Tuesday, January 8, 2013

မိုးကုတ်ကိုတိုး၏ အတွေးများ (၂) ၇-၁-၂၀၁၃

မိုးကုတ်ကိုတိုး၏ အတွေးများ (၂)  ၇-၁-၂၀၁၃

နိုင်ငံတော်သမ္မတကြီးနှင့် ကေအင်ယူဥက္ကဌသစ်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါသည်
အလွန်ကောင်းမွန်သည့်လုပ်ရပ်ဟု မြင်ပါသည်
ကေအင်ယူဥက္ကဌသစ်သည် မကြာမီက ငြိမ်းချမ်းရေးကြောင့် ရာထူးမှ အထုတ်ခံလိုက်ရသူ ဖြစ်သည်
ထို့အတွက် ကေအင်ယူနှင့် ငြိမ်းချမ်းရေးလုပ်ငန်း ပိုမိုပီပြင်လာလိမ့်မယ်ဟု
မျှော်လင့်မိပါသည်
သို့သော်လည်း ကရင်လူမျိုးများအတွက် အခြေအနေကောင်းဖြစ်ပါလိမ့်မည်ဟု အတတ်မပြောနိုင်ပါ
ကရင်လူ့အဖွဲ့အစည်းအတွင်း အယူအဆ၊ ၀ါဒရေးရာနှင့် ကိုးကွယ်ယုံကြည်မှုနှင့်
နေရာဒေသအလိုက် စစ်ဘုရင်များဖြင့် ကွဲပြားခြားနားနေသော အနေအထားကို
အားလုံး ညှိယူကြရပါလိမ့်ဦးမည်

ကရင်နိုင်ငံရေးပါတီများကလည်း စုစည်းညီညွတ်မှုကို အရိပ်အယောင်မျှပင် မမြင်သေးပါ
ထိုအထဲ ပါတီကြိးများ၏ ထိုးဖောက်ဝင်ရောက်နေမှုများကလည်း လူမျိုးအတွင်း
အားပြိုင်မှုကို ဖြစ်ပေါ်စေပါလိမ့်မည်
အမျှော်အမြင်ကြိးလွန်းသည့် ကရင်အမျိုးသားခေါင်းဆောင်များ ပေါ်ထွက်လာစေချင်ပါသည်
သို့သော် ထိုတာဝန်ကို ယူနိုင်မည့်သူသည် မည်သူဖြစ်နိုင်မည်လဲဆိုသည်ကိုမှု
ကရင်များကသာ ရွေးချယ်ရပါလိမ့်မည်
ထိုပြဿနာသည် ကရင်လူမျိုးတို့၏ ဖြေရှင်းရမည့်ပြဿနာအဖြစ် မြင်မိပါသည်
သို့မဟုတ်ပါက နေရာဒေသအလိုက် ကွဲပြားခြားနားနေသော
ကရင်ကိုယ်စားပြုခေါင်းဆောင်များ အများအပြား ထွက်ပေါ် လာပါလိမ့်မည်
တိုင်းရင်းသားပေါင်းစုံပါဝင်သော ပြည်ထောင်စုညီလာခံကြီး
မကျင်းပနိုင်သေးမှီ ကိုယ်စားပြုနိုင်သော ခေါင်းဆောင်အချို့
 သို့မဟုတ် ခေါင်းဆောင်များ ထွက်ပေါ်နိုင်အောင်
ကရင်လူ့အဖွဲ့အစည်းတွင်ပါဝင်သော  သက်ဆိုင်သူအားလုံး စဉ်းစား ရွေးချယ်
လုပ်ကိုင်စေလိုပါသည်။
စောဘဦးကြီးနှင့် စောစံဖိုးသင်လို နိုင်ငံရေးခေါင်းဆောင်မျိုး ထွက်ပေါ်လာနိုင်ပါစေ။
စစ်ရေးခေါင်းဆောင်မျိုးသည် တော်လှန်ရေးကာလတွင် အသုံးဝင်သော်လည်း
တည်ဆောက်ရေးကာလတွင် အတွေးအခေါ်နှင့် ပညာဥာဏ်အမျှော်အမြင်က ပိုစကားပြောပါလိမ့်မည်


နေပြည်တော်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
င်နှင့် နိုင်ငံရေးပါတီ ၅၄
ခုနှ ပါတီဥက္ကဌများနှင့် အတွင်းရေးမှူးများ
မြန်မာ့နိုင်ငံရေး နှင့် နိုင်ငံရေးပါတီများလုပ်ဆောင်နေမှုများနှင့်
ပတ်သက်၍ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ခဲ့ပါသည်
နံနက် ၁၀း၀၀ နာရီမှစ၍ ည၉း၀၀ အထိ မာရသွန်ဆွေးနွေးကြပါသည်
နိုင်ငံရေးပါတီ ၅၄ ခုမှ ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးကြပါသည်
သို့သော် လူထုခေါင်းဆောင် ပါတီဥက္ကဌကြီးမှာ မတက်ရောက်နိုင်ပါ
မြန်မာ့နိုင်ငံရေးတွင်  ပါဝင်ပတ်သက်နေသည့် နိုင်ငံရေးပါတီများမှ
ခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံရန် ကံမပါဟုသာ
ဆိုချင်ပါသည်
မာရသွန်ဆွေးနွေးပွဲတွင် ကော်မရှင်၏ ဧည့်ဝတ်ကျွေပွန်သော ဧည့်ခံမှုမှာ
အလွန်အတုယူစရာ ကောင်းပါသည်
ရေမတိုက်၊ စားစရာတည်ခင်းမှု မရှိသော ဧည့်ဝတ်ကျေပွန်မှုသည်
နောင် ပါတီအစည်းအဝေးနှင့် ညီလာခံများ၊ သင်တန်းများတွင် လိုက်နာကျင့်သုံးသင့်ပါသည်
နောင် ပြည်ထောင်စုကော်မရှင်မှ ခေါ်ယူသော အစည်းအဝေးများကို
ကိုယ့်ရိက္ခာနှင့်ကိုယ် လာရမည့်ပုံပေါ်သည်

ကော်မရှင်အနေဖြင့် အခြေခံဥပဒေနှင့် ကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီဥပဒေ၊
နည်းဥပဒေများအရ  နိုင်ငံရေးပါတီများကို
ကြီးကြပ်ရန် တာဝန်ရှိသည်ဟု ဆိုပါသည်
ထုတ်ပြန်ထားသော ၁/၂၀၁၀ နှင့် ၂/၂၀၁၀ တို့အတိုင်း
စည်းရုံရေးဆင်းရာတွင်လိုက်နာကြရန်လိုကြောင်း ထပ်ပြောပါသည်
ပါတီများအနေဖြင့် ကိုယ့်ရုံးတွင် လုပ်ဆောင်သည့် အခမ်းအနားများကို
ကော်မရှင်သို့ အသိပေးရန်သာ လိုပါသည်
ပြင်ပအဆောက်အဦးများတွင် ပြုလုပ်မည်ဆိုပါက ကော်မရှင်သို့
ကြိုတင်အကြောင်းကြားရန်လိုပါသည်
အုပ်ချုပ်ရေးအဖွဲ့သို့ ခွင့်ပြုချက်တောင်းရန် မလိုဟုလည်း ဆိုပါသည်
အုပ်ချုပ်ရေးအဖွဲ့နှင့် နိုင်ငံရေးပါတီင်္များအကြား ကော်မရှင်က
ကြားဝင်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်လိုပါသည်
ထို့ကြောင့် ပါတ်ီများအနေဖြင့် ကော်မရှင်သို့ ဖြစ်လိုသည်များကို
တင်ပြပြီး ကော်မရှင်အနေဖြင့် အုပ်ချုပ်ရေးပိုင်းနှင့်
ဆက်သွယ်ဆောင်ရွက်ပေးသွားပါမည်ဟုလည်း ပြောပါသည်

ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန် ကျင့်သုံးရောက်ရှိသည့်အချိန်တွင်
ကော်မရှင်အနေဖြင့် အမည်နှင့်လိုက်အောင် ရွေးကောက်ပွဲများ ကျင်းပရန်သာ
တာဝန်ရှိပါလိမ့်မည်
နိုင်ငံရေးပါတီများကို ထိန်းချုပ်ကြီးကြပ်ရန် မဟုတ်တော့ပါ။
ယခု အကူးအပြောင်းကာလတွင် နားလည်မှုပေးနိုင်ပါသည်
သို့သော် အရာရာတိုင်းကို နားလည်မှုပေးနိုင်မည်တော့ မဟုတ်ပါ
ဘက်လိုက်နေသည်ကိုတော့ မြင်နေပါသည်
ဥပဒေအရ ကျော်လွန်နေသည်များကို မျက်စိမှိတ်ထားသည်ကို တွေ့နေရသည်မှာ ကြာပြီဖြစ်ပါသည်
တုတ်ဖြင့်ရိုက်သင့်သည်ကို သက္ကယ်ရိုးဖြင့် ရိုက်နေပါသည်
ကျွန်တော်တို့တုန်းက ကော်မရှင်အနေဖြင့် အကြိမ်ကြိမ်၊ အဆင့်ဆင့် စစ်ဆေးခဲ့ပါသည်
သက်သေအထောက်အထား သေသေချာချာပြခဲ့ရပါသည်
အခြားသူများမှာ တိုင်ကြားသူမရှိ၍ ဖြစ်ပါလိမ့်မည်
ကျွန်တော်တို့တုန်းက တိုင်ကြားသူရှိ၍ တရားဝင်စစ်ဆေးခြင်း ဖြစ်နေပါသည်

နိုင်ငံခြားမှ တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်စေ ရယူခြင်းမပြုရ ဆိုသည့်
ပြဌာန်းချက်များကို အဓိပ္ပါယ်ဖွင့်ဆိုပေးဖို့ လိုနေပါသည်။
နိုင်ငံတော်အခြေခံဥပဒေခုံရုံးကို ပို့၍ ဆုံးဖြတ်ခိုင်းရမည့်
အနေအထားမျိုးလို့ ဆိုချင်ပါသည်
အခြေခံဥပဒေခုံရုံးက လောလောဆယ် ပျောက်ကွယ်နေဆဲ
ယခုလာမည့်လွတ်တော်တွင်လည်း အခြေခံဥပဒေခုံရုံး အဖွဲ့ဝင်များ
ခန့်ရန်ရှိ-မရှိ မသိရသေးပါ
မြန်မာပြည်တွင် ဥပဒေပညာရှင်ကြီးများ ရှားပါးနေပါသလားဆိုတာ သိချင်ပါသည်

ပါတီကြိးများ၏ ငွေကြေးကိစ္စသည် မြင်မကောင်းပါ
ပြည်သူပိုင်ပစ္စည်းဆိုသော စကားလုံးကိုလည်း အဓိပ္ပါယ်ဖွင့်ပေးဖို့ လိုလာပါပြီ
ကျွန်တော်တို့လို ပါတီလေးများကတော့ အတော်ကိုရုန်းကန်နေရပါသည်
စပွန်ဆာနိုင်ငံရေးသည် ကျွန်တော်တို့အတွက် မဟုတ်ပါ
နာမည်ကြိးသူများ၊ နာမည်ရသူများအတွက်သာ ဖြစ်ပါသည်
သူတို့သွားလာလှုပ်ရှားသည်ကို အလွန်အားကျပါသည်
ထိုကုန်ကျစရိတ်များကို ပါတီင်္ငွေစာရင်းတွင် မည်ကဲ့သို့များ
ထည့်ပြမလဲဆိုတာကို အံ့သြနေမိပါသည်


နေပြည်တော်တွင် နိုင်ငံတော်သမ္မတကြီး၏ လွတ်လပ်ရေးနေ့ ညစာစားပွဲ
ကျင်းပပြုလုပ်ခဲ့ပါသည်
နိုင်ငံ၏ ထိပ်ပိုင်းပုဂ္ဂိုလ်များအားလုံး တက်ရောက်ကြသည်
ပါတီများ၏ ခေါင်းဆောင်များလည်း ပါဝင်တက်ရောက်ပါသည်
မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသော နိုင်ငံရေးပါတီများ၏
ခေါင်းဆောင်အားလုံးကို တစ်စုတစ်စည်းထဲ တွေ့ဆုံနိုင်သည့်ပွဲ ဖြစ်ပါသည်။
သို့သော်လည်း ပြည်သူချစ်သော၊ လူထုခေါင်းဆောင်ဆိုသော ပါတီဥက္ကဌကြီးမှာ
ထိုပွဲကို မတက်ရောက်ခဲ့ပါ
မြန်မာ့နိုင်ငံရေးတွင်  ပါဝင်ပတ်သက်နေသည့် နိုင်ငံရေးပါတီများမှ
ခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံရန် ကံမပါဟုသာ
ဆိုချင်ပါသည်
မိမိအဆင့်က ကမ္ဘာ့ခေါင်းဆောင်များအဆင့်တွင် ရှိနေသဖြင့် ထိုသူများနှင့်
တစ်တန်းစားတည်းထားပြိး ထိုင်ရန်မသင့်ဟု
ခံယူထားလို့လားဟု တွေးမိပါသည်
ထိုအတွေးသည် မိမိကိုယ်ပိုင်အတွေးသာ ဖြစ်ပါသည်
ဒီမိုကရေစီခေါင်းဆောင်ဆိုသော စကားလုံးသည် ဒီမိုကရေစီအင်အားစုများ၏
ခေါင်းဆောင်ဖြစ်ပြီး ဒီမိုကရက်တစ် အင်အားစုများနှင့် တစ်တန်းတည်းထား၍
ရင်းရင်းနှီးနှီး နေစေချင်ပါသည်
ဒီမိုကရက်တစ်မဟုတ်သူများကိုမှု မပြောပါ
တစ်ခုပြောလိုသည်မှာ့ ပါတီတစ်ခုတည်းကသာ ဒီမိုကရေစီအရေး
ဦးဆောင်လုပ်ဆောင်နေသည် မဟုတ်ပါ
ဒီမိုကရေစီအရေးလှုပ်ရှားနေသော အခြားအင်အားစုများလည်း ရှိနေသည်ကို တွေးမိစေချင်ပါသည်
၂၀၁၀ နှင့် ၁၉၉၀ အုပ်စုပုံသဏ္ဍာန် ခွဲခြားဆက်ဆံခြင်းသည်
ဒီမိုကရက်တစ်အင်အားစုများ စုစည်းနိုင်မှုကို မိမိက ဖြိုဖျက်နေသည့်ပုံ
ပေါ်နေပါသည်
ဆင်သွားရာလမ်းဖြစ်
မိမိကိုယ်ကို အားကြီးအောင်တည်ဆောက်ရင် ကျန်သူတွေ အလိုလို
မိမိအောက်ရောက်လာမယ်ဆိုတာမျိုး ယူဆ လုပ်ဆောင်နေလျှင်
ဒီမိုကရေစီအရေး အနာဂတ်အတွက် စိုးရိမ်စရာ ဖြစ်ပါသည်
Diversity ကွဲပြားခြားနားမှု၏ အနှစ်သာရကို နားလည်းသဘောပေါက်သင့်ပါသည်
နားလည်သဘောပေါက်နေလျှင်လည်း လက်တွေ့ အသုံးချသင့်ပါသည်
စူးနေရာစူး ဆောက်နေရာဆောက်
ဆင်လည်းဆင်အထွာ ၊ ပုရွက်ဆိတ်လည်း သူ့အထွာနှင့်သူ အသုံးဝင်ပါသည်
လူမှန်နေရာမှန်ကို အသုံးချတတ်ဖို့ လိုနေပါသည်

NLD၏ လွတ်လပ်ရေးနေ့ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်
လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်၊ ပါတီဥက္ကဌကြီးကိုယ်တိုင်
မိန့်ခွန်းပြောကြားခဲ့သည်
သ၀ဏ်လွှာပို့သောပါတီ နှစ်ခုတည်းသာ ရှိနေပါသည်
ဒီထက် များများ ပေးပို့စေချင်ပါသည်
ထိုဖြစ်ရပ်မှာ ပါတီချင်းဆက်ဆံရေးအနေအထားကို သွယ်ဝိုက်ဖော်ပြနေသည်ဟု မြင်မိပါသည်
တစ်ခုခုများ မှားနေပါသလား
ပြိုင်ဖက်ပါတီကိုယ်တိုင်က ပေးပို့သော အနေအထားမျိုးကို ရှိနေသင့်ပါသည်

ကမ္ဘာကျော်ခေါင်းဆောင်ကြိးကိုယ်တိုင် ဦးဆောင်သော ပါတီက ပြုလုပ်သောပွဲလည်း ဖြစ်ပါသည်
ဒီမိုကရက်တစ်အင်အားစုများကို ဦးဆောင်ပြီး ကျင်းပသော အခမ်းအနားမျိုးကို
ပြုလုပ်စေချင်ပါသည်
ကျင်းပနိုင်သော အနေအထားမျိုးလည်း ရှိနေပါသည်
ကိုယ်တိုင်လုပ်ကိုင်ချင်စိတ် ရှိရန်သာ လိုပါသည်
အခြေအနေက ပေးနေပြီးသား ဖြစ်သည်
သို့မှသာ ညီညွတ်ရေးအတွက် ခြေတစ်လှမ်း လှမ်းနိုင်ပါလိမ့်မည်
၂၀၁၅ အတွက် ယှဉ်ပြိုင်ဖက်အဖြစ် အားလုံးကို ထည့်စဉ်းစားနေပါက
ကျွန်တော် ဘာမှ မပြောလိုတော့ပါ

ဒီမိုကရေစီခေါင်းဆောင်ကြီးပြောသော လွတ်လပ်ရေးနေ့မိန့်ခွန်းတွင်-
ဒီနိုင်ငံမှာ ပဋိပက္ခပေါင်းများစွာ ရှိတယ်ဆိုတာ အများသိပြီး ဖြစ်ပါတယ်။
ပဋျိပက္ခဖြေရှင်းရေးအခြေခံက တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားဖို့
ဖြစ်တယ်။ ကိုယ်နဲ့မတူတဲ့ အတွေးအခေါ်တွေကို မလေးစားနိုင်ရင်၊
ကိုယ်နဲ့မတူတဲ့ အတွေးအခေါ်တွေကို နားလည်မှုမပေးနိုင်ရန် ကျွန်မတို့ဟာ
စစ်မှန်သောဒီမိုကရေစီနိုင်ငံကို မထူထောင်နိုင်ပါဘူး လို့
လူထုခေါင်းဆောင်ကြီးက လွတ်လပ်ရေးနေ့   မိန့်ခွန်းထဲတွင် ထည့်ပြောခဲ့သည်
ပြောသောစကားကို အလွန်နှစ်သက်ပါသည်
လက်တွေ့ပြသရန်သာ လိုပါသည်
NDF  NLD တစ်ကမ္ဘာစီခြားနေသည့်အခြေအနေက  တစ်ဦးနှင့်တစ်ဦး နားလည်မှု
မပေးနိုင်၊ မလေးစားနိုင်လို့များ ဖြစ်နေ ကြသလား
အားလုံးသည် တစ်ချိန်က လက်တွဲဖော်၊ ရဲဘော်ရဲဘက်များ ဖြစ်ခဲ့ကြပါသည်
နှစ် ၂၀ ကျော် နိုင်ငံရေးမုန်တိုင်းခရီးကြမ်းကို အတူတူ ရင်ဆိုင် ဖြတ်သန်းခဲ့ကြပါသည်
အားလုံးသည် နိုင်ငံရေးအရ ပေးဆပ်ခဲ့ကြသူများပင် ဖြစ်ပါသည်
ဒီမိုကရေစီရေး ဦးတည်ချက်မှာ နှလုံးသားထဲတွင်  မပျောက်သွားကြပါ အတူတူရှိနေဆဲပင်
သို့သော် ရင်းနှီးခဲ့ကြသူအချင်းချင်း တစ်ကမ္ဘာစီ ခြားသွားခဲ့ကြပါပြီ
လမ်းတွေ့ရင်တောင် ပြုံးမပြနိုင်လောက်အောင် ဖြစ်နေသူတွေကို တွေ့ခဲ့ရပါသည်
ဒီလိုခံစားမှုမျိုးဖြင့် စစ်မှန်သောဒီမိုကရေစိနိုင်ငံကို
ထူထောင်နိုင်ပါမည်လားဟု စဉ်းစားနေမိပါသည်

လူ့ဘောင်သစ်နှင့် ABSDF မှ ပြည်ပနေ ကိုယ်စားလှယ်များ မြန်မာပြည်တွင်း
ဝင်ရောက်လာပြီး ဒီမိုကရေစီအင်အားစု များနှင့် တွေ့ဆုံကြကြောင်း
သတင်းများမှ တွေ့မြင်ရပါသည်
ဒီမိုကရေစီအင်အားစုဆိုသည်မှာ  မြန်မာပြည်တွင် နှစ်မျိုးရှိနေပါသလား
လွှတ်တော်တွင်းရောက် ၂၀၁၀ ဒီမိုကရက်တစ်အင်အားစု ပါတီများနှင့်
တွေ့ဆုံသွားခြင်း မမြင်လိုက်ရပါ
NLD နှင့် အခြားအဖွဲ့အစည်းများကိုသာ တွေ့ဆုံသွားပါသည်
မြန်မာပြည်ဒီမိုကရက်တစ်အင်အားစုများ ပြန်လည်စုစည်းနိုင်ရေးနှင့်
ညိညွတ်ရေးအတွက် ကြိုးစားသွားကြမည်ဟု
အင်တာဗျုးများတွင် ပြောဆိုသွားကြပါသည်
ကျွန်တော် အတော်စိတ်မကောင်းပါ
ကျွန်တော်တို့လည်း ဒီမိုကရက်တစ်အင်အားစုတွေ မဟုတ်ဘူးလားလို့ မေးလိုက်ချင်ပါသည်
ဒီမိုကရက်တစ်အင်အားစုဆိုသည်မှာ NLD နှင့် ၂၀၁၀ ရွေးကောက်ပွဲမ၀င်ခဲ့သော
ယခုမှမှတ်ပုံတင်ကြသည့် ၁၉၉၀ အနွယ်ဝင် ပါတီများဟုသာ သတ်မှတ်ချက်
ရှိနေပါပြီလား
ဒါမှမဟုတ် သတ်မှတ်ထားကြပြီလားဆိုသည်ကို မေးခွန်းထုတ်ချင်ပါသည်။
ဖတ်မိသူများ ဖြေကြားပေးကြပါ။

ကချင်တိုက်ပွဲမှာ  ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါသည်
တစ်နေ့က အတိုက်အခိုက် ရပ်စဲခဲ့သော်လည်း ယခု ပြန်လည်ဖြစ်ပွားနေပြန်ပြီ
ဘယ်သူ့တွင် တာဝန်ရှိနေသလဲကို မမေးလို့တော့ပါ
တကယ်ငြိမ်းချမ်းစေချင်သော ဆန္ဒများ
သက်ဆိုင်ရာဦးစီးခေါင်းဆောင်များစိတ်ထဲတွင် ဖြစ်ပေါ်စေချင်ပါသည်
သူတို့အမှန်တကယ်ဖြစ်ချင်လာမှသာ ငြိမ်းချမ်းသွားပါလိမ့်မည်
ယခု ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များနှင့် ပြည်သူလူထုအနေဖြင့်
ဘုရားတနေရန်သာ ရှိပါသည်
နှစ်ဖက် အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးပွဲပြန်စကြရန် တိုက်တွန်းလိုပါသည်
ကိုယ်စီအကျိုးစီးပွားများအတွက် နှစ်ဖက် ညှိနှိုင်းသဘောတူရန်မှာ
အဆင့်များစွာ၊ အချိန်များစွာ ယူရ့ပါဦးမည်
ကျွန်တော်တို့ NDF ပါတီအနေဖြင့် ကချင်ငြိမ်းချမ်းရေးအတွက် ယနေ
ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်
လွတ်လပ်ရေးနေ့ကလည်း ငြိမ်းချမ်းရေးဖြစ်ပေါ်အောင် ဆောင်ရွက်ကြဖို့
တိုက်တွန်းနိုးဆောင်ကြောင်း ကြေညာချက် ထုတ်ပြန်၍ အသိပေးခဲ့ပါသည်
ကျွန်တော်တို့အနေဖြင့် ဤမျှလောက်သာ လုပ်နိုင်ပါသည်
ကျွန်တော်တို့ထက် ပိုလုပ်နိုင်သူများလည်း ရှိပါသည်
တစ်ခွန်းပြောလျှင် တစ်ခွန်းထိရောက်သောသူလည်းရှိပါသည်
ဒီအတိုင်း ရပ်ကြည့်မနေသင့်ဟုသာ ပြောချင်ပါသည်
ပြေလည်သွားအောင် တစ်ခုခု ၀င်ရောက်လုပ်ဆောင်ပေးသင့်ပါသည်
ခေါင်းမရှောင်သင့်ဟု မြင်မိပါသည်

ရှမ်းတိုးရင်းသားများ ဒီမီုကရက်တစ်ပါတီညီလာခံ ပြီးဆုံးသွားပါပြီ
ပီအာစနစ်ကို လုံးဝလက်မခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်
ဒီမိုကရေစီမိတ်ဆွေ ဆယ်ပါတီဆွေးနွေးပွဲများတွင် အဘယ်ကြောင့် ပီအာစနစ်ကို
ကျင့်သုံးသင့်သလဲဆိုသည်ကို ကျွန်တော်တို့  အကြိတ်အနယ်
ဆွေးနွေးကြပြီးဖြစ်ပါသည်
အနာဂတ်နိုင်ငံရေး နှင့် တိုင်းပြည်၏ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို
မျှော်ကြည့်ပြီး ကျွန်တော်တို့ တင်ပြကြခြင်း ဖြစ်သည်။
ကျင့်သုံးမည်၊ မကျင့်သုံးမည်ဆိုသည်မှာ အခြားသူများက ဆုံးဖြတ်ပါလိမ့်မည်
ကျွန်တော်တို့မှာ  ဆုံးဖြတ်ပိုင်ခွင့် နည်းပါသည်
လွှတ်တော်နှင့် ကော်မရှင်ကသာ ဆုံးဖြတ်သွားပါလိမ့်မည်

ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးသည်ဟု  ဗမာလူမျိုးများကို
အခြားတိုင်းရင်းသားလူမျိုးများက အမျိုးမျိုးပြောခဲကြသလို
လူမျိုးငယ်များကလည်း သူတို့အပေါ်  အခြားသူများက လူမျိုးကြီးဝါဒ
ကျင့်သုံးနေတယ်လို ဆိုနေပါသည်
အချင်းချင်း ရှင်းလင်းကြရမည့် ကိစ္စဖြစ်ပါသည်။
ရှမ်းမျိုးနွယ်နိုင်ငံရေးပါတီများ စုပေါင်းထားသော အင်အားစုတစ်ခု
တည်ဆောက်ရေးဆိုသည်မှာ
ယခင်က ဆိုရှယ်လစ်လူ့ဘောင်တည်ဆောက်ရေး ဆိုသလို
ရွှေပြည်တော်မျှော်တိုင်းဝေး ဖြစ်နေမည်ကို
သတိပြန်ရစေလိုပါသည်
လက်ရှိတွင် ရှမ်းပါတီ သုံးမျိုး ဖြစ်နေပါသည်။
အတွေးအခေါ်၊ အယူအဆနှင့် လုပ်ပုံကိုင်ပုံများ ခြားနားနေမှုကို
ဘယ်လိုညှိနှိုင်းပြိး တစ်သားတည်းဖြစ်ရန် လုပ်ဆောင်ကြမည်ကို ကျွန်တော်
မတွေးတတ်ပါ
လက်တွေ့အခြေအနေနှင့် ကင်းဝေးသော မျှော်မှန်းချက်များမှာ လုပ်ဆောင်ရ အလွန်ခက်ခဲပါသည်

ကရင်လူမျိုးများကို ပြောသလို ရှမ်းများကိုလည်း ကိုယ်စားပြုမှု
ပြဿနာအကြောင်း  ပြောလိုပါသည်
လူမျိုးတိုင်းတွင် မိမိတို့ကို ကိုယ်စားပြုသည့် ခေါင်းဆောင်တစ်ဦး
ရှိဖို့လိုနေပါသည်
ပင်လုံညီလာခံကဲ့သို့သော ညီလာခံမျိုးတွင် တိုင်းရင်းသားလူမျိုးတိုင်း၏
ခေါင်းဆောင်ပိုင်းမှ မိမိတို့လူမျိုးတို့၏ လိုလားချက် များကို
တောင်းဆိုတင်ပြကြရ ပါမည်
ထို့အတွက် စဉ်းစားဖို့အချိန်ရောက်ပြီဟု ပြောချင်ပါသည်

ဗမာများအတွက် ရှင်းပါသည်
ဒိမိုကရက်တစ်အင်အားစုများအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ခေါင်းဆောင်
ပြိုင်ဖက်အဖွဲ့အစည်းများကမူ တစ်ဦးရွေးပါလိမ့်မည်
အခြားတိုင်းရင်းသားလူမျိုးများအတွက် မရှင်းလင်းတော့ပါ
နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်များ၊ လူမှုရေးအသင်းအဖွဲ့များ၊
ဘာသာရေးအသင်းအဖွဲ့များ ရောယှက်နေ သည့်အတွက် ကိုယ်စားပြုခေါင်းဆောင်
သို့မဟုတ် ခေါင်းဆောင်များ ရွေးချယ်ရန် အလွန်ကြိုးစားကြရပါလိမ့်မည်။
သို့မဟုတ်ပါက တစ်မြိုနယ်တစ်ဦး တိုင်းရင်းသားကိုယ်စားလှယ်ဆိုပြီး
အမျိုးသားညီလာခံကိုယ်စားလှယ်မျိုး ရွေးချယ်ခဲ့ သလို ဖြစ်မှာကို
မမြင်ချင်ပါ
လူမျိုးတိုင်း၏ စစ်စစ်မှန်မှန် ခေါင်းဆောင်များကို ထွက်ပေါ်လာစေချင်ပါသည်။

နောက်တစ်ပတ် ဆက်ပါဦးမည်
တစ်ပတ် တစ်ပုဒ် ရေးနိုင်အောင် ကြိုးစားပါမည်။
မိုးကုတ်ကိုတိုး
mogokkotoe@gmail.com
၀၉ ၄၅၀၀ ၅၇၀၈၈
အမှတ် ၄၇၊ ပထမထပ်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊
တာမွေအ၀ိုင်းအနီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဤစာမူကို ပုံနှိပ်ဖော်ပြလိုပါက ဆက်သွယ်နိုင်ပါသည်။

No comments:

Post a Comment