Thursday, January 31, 2013

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စွမ်းရည်ဖွံ့ဖြိုးရေးသင်တန်း တတိယနေ့ဆက်လက်ပို့ချ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စွမ်းရည်ဖွံ့ဖြိုးရေးသင်တန်း တတိယနေ့ဆက်လက်ပို့ချ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်တွင် ပို့ချလျှက်ရှိသော
ပါတီဝင်များအတွက် စွမ်းရည်ဖွံ့ဖြိုးရေး သင်တန်း အမှတ်စဉ် ၁/၂၀၁၃
တတိယနေ့ကို ၃၁-၁-၂၀၁၃ ရက်နေ့တွင် ဆက်လက်ပို့ချသည်။
သင်တန်းမနက်ပိုင်းအစီအစဉ်အရ နံနက် ၉း၃၀ နာရီမှ နေ့လည် ၁၂း၃၀ နာရီအထိ
မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးက ဒီမိုကရေစီနှင့်
သက်ဆိုင်သော အကြောင်းအချက်များနှင့် ပြည်သူလူထုအတွင်း
စည်းရုံးရေးလုပ်ငန်းဖော်ဆောင်ရာတွင် လိုက်နာဆောင်ရွက်သင့်သည့်
ကိစ္စရပ်များ၊ မြန်မာ့နိုင်ငံရေးအခြေအနေအပေါ် အမြင်သဘောထားများကို
ဟောပြောပို့ချခဲ့သည်။ ထိုနောက် သင်တန်းသားများက မေးမြန်းသော
မေးခွန်းများကို ပြန်လည်ဖြေကြားသည်။
နေ့လည် ၂း၀၀နာရီတွင် စွမ်းရည်ဖွံ့ဖြိုးရေးသင်တန်း အမှတ်စဉ် ၁/၂၀၁၃
သင်တန်းဆင်းပွဲကို ပြုလုပ်ရာတွင်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင်များဖြစ်ကြသော
ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းနှင့် ဒုတိယ ခေါင်းဆောင် ဦးတိုးပို၊
ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦး။ အထွေထွေအတွင်းရေးမှူး
ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၂)ဦးနေမင်းကျော်၊ အတွင်းရေးမှူး(၃)
ဦးကျော်သူရ၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်တို့ တက်ရောက် ကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းနှင့်
ပါတီဥက္ကဌ ဦးခင်မောင်ဆွေတို့က အမှာစကားများပြောကြားကာ
သင်တန်းသား၊သင်တန်းသူ နှစ်ဦးက ပြန်လည်၍ ကျေးဇူးတင်စကားများ
ပြောကြားကြသည်။ ထို့နောက် သင်တန်းဆင်းလက်မှတ်များကို
သင်တန်းတက်ရောက်သူအားလုံးအား တစ်ဦးချင်းပေးအပ်ကာ သင်တန်းဆင်းပွဲကို
အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ စွမ်းရည်ဖွံ့ဖြိုးရေးသင်တန်း အမှတ်စဉ်
၁/၂၀၁၃ ကို ဖန်န၀ါရီလ (၂၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ သုံးရက်တိုင်တိုင်
ဌာနချုပ်ရုံးအစည်းအဝေးခန်းမတွင် ပို့ချခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသ
ကြီးများမှ သင်တန်းသား၊ သင်တန်းသူ (၄၀) တက်ရောက်ခဲ့ပါသည်။

Wednesday, January 30, 2013

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စွမ်းရည်ဖွံ့ဖြိုးရေးသင်တန်း ဒုတိယနေ့ဆက်လက်ပို့ချ


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စွမ်းရည်ဖွံ့ဖြိုးရေးသင်တန်း ဒုတိယနေ့ဆက်လက်ပို့ချ

 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်တွင် ပို့ချလျှက်ရှိသော ပါတီဝင်များအတွက် စွမ်းရည်ဖွံ့ဖြိုးရေး သင်တန်း အမှတ်စဉ် ၁/၂၀၁၃ ဒုတိယနေ့ကို  ၃၀-၁-၂၀၁၃ ရက်နေ့တွင် ဆက်လက်ပို့ချသည်။

သင်တန်းမနက်ပိုင်းအစီအစဉ်အရ နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီအထိ မြန်မာငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာကျော်ရင်လှိုင်က ဒီမိုကရေစီနှင့် သက်ဆိုင်သော အကြောင်းအချက်များနှင့် ပြည်သူလူုထုကို တာဝန်ခံသော အစိုးရဖြစ်စေ ရေးအတွက် လိုအပ်ချက်များကို ဟောပြောပို့ချခဲ့သည်။

နေ့လည် ၁း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ မြန်မာငြိမ်းချမ်းရေးစင်တာမှ  ဒေါ်ရည်မွန်သက်က အခြေခံဥပဒေအကြောင်းနှင့် သြစတေလျနိုင်ငံအခြေခံဥပဒေအကြောင်း၊ ဒေါက်တာ ဆလိုင်းငွန်းကျုံးလျန်က အခြေခံဥပဒေအကြောင်းနှင့် ၂၀၀၈အခြေခံဥပဒေအကြောင်းအချက်များ၊ ဖယ်ဒရယ်စနစ်နှင့် ၂၀၀၈အခြေခံဥပဒေ၊ ပြင်ဆင်ရမည့် အချက်များ ကို ရှင်းလင်းပို့ချခဲ့သည်။

သင်တန်းကို ၃၁-၁-၂၀၁၃ ရက်နေ့တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးက သင်တန်းပို့ချမည်ဖြစ်သည်။

 



Tuesday, January 29, 2013

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စွမ်းရည်မြင့်တင်ရေးသင်တန်း ၁/၂၀၁၃ ဖွင့်ပွဲပြုလုပ်


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စွမ်းရည်မြင့်တင်ရေးသင်တန်း ၁/၂၀၁၃ ဖွင့်ပွဲပြုလုပ်

၂၉-၁-၂၀၁၃ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဌာနချုပ်ရုံးတွင် ပါတီဝင်များအတွက် စွမ်းရည်မြင့်တင်ရေးသင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

            ထိုအခမ်းအနားသို့ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၊ ဒုခေါင်းဆောင် ဦးတိုးပို၊ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ ၊

ပါတီဒု-ဥက္ကဌ ဦးစိန်လှဦး၊ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၂)ဦးနေမင်းကျော်၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ဌာနချုပ်ရုံးအုပ်ချုပ်ရေးမှူး ဦးတိုးတိုးနှင့် ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့မှ ပါတီဝင်သင်တန်းသားများ ၄၀ဦး  တက်ရောက်ကြသည်။

            အခမ်းအနားအစီအစဉ်အရ သဘာပတိ ပါတီဥက္ကဌ ဦးခင်မောင်ဆွေက အဖွင့်အမှာစကားပြောကြားကာ ပါတီ ခေါင်းဆောင်များနှင့် သင်တန်းသားများကို တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ထို့နောက် ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက နှုတ်ဆက်စကားပြောကြားကာ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က သင်တန်းနှင့် ပတ်သက်သည့် ကိစ္စများကို ရှင်းလင်းပြောကြားခဲ့သည်။

            ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက မြန်မာ့နိုင်ငံရေးလက်ရှိအခြေအနေများကို သင်တန်းပို့ချသည်။

နေ့လည်ပိုင်းတွင် ဦးသီဟန်မျိုးညွှန့်က Rule of Law ကို ပို့ချခဲ့သည်။

သင်တန်းမှာ ၂၉-၁-၂၀၁၃ ရက်နေ့မှ ၃၁-၁-၂၀၁၃ ရက်နေ့အထိ သုံးရက်တိုင်တိုင် ပို့ချမည်ဖြစ်ပြီး ဒေါက်တာမင်းဇော်ဦး၊ ဒေါက်တာအင်ဒရှုးနှင့် ဦးအောင်နိုင်ဦးတို့က လာရောက်ပို့ချမည်ဖြစ်သည်။

 

Monday, January 28, 2013

Internalional Republican Institute မှ NDF သို့ လာရောက်တွေ့ဆုံ


Internalional Republican Institute  မှ NDF သို့ လာရောက်တွေ့ဆုံ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်သို့   ၂၁-၁-၂၀၁၂ ရက်နေ့ နေ့လည် ၁း၃၀ နာရီတွင် Internalional Republican Institute  မှ  Mr.Christian Angell လာရောက်၍ ပါတီခေါင်းဆောင်များနှင့် မြန်မာ့နိုင်ငံရေးအခြေအနေများ ကို တွေ့ဆုံဆွေးနွေး ပြုလုပ်ခဲ့သည်။
ထိုတွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီင်္ဒုခေါင်းဆောင် ဦးတိုးပို၊  ပါတီဒု-ဥက္ကဌ ဦးစိန်လှဦး ၊ပါတီအတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ အတွင်းရေးမှူး(၃) ဦးကျော်သူရ တို့ တက်ရောက် ကြသည်။  ဆွေးနွေးပွဲတွင်  မြန်မာ့နိုင်ငံရေးအခြေအနေများ၊ နိုင်ငံရေးပါတီအနေအထားများ၊ နိုင်ငံရေးပါတီများ၏ လိုအပ်ချက်များနှင့် အကူအညီပေးနိုင်မည့် နည်းလမ်းများနှင့် ၂၀၁၅ ရွေးကောက်ပွဲအခြေအနေနှင့် ထင်မြင်ချက်များကို ဆွေးနွေးခဲ့ကြသည်။

Sunday, January 20, 2013

မိုးကုတ်ကိုတိုးအတွေးများ (၄) ၂၀ -၁-၂၀၁၃

 
မိုးကုတ်ကိုတိုးအတွေးများ (၄) ၂၀ -၁-၂၀၁၃
အမြင်မတော်တာ၊ အမြီးအမှောက်မတည်တာတွေကို
ပြောနိုင်သလောက် ပြောကြည့်ပါဦးမည်။
အချို့က တည့်တည့်ဝေဖန်ခြင်းကို မနှစ်သက်ကြပါ။
အညှိုးနဲ့အတေးတွေနှင့်ပြောနေရေးနေတာခြင်းဟု ဆိုကြသည်။
တစ်ခုလောက်သာ ပြောချင်ပါသည်။
လုပ်သင့်တာကို မလုပ်လျင် နောက်ကျနေသလို
မလုပ်သင့်တာတွေကို လုပ်နေပါလျှင်လည်း အချိန်နှောင်းကာ ပြန်ပြင်ရခက်ပါသည်။
ထို့ကြောင့် လုပ်သင့်သည်ကို လုပ်ရမှာဖြစ်သလို
အချိန်ကာလကိုလည်း သုံးသပ်တတ်ဖို့လည်း  လိုနေပါသည်။
ဆန္ဒစောနေပါလျှင် အမှားတွေ့ပြီး ဘာမှဖြစ်မလာသလို
အကောင်အထည်ဖော်တာ နောက်ကျနေပါလျှင်လည်း
အများကကျေးဇူးတင်မှာ မဟုတ်ပါ။
ထို့ကြောင့် လုပ်သင့်တဲ့အချိန်တွေမှာ လုပ်စရာရှိတာတွေကို လုပ်ကြပါ။
စောင့်ဆိုင်းသင့်တဲ့အချိန်မှာလည်း လုပ်ဆောင်မှုကို ဘရိတ်အုပ်ထားဖို့ လိုပါသည်။
ဤမျှလောက်သာ ပြောချင်ပါသည်။။

ရန်ကုန်မှာ မီးပွိုင့်ပိတ်ဆိုမှုများ တစ်နေတစ်ခြား ဆိုးနေပါသည်။
ဒုတိယလှည်းတန်း၊ တတိယလှည်းတန်း၊ စတုတ္ထလှည်းတန်း စသဖြင့်
နေရာများစွာမှာ ဖြစ်ပေါ်နေပါသည်။
ပိတ်ဆိုမှုအချိန် ပိုကြာလာပါပြီ။
ခရီးသည်များ ခန္တီစပါရမီ နေစဉ်ဖြည့်ဆည်းနေရသည်။
မနိုင်​၍ သည်းခံရခြင်းသည် သိပ်မကောင်းလှပါ။
ကုန်းကျော်တံတားများ အမြန်ပြီးစေချင်ပါသည်။
နေ့ဆိုင်း၊ ညဆိုင်း  ၂၄ နာရီ ကြိုးစားပေးကြပါ။
တည်ဆောက်မှုနေရာကြောင့် ယာဉ်ကြောပိုကျဉ်းနေပါသည်။
ရွှေဂုံတိုင်တွင် ပိုဆိုးပါသည်။
လှည်းတန်းလို ၂နှစ်စီမံကိန်း မဖြစ်စေချင်ပါ။
ဂုံးကျော်တံတားကြောင့် ရှေ့မီးပွိုင့်များ၊ အ၀ိုင်းများတွင် ပိုမဆိုးလာနိုင်ဘူးလား။
ပုလင်းလည်ပင်းကျဉ်းကလေးများကို တွေနေရပြီ။
တာဝန်ရှိသူများ ကြိုတင်အဖြေရှာထားဖို့အကြံပြုချင်ပါသည်။
ဖြစ်လာမှ အဖြေမရှာသင့်ပါ။
ယာဉ်ထိန်းတပ်ဖွဲ့ တိုးချဲ့ရုံဖြင့် အားလုံးအဆင်ပြေနိုင်ပါ့မလား။
ရန်ကုန်တွင် ကား ၂သိန်းကျော်သာ ရှိနေပါသေးသည်။
ကား ၂သန်းအထိ ဖြစ်မလာသေးပါ။
အားလုံးစည်းကမ်းလိုက်နာစေချင်သည်။
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းသာ မက လူစည်းကမ်းလေးများပါ လိုက်နာပေးကြပါ။
ကျုတ် ကျဲ့ လိ၊ ကြည့်ကျက်လုပ် ကလေးများ ရှော့ပေးကြပါ။
စည်းကမ်းရှိမှ တိုင်းပြည်တိုးတက်မည်။
အားလုံးနိုင်ငံကြီးသား ပီသစေလိုပါသည်။

ရန်ကုန်မြို့ပြစီမံကိန်းကြီး ရေးဆွဲနေပါပြီ။
စီမံကိန်း ၃၂ရာခိုင်နှုန်းကျော် ပြီးသွာပြီ။
ဒေါ်လာ ၂ဘီလျှံကျော်ကုန်ကျပါလိမ့်မည်။
၂၀၄၀အတွက်ရည်မှန်းရေးဆွဲထားသည်။
မြို့တော်လူဦးရေ ၆.၁၂ သန်းသာ ရှိနေပါသေးသည်။
သန်း၂၀ မီဂါမြို့တော်ကြီး မဖြစ်သေးပါ။
ပြင်ဆင်ချိန်အများကြီး ရှိနေပါသည်။
တိကျသေချာစွာ ရေးဆွဲပေးကြပါ။
ထန်းတက်ဆာဗေးမျိုး မတွေ့ချင်တော့ပါ။
ဘက်ပေါင်းစုံ တွေးတောစဉ်းစားပေးကြပါ

ကချင်ထိုးစစ် ရပ်စဲလိုက်ပြီဟု သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲများကား ဆက်ဖြစ်နေကြဆဲ။
မည့်သူ့အလွန်လို့ မပြောလိုတော့ပါ။
သေနတ်သံတိတ်ပြီး စကားသံညံစေချင်ပါသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်စပါ။
စားပွဲဝိုင်းတွင် တတ်နိုင်သမျှ ငြင်းခုံကြပါ။
ပြည်သူများက မျှော်လင့်နေကြပြီ။
အဆုံးအဖြတ်ပေးနိုင်မည့်သူများ ထွက်တွေ့ကြပါ။
တရုတ်ပြည်ကလည်း ရပ်ပေးဖို့ ပြောလာပါပြီ။
ဒုက္ခသည်များကို အ၀င်မခံဟု ယခင်က ဆိုခဲ့ဖူးသည်။
ထိုင်းနိုင်ငံကို လေးစားလောက်ပေသည်။
သူ့တွင် ဒုက္ခသည် ငါးသိန်းလောက် နှစ် ၂၀ ကျော်ရှိနေခဲ့သည်။
ဒီမိုကရေစီနိုင်ငံနှင့် အာဏာရှင်နိုင်ငံ ကွာခြားချက် ဖြစ်ပါလိမ့်မည်။
အီးယူကိုယ်စားလှယ်တစ်ဦးက ဂျီပီအက်စ်ဖြင့် ခြိမ်းခြောက်လာနေသည်။
ဒီအတိုင်းဆိုလျှင်  ဆိုင်းငံ့ထားသည့်ကိစ္စ ပြန်စဉ်းစားရဦးမည်ဟု ဆိုသည်။
ဖိအားကို မျှမျှတတပေးစေချင်သည်။
ဇစ်မြစ်နှင့် အချက်အလက်မှန်များကို သေသေချာချာသုံးသပ်ကြည့်ပါဦး။

မကြာမီ နိုင်ငံရေးဆွေးနွေးပွဲများ စတင်တော့မည်။
သက်ဆိုင်သူများ ပျော်နေကြမည်။
နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ကြရသည်။
ဖြစ်ရပ်များကို သင်ခန်းစာယူ၍ အနာဂတ်နိုင်ငံတော်အတွက် စဉ်းစားကြပါ။
မျိုးဆက်များက အနာဂတ်မဲ့နေကြသည်။
သူတို့အတွက် လမ်းဖွင့်ပေးကြပါဦး။
ပြေလည်လျှင် ၂၀၁၄ တွင် ပြည်ထောင်စုညီလာခံကြီးဖြစ်မည်။
မပြေလည်လျှင် ဒုံရင်းဒုံရင်း ဖြစ်မည်။
ရလာဒ်တစ်ခုခုတော့ ထွက်စေချင်ပါသည်။
အချင်းချင်း ဖိအားအလွန်မပေးကြပါနှင့်။ 
အဆင့်မြင့်နိုင်ငံရေးကို ကြိုးစားလုပ်ဆောင်ပေးကြပါ။

အယ်လဲဗင်းမီဒီယာကြီး ဟက်ခံလိုက်ရပြီ။
အိုင်တီခေတ်တွင် လုံခြုံရေးပေါ့ဆမရပါ။
ကိုယ့်လုံခြုံရေး ကိုယ်ဂရုစိုက်ပါ။
အခြားသူများကို လွှဲချမနေပါနှင့်။
ပစ္စည်းကောင်းကောင်းသုံးပါ။
လူကောင်းကောင်းသုံးပါ။
အချိန်မရွေး သတိရှိနေပါ။
သတိလစ်လျှင် ၀င်လာကြပါလိမ့်မည်။
မည်သူမျှ တားမရပါ။
ကိုယ့်ဖက်ကသာ အဆင့်မြင့်မြင့် ဟန့်တားနိုင်ဖို့ လိုပါသည်။
တိုင်းမဂ္ဂဇင်းပင် ဟက်ကာရန်မှ  မလွှတ်ခဲ့ပါ။

ဆက်သွယ်ရေးဝန်ကြီးနုတ်ထွက်သွားပြီ။
ဆင်းကဒ်များ တန်ဖိုးကျလာနိုင်ပါသလား။
အင်တာနက်ကုမ္ပဏီများကို ဖိတ်ခေါ်နေသည်။
ကုမ္ပကြီးများ ၀င်လာပါစေ။
လိုင်းမြန်မြန်ကောင်းလာပါစေ။
ဒေါင်းလုတ်မြန်မြန်ကျပါစေ။
မိုဘိုင်းအင်တာနက်များ အခနှုန်းထား နှစ်မျိုးကောက်ပါမည်
ကိုယ်ကြုက်တာကို ရွေးချယ်နိုင်ပါသည်တဲ့။
အဓိကက လိုင်းကောင်းဖို့လိုပါသည်။
လိုင်ကောင်းနေလျှင် ဘာမှမဆိုးပါ။

ရန်ကုန်မြို့ပေါ်တွင် စိတ်ကြွဆေးပြား ၅ သိန်းမိသည်။
တန်ဖိုးက သိန်းနှစ်သောင်းကျော်ဟု ဆိုပါသည်။
ဒါမျိုး များများ ဖမ်းမိစေချင်သည်။
မူးယစ်ဆေးဝါး အားမပေးပါ။
တတ်နိုင်သမျှ မိအောင်ဖမ်းကြပါ။
ပင်လယ်ထက်က ရေခဲတောင်ကလေးလို ဖြစ်နေပါသလား။
အပေါ်ပိုင်းလောက်သာ မိနေသယောင်။
အောက်ပိုင်းတစ်ခုလုံးကို မိစေချင်ပါသည်။
ကြိုးစားဖမ်းဆီးပေးကြပါ။
အနာဂတ်သားကောင်းကလေးများ အန္တရာယ်ကင်းဝေးနိုင်ကြပါစေ။

လွှတ်တော်တွင် သမ္မတ၏အဆိုပြုချက် မဲခွဲရှုံးနိမ့်ခဲ့သည်။
ဥပဒေအထက်တွင်လွှတ်တော် ရှိသည်ဟု အဆိုခံလိုက်ရသည်။
ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆို တင်ကြသည်။
ဒေါက်တာဆိတ်ဖွားအကြောင်း စုံစမ်းရေးကော်မရှင်ဖွဲ့မည်။
အင္တာနက္ဘေလာဂ္ဂါမ်ား သတိထားၾကပါ။
ရေးချင်တိုင်း ရေးလို့မဖြစ်တော့ဘူးလား။
လွှတ်တော်နှင့်ပတ်သက်လျှင် ဆင်ခြင်ကြရတော့မည်လား။
တရုတ်ပြည်ကို အားမကျစေချင်ပါ။
ပြည်သူ့အသံ စစ်စစ်မှန်မှန်များကို သိစေချင်ပါသည်။
ကိုယ့်ကို ဘယ်လိုပြောနေကြသလဲဆိုတာ မြင်ရပါလိမ့်မည်။
အင်တာနက်တွင် လူကြီးလူကောင်း ဆန်စေလိုသည်။
ညစ်ညစ်ညမ်းညမ်း မဆဲကြပါနှင့်။
ပြည်ထောင်စုလွှတ်တော်သည် ဥပဒေများကို ပြင်ဆင်/ဖြည့်စွက်/ဖျက်သိမ်း/ အသစ်ရေးနိုင်ပါသည်။
မှန်မှန်ကန်ကန် ဖြစ်သွားဖို့ကို ကြိုးစားပေးကြပါ။
အခုမှားလျှင်လည်း နောင်ပြင်ဆင်ကြဖို့ လုပ်ဆောင်ကြပါ။
အချိန်အခါနှင့် လက်တွေ့ကသာ အမှားအမှန်ကို ဖော်ပြပါလိမ့်မည်။
အားလုံး လောမကြီးကြပါနှင့်။

သတင်းစာများ ထုတ်ဝေခွင့်ရကြတော့မည်။
မီဒီယာလောကသားများ ပျော်နေကြသည်။
ဒီလှိုင်းကလည်း သတင်းစာပြောင်ပါမည်။
ကြံ့ခိုင်ရေးကလည်း သတင်းစာထုတ်တော့မည်။
အခြားသူများကလည်း ကြိုးစားနေကြသည်။
သတင်းထောက်များ ခေတ်ကောင်းနေပြီ။
နေရာတကာ ခေါ်ချင်သူများလှသည်။
နိုင်ငံပိုင်သတင်းစာကြီးက ရှေ့ကပြေးနေသည်။
အကျောများစွာဖြင့် အမှီလိုက်ကြရတော့မည်။
အခက်အခဲမျိုးစုံ ရင်ဆိုင်ဖြေရှင်းကြရဦးမည်။
စာဖတ်သူလက်ဝယ် နေချင်းရောက်အောင် ဘယ်လိုစီမံသွားကြမလဲ။
နောက်တစ်ရက်မှရောက်လာသော ယနေ့ထုတ်သတင်းစာကို မမြင်လိုပါ။
ဒီအတွက် ၀ိုင်းဝန်းညှိနှိုင်းကြိုးပမ်းပေးကြပါ။
ညီညီညွတ်ညွတ်လုပ်ဆောင်နိုင်လျှင် အခက်အခဲများကို ကျော်လွန်နိုင်ပါသည်။
သတင်စားဖိုးလေးတော့ မများစေပါနှင့်။
ဘက်ယိမ်းသော သတင်းစာများကိုပြန်မြင်ကြရတော့မည်။
ဒီမိုကရေစီခေတ်ကြီး အဓွန့်ရှည်နိုင်ပါစေ။
နိုင်ငံတော်ပိုင်သတင်းစာ ရှိသင့်ပါသေးသလား။
မြန်မြန်ဆန်ဆန် ပုဂ္ဂလိကပိုင် ပြုလုပ်လိုက်ပါ။
သတင်းစာတိုက်ပွဲ မကြာမီ ငွေရောင်ပိတ်ကားပေါ်တွင် မြင်တွေ့ကြရပါတော့မည်။


သတင်းတစ်ပုဒ်က အင်တာနက်တွင်ခေတ်စားနေသည်။
ခရိုနီတွေကငွေတွေကိုမယူရင် ဝေဖန်တဲ့သူတွေက ပေးနိုင်လို့လား တဲ့။
ထိုပါတီကြီးကို နှစ်၂၀ ကျော် ပြည်သူများက သွေး၊ချွေး၊မျက်ရည်များနှင့် ထောက်ပံ့ကျားကန် ပေးခဲ့ရသည်။
အခုတော့ ဒီလိုစကားမျိုး ပြောထွက်ပါပြီလား။
အလွန် စိတ်မကောင်းပါ။
ဒီမိုကရေစီရှေ့ဆောင်ပါတီကြီး ဘယ်လိုများဖြစ်နေပါပြီလဲ။
အမြင်မတော်တာများကို ကြားနေ ဖတ်နေရသည်။
ပါတီသတင်းများက ကြားမကောင်းပါ။
လိုင်းကလေးများ မရောပါစေနှင့်။
စစ်စစ်မှန်မှန် နိုင်ငံရေးကို ရှေ့ကဦးဆောင်လုပ်ပြကြပါ။
စပွန်ဆာနိုင်ငံရေးမျိုး၊ အဲန်ဂျီအိုနိုင်ငံရေးမျိုး မရောထွေးစေလိုပါ။
ပြည်သူများ၏ ဒီမိုကရေစီမျှော်လင့်ချက်ကလေး ပွန်းတိုက်စားခံနေရပြီလား။


ပညာရေးရံပုံငွေပွဲတော်ကြီး စည်စည်ကားကား ပြီးဆုံးသွားခဲ့သည်။
ခြိမ့်ခြိမ့်သဲ ကျင်းပသွားခဲ့သည်။
အလှူငွေများ အုံးအုံးကျက်ကျက်လှူဒါန်းကျသည်။
ဆွယ်တာတစ်ထည်တန်ဖိုး ဂရင်းနစ်စံချိန် ကျော်သွားပါသည်။
အဆိုတော်များအားလုံး တက်ညီလက်ညီ တက်ဆိုကြသည်
အလှူငွေများသိန်း ငါးထောင်ကျော် ရလိုက်ပါသည်။
ဒီလှိုင်းတွင်ငွေစာရင်းရှင်းပွဲအကြောင်း တွေ့လိုက်ရသည်။
ကုန်ကျစရိတ် သိန်းနှစ်ထောင်ဟု ဆိုပါသည်။
ပွဲတစ်ပွဲတန်ဖိုး မနည်းမနောပင်
တော်ရုံမည်သူမျှ ကျင်းပနိုင်မည် မဟုတ်ပါ။
အဆိုတော်များက မေတ္တာဖြင့် ကူညီကြသည် မဟုတ်ပါလော
တန်ရာတန်ကြေးများ ပေးလိုက်ရသလား
နဂိုအကျင့်စရိုက်များ မပျောက်သေးဘူး ထင်ပါသည်။
တာဝန်ခံများ တိုက်ဆောက်ကားစီးနေကြပြီလော
ခေါင်းဆောင်ကြီး ကျန်းကျန်းမာမာ ဆက်လက်ရှိနေပါစေ
သို့မှသာ လုပ်စားသူများ လက်မထောင်နိုင်ကြလိမ့်မည်


ဒီမိုကရေစီခေါင်းဆောင်ကြီး ဆုများသွားယူဦးမည်။
ကိုးရီးယားနှင့် အမေရိကားသို့ ရောက်ဦးမည်။
အဝေးကြီးသို့သွားသလို အနီးကလေးများကိုလည်း ရောက်စေချင်ပါသည်။
ကချင်လူထုက မျှော်လင့်နေကြသည်။
ထိုဆန္ဒကလေးများကို ဖြည်ဆည်းပေးပါဦး။
စိုးရိမ်ထိတ်လန့်နေသည်ကလေးငယ်များကို နွေးနွေးထွေးထွေး ပွေ့ဖက်ထားစေချင်သည်။
ထိုပုံများကို မြင်ရပါဦးမည်လော။
ရခိုင်ပြည်နယ်ကိုလည်း  ရောက်ဖို့သင့်ပါသည်။
ရခိုင်-ဘင်္ဂလီ ဖြစ်ရပ်သည် ပြေပြေလည်လည် မဖြစ်သေးပါ။
နိုင်ငံတကာတွင်လည်း ဂယက်ထနေပါသည်။
ထို့ကြောင့် တစ်ခေါက်လောက်တော့ သွားပေးပါ။
ရခိုင်များက မျှော်လင့်နေပါသည်။
သူတို့ကိုလည်း  သွားရောက်အားပေးပါဦး။


လက်ပံတောင်းတောင်ကြားဖြတ်အစီရင်ခံ သမ္မတံကြီးထံ ပို့လိုက်ပြီ။
အပြင်လူများသိခွင့်မရှိသေး။
ကော်မရှင်အစီရင်ခံစာထွက်လာမှ အားလုံးသိခွင့်ရမည်။
မျှော်လင့်ချက်ဖြင့် စောင့်မျှော်ကြပါဦး။
သပိတ်စခန်းများ ဖွင့်လှစ်ထားဆဲဖြစ်သည်။
အားလုံးက ဘာများဖြစ်လေမလဲ သိချင်နေကြပြီ။
ရခိုင်အရေးအခင်း ငြိမ်သက်နေဆဲပါ။
ဒုက္ခသည်များ စခန်းများလည်း ရှိနေပါသည်။
ကိုယ့်အိမ်ကိုယ်ပြန်နိုင်အောင် လုပ်ဆောင်ပေးဖို့ လိုပါသည်။
အားလုံးက ၀ိုင်းကူညီကြပါ။
နိုင်ငံတကာကိုလည်း အကူအညီဆက်လက်တောင်းခံပါ။
အိုင်အိုစီဆိုလျှင်တော့ ဂရုစိုက်ပါ။
အထိမခံနိုင်သောကိစ္စများပါနေလိမ့်မည်။
ရခိုင်များကလည်း စဉ်းစားကြပါ။
ရခိုင်တစ်မျိုးတည်း မဖြေရှင်နိုင်သည့်ကိစ္စကို  ဘယ်လိုပေါင်းလုပ်ကြမည်လဲ။
ရခိုင်အဖွဲ့အစည်းများ ညီညွတ်ကြပါ။
အတွင်းအပြင်ပေါင်းနိုင်မှသာ ရခိုင်ပြည်အတွက် ဆောင်ရွက်နိုင်ပါမည်။
တိုင်းရင်းသားအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြပါ။
ရခိုင့်အရေးသည် မြန်မာပြည်အရေး ဖြစ်ပါသည်။

၂၀၁၅ တွင် ကိုယ့်ပြည်နယ်တွင် ကိုယ်အပြတ်အသတ်နိုင်ရမည်။
ကြွေးကြော်သံလေးကိုတော့ ကြိုက်နှစ်သက်ပါသည်။
ကိုယ့်အချင်းချင်း ညီညွတ်အောင် ကြိုးစားကြည့်ပါဦး။
ညီညွတ်သွားမှသာ ဒီစကားလုံးလေး မှန်နိုင်ချေရှိပါသည်။
သုံးနှစ်တာကာလတွင် ကြိုးစားကြည့်ပါ။ အားပေးပါသည်။
ကိုယ့်အင်အား အစစ်အမှန်ကို သေသေချာချာ တွက်ချက်ပါ။
ထန်းတက်ဆာဗေးမျိုးနှင့် မလုပ်ဆောင်ပါနှင့်။
မကြာမီ သန်းကောင်စာရင်းကောက်တော့မည်။
လူစာရင်း မှန်မှန်ကန်ကန်ထွက်လာနိုင်ပါသည်။
ထိုအခါကျမှ ဗျူဟာထပ်ချကြပါစို့။
နေရာတိုင်းတွင် ကိုယ်အင်အားများပါရဲ့လား။
လူဆိုသည်မှာ စိတ်အမျိုးမျိုး၊ကိုယ်အထွေထွေ ရှိပါသည်။
အတိအကျတွက်ချက်၍ မရနိုင်ပါဟု ဆိုချင်ပါသည်။
ဒီမိုကရက်တစ်အင်အားများ ညီညွတ်လျှင် ဖြစ်နိုင်ပါသည်။

တိုင်းရင်းသားများအရေး တစ်ခွန်းတော့ပြောချင်သေးသည်။
လူမျိုးကို ဘယ်လိုသတ်မှတ်ထားပါသလဲ။
ဥပဒေနှင့် ပြဌာန်းသတ်မှတ်ဖို့ လိုနေပါသလား။
သွေးနှောများကို ဘယ်လိုလူမျိုး သတ်မှတ်ကြမည်လဲ။
ပြည်နယ်နှင့် တိုင်းများတွင် တိုင်းရင်းသားလူမျိုးစု ၀န်ကြီးများ ရှိနေပါသည်။
သူ့အတွက် မဲပေးဖို့ လူစာရင်းရှိနေသည်။
ထိုအထဲတွင် ဘယ်လိုထည့်ကြပါမည်လဲ။
အဖေ ရှမ်း၊ အမေ ကချင် ၊ သားသမီးကို ဘယ်လူမျိုးသတ်မှတ်သင့်ပါသလဲ။
သုံးလေးမျိုးလောက် ရောနှောနေလျှင် ဘယ်လိုသတ်မှတ်သင့်ပါသလဲ။
သူတို့၏ မဲပေးပိုင်ခွင့် အခွင့်အရေးလေးတော့ ရစေချင်သည်။
ထုံးတမ်းစဉ်လာအရ သတ်မှတ်မည်လော။
အဖေ့ဖက်လိုက်မည်လော။
အမေ့ဖက် လိုက်မည်လော။
ဥပဒေပြဌာန်း၍ သတ်မှတ်မည်လော။
အားလုံးစဉ်းစားပေးကြပါ။
ဟာကွက်တစ်ခုကို ထောက်ပြခြင်း ဖြစ်ပါသည်။


လယ်သမားများကို အမတော်ကြေးတိုးပေးတော့မည်
၂၀၁၁ တုန်းက ၂၀၀၀၀ ရှိရာမှ ယခု တစ်သိန်းဖြစ်တော့မည်
ကုန်ကျစရိတ်က ဒီထက်ပိုပါသေးသည်
သို့သော်အဆင်ပြေနိုင်ပါလိမ့်မည်
စည်းကမ်းချက်များရှိနေပါသေးသည်။ 
ကြွေးကျေသူများကိုသာ ဆိုနေသဖြင့် ရာသီဥတုဖောက်ပြန်၍ အရှုံးပေါ်နေရသူများ ဘယ်လိုလုပ်ကြရပါမည်လဲ
၁၀ ဧကအောက်ရှိသူကိုသာ စည်းကမ်းလေးကို ပြင်ပေးပါဦး
ထိုသူများလည်း ငွေလိုနေပါသည်
သို့မဟုတ်ပါက ကျော်နေသမျှကို စိတ်ပိုင်းနေရဦးမည်
ကုမဏီကြီးများက ဧက ထောင်သောင်းချီပိုင်နေပါသည်
၁၀ ဧကအထက်ပိုင်ဆိုင်သော မြန်မာတောင်သူလယ်သမားများကို ထည့်စဉ်းစားပေးပါဦး
လယ်များလေ ပိုငွေလိုလေ ဖြစ်ပါသည်
သူတို့သည် ချမ်းသာသူများလို့ စာရင်းမှတ်သားထားဆဲပါလား
ထိုသူတို့အလုပ်ပိုလုပ်နိုင်လေ စပါးများများထွက်လေဖြစ်ပါမည်
တနည်းတလမ်းဖြင့် စဉ်းစားပေးကြပါ
သို့မဟုတ်ပါက လွှတ်တော်တွင် ဥပဒေပြုဖို့ တိုက်တွန်းကြရပါလိမ့်မည်
လုပ်ပေးနိုင်လျှင် လုပ်ပေးကြပါ။







Sunday, January 13, 2013

မိုးကုတ်ကိုတိုး၏အတွေးများ(၃) ၁၄-၁-၂၀၁၃



မိုးကုတ်ကိုတိုး၏အတွေးများ(၃)   ၁၄-၁-၂၀၁၃

ရန်ကုန်မြို့တော်ကြီးတွင် အဲယားကွန်းမဖွင့်ဘဲ ညပိုင်းနှင့် မနက်ပိုင်းများတွင် အေးနေပါပြီ။
ထိုအအေးဒဏ်ကို တောင်ပေါ်သားကျွန်တော် စောင်မခြုံဘဲ အိပ်လို့မရပါ။
အအေးဒဏ်က သိသာလွန်းသည်။
အအေးလှိုင်းဖြတ်သန်းနေ၍ ပုံမှန်ရှိသင့်သည်အပူချိန်ထက် ကျဆင်းနေကြောင်း မိုးလေ၀သဌာနမှ
ထုတ်ပြန်ထားသည်။
အချို့နိုင်ငံများတွင် ထိုအအေးဒဏ်ကြောင့် သေဆုံးနေရကြောင်း သတင်းများတွင် တွေ့ရပါသည်။
ကချင်တောင်တန်းမှ စစ်ရှောင်ဒုက္ခသည်များကို တွေးမိပါသည်။
ထိုသူများအနေဖြင့် ဤအအေးလှိုင်းများအကြား ဘယ်လိုနေထိုင်နေကြရပြီလဲ။
နွေးထွေးသော မိမိတို့အိမ်များကို အားလုံးတမ်းတနေကြပါလိမ့်မည်။
တိုက်ပွဲများရပ်စဲပြီး ငြိမ်းချမ်းရေးစကားများ မြန်မြန်ပြောကြဖို့ ဆုတောင်းနေကြပါ။
သို့မှသာ ကိုယ့်အိမ်ကိုယ်ပြန်ကြရပါလိမ့်မည်
တိုက်ပွဲကင်းမဲ့ဇုံများ နေရာသတ်မှတ်ပေးဖို့ လိုနေပြီလား။
ဘယ်သူက လုပ်ဆောင်ပေးနိုင်ပါမည်လဲ။
တကယ်တန်း လိုက်နာနိုင်ပါမည်လား။
စခန်းပေါ်သို့ အမြောက်ဆန်နှင့် လက်နက်ကြိးများတည့်တည့်ကျလာမှ ပိုဆိုးနေပါလိမ့်မည်။

ကချင်ပြည်နယ်တွင် လေယာဉ်ပျံနှင့် ရဟတ်ယာဉ်များသုံး၍ တိုက်ခိုက်နေခြင်းကို ပြောနေကြသည်။
ပြည်တွင်းစစ်တွင် ဒါတွေကို မသုံးရပာု ပြောနေကြသည်။
ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ရာ ရောက်သည်ဟု ဆိုပြန်သည်။
ကုလသမဂ္ဂကလည်း စိုးရိမ်ပါသည်ဟု ဆိုပါသည်။
မသုံးရဆိုသည့် ပြောစကားမှန်ကန်ပါသလားကို သိလိုပါသည်။
ဖြေနိုင်သူများ ဖြေကြားပေးကြပါ။
ဆီးရီးယားတွင် လေယာဉ်ပျံတင်မက စကာဒ်ဒုံးကျည်ကိုပင် သုံးနေပါသည်။
ဓာတုလက်နက်သုံးမည်ကို နိုင်ငံတကာက စိုးရိမ်နေကြောင်း ၊လက်မခံကြောင်း၊ ပြောနေကြသည်။
အာဖဂန်တွင်လည်း လေယာဉ်နှင့် ရဟတ်ယာဉ်ကို လှိုင်လှိုင်သုံးနေသည်။
မာလီတွင်လည်း ပြင်သစ်က လေတပ်ဖြင့် အကူအညီပေးနေရကြောင်း မြင်နေရသည်။
တူရကီတွင်လည်း ကာဒ်များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
လစ်ဗျားတွင်လည်း အချင်းချင်း လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည်။
ပြည်တွင်းစစ်တွင် လေယာဉ်နှင့် ရဟတ်ယာဉ်မသုံးရ ဆိုသည့် ဂျီနီဗာကွန်ဗင်းရှင်းသည် တကယ်ပြဋ္ဌာန်းထားပါ၏လော။

ပြည်ထောင်စုလွှတ်တော်မှလည်း လူချင်းမဆုံနိုင်ရင် အွန်လိုင်းပေါ်ကနေပြောကြပါရန် တိုက်တွန်းနေသည်။
VZO SKYP နှင့် အခြားလိုင်းများ ရှိနေပါသည်
မျက်နှာချင်းဆိုင် မပြောလိုပါက GTalk  နှင့်  Face book များ ရှိပါသည်။
Email များနှင့်လည်း အပြန်အလှန် ဆက်သွယ်နိုင်ပါသည်။
အွန်လိုင်းပေါ်တွင် တောင်တန်းများ၊ မြစ်များ၊ နေရာအကန့်အသတ်များ မရှိပါ။
တွေ့ချင်လျှင် ချက်ခြင်းတွေ့နိုင်ပါသည်။ ပြောနိုင်ပါသည်။
မတွေ့ချင်လျှင်လည်း လိုင်းပိတ်ထားလို့ရသည်။ block လုပ်ထားလို့ရသည်။
နှစ်ဖက်စလုံး ပြဿနာအေးချမ်းရေးအတွက် တွေ့ဆုံချင်စိတ်ရှိဖို့သာ လိုပါသည်။
သို့သော်လည်း တာဝန်ခံမှုတော့ရှိရလိမ့်မည်။
ပြောဆိုပြီး ပျောက်သွားတော့ အဖြစ်မျိုးကိုတော့ မဖြစ်စေချင်ပါ။
မဖြစ်နိုင်တော့ကိစ္စများထက် လောလောဆယ်အဖြစ်သင့်ဆုံးကိစ္စများကို စားပွဲဝိုင်းတွင် ညှိနှိုင်းစေလို ပါသည်။
မြန်မာပြည်တွင်းအင်တာနက်လှိုင်းများကောင်းရန်ကိုတော့ MPT မှ တာဝန်ယူပေးသင့်သည်။
ထို့အတွက် အင်တာနက်လှိုင်းများ  ပိုမိုနှေးကွေးသွားလျှင် အများစုအတွက် မကောင်းပါ
နဂိုမှသည်းခံခြင်းပါရမီကို ဖြည့်နေရသူများအတွက်  လှိုင်းတက်ရန် ပိုမိုစောင့်ဆိုင်းနေရပါဦးမည်။
ကွန်ပြူတာဟက်ကာရန်ကိုလည်း သတိပြုဖို့ လိုပါသည်။
တိုက်ရိုက်လိုင်း HOT LINE ကလေးများ  နှစ်ဖက်အကြားထားပေးပါ။
စစ်၏နောက်ဆက်တွဲစရိတ်စကများသည် နှစ်ဖက်စလုံးကို ထုထောင်းနေသည်။
ဘာကိုမှ အလကားမရပါ။ တန်ရာတန်ကြေး ပေးထားရသည်။
တိုင်းပြည်၏ အရင်းအမြစ်များသည် အကျိုးမဲ့ မီးလောင်ပြာဖြစ်သွားသည်ကို တွေ့နေကြရပြီ။
ထိုငွေများကို တိုင်းပြည်ထူထောင်ရေးတွင် သုံးချင်ပါသည်။
ပြည်တွင်းစစ်မီး အမြန်ဆုံးငြိမ်းသွားပါစေ။

အွန်လိုင်းမီဒီယာတွင် ကေအိုင်အေဖက်မှ သတင်းထုတ်ပြန်ချက်များက
အချိန်နှင့်တစ်ပြေးညီ မြန်ဆန်နေပြီး အသာရနေပါသည်။
အစိုးရဖက်မှလည်း လိုအပ်ချက်များရှိနေပါသည်။
အွန်လိုင်းကမ္ဘာတွင် သူ့လူ၊ ကိုယ့်လူ နှစ်မျိုးသာ ရှိနေဆဲဖြစ်သည်။
နာမည်တပ်၊ကင်းပွန်းတပ်ခံနေရမှုများ များလွန်းနေသည်။
သို့သော် ရေးသင့်ရေးထိုက်သည်များကို ဘက်မလိုက်ဘဲ ရေးသားကြပါ။
အဓိကအားဖြင့် မြန်မာပြည်တစ်ခုလုံးအကျိုးစီးပွားအတွက် ကြည့်ကြပါ။
အပြောင်းအလဲနှင့် တိုင်းပြည်တိုးတက်ရေးအတွက် အားလုံးပါဝင်နိုင်ကြမှသာ ဖြစ်ပါလိမ့်မည်။
တစ်ထောင့်တစ်နေရာမှ တတ်နိုင်သမျှ လုပ်ဆောင်ပေးကြပါ။
ဘေးထိုင်၊ဘုပြော၊ ကန့်လန့်တိုက်နေလျှင် ရှေ့မသွားနိုင်ပါ။
နှမ်းတစ်လုံးနှင့် ဆီမဖြစ်သော်လည်း ဆီဖြစ်စေသည်က နှမ်းသာ ဖြစ်သည်။
နှမ်းပေါင်းများစွာစုပေါင်းမိလျှင် ဆီဖြစ်သွားပါလိမ့်မည်။
တိုင်းပြည်တိုးတက်ရေး၊ ပြောင်းလဲရေးအတွက် ကျွန်တော်တို့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြလျှင်
ကောင်းမလဲဆိုသည့် စိတ်အခံဖြင့် လက်တွဲချင်ပါသည်။
တစ်ဖက်ကို တစ်ဖက်က ဖယ်ထုတ်ကြဖို့ မဟုတ်ပါ။
မြန်မာပြည်တိုးတက်ပြောင်းလဲရေးသည် အားလုံးပါဝင်လုပ်ဆောင်မှသာ ဖြစ်နိုင်ပါလိမ့်မည်။

ကာကွယ်ရေးဦးစီးချုပ်ပြောဆိုသောစကားတစ်ခွန်းကိုNOTEBOOKထဲတွင်အနီရောင်စာလုံးကြီးဖြင့် မှတ်သားထားလိုက်သည်။
တိုက်ပွဲဖြစ်ပြီဟေ့ဆိုလျှင် ပထမဦးဆုံးဖြေရှင်းရတာ စစ်သားပဲ။
ပထမဦးဆုံး အသက်ပေးရတာ စစ်သားတွေပဲ။
အသက်နဲ့ရင်းပြီး တည်ဆောက်ရတာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးအလိုချင်ဆုံးက စစ်သားပါ။
ငြိမ်းချမ်းရေးအလိုချင်ဆုံးက စစ်သားပါဆိုသော ကာချုပ်၏ စကားသည် သမိုင်းတွင်ပါလိမ့်မည်။
ထို့အတွက် မြန်မာပြည်ပြည်တွင်းစစ်ကြီး ပြီးဆုံးနိုင်တော့မည့် လက္ခဏာဟုလည်း ဆိုနိုင်ပါသည်။
သို့သော် မဖြစ်နိုင်လွန်းသော တောင်းဆိုချက်မျိုးသည်လည်း ဇာတ်ကြောင်းပြန်ရှည်တတ်သည်မို့
ဖြစ်သင့်ဖြစ်ထိုက်သည်များကို ဦးစားပေးကြဖို့ လိုပါသည်။
ရောမမြို့ကြီးကို တစ်ရက်ထဲဖြင့် တည်ဆောက်ခဲ့ခြင်း မဟုတ်သလို
နှစ် ၆၀ကျော်ကြာ ပြည်တွင်းစစ်မီးသည်လည်း ချက်ခြင်းငြိမ်းမည်မဟုတ်ပါ။
မြန်မာပြည်တွင်းစစ်သည် နှစ်ဖွဲ့တည်း ဖြစ်ပွားနေသော ပဋိပက္ခမဟုတ်ပါ။
အများအပြားပါဝင်နေသော ဤပဋိပက္ခကြီးသည် တော်ရုံတန်ရုံနှင့် ဖြေရှင်းပြေလည်မည် မဟုတ်ပါ။
ပါဝင်ပတ်သက်သူအားလုံး စိတ်ရှည်အမျှော်အမြင်ကြီးကြဖို့သာ လိုပါသည်။
တိုင်းပြည်၏အနာဂတ်၊ ပြည်သူလူထု၏အနာဂတ်၊ လူငယ်များ၏အနာဂတ်နှင့် နောင်မျိုးဆက်များ၏ အနာဂတ်တို့ကို စဉ်းစားတွေးပေးကြပါ။


ဆဋ္ဌမအကြိမ်လွှတ်တော်အစည်းအဝေးများ စတင်ပါပြီ။
ဘတ်ဂျက်ကိစ္စလည်း ပြောဆိုကြရဦးမည်။
လိုအပ်နေသည့် ဥပဒေများလည်း ပြဋ္ဌာန်းပေးရဦးမည်။
ယခင်လို ချက်ခြင်းထုတ်ပြန်နိုင်သော ဥပဒေများ မရှိတော့ပါ
ဥပဒေတစ်ခုအတွက် အချိန်ပေးရပါဦးမည်
ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော ဥပဒေများအဖြစ် အမြန်ဆုံးပြောင်းနိုင်အောင် ကြိုးစား လုပ်ဆောင်ပေးကြပါ။
လိုအပ်ချက်များက ကျည်ဆံရထားအသွားနှုန်းဖြင့် လုပ်ဆောင်ဖို့လိုနေသည်ကို
လိပ်သွားသည့်နှုန်းဖြင့် ဥပဒေပြုရေးက လိုက်နေရသလို ဖြစ်နေပါသည်။
လွှတ်တော်အမတ်များကို အားနာပါသည်။
သို့သော် တတ်နိုင်သမျှ အမြန်ဆုံးလုပ်ပေးကြပါဟု တိုက်တွန်းလိုပါသည်။
အများစုအနိုင်ရပါတီကြီးကိုလည်း ပြောလိုပါသည်။
ပြင်ဆင်သင့်သည်များကို အမြန်ဆုံးပြင်ဆင်နိုင်အောင် လမ်းခင်းပေးစေလိုသည်။
ပြည်သူတွေအတွက် ကျွန်တော်တို့လုပ်ဆောင်ပေးနေပါပြီဟု မြင်သွားကြအောင်
လုပ်ဆောင်ပြသင့်နေပြီ။
သို့မဟုတ်ပါက အရိပ်မဲကြီး လွှမ်းမိုးနေဆဲဟုသာ ထင်နေကြဦးမည်။
ထို့အတွက် အဖြူရောင်ဆေးများများဖြင့် တိုက်ချွတ်ပြပါ။

OPEN SOCIETY FOUNDATION သူဌေးကြီး မြန်မာပြည်လာပါပြီ။
မျှော်နေသူများ အလွန်ဝမ်းသာနေကြသည်။
မြန်မာ့ဒီမိုကရေစီအရေးကို အားပေးနေသည်မှာ ကြာပြီဖြစ်ပါသည်။
မြန်မာ့ပွင်းလင်းလူ့ဘောင်အဖွဲ့အစည်းဝင်များ ပိုမိုဝမ်းသာကြပါလိမ့်မည်။
ကျွန်တော်တို့လည်း ၀မ်းသာချင်ပါသည်။
သို့သော် နဂါးမျက်စောင်းက အကြောင်းသုံးပါးမရွေးပါ။
ကျော်လွန်ရဲသည့် မဟာသူရဲကောင်းကြီးများကို စောင့်မျှော်နေပါသည်။

မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေးသည် တစ်ဦးကောင်းမရနိုင်ပါ။
ဒီမိုကရက်တစ်အင်အားစုများ တက်ညီလက်ညီဖြင့် ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်ကြမှသာ
အခြေအနေကောင်းနိုင်ပါမည်။
ပါတီနိုင်ငံရေးကိုသာ တိမ်းညွတ်နေလျှင်
အာဏာနိုင်ငံရေးဖြစ်ကာ အားလုံးကွဲပြားသွားကြပါလိမ့်မည်။
ယခုလည်း ဒီမိုကရက်တစ်အင်အားစုအတွင်း အကွဲကွဲအပြားပြား ဖြစ်နေပါသည်။
လမ်းကြောင်းတစ်ခုတည်းအပေါ် ညီညွတ်အောင် စုစည်းကြပါ။
အဖိုးအို၊ သားများနှင့် ထင်းစည်း အကြောင်းပုံပြင်ကို နမူနာယူပါ။
ကိုယ့်ကိုယ်ကို ငါက ထင်းချောင်းကလေးမဟုတ်၊ သစ်တုံးကြီးဟု ခံယူထားပါက
ကျွန်တော်တို့ ဘာမှမပြောလိုပါ။
အချိုးမခံရအောင်သာ ဂရုစိုက်ပါ။
ပုံပြင်ထဲကလို ဒူးဖြင့်ချိုးမည်မဟုတ်။
ယခုခေတ်တွင် ချိုးနည်း နည်းလမ်းပေါင်းစုံရှိနေပါသည်။
သို့သော် သစ်တုံးကြီးကား ပိုးစကိုက်နေပြီ ဖြစ်သည်။

မြန်မာပြည်သူတွေ စိတ်ထားပြောင်းကြဖို့ လိုနေပါပြီ။
နိုင်ငံကြီးသား ဆိုသည့် စိတ်ထားမျိုး မွေးမြူကြပါ။
အထူးသဖြင့် နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ထိပ်ပိုင်းအဖွဲ့ဝင်များလည်း  စိတ်ထားပြောင်းကြပါ။
အတွေးပြောင်းကြပါ။
ငါတို့တုန်းက ဘယ်လိုအလုပ်ခံခဲ့ကြရတယ်ဆိုသည်ထက်
တိုင်းပြည်အခြေအနေတွေအားလုံး ကောင်းတဲ့အပြောင်းအလဲဖြစ်အောင် ဘယ်လိုပူးပေါင်းဆောင်ရွက် ကြမလဲဆိုသည့် အပေါ် ရပ်တည်စေချင်ပါသည်။
ကျွန်တော်တို့ပြောင်းနေသည်ကို အခြားသူများ မြင်အောင်ပြကြပါ။
အခြားသူများ အတွေးပြောင်းနိုင်အောင်လည်း လုပ်ဆောင်ကြပါ။
ကိုယ့်လုပ်ရပ်ဖြင့် ယုံကြည်မှု တည်ဆောက်ပြပါ။
နောက်ကျောတွင်ဓားဝှက်ထားသည့် အချင်းချင်းယုံကြည်မှုမျိုးကို မဖြစ်စေချင်ပါ။
တိုင်းပြည်လည်း နာလှပါပြီ။
ပြည်သူတွေလည်း ခါးချိလှပြီ။
သွေးစွန်းခဲ့သောလက်များကိုတောင် လက်ဆွဲနှုတ်ဆက်နိုင်သေးလျှင်
ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဖက်များကိုလည်း အဘယ်ကြောင့် လက်ဆွဲနှုတ်မဆက်နိုင်သေးပါသလဲ။
အခြေအနေက ညီညွတ်ရေးကို တောင်းဆိုနေပါသည်။
ဆင်သွားတိုင်း လမ်း-မဖြစ်သလို အချိန်ကာလအကန့်အသတ်ကလည်း စကားပြောနေပါပြီ။
အချိန်နှစ် ၂၀ ထပ်မပေးနိုင်တော့ပါ။
 ဇရာက စကားပြောပါတော့မည်။
ထို့ကြောင့် အားလုံး ညီညွတ်ကြပါ။
ထို့အတူ ညီညွတ်အောင်လည်း ကြိုးပမ်းပေးစေလိုပါသည်။
မြန်မာပြည်တွင် ညီညွတ်ရေးဆိုသည်မှာ အလွန်ရှားပါးသော ကုန်ပစ္စည်းတစ်မျိုး ဖြစ်နေပါပြီလော။

လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ ကိုဖွဲ့စည်းလိုက်ပါပြီ
Good Government  နှင့် Clean Government တို့၏ အစဟု ဆိုပါသည်။
အမှုကိစ္စဆောင်ရွက်ပုံကို မြင်ကြရတော့မည်။
မြန်မြန်တိုင်ကြားကြပါ။
သို့သော် သေးသေးမွှားမွှားကလေးများကိုတော့ မတိုင်ကြပါနှင့်၊ အချိန်ကုန်ပါသည်။
ကြီးကြီးမားမားများကိုသာ တိုင်ကြားကြပါ။
အပြောနှင့်အလုပ် ညီမညီကို မြင်တွေ့ကြရပါတော့မည်။
အခြားနိုင်ငံများက ကော်မတီများကဲ့သို့ သီးသန့်တာဝန်ပေးထားပြီး လုပ်ပိုင်ခွင်အပြည့်အ၀ ရှိသည့် အခြေအနေမျိုး ရောက်စေချင်ပါသည်။
မည်သူ့ကိုမဆို ခေါ်ယူစုံစမ်းမေးမြန်းပြီး ဖမ်းချုပ်နိုင်ခွင့် ရှိစေချင်ပါသည်။
ကမ္ဘာလာဒ်စားမှုအဆိုးဝါးဆုံးနိုင်ငံ အဆင့်(၅)မှ အဆင့် ၁၀၀ လောက်အထိ တက်သွားစေချင်ပါသည်။
ကိုယ်နှင့်မတည့်သူများကို အချွန်ဖြင့်မသော အလုပ်မျိုးကိုတော့ ရှောင်ကြဉ်ကြပါ။

မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
လယ်သမားအရေးကို အဓိကထားဆောင်ရွက်မည်ဟု ဆိုပါသည်။
လယ်သမားများအရေးကို လယ်သမားများသာပါဝင်သော တောင်သူလယ်သမားအစည်းအရုံး
သို့တည်းမဟုတ် တောင်သူလယ်သမားသမဂ္ဂမျိုး ဖွဲ့စည်းဆောင်ရွက်သင့်သည်။
နိုင်ငံရေးပါတီတစ်ခုအဖြစ် နာမည်တပ်ထောင်ခြင်းကို အားမပေးလိုပါ။
ပါတီအတွက် တောင်သူလယ်သမားလူတန်းစားကို အသုံးချခြင်းသဘောမျိုး ဖြစ်နေလိမ့်မည်
တောင်သူလယ်သမားများအကြား ၊ တောင်သူလယ်သမားများအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းပေါင်းစုံအကြား ရှုတ်ထွေးမှုများဖြစ်နေလိမ့်မည်။
နိုင်ငံခြားအကူအညီဆိုသည်မှာလည်း နိုင်ငံရေးပါတီဥပဒေနှင့် တိုက်ရိုက်ချိုးဖောက်နေပါလိမ့်မည်။
NGO ဆိုလျှင်လည်း NGOအလုပ်ကိုသာ ပီပိသသလုပ်ကြပါ။
ပါတီနိုင်ငံရေးနှင့် မရောသင့်ဟု ထင်ပါသည်။
ဆရာစံကို အားနာပါသည်။


ခရိုနီများအရေးနှင့်ပတ်သက်၍ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကြီးက ပြောလာပါပြီ
“ခရိုနီဆိုတာက ဘာဖြစ်လို့ ခရိုနီလို့ခေါ်လဲဆိုတော့ န၀တ၊ နအဖခေတ်မှာ ချမ်းသာလာလို့၊ သူတို့ချမ်းသာပုံ ချမ်းသာနည်းက တယောက်နဲ့ တယောက်မှ မတူကြတာ။ ချမ်းသာပုံချမ်းသာနည်းက မတရားမှုတွေ ပါလားမပါလား၊ အဲဒါတွေ စိစစ်ရမယ်။ အဲဒါက တခု။ အန်တီ အမြဲတမ်းပြောတဲ့အတိုင်းပဲ ဘယ်သူပဲဖြစ်ဖြစ် ပြစ်မှုမထင်ရှားသရွေ့ အပြစ်မဲ့လို့ သတ်မှတ်ရမယ်။ နောက်ပြီးတော့ ပြစ်မှုရှိတဲ့သူတွေကလည်း ကိုယ်ကိုယ့်ကိုယ် ပြုပြင်ပိုင်ခွင့်ရှိရမယ်။ ဒါ အန်တီရဲ့ ယုံကြည်ချက်ပဲ
ခရိုနီများကို မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချသင့်ပါသည်။
တိုင်းပြည်မှ အခြားသို့ ငွေများ ထုတ်သွားခြင်းကို မမြင်လိုပါ။
တို်င်းပြည်အရင်းအမြစ်များကို ပိုင်ဆိုင်ခွင့်ရရှိလာရာမှ ချမ်းသာလာခြင်းဖြစ်သည်။
ထိုပိုင်ဆိုင်မှုများကို တိုင်းပြည်အတွက် ပြန်လည်အသုံးချစေလိုပါသည်။
နိုင်ငံခြားဘဏ်များတွင် အိပ်ပျော်နေသည်ကို မမြင်လိုပါ။
မည်ကဲ့သို့ ပါဝင်လုပ်ဆောင်သင့်သည်ကို အားလုံးက စဉ်းစားပေးစေလိုပါသည်။
ယခင်ဒီလှိုင်းဂျာနယ်တွင် ခရိုနီကို ပြည်ပကို ကန့်ထုတ်ပစ်ဖို့ ရေးသားခဲ့ဖူးသည်။
တွေးပုံခြင်းမတူညီ၍ အမြင်ချင်းမတူဟုသာ ဆိုချင်ပါသည်။
ခရိုနီများ ချမ်းသာလာခြင်းသည် တရားသလား၊ မတရားဘူးလား ပြည်သူတစ်ရပ်လုံး သိပါသည်။
ဥပဒေဘောင်ဝင်အောင် ပြည်သူများက တိုင်ကြားပေးကြပါ။
သို့မှသာ တရားရုံးက  ဆုံးဖြတ်နိုင်ပါလိမ့်မည်။
လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ လည်း ဖွဲ့စည်းပြီးပါပြီ
ခရိုနီများ၏ ယခင်ဖြစ်ရပ်များကို တိုင်ကြားနိုင်ပါ၏လော။
မြောက်များစွာသောကိစ္စများထဲမှ ဘာကိုရွေးချယ်တိုင်ကြမလဲ
ပြည်သူများက စဉ်းစားပေးကြပါ။

လက်ပံတောင်းတောင်ကိစ္စ ထုတ်ပြန်ချက်များ ထွက်နေပါသည်။
မကြာမီ အစီရင်ခံစာ ထွက်လာပါတော့မည်။
ရခိုင်ပြည်နယ်အစီရင်ခံစာကိုလည်း စောင့်မျှော်နေပါသည်။
ဘယ်လိုများ ဖြေရှင်းရန် အကြံပေးထားပါမည်လဲ။
လက်ပန်းတောင်းကိစ္စသည် လူ ၆၀၀၀ နှင့် အကြုံးဝင်နေသော ဖြစ်ရပ်ဖြစ်သည်။
မြေသိမ်းယာသိမ်းအမှုကိစ္စသည် တစ်တိုင်းပြည်လုံးနှင့် အကျုံးဝင်နေသော ကိစ္စ ဖြစ်နေသည်ကို မမေ့သင့်ပါ။
ဖြစ်ရပ်များသည် တိုင်းပြည်အနှံ့အပြား ဖြစ်နေခဲ့ပြီး နှစ် ၂၀ ကျော်ကြာ တိမ်မြုတ်နေသည်။
ယခု လွှတ်တော်စုံစမ်းရေးကော်မရှင်ဖွဲ့စည်းခဲ့မှုကြောင့် ပြဿနာများ ရှေ့တန်းရောက်လာပါပြီ။
ကုမ္ပဏီပိုင်ရှင်များက ကတိုက်ကရိုက် ခြံခတ်နေကြသည်။
အချင်းချင်းညှိနှိုင်းမှု ပြေလည်သည့်နေရာပြေလည်သော်လည်း အများစုမှာ ဆိုးဝါးနေပါသည်။
အုပ်ချုပ်ရေးအာဏာပိုင်များက နှာစေးနေပါသည်။
အချို့နေရာများတွင် လွှတ်တော်ကပင် ၀င်ရောက်စွက်ဖက်ခွင့်မရှိဟု ဆိုနေပါသည်။
လွှတ်တော်ထက်ပင် ကြီးသော အရာများ တည်ရှိနေဆဲပါ၏လော။
ကိုလိုနီဆိုးမွေးမဟုတ်ပါ။
အာဏာရှင်စနစ်ဆိုးမွေကို ဆက်ခံနေရခြင်း ဖြစ်သည်။
အမိန့်ပေးလုပ်ကိုင်စေခဲ့သူများလည်း ယခုစုံစမ်းစစ်ဆေးသူများထဲတွင် ပါဝင်နေပါပြီ။
ပြည်သူများ၏ဒုက္ခကို မြင်တွေပါပြီလော
အသိုက်အမြုံပျောက်ကွယ်ခံရသော ပြည်သူလူထုကို စာနာပေးကြပါ။
သူတို့ကို ရသင့်ရထိုက်သလောက် ပြန်လည်ပေးစေလိုပါသည်။
မိမိတို့၏ လောဘဇောကို တတ်နိုင်သမျှ  သတ်ပေးကြပါ။
သံသရာကြွေးတင်ပါလိမ့်မည်။
ထို့အတူ ၀ဋ်လိုက်တတ်ပါသည်။


မြန်မာ့နိုင်ငံရေးသည် အလွန်ရှုတ်ထွေးလှသည်။
မိမိကိုယ်တိုင်ပင် ဘာမှန်းမသိတော့ပါ။
အဖွဲ့အစည်းပေါင်းစုံ ရှိနေသည်။
သမဂ္ဂပေါင်းစုံ ဖွဲ့နေကြပါသည်။
လက်နက်ကိုင်တပ်ပေါင်းစုံရှိနေသည်။
ပါတီပေါင်းစုံ ရှိနေသည်။
ကွန်ယက်ပေါင်းစုံ ရှိနေသည်။
တရားမ၀င်၊ တရားဝင် အဖွဲ့အစည်းပေါင်းစုံရှိနေသည်။
ပြည်ပရောက်အင်အားစုပေါင်းစုံ ရှိနေသည်။
လူထုအဖွဲ့အစည်ူးပေါင်းစုံ ရှိနေသည်။
NGO ပေါင်းစုံ ရှိနေသည်။
စပွန်ဆာပေါင်းစုံ ရှိနေသည်။
ဒုက္ခသည်ပေါင်းစုံ ရှိနေသည်။
ပြဿနာပေါင်းစုံရှိနေသည်။
အားလုံ ရောထွေးယှက်ဖြာနေကြသည်။
အဲန်ဂျီအိုယောင်ယောင်၊ သမဂ္ဂလိုလို ၊ ကွန်ယက်မဲန်းလိုလို
ဟိုလိုလို၊သည်လိုလိုနှင့် လိုင်းပူးနေကြသည်။
နိုင်ငံရေးကို နိုင်ငံရေးပီသအောင် လုပ်ဆောင်စေလိုပါသည်။
မြန်မာ့ပြည်အခြေအနေသည် နိုင်ငံရေးနည်းအရ ရှင်းမှဖြစ်ပါလိမ့်မည်။
လူမှုရေးလုပ်နေရုံဖြင့် ရှင်းနိုင်မည့်ကိစ္စမဟုတ်ပါ။
ကိုကျော်သူလိုမျိုး လုပ်နိုင်လျှင်လည်း စောက်ချလုပ်ကြပါ။
ယောင်ခြောက်ဆယ်ပုံစံမျိုးလုပ်ဆောင်နေကြသူများ
တရားဝင်နိုင်ငံရေးလမ်းကြောင်းပေါ် တက်လာသင့်ပါပြီ။
ပါတီထောင်၍ ပြည်သူကို ရဲရဲဝံ့ဝံ့ စည်းရုံးပြကြစမ်းပါ။
ကိုယ့်အင်အားအစစ်အမှန် သိရပါလိမ့်မည်။
ဒီမိုကရေစီဆိုသော စကားလုံးအောက်တွင် ထိုင်မနေကြပါနှင့်။
ကိုယ်သွားမည့်လမ်းကြောင်းကို ရဲရဲသာ ပြောလိုက်ကြစမ်းပါ။
အားလုံးကို ဘယ်လိုရောသမမွှေကြပါမည်လဲ
ကိုသားစိုးတစ်ယောက်ကို အကူအညီတောင်းပါမည်
သီချင်းတစ်ပုဒ်လောက် ရောသမမွှေပေးပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ပါ ဥပဒေအချက်များသည် တစ်ဦးတစ်ယောက် ကိုရည်ရွယ်ပြီး တမင်ထည့်သွင်းထားခြင်းဖြစ်တယ်လို့ ယူဆကြောင်း ပြောဆိုခဲ့သည်။
၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ပါ ဥပဒေအချက်များမှာ
မိမိကိုယ်တိုင်သော်လည်းကောင်း/မိမိ၏မိဘတစ်ပါးပါးသော်လည်းကောင်း/မိမိ၏ဇနီး/မိမိ၏ခင်ပွန်း/မိမိ၏တရားဝင်သား သမီးသော်လည်းကောင်း/ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး/ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်သူ၊/ နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ/ တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူများ မဖြစ်စေရ/ ထိုသူများသည် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ/တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော ခံစားနိုင်ခွင့် ရှိသူများ မဖြစ်ရ။
၁၉၄၇ အခြေခံဥပဒေ ပုဒ်မ ၇၄ ပုဒ်မခွဲ-၁(က)တွင် နိုင်ငံခြားအစိုးရ၏ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ / နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ/ ထိုအစိုးရ၏လက်အောက်ခံဖြစ်သူသော်လည်းကောင်း/ နိုင်ငံသားသော်လည်း ကောင်း ခံစားနိုင်သော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ ။
ခံစားနိုင်ခွင့်ရှိသူဆိုသော စကားလုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အားလုံးနားလည်လောက်ပါသည်။
ဘာမှသိပ်မပြောလိုတော့ပါ။
အခြေခံဥပဒေခုံရုံးကိုသာ အဓိပ္ပါယ်ဖွင့်ဆိုခိုင်းလိုက်ပါ။
မိမိလုပ်ရပ်သည် မိမိကိုယ်ကိုသာ အကျိုးပြုပါသည်။ ပြန်ပြင်၍မရပါ။
တိုင်းတပါးသားဇနီးခင်ပွန်းနှင့် သားသမီးရှိနေသည့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတကြီး ဆိုတာမျိုးကို  အားလုံးက လက်ခံနိုင်ကြပါပြီလော။
ထို့အတွက် အခြေခံဥပဒေကိုပြင်ကြမည်ဆိုလျှင်လည်း ကြိုးစားလုပ်ဆောင်ကြည့်ကြပါ။
အများညီလျှင် သည်ကို ကျွဲဖတ်လို့ရပါသည်။
အများညီနိုင်အောင်သာ ကြိုးစားလုပ်ဆောင်ဖို့ လိုပါသည်။
အားလုံးကလက်ခံနိုင်ကြပါလျှင် ပြဿနာတစ်ခု အေးသွားပါလိမ့်မည်။

နောက်တစ်ပတ်တွင် ထပ်မံတွေ့ဆုံပါဦးမည်။

မိုးကုတ်ကိုတိုး
mogokkotoe@gmail.com
၀၉ ၄၅၀၀ ၅၇၀၈၈
အမှတ် ၄၇၊ ပထမထပ်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊
တာမွေအ၀ိုင်းအနီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။