကနေ တင်လိုက်တယ်။ ပို့စရာရှိတဲ့ သတင်းဌာနတွေကိုလည်း အီးမေလ်းနဲ့ ပို့လိုက်တယ်။  ရက်စွဲကတော့ ဧပြီလ ၇ ရက်၊ ၂၀၁၀ ။ တုန့်ပြန်တာကတော့ အာဖက်အေကပဲ မေးချင်တယ်လို့တစ်ယောက်က  ပြောတယ်။ မိတ်ဆွေတစ်ယောက်ကတော့ ပစ်ပစ်ခါခါကို ဝေဖန်တယ်။ ဒီစာရေးတဲ့လူဟာ အမတ်နေရာမက်နေသူတဲ့။ မဆလလက်သစ်တဲ့။ ဘာရေးထားတယ်ဆိုတာကတော့ နောက်ဆက်တွဲ မှာ  ဖတ်ကြည့်ကြပေါ့ဗျာ။ ကျွန်တော်တွေးတဲ့ အတွေးတွေ ဘယ်လောက်အထိ မှန်သလဲဆိုတာ။

             NLD နဲ့ပတ်သက်ပြီး မှတ်မှတ်ရရ တစ်ခုပေါ့ဗျာ။ ရေဒီယိုကနေ ဗွီအိုအေမှာ  ဦးတင်ဦးက ဖျက်သိမ်းရေးကော်မတီဖွဲ့လိုက်ပြီလို့ ပြောလိုက်လို့ ကျွန်တော်နဲ့ ဦးလှဦး (မြို့နယ်ဥက္ကဌ )တို့ကလည်း မိုးကုတ်ရုံးကပစ္စည်းတွေစာရင်းလုပ်၊ လာသိမ်းရင် ပေးနိုင်အောင်လုပ်၊ သိမ်းစရာရှိတာသိမ်း၊ ယူစရာရှိတာယူ၊ မိုးကုတ် NLDရဲ့ မှတ်တမ်းတွေအားလုံးက ကျွန်တော့်ဆီမှာ သိမ်းထားတယ်။ နောက်ဆုံး မြို့နယ်အလုပ်အမှုဆောင်တွေထဲက ကျန်တဲ့သူတွေ တွေ့ဆုံပြီး နောက်ဆုံးအမှတ်တရဓာတ်ပုံရိုက်၊  ရုံးခန်းကို ပိုင်ရှင်ဦးအောင်ကျော်ဆီကို ပြန်အပ်ခဲ့တာကို သတိရတယ်။ အခုတော့ ပါတီဖျက်သိမ်းရေးကော်မတီ ဖွဲ့ပြီးလုပ်ခဲ့တယ်ဆိုတာကိုတောင် အသိမခံရဲတော့ဘူး။ ရန်ကုန်ရုံး ချုပ်မှာလည်းပဲ အဲ့ဒီအချိန်က ရှိသမျှပစ္စည်တွေကိုစာရင်းလုပ်၊ ပစ်သင့်တာပစ်၊ဖျက်သင့်တာဖျက်နဲ့  ပို့သင်တာပို့၊ ဖျောက်သင့်တာဖျောက် လုပ်သွားခဲ့တယ်လို့ ဆိုတယ်။

            အမျိုးသားဒီမိုကရေစီအင်အားစုထောင်မယ်ကြားတော့ ဟိုဆက်ဒီဆက်နဲ့ နောက်ဆုံး ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနဲ့ ကိုမျိုးဇော်အောင်တို့နဲ့ ဖုန်းအဆက်အသွယ်ရလိုက်တယ်။ မိုးကုတ်က အင်အားစုတွေက  ဦးခင် မောင်ဆွေတို့ကို ကူညီမယ်လို့ ပြောလိုက်တယ်။ အဲ့ဒီအင်အားစုဆိုတာကတော့ သိပ်မကြီးလှပါဘူး။ ရွေးကောက်ပွဲ လမ်းကြောင်းကို သွားသင့်တဲ့ဆိုတဲ့ အုပ်စုကလေးပါ။  ကျွန်တော်ရယ်၊ စာရေးဆရာကိုထက်နိုင် (တလုတ်မြို့)၊ ကိုရဲအောင်၊ ကိုဝင်းဌေး၊ ကိုစိုးမြင့်၊ ကိုကျော်ကျော်မျိုး၊ ကိုဝင်းထိုက်၊ ကိုဖိုးအောင်၊ ကိုသက်နိုင်၊ တို့ဖြစ်တယ်။ ဒီလူတွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်တော်တို့ ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းခဲ့ တယ်။

            မန္တလေးတိုင်းစည်းဖွဲ့မယ်လုပ်တော့လည်း ရှိတဲ့လူတွေနဲ့ ၀ိုင်းလုပ်ကြတယ်။ အဖွဲ့ဖွဲ့ဖြစ်အောင်ဖွဲ့ပြီး တာဝန်ယူကြတယ်။ ဦးတင်အောင်အောင်၊ ဦးမြင့်သွင်နဲ့ ဦးကျော်အောင်၊ ဦးမြင့်ဌေးတို့က တအားပေါ့။ ပါတီဖွဲ့စည်းရေး အတွက် မေလ အလွန်ပူနေတဲ့အချိန်မှာ မေလ ၃၀၊  ၂၀၁၀ မှာ  ကိုမျိုးဇော်အောင်နဲ့ ပထမအကျြိမ်တွေ့ဖို့ မန္တလေးကို ကိုထက်နိုင်ရဲ့ ဆိုင်ကယ်နဲ့ ဆင်းလာတယ်။ ဒီဆိုင်ကယ်နဲ့ပဲ မိုးကုတ်-မန္တလေးလမ်းကို အကြိမ်ကြိမ်အသွားအပြန် မောင်းခဲ့ကြတယ်။ မိုးသည်းသည်းမည်းမည်းရွာတဲ့ အချိန်၊ ဆောင်းမြူတွေဆိုင်းနေတဲ့ အချိန်၊ ညပိုင်းအချိန်တွေက နှစ်ယောက်သား ဆိုင်ကယ်နဲ့ သွားလာခဲ့တာကို သတိတရပါပဲ။ အဲ့ဒီတုန်းကတော့ ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ်ဆိုတော့ ပင်ပန်းတာကို လုံးဝဂရုမစိုက်ခဲ့ဘူး။ လမ်းမှာ ဆိုင်ကယ်လဲလို့၊ ချိန်းပြတ်လို့၊ ဘီးပေါက်လို့ ဆိုတာတွေကို ခဏခဏကြုံခဲ့ ရတယ်။

            ကိုမျိုးဇော်အောင်ကို ပထမအကြိမ်ဆုံဖူးတာကလည်း ၂၀၀၉ ခုနှစ်လောက်က မိုးကုတ်ကို သူရောက်လာတုန်း ကပါ။ တကယ်လို့ NLD ရွေးကောက်ပွဲမ၀င်ဘူးဆိုရင် ဘာလုပ်ကြမလဲဆိုတဲ့ မေးခွန်းကို လာမေးတာ။ ကျွန်တော်တို့က တော့ရှင်းတယ်။ NLD ရွေးကောက်ပွဲမ၀င်ရင် ရွေးကောက်ပွဲဝင်မယ့် အခြားပါတီတွေနဲ့ ဆက်သွယ်လုပ်ဆောင်ရမယ်လို့ သဘောထားပေးခဲ့တယ်။ ကျွန်တော်တို့အတွက်ကတော့ ရွေးကောက်ပွဲဆိုတာ တရားဝင်လမ်းကြောင်းထဲက အမြင့်ဆုံး အားပြိုင်မှုတစ်ခုလို့ ခံယူထားတယ်။ ၂၀၀၈ အတည်ဖြစ်ကတည်းက ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားဖို့လိုပြီလို့ ယူဆထားတယ်။ ဒါကြောင့် ၂၀၁၀ ကိုရင်ဆိုင်ခြင်းဆိုတဲ့ စာတမ်းတစ်စောင်တောင် ကိုယ့်မြို့နယ်ကိုအခြေတည်ပြီး ပြုစုတယ်။ ပြီးတော့ ဒေါ်မေနှင်းကြည်ကနေတစ်ဆင့် NLD ဗဟိုကို ပါးလိုက်တယ်။  ဒါကတော့ ကိုမျိုးဇော်အောင်နဲ့ ပထမဆုံးအကြိမ် တွေ့ခဲ့ခြင်းပါပဲ။ တွေ့တာကလည်း ကိုယ့်အိမ်မှာပဲ။  အခုတော့ ကိုမျိုးဇော်အောင်လည်း နိုင်ငံရေးလောက ကနေ လွင့်စင်ပြီး ပညာရေးလောကထဲရောက်သွားပြီ။  Innovation ACADAMY မှာ ဥက္ကဌ လုပ်ပြီး စွမ်းရည်ဖွံ့ဖြိုးရေးသင် တန်းတွေ ပေးနေတယ်။ သူရဲ့ အခြေခံဥပဒေတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်နားလည်မှုကို အခုပြန်သတိရတယ်။ သူ့အမြင် ကလေးတွေကို ဆွေးနွေးချင်မိတယ်။

            အီးဂရက်နဲ့ ဒေါက်တာနေ၀င်မောင်နဲ့ ပထမဦးဆုံး ဆုံခဲ့ဖူးတာကလည်း သတိတရဖြစ်စရာပါ။ မန္တလေးမှာ အီးဂရက်က မန္တလေးဆွမ်းဟိုတယ်မှာ ဇူလိုင်လ ၁၇ရက်ကနေ ၁၉ ရက်အထိ သင်တန်းသုံ့းရက်လာပေးတယ်။ ဒါကို သင်တန်းတက်ဖို့ မိုးကုတ်ကနေ ကိုထက်နိုင်၊ကိုဝင်ဌေး၊ကိုဖိုးအောင်နဲ့ ကျွနတော်တို့လေးယောက် ဆိုင်ကယ်င်္နှစ်စီးနဲ့ ဆင်းလာတယ်။ မန္တလေးတိုင်းအစည်း အဝေးပါ တစ်ပါတည်းတက်ရင်း။ တည်းတော့ ကိုဝင်းဌေးအိမ်မှာ။  ဦးမြင့်ဌေးက မိတ်ဟောင်းဆိုတော့ လိုက်မိတ်ဆက်ပေးလို့ ဟော်တယ်မှာပထမဦးဆုံး ဒေါက်တာနေ၀င်မောင်ကို တွေ့ဖူးတယ်။ ဘောင်းဘီတိုနဲ့ စီးကရက်နဲ့ လူ။ အီးဂရက်သင်တန်း သုံးရက်ကလည်း ကျွန်တော်တို့နယ်မှာအနေများသူတွေ လုံးဝမတွေ့ မကြုံဘူးတဲ့ သင်တန်း အသစ်အဆန်းတစ်မျိုး။ အခုတော့ ဒီလိုသင်တန်းတွေ ဗွက်ထနေပြီ။ ကျွန်တော့အတွက်ကတော့ အတွေ့အကြုံသစ်ကြီးပဲ။ သင်တန်းပို့ချပုံ၊ သင်တန်းသားတွေ စုပေါင်းဆွေးနွေးပုံ၊ မေးခွန်းမေးပုံ၊ ကျွေးမွေးပုံတွေဟာ အသစ်အဆန်းပဲ။ ရှေ့နေ ဦးအောင်ခိုင်ကတော့ အမေးအမြန်းအထူဆုံး။ ကျွန်တော်လုပ်ရတာ အခက်ဆုံးကတော့ သင်တန်းသားတွေကိုယ်တိုင်ပါဝင်ရတဲ့ သရုပ်ပြမှုပဲ။ အဲ့ဒီထဲမှာ ကိုယ်လည်းတစ်ယောက်အဖြစ် ပါဝင်ရတာက တော်တော် ခက်တာပဲ။

ဒီထဲမှာ ပိုပြီးအမှတ်တရဖြစ်စေတာကတော့ နေ့လည်စာကျွေးတဲ့အချိန်မှာ ကျွန်တော်တို့အတွက် နေရာမလောက် လို့ သင်တန်းဆရာတွေဖြစ်တဲ့ ဒေါက်တာနေ၀င်းမောင်၊ ဒေါ်အေးမြလှိုင်၊ မနန်းသိဂီ င်္ တို့နဲ့ တစ်ဝိုင်းတည်းစားခဲ့ရတာတယ်။ အဲ့ဒီဓာတ်ပုံတွေက အခုတော့ အတော်တန်ဖိုးရှိသွားပြီ။

ရန်ကုန်ရောက်ရင် အီးဂရက်ကသင်တန်းတွေ တက်မယ်လို့ စိတ်ကူးပေမယ့် ကိုယ်ရတဲ့အချိန်နဲ့ အီးဂရက်ရဲ့ တနေကုန်တက်ရမယ့်အချိန်တွေကြောင့် အချိန်မပေးနိုင်တော့လို့ လုံးဝမတက်ဖြစ်တော့ဘူး။ ရုံးအလုပ်ကလည်း ကိုယ့်က အများဆုံးတာဝန်ယူထားခဲ့တော့ ကိုယ်ပဲ ဘယ်နေရာဘာရှိလဲ သိနေတယ်။ အခြားသူတွေက မသိကြဘူး။ ရန်ကုန်လာ တုန်းကတော့ ဌာနချုပ်သုတေသနဌာနမှာလုပ်ဖို့။ နောက်ဆုံးလုပ်ရင်းလုပ်ရင်း ရုံးအုပ်ချုပ်ရေးမှူးအလုပ်၊ စာစီစာရိုက်နဲ့ ၀င်စာထွက်စာ၊ ပြန်ကြားရေးအလုပ်၊ အင်တာနက်အလုပ်၊ အီးမေလ်း၊ ဖေစ်ဘုတ်နဲ့ ၀က်ဆိုက်တွေတင်ဖို့အလုပ်တွေ၊  ရွှေခမောက်စာစောင် အယ်ဒီတာချုပ်အလုပ်တွေနဲ့ နပမ်းလုံးနေရတဲ့အဆင့် ဖြစ်သွားခဲ့ပြိ။ ဒီကြားထဲမှာ ရယ်စရာဖြစ် ရပ်တွေကလည်း ဖြစ်လာသေးတယ်။ မြို့နယ်ကလာတဲ့ မြို့နယ်စည်းတစ်ယောက်က ဒီစားဖိုမှူက ဘာသိလို့ ၀င်ဝင်ပြောနေရတာလဲလို့ အခြား တစ်ယောက်ကို မေးတယ်ဆိုပြီး ပြန်ကြားရတယ်။ ကျွန်တော်က မနက်ပိုင်းမှာ ရုံးကို ပါတီခေါင်းဆောင်တွေလာရင် အဆင်သင့် ဖြစ်နေအောင် ထမင်းချက်၊ ရေနွေးအိုးတည်၊ ပုဂံဆေးလုပ်နေတာကို မြင်နေကြတာကိုး။ ဒါကြောင့်မို့ ထင်လည်းထင်လောက်ပါတယ်။ ဒါကလည်း အမှတ်တရဖြစ်စရာပါပဲ။  ပြောရင်းပြောရင်းနဲ့ ပြောနေတဲ့လမ်းကြောင်းက ပြောချင်တဲ့လမ်းကြောင်းနဲ့ နည်းနည်း လွဲလာပြီ။

            အီးဂရက်သင်တန်းကတော့ အခြားသူတွေတော့ မသိဘူး။ ကျွန်တော့်အတွက်ကတော့ မျက်စီပွင့်စေတယ်။ဒါက လည်း စာဖတ်နာထားတဲ့ အကျိုးလဲပါတယ်။ စာစုံဖတ်ထားတော့ ဘာဆိုလိုတာကို သိနေတယ်။ ကိုယ့်အတွက် အားလုံးက လိုက်လိုရနေတယ်။

            ဦးခင်မောင်ဆွေနဲ့ ပထမဦးဆုံး တွေ့ဆုံဖူးတာကိုလည်း ပြန်သတိရတယ်။ ၂၅-၆-၂၀၁၀ ရက်နေ့က ဦးခင်မောင်ဆွေတို့ မန္တလေးလာမယ် ဆိုလို့ မိုးကုတ်ကနေ ဆင်းလာတယ်။ သူတို့တည်းမယ့် မန္တလေးထွန်းလှဟိုတယ်မှာ သွားစောင့်ကြတယ်။ လာတာက တော့ ဦးစိုးဝင်းကားနဲ့။ ဦးစိုးဝင်းကို အဲ့ဒီတုန်းက သိပ်မသိဘူး။ ကားပေါ်ကဆင်းလာတဲ့ ဦးခင်မောင်ဆွေကို ကျွန်တော်က မိုးကုတ်က ကိုတိုးတိုးပါ ဆိုပြီး မိတ်ဆက်လိုက်တယ်။  ဒါက ပထမဦးဆုံး တွေ့ဆုံချင်းပဲ။ အရင်တုန်းကတော့ အံတီနီ( ဒေါ်မေနှင်းကြည်- မိုးကုတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ကနေ တဆင့် မိုးကုတ် လူငယ်တွေကို ဒီလိုမေးခွန်းတွေနဲ့ပတ်သက်လို့မေးရင် ဦးခင်မောင်ဆွေက ဘယ်လိုပြောလိုက်ပါ၊ ဘယ်လိုဖြေလိုက်ပါ ဆိုတာတွေ နဲ့ပဲ ကြားခဲ့ဘူးတယ်။ ဦးခင်မောင်ဆွေ၊ ဦးစိုးဝင်း၊ ဦးစိန်လှဦး တို့ ပါတယ်။  နောက်တနေ့ ဦးတင်အောင်အောင်အိမ်မှာ တိုင်းစည်းနဲ့တွေ့ပြီး ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်။

            ရန်ကုန်ရုံးဖွင့်ပွဲ (၁-၈-၂၀၁၀)ကို တက်ဖို့ မိုးကုတ်ကနေ ကိုထက်နိုင်၊ ကိုဝင်းဌေးနဲ့ ကျွန်တော်တို့ လာခဲ့တယ်။ မန္တလေးတိုင်းအဖွဲ့နဲ့ ကားစီးပြီးလာတယ်။ ရန်ကုန်ကို မရောက်တာကတော့ ၁၉၉၂ ကတည်းကဆိုရင် ၁၈ နှစ်လောက် ရှိပြီ။ စီးပွားရေးတက္ကသိုလ်တက်တုန်းကတော့ အသွားအပြန် ရထား။ ညဆိုရင် လမ်းဘေးဘာရှိလဲ မမြင်ရ။ ရန်ကုန်-မန္တလေး ကားစီးချင်တာ အခုမှ ပြည့်တော့တယ်။ အမြန်လမ်းသစ်ကဆိုတော့ သူတို့ပြောတာကို နားထောင်းရင်းနဲ့ ရန်ကုန်ရောက် သွားတယ်။ ကိုယ်မရောက်တဲ့နှစ်တွေအကြာကြီးနောက် ရန်ကုန်က ဘယ်လိုမှ မမှတ်မိနိုင်တော့ဘူး။ တည်းတော့ ဗဟန်း ငါးထပ်ကြီးဘုရားလမ်းက သိမ်ကုန်းပရိယတ္တိစာသင်တိုက် က ကာလကတ္တားကျောင်း။ ဦးကျော်အောင်တို့ မန္တလေးအုပ်စု တည်းနေကျ၊ နိုင်ငံရေးသမားတွေ တည်းတဲ့နေရာ။

            ရုံးဖွင့်ပွဲကျမှ NDF ခေါင်းဆောင်တွေကို အားလုံးမြင်ရတယ်။ တစ်ဦးနဲ့တစ်ဦး ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်ကြတယ်။ အဲ့ဒီအခါကျမှ ဒေါက်တာသန်းငြိမ်းကို မြင်ဖူးတယ်။ ကျွန်တော်ပြုစုထားတဲ့ NDF ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းဆိုတဲ့ စာတမ်းကို ပေးခဲ့တယ်။  ပါတီစတင်လာချိန်ကနေ နောက်ဆုံး အာဇာနည်နေ့အထိ အင်တာနက်က နေ ရတဲ့သတင်းတွေကို ပြုစုထားတာ။ နောက်ဆက်တွဲ ဖတ်ကြည့်နိုင်ပါတယ်။

            ပါတီခေါင်းဆောင်တွေက ကျွန်တော်ကို စာနဲ့သိနေတယ်။ ကျွန်တော်ရေးသားတဲ့ NLD C EC သို့ အိတ်ဖွင့်ပေးစာ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ဒုတိယမြောက်ကာလ( အမျိုးသားဒီမိုကရေစီအင်အားစုပါတီကိုကြိုဆိုခြင်း)၊ နောက်ပြီး ၂၀၁၀ ကိုရင်ဆိုင်ခြင်းဆိုတဲ့ စာတမ်းတွေက ဗဟိုခေါင်းဆောင်တွေဆီရောက်ပြီး ဖတ်ဘူးနေကြတယ်။  ၂၀၁၀ ကိုရင်ဆိုင်ခြင်းနဲ့ အိတ်ဖွင့်ပေးစာကတော့ အမျိးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေကို ပို့ခဲ့တာပါပဲ။ ဒါပေမယ့် ဘာမှ ပြန်ကြားချက် မရှိပါ။ အရင်က မိုးကုတ်မြိုနယ်အနေနဲ့ ဗဟိုဆီရေးတင်တဲ့စာတွေ ရှိခဲ့ပါတယ်။ လုပ်သင့်တာတွေကို တင်ပြထားတာ မို့   ပြန်ဖတ်ကြည့်မိရင် ကိုယ့်အင်အားစုဘက်က ဘယ်လောက်အထိကို အားနည်းခဲ့တယ်ဆိုတာ မြင်နေ ရတယ်။ ဒါကြောင့်လည်း ကိုယ်ကအခုNDF ဖြစ်နေတာကိုး။ ဘာကြောင့်လဲဆိုတော့ ဘာဖြစ်လို့ မလုပ်ကြတာလဲ၊ မမြင်ကြ တာလဲ ဆိုတာကို မေးခွန်းထုတ်ရင်း၊ ဆန်းစစ်ရင်း၊ သုံးသပ်ရင်း ကိုယ့်အရည်အချင်း၊ သူ့အရည်အချင်းတွေကို နှိုင်းဆလို့ရ လာတယ်။ တစ်ခါမှ ရင်းရင်းနှီးနှီး မတွေ့ဘူး၊ မမြင်ဘူး၊ မနေဖူးပေမယ့် ပြောစကား၊ ကြားစကား၊ လုပ်ရပ်တွေနဲ့ ပြောဆိုချက်တွေကိုကြည့်ပြီး ဝေဖန်သုံးသပ်ကာ ဆုံးဖြတ်ကြည့်နိုင်ခဲ့တယ်။  ကျွန်တော်တို့ဟာ သမိုင်းတစ်ခေတ်မှာ တာဝန်ကျေခဲ့ပြီဆိုတာကို  ကြည်ကြည်နှုးနှုးနဲ့ ခံစားမိပါတယ်။ ကိုယ့်လုပ်ရပ်အတွက် ဂုဏ်ယူမိပါတယ်။   ဘယ်သူတွေက ဘယ်လိုပြောပြော ကျွန်တော်တို့ဟာ ပြည်သူတွေအပေါ် သစ္စာမဖောက်ခဲ့ဘူး၊ ပြည်သူတွေ အတွက် ရှေ့ကနေ ရှိသမျှအင်အားနဲ့ မားမားရပ်ပေးခဲ့တယ်ဆိုတာကတော့ ဘက်မလိုက်တဲ့ သမိုင်းဖြစ်ရပ်မှန်ရေးခဲ့ရင် ပေါ်လာပါလိမ့်မယ်။

            မန္တလေးတိုင်းထဲက ဦးတင်အောင်အောင်တို့၊ ဒေါက်တာလှစိုးညွှန်တို့၊ ဦးမြင့်သွင်တို့၊ ဦးကျော်အောင်တို့၊ ကိုနေမင်းကျော်တို့၊ ဦးအောင်ခိုင်တို့၊ ဦးမြင့်ဌေးတို့ ဆိုတာ  NDF လုပ်မှ ရင်းရင်းနှီးနှီး ကျွမ်းဝင်ခဲ့ကြရတာပါ။ ကျွန်တော်ရေးတဲ့ စီအီးစီသို့အိတ်ဖွင့်ပေးစာနဲ့  NDF ကို ကြိုဆိုခြင်းစာတမ်းနှစ်စောင်ကလည်း အတော်ပေါက်တာပါလား။ စာကိုသိနေကြပြီး လူကို တွေ့ချင်နေကြတာ။ သူတို့နဲ့ မိတ်ဆွေဖြစ်ခဲ့ရတာကလည်း အထူးဝမ်းသာပါတယ်။ ဒေါက်တာလှစိုးညွှန့်ကို ပိုပြီး ခင်မိတယ်။  ဆရာနဲ့ ပထမဦးဆုံး ဆုံမိတာကတော့ အီးဂရက်ရဲ့ မန္တလေးသင်တန်း နောက်ဆုံးနေ့မှာ စပို့ရှတ်အမည်း ၀တ်လာတဲ့ ဆရာနဲ့ ဦးကျော်အောင်တို့က မိတ်ဆက်ပေးတယ်။  နောက် မန္တလေးတိုင်းစည်း အစည်းအဝေးလုပ်တော့ ဆရာပါလာပြီး နောက်ပိုင်းမှာ ဆရာက မန္တလးတိုင်းဥက္ကဌ ဖြစ်လာတယ်။ ဆရာအိမ်က စာအုပ်တွေနဲ့ ဖတ်တဲ့ စာအုပ်အမျိုးအစားကလည်း တူနေလို့ အလွန် အထင်ကြီးခဲ့မိတယ်။ ဆရာရဲ့ ဆုံးဖြတ်၊သုံးသပ်တာရယ်၊ မိန့်ခွန်းပြောတာတွေကလည်း ကျွန်တော့်အတွက်ကတော့ ပညာယူစရာပဲ။ ဘယ်လိုမှ လိုက်မမှီနိုင်ဘူး။ ပြီးတော့ လိုအပ်တာကို ကူညီပေးသလို အိမ်မှာတည်းခိုခွင့်လည်း ပေးထားတယ်။ မန္တလေးရောက်ရင် ဆရာ့အိမ်မှာ တည်းပါတယ်။ ဆရာလှစိုးညွှန့်ကလည်း ကျွန်တော့်အတွက် အမှတ်တရဖြစ်စရာပါပဲ။

            ဆရာဦးမြင့်သွင်နဲ့ကလည်း   NDF လုပ်မှ သေသေချာချာသိတယ်။ NLD တုန်းက သိပ်မသိခဲ့ဘူး။စိတ်ထဲမှာ မှတ်မှတ်ရရ မရှိခဲ့ဘူး။ အခု ထဲထဲဝင်ဝင် တာဝန်ယူမှ သေသေချာချာ သိလာရတယ်။ ပြုံးချိုချိုနဲ့ အေးအေးဆေး ဆေးပြောတဲ့ ဦးမြင့်သွင်ကို မျက်လုံးထဲမှာ မြင်ယောင် နေ တယ်။ သူတို့ရှိတုန်းကတော့ မန္တလေးတိုင်းဟာ အားတစ်ခုပါ။ သူတို့နှစ်ဦးစလုံး  ပါတီကနေ နှုတ်ထွက်သွားတော့ မန္တလေးတိုင်းဟာ အားလျော့သွားခဲ့ရပေမယ့် ကျန်တဲ့သူတွေကတော့ ဆက်ပြီးရပ်တည်နေကာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။ လုပ်နိုင်တဲ့အတိုင်းအတာတစ်ခု ကနေ လုပ်နေကြတယ်။ ပါတီပုံရိပ်တက်နိုင်ဖို့ ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ သုံးပြီး ကြိုးစားနေကြတယ်။  လူထုစစ်တမ်း ကောက်ယူမှုတို့၊ မကြာမီလုပ်မယ့် တောင်သူလယ်သမားများနှင့် NDF ပါတီခေါင်းဆောင်များ တွေ့ဆုံပွဲမျိုးလို့ ပွဲတွေ ကျင်းပနိုင်ခဲ့တယ်။ ဈေးရောင်းပွဲတော်တွေကိုတောင် ပါတီနာမည်နဲ့ ကျင်းပနိုင်အောင် မန္တလေးတိုင်းစည်းအဖွဲ့က လုပ်ဆောင်နိုင်ခဲ့ကြတာကို ချီးကျူးပါတယ်။ ၂၀၁၁ အောက်တိုဘာလတုန်းကလည်း NDF ကဦးဆောင်ပြီး အဇွဲ့အစည်းစုံ ပါဝင်တဲ့ နိုင်ငံရေးသင်တန်းတစ်ခု လမ်း ၃၀ က မင်္ဂလားဈေးနားမှာ ငါးရက်ကြာပြုလုပ်နိုင်ခဲ့တာကလည်း မှတ်မှတ်ရရပါပဲ။ မှတ်တမ်းတစ်ခု အဖြစ်ကတော့ ကျန်နေခဲပြိ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ပြန်ကြားရေးအလုပ်လုပ်ရတော့ သင်တန်းပို့ချတဲ့ သင်ခန်းစာတွေ မိတ္တူကူး၊ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်၊ MP3 နဲ့ အသံဖမ်း အားလုံးလုပ်ရတယ်။ အဲ့ဒီတုန်းကတော့ သတင်း တွေကို ကိုမျိုးဇော်အောင်က အင်တာနက်တင်တော့ ကျွန်ကော့်မှာ တာဝန်မရှိဘူး။ မြန်မာ့နိုင်ငံရေးနော်ဆုံးသတင်းတွေကိုသာ စုပြီး လိုအပ်တာတွေကို ပါတီခေါင်းဆောင်တွေသိအောင် ကောက်နှုတ်ပြီး ပရင့်ထုတ်ပေးတယ်။ မြန်မာနိုင်ငံသတင်းများဆိုပြီး နေ့စဉ်ထုတ်ပေးတယ်။ ဒါက မူလတာဝန်။ နောက်တော့ ဒါတွေအားလုံးကကျွန်တော့်တာဝန်တွေ ဖြစ်လာတယ်။ ကွန်ပြူတာအင်တာနက်သင်တန်းမတက်ဖူးဘူး။ ကိုယ့်ဖာသာရမ်းလုပ်၊ စာအုပ်တွေ ဖတ်ပြီး လုပ်ကြည့်နဲ့ နည်းနည်းလုပ်တတ်လာတယ်။ ပါတီလှုပ်ရှားမှုဓာတ်ပုံတွေစု၊ ဒီထဲကနေ ဘယ်ပုံတွေကို စာစောင်ထဲမှာထည့်သင့်တယ်ဆိုပြီး ရွေးထုတ်၊  ဘယ်စာတွေထည့်မလဲဆိုတာ တည်းဖြတ်၊ သတင်းတွေရေး၊ နောက်ဆုံး စာစောင်ထဲမှာ လေးအောက်ဒီဇိုင်းထိုင်တဲ့အထိ လုပ်လာရတယ်။ ဌာနချုပ်ကွန်ပြူတာ ကလည်း မကောင်းတကောင်းဆိုတော့ ချွေးပြန်နေအောင်လုပ်၊ မီးပြတ်ရင် ပိုဆိုး။ ဒါတွေက လည်း တကယ့်ကို အမှတ်တရကလေးတွေပါဗျာ။

မိုးကုတ်ကိုတိုးအတွေးများ(၄) ၂၀ -၁-၂၀၁၃

မိုးကုတ်ကိုတိုးအတွေးများ(၄)  ၂၀ -၁-၂၀၁၃

 

အမြင်မတော်တာ၊ အမြီးအမှောက်မတည်တာတွေကို

ပြောနိုင်သလောက် ပြောကြည့်ပါဦးမည်။

အချို့က တည့်တည့်ဝေဖန်ခြင်းကို မနှစ်သက်ကြပါ။

အညှိုးနဲ့အတေးတွေနှင့်ပြောနေရေးနေတာခြင်းဟု ဆိုကြသည်။

တစ်ခုလောက်သာ ပြောချင်ပါသည်။

လုပ်သင့်တာကို မလုပ်လျင် နောက်ကျနေသလို

မလုပ်သင့်တာတွေကို လုပ်နေပါလျှင်လည်း အချိန်နှောင်းကာ ပြန်ပြင်ရခက်ပါသည်။

ထို့ကြောင့် လုပ်သင့်သည်ကို လုပ်ရမှာဖြစ်သလို

အချိန်ကာလကိုလည်း သုံးသပ်တတ်ဖို့လည်း  လိုနေပါသည်။

ဆန္ဒစောနေပါလျှင် အမှားတွေ့ပြီး ဘာမှဖြစ်မလာသလို

အကောင်အထည်ဖော်တာ နောက်ကျနေပါလျှင်လည်း

အများကကျေးဇူးတင်မှာ မဟုတ်ပါ။

ထို့ကြောင့် လုပ်သင့်တဲ့အချိန်တွေမှာ လုပ်စရာရှိတာတွေကို လုပ်ကြပါ။

စောင့်ဆိုင်းသင့်တဲ့အချိန်မှာလည်း လုပ်ဆောင်မှုကို ဘရိတ်အုပ်ထားဖို့ လိုပါသည်။

ဤမျှလောက်သာ ပြောချင်ပါသည်။။

 

 

ရန်ကုန်မှာ မီးပွိုင့်ပိတ်ဆိုမှုများ တစ်နေတစ်ခြား ဆိုးနေပါသည်။

ဒုတိယလှည်းတန်း၊ တတိယလှည်းတန်း၊ စတုတ္ထလှည်းတန်း စသဖြင့်

နေရာများစွာမှာ ဖြစ်ပေါ်နေပါသည်။

ပိတ်ဆိုမှုအချိန် ပိုကြာလာပါပြီ။

ခရီးသည်များ ခန္တီစပါရမီ နေစဉ်ဖြည့်ဆည်းနေရသည်။

မနိုင်​၍ သည်းခံရခြင်းသည် သိပ်မကောင်းလှပါ။

ကုန်းကျော်တံတားများ အမြန်ပြီးစေချင်ပါသည်။

နေ့ဆိုင်း၊ ညဆိုင်း  ၂၄ နာရီ ကြိုးစားပေးကြပါ။

တည်ဆောက်မှုနေရာကြောင့် ယာဉ်ကြောပိုကျဉ်းနေပါသည်။

ရွှေဂုံတိုင်တွင် ပိုဆိုးပါသည်။

လှည်းတန်းလို ၂နှစ်စီမံကိန်း မဖြစ်စေချင်ပါ။

ဂုံးကျော်တံတားကြောင့် ရှေ့မီးပွိုင့်များ၊ အ၀ိုင်းများတွင် ပိုမဆိုးလာနိုင်ဘူးလား။

ပုလင်းလည်ပင်းကျဉ်းကလေးများကို တွေနေရပြီ။

တာဝန်ရှိသူများ ကြိုတင်အဖြေရှာထားဖို့အကြံပြုချင်ပါသည်။

ဖြစ်လာမှ အဖြေမရှာသင့်ပါ။

ယာဉ်ထိန်းတပ်ဖွဲ့ တိုးချဲ့ရုံဖြင့် အားလုံးအဆင်ပြေနိုင်ပါ့မလား။

ရန်ကုန်တွင် ကား ၂သိန်းကျော်သာ ရှိနေပါသေးသည်။

ကား ၂သန်းအထိ ဖြစ်မလာသေးပါ။

အားလုံးစည်းကမ်းလိုက်နာစေချင်သည်။

ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းသာ မက လူစည်းကမ်းလေးများပါ လိုက်နာပေးကြပါ။

ကျုတ် ကျဲ့ လိ၊ ကြည့်ကျက်လုပ် ကလေးများ လျော့ပေးကြပါ။

စည်းကမ်းရှိမှ တိုင်းပြည်တိုးတက်မည်။

အားလုံးနိုင်ငံကြီးသား ပီသစေလိုပါသည်။

 

ရန်ကုန်မြို့ပြစီမံကိန်းကြီး ရေးဆွဲနေပါပြီ။

စီမံကိန်း ၃၂ရာခိုင်နှုန်းကျော် ပြီးသွာပြီ။

ဒေါ်လာ ၂ဘီလျှံကျော်ကုန်ကျပါလိမ့်မည်။

၂၀၄၀အတွက်ရည်မှန်းရေးဆွဲထားသည်။

မြို့တော်လူဦးရေ ၆.၁၂ သန်းသာ ရှိနေပါသေးသည်။

သန်း၂၀ မီဂါမြို့တော်ကြီး မဖြစ်သေးပါ။

ပြင်ဆင်ချိန်အများကြီး ရှိနေပါသည်။

တိကျသေချာစွာ ရေးဆွဲပေးကြပါ။

ထန်းတက်ဆာဗေးမျိုး မတွေ့ချင်တော့ပါ။

ဘက်ပေါင်းစုံ တွေးတောစဉ်းစားပေးကြပါ

 

ကချင်ထိုးစစ် ရပ်စဲလိုက်ပြီဟု သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲများကား ဆက်ဖြစ်နေကြဆဲ။

မည့်သူ့အလွန်လို့ မပြောလိုတော့ပါ။

သေနတ်သံတိတ်ပြီး စကားသံညံစေချင်ပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်စပါ။

စားပွဲဝိုင်းတွင် တတ်နိုင်သမျှ ငြင်းခုံကြပါ။

ပြည်သူများက မျှော်လင့်နေကြပြီ။

အဆုံးအဖြတ်ပေးနိုင်မည့်သူများ ထွက်တွေ့ကြပါ။

တရုတ်ပြည်ကလည်း ရပ်ပေးဖို့ ပြောလာပါပြီ။

ဒုက္ခသည်များကို အ၀င်မခံဟု ယခင်က ဆိုခဲ့ဖူးသည်။

ထိုင်းနိုင်ငံကို လေးစားလောက်ပေသည်။

သူ့တွင် ဒုက္ခသည် ငါးသိန်းလောက် နှစ် ၂၀ ကျော်ရှိနေခဲ့သည်။

ဒီမိုကရေစီနိုင်ငံနှင့် အာဏာရှင်နိုင်ငံ ကွာခြားချက် ဖြစ်ပါလိမ့်မည်။

အီးယူကိုယ်စားလှယ်တစ်ဦးက ဂျီအက်စ်ပီဖြင့် ခြိမ်းခြောက်လာနေသည်။

ဒီအတိုင်းဆိုလျှင်  ဆိုင်းငံ့ထားသည့်ကိစ္စ ပြန်စဉ်းစားရဦးမည်ဟု ဆိုသည်။

ဖိအားကို မျှမျှတတပေးစေချင်သည်။

ဇစ်မြစ်နှင့် အချက်အလက်မှန်များကို သေသေချာချာသုံးသပ်ကြည့်ပါဦး။

 

မကြာမီ နိုင်ငံရေးဆွေးနွေးပွဲများ စတင်တော့မည်။

သက်ဆိုင်သူများ ပျော်နေကြမည်။

နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ကြရသည်။

ဖြစ်ရပ်များကို သင်ခန်းစာယူ၍ အနာဂတ်နိုင်ငံတော်အတွက် စဉ်းစားကြပါ။

မျိုးဆက်များက အနာဂတ်မဲ့နေကြသည်။

သူတို့အတွက် လမ်းဖွင့်ပေးကြပါဦး။

ပြေလည်လျှင် ၂၀၁၄ တွင် ပြည်ထောင်စုညီလာခံကြီးဖြစ်မည်။

မပြေလည်လျှင် ဒုံရင်းဒုံရင်း ဖြစ်မည်။

ရလာဒ်တစ်ခုခုတော့ ထွက်စေချင်ပါသည်။

အချင်းချင်း ဖိအားအလွန်မပေးကြပါနှင့်။ 

အဆင့်မြင့်နိုင်ငံရေးကို ကြိုးစားလုပ်ဆောင်ပေးကြပါ။

 

အယ်လဲဗင်းမီဒီယာကြီး ဟက်ခံလိုက်ရပြီ။

အိုင်တီခေတ်တွင် လုံခြုံရေးပေါ့ဆမရပါ။

ကိုယ့်လုံခြုံရေး ကိုယ်ဂရုစိုက်ပါ။

အခြားသူများကို လွှဲချမနေပါနှင့်။

ပစ္စည်းကောင်းကောင်းသုံးပါ။

လူကောင်းကောင်းသုံးပါ။

အချိန်မရွေး သတိရှိနေပါ။

သတိလစ်လျှင် ၀င်လာကြပါလိမ့်မည်။

မည်သူမျှ တားမရပါ။

ကိုယ့်ဖက်ကသာ အဆင့်မြင့်မြင့် ဟန့်တားနိုင်ဖို့ လိုပါသည်။

တိုင်းမဂ္ဂဇင်းပင် ဟက်ကာရန်မှ  မလွှတ်ခဲ့ပါ။

 

ဆက်သွယ်ရေးဝန်ကြီးနုတ်ထွက်သွားပြီ။

ဆင်းကဒ်များ တန်ဖိုးကျလာနိုင်ပါသလား။

အင်တာနက်ကုမ္ပဏီများကို ဖိတ်ခေါ်နေသည်။

ကုမ္ပကြီးများ ၀င်လာပါစေ။

လိုင်းမြန်မြန်ကောင်းလာပါစေ။

ဒေါင်းလုတ်မြန်မြန်ကျပါစေ။

မိုဘိုင်းအင်တာနက်များ အခနှုန်းထား နှစ်မျိုးကောက်ပါမည်

ကိုယ်ကြိုက်တာကို ရွေးချယ်နိုင်ပါသည်တဲ့။

အဓိကက လိုင်းကောင်းဖို့လိုပါသည်။

လိုင်ကောင်းနေလျှင် ဘာမှမဆိုးပါ။

 

ရန်ကုန်မြို့ပေါ်တွင် စိတ်ကြွဆေးပြား ၅ သိန်းမိသည်။

တန်ဖိုးက သိန်းနှစ်သောင်းကျော်ဟု ဆိုပါသည်။

ဒါမျိုး များများ ဖမ်းမိစေချင်သည်။

မူးယစ်ဆေးဝါး အားမပေးပါ။

တတ်နိုင်သမျှ မိအောင်ဖမ်းကြပါ။

ပင်လယ်ထက်က ရေခဲတောင်ကလေးလို ဖြစ်နေပါသလား။

အပေါ်ပိုင်းလောက်သာ မိနေသယောင်။

အောက်ပိုင်းတစ်ခုလုံးကို မိစေချင်ပါသည်။

ကြိုးစားဖမ်းဆီးပေးကြပါ။

အနာဂတ်သားကောင်းကလေးများ အန္တရာယ်ကင်းဝေးနိုင်ကြပါစေ။

 

လွှတ်တော်တွင် သမ္မတ၏အဆိုပြုချက် မဲခွဲရှုံးနိမ့်ခဲ့သည်။

ဥပဒေအထက်တွင်လွှတ်တော် ရှိသည်ဟု အဆိုခံလိုက်ရသည်။

ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆို တင်ကြသည်။

ဒေါက်တာဆိတ်ဖွားအကြောင်း စုံစမ်းရေးကော်မရှင်ဖွဲ့မည်။

အင္တာနက္ဘေလာဂ္ဂါမ်ား သတိထားၾကပါ။

ရေးချင်တိုင်း ရေးလို့မဖြစ်တော့ဘူးလား။

လွှတ်တော်နှင့်ပတ်သက်လျှင် ဆင်ခြင်ကြရတော့မည်လား။

တရုတ်ပြည်ကို အားမကျစေချင်ပါ။

ပြည်သူ့အသံ စစ်စစ်မှန်မှန်များကို သိစေချင်ပါသည်။

ကိုယ့်ကို ဘယ်လိုပြောနေကြသလဲဆိုတာ မြင်ရပါလိမ့်မည်။

အင်တာနက်တွင် လူကြီးလူကောင်း ဆန်စေလိုသည်။

ညစ်ညစ်ညမ်းညမ်း မဆဲကြပါနှင့်။

ပြည်ထောင်စုလွှတ်တော်သည် ဥပဒေများကို ပြင်ဆင်/ဖြည့်စွက်/ဖျက်သိမ်း/ အသစ်ရေးနိုင်ပါသည်။

မှန်မှန်ကန်ကန် ဖြစ်သွားဖို့ကို ကြိုးစားပေးကြပါ။

အခုမှားလျှင်လည်း နောင်ပြင်ဆင်ကြဖို့ လုပ်ဆောင်ကြပါ။

အချိန်အခါနှင့် လက်တွေ့ကသာ အမှားအမှန်ကို ဖော်ပြပါလိမ့်မည်။

အားလုံး လောမကြီးကြပါနှင့်။

 

သတင်းစာများ ထုတ်ဝေခွင့်ရကြတော့မည်။

မီဒီယာလောကသားများ ပျော်နေကြသည်။

ဒီလှိုင်းကလည်း သတင်းစာပြောင်းပါမည်။

ကြံ့ခိုင်ရေးကလည်း သတင်းစာထုတ်တော့မည်။

အခြားသူများကလည်း ကြိုးစားနေကြသည်။

သတင်းထောက်များ ခေတ်ကောင်းနေပြီ။

နေရာတကာ ခေါ်ချင်သူများလှသည်။

နိုင်ငံပိုင်သတင်းစာကြီးက ရှေ့ကပြေးနေသည်။

အကျောများစွာဖြင့် အမှီလိုက်ကြရတော့မည်။

အခက်အခဲမျိုးစုံ ရင်ဆိုင်ဖြေရှင်းကြရဦးမည်။

စာဖတ်သူလက်ဝယ် နေချင်းရောက်အောင် ဘယ်လိုစီမံသွားကြမလဲ။

နောက်တစ်ရက်မှရောက်လာသော ယနေ့ထုတ်သတင်းစာကို မမြင်လိုပါ။

ဒီအတွက် ၀ိုင်းဝန်းညှိနှိုင်းကြိုးပမ်းပေးကြပါ။

ညီညီညွတ်ညွတ်လုပ်ဆောင်နိုင်လျှင် အခက်အခဲများကို ကျော်လွန်နိုင်ပါသည်။

သတင်စားဖိုးလေးတော့ မများစေပါနှင့်။

ဘက်ယိမ်းသော သတင်းစာများကိုပြန်မြင်ကြရတော့မည်။

ဒီမိုကရေစီခေတ်ကြီး အဓွန့်ရှည်နိုင်ပါစေ။

နိုင်ငံတော်ပိုင်သတင်းစာ ရှိသင့်ပါသေးသလား။

မြန်မြန်ဆန်ဆန် ပုဂ္ဂလိကပိုင် ပြုလုပ်လိုက်ပါ။

သတင်းစာတိုက်ပွဲ မကြာမီ ငွေရောင်ပိတ်ကားပေါ်တွင် မြင်တွေ့ကြရပါတော့မည်။

 

 

သတင်းတစ်ပုဒ်က အင်တာနက်တွင်ခေတ်စားနေသည်။

ခရိုနီတွေကငွေတွေကိုမယူရင် ဝေဖန်တဲ့သူတွေက ပေးနိုင်လို့လား တဲ့။

ထိုပါတီကြီးကို နှစ်၂၀ ကျော် ပြည်သူများက သွေး၊ချွေး၊မျက်ရည်များနှင့် ထောက်ပံ့ကျားကန် ပေးခဲ့ရသည်။

အခုတော့ ဒီလိုစကားမျိုး ပြောထွက်ပါပြီလား။

အလွန် စိတ်မကောင်းပါ။

ဒီမိုကရေစီရှေ့ဆောင်ပါတီကြီး ဘယ်လိုများဖြစ်နေပါပြီလဲ။

အမြင်မတော်တာများကို ကြားနေ ဖတ်နေရသည်။

ပါတီသတင်းများက ကြားမကောင်းပါ။

လိုင်းကလေးများ မရောပါစေနှင့်။

စစ်စစ်မှန်မှန် နိုင်ငံရေးကို ရှေ့ကဦးဆောင်လုပ်ပြကြပါ။

စပွန်ဆာနိုင်ငံရေးမျိုး၊ အဲန်ဂျီအိုနိုင်ငံရေးမျိုး မရောထွေးစေလိုပါ။

ပြည်သူများ၏ ဒီမိုကရေစီမျှော်လင့်ချက်ကလေး ပွန်းတိုက်စားခံနေရပြီလား။



ပညာရေးရံပုံငွေပွဲတော်ကြီး စည်စည်ကားကား ပြီးဆုံးသွားခဲ့သည်။
ခြိမ့်ခြိမ့်သဲ ကျင်းပသွားခဲ့သည်။
အလှူငွေများ အုံးအုံးကျက်ကျက်လှူဒါန်းကျသည်။
ဆွယ်တာတစ်ထည်တန်ဖိုး ဂရင်းနစ်စံချိန် ကျော်သွားပါသည်။
အဆိုတော်များအားလုံး တက်ညီလက်ညီ တက်ဆိုကြသည်
အလှူငွေများသိန်း ငါးထောင်ကျော် ရလိုက်ပါသည်။
ဒီလှိုင်းတွင်ငွေစာရင်းရှင်းပွဲအကြောင်း တွေ့လိုက်ရသည်။
ကုန်ကျစရိတ် သိန်းနှစ်ထောင်ဟု ဆိုပါသည်။
ပွဲတစ်ပွဲတန်ဖိုး မနည်းမနောပင်
တော်ရုံမည်သူမျှ ကျင်းပနိုင်မည် မဟုတ်ပါ။
အဆိုတော်များက မေတ္တာဖြင့် ကူညီကြသည် မဟုတ်ပါလော
တန်ရာတန်ကြေးများ ပေးလိုက်ရသလား
နဂိုအကျင့်စရိုက်များ မပျောက်သေးဘူး ထင်ပါသည်။
တာဝန်ခံများ တိုက်ဆောက်ကားစီးနေကြပြီလော
ခေါင်းဆောင်ကြီး ကျန်းကျန်းမာမာ ဆက်လက်ရှိနေပါစေ
သို့မှသာ လုပ်စားသူများ လက်မထောင်နိုင်ကြလိမ့်မည်

 

 

ဒီမိုကရေစီခေါင်းဆောင်ကြီး ဆုများသွားယူဦးမည်။

ကိုးရီးယားနှင့် အမေရိကားသို့ ရောက်ဦးမည်။

အဝေးကြီးသို့သွားသလို အနီးကလေးများကိုလည်း ရောက်စေချင်ပါသည်။

ကချင်လူထုက မျှော်လင့်နေကြသည်။

ထိုဆန္ဒကလေးများကို ဖြည်ဆည်းပေးပါဦး။

စိုးရိမ်ထိတ်လန့်နေသည်ကလေးငယ်များကို နွေးနွေးထွေးထွေး ပွေ့ဖက်ထားစေချင်သည်။

ထိုပုံများကို မြင်ရပါဦးမည်လော။

ရခိုင်ပြည်နယ်ကိုလည်း  ရောက်ဖို့သင့်ပါသည်။

ရခိုင်-ဘင်္ဂလီ ဖြစ်ရပ်သည် ပြေပြေလည်လည် မဖြစ်သေးပါ။

နိုင်ငံတကာတွင်လည်း ဂယက်ထနေပါသည်။

ထို့ကြောင့် တစ်ခေါက်လောက်တော့ သွားပေးပါ။

ရခိုင်များက မျှော်လင့်နေပါသည်။

သူတို့ကိုလည်း  သွားရောက်အားပေးပါဦး။

 

 

လက်ပံတောင်းတောင်ကြားဖြတ်အစီရင်ခံ သမ္မတံကြီးထံ ပို့လိုက်ပြီ။

အပြင်လူများသိခွင့်မရှိသေး။

ကော်မရှင်အစီရင်ခံစာထွက်လာမှ အားလုံးသိခွင့်ရမည်။

မျှော်လင့်ချက်ဖြင့် စောင့်မျှော်ကြပါဦး။

သပိတ်စခန်းများ ဖွင့်လှစ်ထားဆဲဖြစ်သည်။

အားလုံးက ဘာများဖြစ်လေမလဲ သိချင်နေကြပြီ။

ရခိုင်အရေးအခင်း ငြိမ်သက်နေဆဲပါ။

ဒုက္ခသည်များ စခန်းများလည်း ရှိနေပါသည်။

ကိုယ့်အိမ်ကိုယ်ပြန်နိုင်အောင် လုပ်ဆောင်ပေးဖို့ လိုပါသည်။

အားလုံးက ၀ိုင်းကူညီကြပါ။

နိုင်ငံတကာကိုလည်း အကူအညီဆက်လက်တောင်းခံပါ။

အိုင်အိုစီဆိုလျှင်တော့ ဂရုစိုက်ပါ။

အထိမခံနိုင်သောကိစ္စများပါနေလိမ့်မည်။

ရခိုင်များကလည်း စဉ်းစားကြပါ။

ရခိုင်တစ်မျိုးတည်း မဖြေရှင်နိုင်သည့်ကိစ္စကို  ဘယ်လိုပေါင်းလုပ်ကြမည်လဲ။

ရခိုင်အဖွဲ့အစည်းများ ညီညွတ်ကြပါ။

အတွင်းအပြင်ပေါင်းနိုင်မှသာ ရခိုင်ပြည်အတွက် ဆောင်ရွက်နိုင်ပါမည်။

တိုင်းရင်းသားအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြပါ။

ရခိုင့်အရေးသည် မြန်မာပြည်အရေး ဖြစ်ပါသည်။

 

၂၀၁၅ တွင် ကိုယ့်ပြည်နယ်တွင် ကိုယ်အပြတ်အသတ်နိုင်ရမည်။

ကြွေးကြော်သံလေးကိုတော့ ကြိုက်နှစ်သက်ပါသည်။

ကိုယ့်အချင်းချင်း ညီညွတ်အောင် ကြိုးစားကြည့်ပါဦး။

ညီညွတ်သွားမှသာ ဒီစကားလုံးလေး မှန်နိုင်ချေရှိပါသည်။

သုံးနှစ်တာကာလတွင် ကြိုးစားကြည့်ပါ။ အားပေးပါသည်။

ကိုယ့်အင်အား အစစ်အမှန်ကို သေသေချာချာ တွက်ချက်ပါ။

ထန်းတက်ဆာဗေးမျိုးနှင့် မလုပ်ဆောင်ပါနှင့်။

မကြာမီ သန်းကောင်စာရင်းကောက်တော့မည်။

လူစာရင်း မှန်မှန်ကန်ကန်ထွက်လာနိုင်ပါသည်။

ထိုအခါကျမှ ဗျူဟာထပ်ချကြပါစို့။

နေရာတိုင်းတွင် ကိုယ်အင်အားများပါရဲ့လား။

လူဆိုသည်မှာ စိတ်အမျိုးမျိုး၊ကိုယ်အထွေထွေ ရှိပါသည်။

အတိအကျတွက်ချက်၍ မရနိုင်ပါဟု ဆိုချင်ပါသည်။

ဒီမိုကရက်တစ်အင်အားများ ညီညွတ်လျှင် ဖြစ်နိုင်ပါသည်။

 

တိုင်းရင်းသားများအရေး တစ်ခွန်းတော့ပြောချင်သေးသည်။

လူမျိုးကို ဘယ်လိုသတ်မှတ်ထားပါသလဲ။

ဥပဒေနှင့် ပြဌာန်းသတ်မှတ်ဖို့ လိုနေပါသလား။

သွေးနှောများကို ဘယ်လိုလူမျိုး သတ်မှတ်ကြမည်လဲ။

ပြည်နယ်နှင့် တိုင်းများတွင် တိုင်းရင်းသားလူမျိုးစု ၀န်ကြီးများ ရှိနေပါသည်။

သူ့အတွက် မဲပေးဖို့ လူစာရင်းရှိနေသည်။

ထိုအထဲတွင် ဘယ်လိုထည့်ကြပါမည်လဲ။

အဖေ ရှမ်း၊ အမေ ကချင် ၊ သားသမီးကို ဘယ်လူမျိုးသတ်မှတ်သင့်ပါသလဲ။

သုံးလေးမျိုးလောက် ရောနှောနေလျှင် ဘယ်လိုသတ်မှတ်သင့်ပါသလဲ။

သူတို့၏ မဲပေးပိုင်ခွင့် အခွင့်အရေးလေးတော့ ရစေချင်သည်။

ထုံးတမ်းစဉ်လာအရ သတ်မှတ်မည်လော။

အဖေ့ဖက်လိုက်မည်လော။

အမေ့ဖက် လိုက်မည်လော။

ဥပဒေပြဌာန်း၍ သတ်မှတ်မည်လော။

အားလုံးစဉ်းစားပေးကြပါ။

ဟာကွက်တစ်ခုကို ထောက်ပြခြင်း ဖြစ်ပါသည်။

 

 

လယ်သမားများကို အမတော်ကြေးတိုးပေးတော့မည်
၂၀၁၁ တုန်းက ၂၀၀၀၀ ရှိရာမှ ယခု တစ်သိန်းဖြစ်တော့မည်
ကုန်ကျစရိတ်က ဒီထက်ပိုပါသေးသည်
သို့သော်အဆင်ပြေနိုင်ပါလိမ့်မည်
စည်းကမ်းချက်များရှိနေပါသေးသည်။ 
ကြွေးကျေသူများကိုသာ ဆိုနေသဖြင့် ရာသီဥတုဖောက်ပြန်၍ အရှုံးပေါ်နေရသူများ ဘယ်လိုလုပ်ကြရပါမည်လဲ
၁၀ ဧကအောက်ရှိသူကိုသာ စည်းကမ်းလေးကို ပြင်ပေးပါဦး
ထိုသူများလည်း ငွေလိုနေပါသည်
သို့မဟုတ်ပါက ကျော်နေသမျှကို စိတ်ပိုင်းနေရဦးမည်
ကုမဏီကြီးများက ဧက ထောင်သောင်းချီပိုင်နေပါသည်
၁၀ ဧကအထက်ပိုင်ဆိုင်သော မြန်မာတောင်သူလယ်သမားများကို ထည့်စဉ်းစားပေးပါဦး
လယ်များလေ ပိုငွေလိုလေ ဖြစ်ပါသည်
သူတို့သည် ချမ်းသာသူများလို့ စာရင်းမှတ်သားထားဆဲပါလား
ထိုသူတို့အလုပ်ပိုလုပ်နိုင်လေ စပါးများများထွက်လေဖြစ်ပါမည်
တနည်းတလမ်းဖြင့် စဉ်းစားပေးကြပါ
သို့မဟုတ်ပါက လွှတ်တော်တွင် ဥပဒေပြုဖို့ တိုက်တွန်းကြရပါလိမ့်မည်
လုပ်ပေးနိုင်လျှင် လုပ်ပေးကြပါ။