ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မည်သူဦးဆောင်သင့်သနည်း
အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းနှင့် အင်တာဗျူး
ဇေယျာလင်း TRADE TIME ဂျာနယ်၊ ၁၆-၂-၂၀၁၃
မေး။ တရားစီရင်ရေးမဏ္ဍိုင်အပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်က ခေတ်အဆက်ဆက်က လွှမ်းမိုးခဲ့ပါတယ်။ အခုထိလည်း လွှမ်းမိုးမှုရှိနေဆဲလို့ ပြောနေကြတဲ့အပေါ် ဆရာ့ရဲ့အမြင်လေး သိပါရစေ။
ဖြေ။ လွန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးလက်ထက်မတိုင်ခင် မဆလအစိုးရလက်ထက်ကတည်းက သိသိသာသာပါပဲ။ အုပ်ချုပ် ရေးမဏ္ဍိုင်တင်မကပါဘူး၊ ပါတီခေတ်ဆိုတော့ ပါတီကလွှမ်းမိုးခဲ့ပါတယ်။ ခေတ်အဆက်ဆက် ပြည်သူလူထုက
လည်း တောက်လျှောက်ခံစားခဲ့ရပါတယ်။ အဲ့ဒီအကျင့်တွေက ဒီဘက် ဒီမိုကရေစီခေတ်ထိတောင် ရှိသင့်သလောက် ရှိနေ သေးတယ်။ လူကြီးတွေကတော့ ဒီမိုကရေစီအပြောင်းအလဲကာလမှာ တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ အခြားမဏ္ဍိုင်တွေက လွှမ်းမိုးမှု မရှိအောင်နဲ့ တရားစီရင်ရာမှာလည်း မျှမျှတတဖြစ်အောင် သူတို့ဖြစ်စေချင်တယ်။ တကယ့် လက်တွေ့ကျတော့ အောက်ခြေကလူတွေ ပြောင်းလဲမှုမရှိသေးဘူး။ အောက်ခြေကလူတွေ မပြောင်းလဲသေးတော့ အပေါ် ကလူတွေကို အပြစ်ရှိတယ်လို့ မပြောချင်ပါဘူး။
မေး။ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်လို့ ထင်ပါသလဲ။
ဖြေ။ ပြဿနာတွေကို အပေါ်ကတာဝန်ရှိသူတွေကလည်း လျစ်လျူရှုထားလို့ မဖြစ်ပါဘူး။ ပြည်သူထူထုကလည်း အခု ခေတ်ပြောင်းနေပြီ။ တရားစီရင်ရေးမဏ္ဍိုင်က ချွတ်ယွင်းနေတယ်ဆိုရင်လည်း ပြည်သူလူထုအနေနဲ့ သက်ဆိုင်ရာကို တင်ပြပြီး ပြောဆိုရမယ်။ မီဒီယာတွေအနေနဲ့ လည်း ဒါမျိုးတွေကိုဖော်ထုတ်ပြီးတော့ မှန်မှန်ကန်ကန် ရေးသားပေးရမယ်။ အားလုံးဝိုင်းဝန်းပြီးတော့ လုပ်ရမယ်။ ဒါမှ အဆင်ပြေမယ်လို့ ထင်ပါတယ်။
မေး။ အားလုံးကပြောနေပါတယ်။ အခြေခံဥပဒေပြင်ဆင်ဖို့ အရေးအကြီးဆုံးလိုအပ်တယ်လို့၊ ဘယ်လိုအချိန်မှာ ပြင်ဆင်သင့်ပါသလဲ။
ဖြေ၊ အခြေခံဥပဒေကတော့ မဖြစ်မနေပြင်ဆင်ဖို့ လိုအပ်ပါတယ်။ အစကတည်ကလည်း ပြင်ဆင်ရမယ်ဆိုတာ သိပါ တယ်။ အန်ကယ်တို့အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်တုန်းကလည်း ၂၀၁၀ အခြေခံဥပဒေကြီးက ကောင်းလှပါတယ်ဆိုပြီး ၀င်ခဲ့တာ မဟုတ်ပါဘူး။ အခြေခံဥပဒေထဲမှာ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတာတွ အများကြီးရှိနေပါသေးတယ်။ အဲ့ဒါတွေကို မဖြစ်မနေပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတာ အစကတည်းက ယူဆပြီးသားပါ။
မေး။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရမယ်ဆိုတော့ အလွယ်တကူပြင်ဆင်လို့ ရနိုင်ပါ့မလား။
ဖြေ။ ပြင်မယ်ဆိုပြန်တော့ တစ်ဖက်ကနေ ပြင်ဆင်ရခက်အောင် ဥပဒေတွေ၊ စည်းကမ်းတွေနဲ့လုပ်ထားတယ်။ နောက်တခုကလည်း အခုထိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တစ်ဖက်စောင်းနင်း ဖြစ်နေတယ် ဆိုတာကလည်း အရင်ကတည်း က တစ်ဖက်နဲ့တစ်ဖက် မယုံကြည်မှုတွေ ၊ သဟာဇာတမဖြစ်မှုတွေ အဲ့ဒီအပေါ်မှာ အခြေတည်ပြီးတော့မှ ဒီလိုမညီမျှမှုတွေ ဖြစ်လာတာပါ။ သူတို့ဘက်ကလည်း စိုးရိမ်တာတွေ ဘာတွေ ရှိတာပေါ့။ သူတို့ကိုကာကွယ်ဖို့အတွက် အခြေခံဥပဒေထဲမှာ ထည့်ထားတာတွေ ရှိပါတယ်။ လတ်တလော ချက်ချင်းကြီး အကုန်လုံးကောင်းအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြည်း ဖြည်းချင်းပဲ ပြင်ဆင်သွားရမယ်။ လုပ်တဲ့နေရာမှာ အဓိကအချက်ကတော့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေ တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒီဘက်မှာ လုပ်နေတဲ့သူတွေရော၊ ဟိုဘက်ကလူတွေပါ အားလုံးတိုင်းပြည်အတွက် လုပ်နေတဲ့သူတွေ ဖြစ်တယ်။ တို့နိုင်ငံကောင်းအောင် တို့အတူတူလက်တွဲပြီးလုပ်ကြမယ်။ တော်ရုံတန်ရုံ အပြစ်အနာအ ဆာဆိုလည်း ခွင့်လွှတ်တန်ခွင့်လွှတ်ကြမယ်ဆိုတဲံ တစ်ဖက်နဲ့တစ်ဖက် အဲ့ဒီလို နည်းလည်မှုတွေ ရလာအောင် တည်ဆောက်မှသာ အခြေခံဥပဒေပြင်ဆင်ဖို့ လမ်းပွင့်သွားမယ်လို့ ဆရာထင်ပါတယ်။
မေး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစိုးရအဖွဲ့က ဦးဆောင်ပြီး ပြင်ရမှာလား၊ လွှတ်တော်က ပြင်ရမှာလား။
ဖြေ။ လွှတ်တော်က ဥပဒေပြုတော့ လွှတ်တော်ထဲမှာပဲ ပြင်ဆင်ရမှာပါ။ အပြင်ကနေ ပြင်ဆင်ဖို့ဆိုတာကတော့ သိပ် မလွယ်ဘူး။
မေး။ လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ နည်းပါးနေတာကြောင့် ဖွဲ့စည်းပုံအခြခံဥပဒေကို ပြင်ဆင်ဖို့ အခက်အခဲ မရှိနိုင်ဘူးလား။
ဖြေ။ ဒါက အခုတော့ ရှိနေနိုင်သေးတယ်။ ခုနကပြောခဲ့သလိုပဲ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကိုက ပြုပြင်ဖို့ခက်အောင် ဖြစ်နေတယ်။
မေး။ လက်ရှိပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ရော အားလုံး ဘယ်လိုနည်းနဲ့ အဆင်ပြေသွားနိုင်မှာလဲ။
ဖြေ၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ကတော့ အဓိကအချက်ပေါ့။ ကိုယ့်နိုင်ငံကို နိုင်ငံရေးအရ ဒီမိုကရေစီနိုင်ငံဖြစ်အောင် လုပ်မယ်လို့ ဘယ်လိုပဲရည်မှန်းရည်မှန်း နိုင်ငံရေး၊ စီးပွားရေးတိုးတက်ဖို့ ၊ လူမှုရေးတိုးတက်ဖို့ ကောင်းအောင်လုပ်မယ်ဆို ရင် ပြည်တွင်းမှာငြိမ်းချမ်းရေး ရှိရမယ်။ ကိုယ့်ရဲ့ပြည်သူပြည်သားတွေ တစ်ဦးနဲ့တစ်ဦး သဟာဇာတဖြစ်ရမယ်။ ညီရင်းအစ်ကို မောင်နှမတွေလို နေထိုင်နိုင်ရမယ်။ အဲ့ဒီလိုညီညွတ်မှု၊ စည်းလုံးမှု၊ သဟာဇာတရှိမှု၊ အဲ့ဒါတွေမရှိဘဲနဲ့က တော့ ရှေ့ဆက်ဘာမှဖြစ်လာမှာ မဟုတ်ဘူး။
မေး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်အပိုင်းတွေကို အဓိကထားပြီး ပြင်ဆင်သင့်ပါသလဲ။
ဖြေ။ အခြေခံဥပဒေကို ပြင်ဖို့ပြောမယ်ဆိုရင်လည်း အများကြီးပေါ့။ ပြင်ဆင်သင့်တဲ့ အကြောင်းအရာတွေ ရှိနေတယ်။ သို့သော်လည်း အဓိကအားဖြင့် အကြီးအကျယ်ပြင်ဆင်သင့်တယ်တယ်လို့ ယူဆတဲ့ အရာတွေက ပြင်ဆင်ဖို့အခက်ဆုံး ဖြစ်နေ တယ်။ ပြင်ဖို့ကတော့ အခုကစပြီး ပြင်ဆင်သင့်တယ်။ ဒီအပိုင်းကတော့ စစ်မှန်တဲ့ဒီမိုကရေစီမှာ အရေးကြီးတယ် ဆိုတာထက် ပြင်ဖို့လွယ်မယ့်ကိစ္စတွေကို နှစ်ဖက်အနေနဲ့ ညှိနှိုင်းလို့ လိုက်လျောလို့ ဖြစ်နိုင်တဲ့ အပိုင်းတွေနဲ့ တိုင်းပြည်အ တွက်၊ ပြည်သူအတွက် ၊ တိုင်းရင်းသားတွေအတွက်ရော အကျိုးရှိမယ်ဆိုတဲ့ အပိုင်းလေးတွေကို အရင်ဆုံးပြင်သင့်တယ်။
မေး။ အခြေခံဥပဒေကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးတော့မှ ပြင်ဆင်သင့်ပါသလား။ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင် သင့်ပါသလား။
ဖြေ။ ပြင်ချင်တယ်ဆိုရင်တော့ အခုပြင်ရင် အကောင်းဆုံးပဲပေါ့။ အခြေခံဥပဒေပြင်တာနဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲ က သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ်ပတ်သက်တာ မရှိဘူး။ ရွေးကောက်ပွဲတရားမျှတမှုဆိုတာက ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြီးကြပ်မှုတွေ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီတွေရဲ့ သဘောထားမှန်ကန်မှု တွေ အပေါ်မှာ ပိုပြီးတော့ မူတည်တယ်။
မေး။ တရားစီရင်ရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေအပြင် ပြည်သူလူထုကို ဘယ်လိုအကြံပြုချင်ပါသလဲ။
ဖြေ။ ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေဆိုတာ တစ်သားတည်းပါ။ အတူတူပါပဲ။ ပြည်သူတွေခံစားနေရသလို ကျွန်တော်တို့လည်း ခံစားခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ပြည်သူတွေအပါအ၀င် နိုင်ငံရေးပါတီတွေက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အတတ်နိုင်ဆုံး သည်းခံပြီးတော့ လမ်းကြောင်းတစ်ခုစီကို ခေါ်ဆောင်လာခဲ့တယ်။ အဲံဒိလမ်း ကြောင်းလေး ပိုပြီးတော့ ထင်ရှားလာအောင် ၊ ပီပြင်လာအောင်၊ ၀ိုင်းဝန်းဆောင်ရွက်တဲ့အခါမှာ စိတ်ရှည်လက်ရှည်နဲ့ လုပ်ကိုင်ပေးကြဖို့ ပြောချင်ပါတယ်။