Sunday, February 10, 2013

မြောက်ဥက္ကလာပမြို့နယ် ၊ အမှတ်(င)ရပ်ကွက် NDF ရုံးဖွင့်လှစ် 10-2-2013


 

မြောက်ဥက္ကလာပမြို့နယ် ၊ အမှတ်(င)ရပ်ကွက် NDF ရုံးဖွင့်လှစ်

            အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မြောက်ဥက္ကလာပမြို့နယ်၊ စည်းရုံးရေးကော်မတီ၏ဦးဆောင်မှုဖြင့် အမှတ်(င)ရပ်ကွက်၊ ရပ်ကွက်စည်းရုံးရေးကော်မတီရုံးခန်းဖွင့်ပွဲနှင့်ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ၁၀-၂-၂၀၁၃ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် အမှတ်ခ/၃၊ ဘောဂလမ်း၊ ယန္တယားရိပ်သာ၊ အမှတ်(င) ရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

            ထိုရုံးသစ်ဖွင့်လှစ်ပွဲသို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင်များဖြစ်ကြသော ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ပါတီဒုဥက္ကဌ ဦးစိန်လှဦး၊ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၁)ဦးကြည်သန်း၊ ပါတီဘဏ္ဍာရေးမှူးနှင့် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဥက္ကဌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက် ထွန်းမောင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးသာဆိုင်၊  ရုံးအဖွဲ့မှူနှင့် သတင်းပြန်ကြားရေးမှူး ဦးတိုးတိုး တို့နှင့် ပါတီဗဟိုအလုပ်ကော်မတီဝင်များ၊ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းရုံး ရေး ကော်မတီဝင်များ၊ပါတီဝင်သစ်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၁၀၀ ခန့်တက်ရောက်ခဲ့ကြသည်။

            အခမ်းအနားတွင်  သဘာပတိအဖြစ် အမှတ်(င)ရပ်ကွက် စည်းရုံးရေးကော်မတီဥက္ကဌ ဦးကျော်လှိုင်က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် တိုင်းစည်းကော်မတီဝင် ဦးမြင့်သိန်းက ဆောင်ရွက်သည်။

            သဘာပတိက ရပ်ကွက်NDFရုံးဖွင့်လှစ်ရခြင်းအကြောင်းရင်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပါတီဒုခေါင်းဆောင် ဦးတိုးပိုက အမျိုးသားဒီမိုကရေစီအင်အားစုပါတီ တည်ထောင်ခဲ့ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာတွင် ထိုတစ်ချိန်က ပါတီဝင်များ ကစင့်ကလျားမဖြစ်စေရေး၊ ပါတီတစ်ခုအဖြစ် ရပ်တည်ပေးနိုင်ရန် ရည်ရွယ်ခဲ့ခြင်းများဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

            ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က ပါတီ၏လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်နေမှုများ၊ ရည်မှန်းထားချက်များကို အကျယ်တ၀င့်ရှင်း လင်းပြောကြားခဲ့သည်။

            ထို့နောက် ပါတီဗဟိုအလုပ်ကော်မတီဝင် ပုဇွန်တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က လွှတ်တော်အတွင်းဆောင်ရွက်နေမှုများနှင့် အောက်ခြေပါတီဝင်များ မကြေမနပ်ဖြစ်နေရမှုများနှင့်ပတ်သက်၍ အမှန်ဖြစ်ပေါ်နေချက်များကို ရှင်းလင်းပြောကြားခဲ့သည်။  ပါတီအနေဖြင့် နှောင်အရှည်လုပ်စရာ၊ကိုင်စရာများ များပြားစွာ ရှိနေသဖြင့် ပါတီဝင်များအနေဖြင့် မိမိတို့စိတ်ဆန္ဒများကို ထိန်းချုပ်ပေးပါရန် ပြောကြားခဲ့သည်။

            ထို့နောက် ဒဂုံမြိုသစ်မြောက်ပိုင်းမဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက လွှတ်တော် တွင်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လုပ်ဆောင်ခဲ့မှုများကို ရှင်းလင်းပြောကြားသည်။ အထူးသဖြင့် ဘတ်ဂျက်ကိစ္စသည် မိမိအထူးတည်းဖြတ် နေရ သော လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ပြဌာန်းထားသော ဥပဒေဘောင် အတွင်းမှ အကြုံးဝင်မ၀င်ကို အဓိကထားဆန်းစစ်ကြောင်း၊ ပညာရေးကိစ္စကိုလည်း မိမိက အဆိုတင်သွင်းခဲ့ ပြီး မဲခွဲရာတွင် အနိုင်ရရှိခဲ့ကြောင်း၊ ရန်ကုန်တက္ကသိုလ်ပြုပြင်ရေးအဖွဲ့တွင် မိမိမပါဝင်ကြောင်း၊ မိမိအနေဖြင့် ရုပ်ဝတ္တုထက် စိတ်ပိုင်းဆိုင်ရာပြုပြင်ရေးကို ပိုမိုစိတ်ဝင်စားကြောင်း၊ မိမိပြုစုထားသော ပညာရေးပြုပြင်ရေးဥပဒေကြမ်းကိုလည်း လွှတ်တော်ဥက္ကဌကြီးထံ အပြည့်အစုံ လွှဲပြောင်းပေးခဲ့ပြီဖြစ်ကြောင်း၊ SME များအကူအညီပေးရေး၊ နောက်ဆုံး စည်ပင်သာ ယာဥပဒေဖျက်သိမ်း၍ တိုင်းနှင့်ပြည်နယ်အလိုက် ဥပဒေများပြဌာန်းခွင့်ပြုရန် ဥပဒေကြမ်း တင်သွင်းခဲ့ကြောင်း၊ လက်ရှိ တိုင်းပြည်နယ်နှစ်ခုတွင်သာ စည်ပင်သာယာရေးဥပဒေများပြဌာန်းထားနိုင်သေးပြီး ကျန်တိုင်းနှင့်ပြည်နယ်များတွင်ပြဌာန်း ပြီးမှသာ ရုပ်သိမ်းရန်ရှိကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

            ထိုနောက် အမှတ်(င)ရပ်ကွက် ပါတီဝင်သစ်များက ပါတီဝင်လျှောက်လွှာများကို တိုင်းဥက္ကဌ ဦးသက်ထွန်းမောင် ထံ ပေးအပ်ပြီး တိုင်းဥက္ကဌမှ ပါတီဝင်ကဒ်များကို ပြန်လည်ပေးအပ်ခဲ့သည်။

            အခန်းအနားကို နံနက် ၁၁း၃၀ တွင် ရုပ်သိမ်းခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ့များ ရိုက်ကူးခဲ့သည်။

 

      

ပါတီရုံးခန်းသစ်ဆိုင်းဘုတ်တင်ပွဲ                                                  တက်ရောက်လာသောပါတီခေါင်းဆောင်များ

         

သဘာပတိအမှာစကားပြောကြာစဉ်                                          ပါတီဒုခေါင်းဆောင်ဦးတိုးပို ရှင်းလင်းပြောကြားစဉ်

         

ပါတီအထွေထွေအတွင်းရေးမှူးဒေါက်တာဝင်းနိုင် ပြောကြားစဉ်       တက်ရောက်လာကြသော ပါတီဝင်များ

         

လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဇင် ရှင်းလင်းပြောကြားစဉ်        လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးရှင်းလင်းပြောကြားစဉ်

ပါတီဝင်သစ်လျှောက်လွှာများပေးအပ်စဉ်

တက်ရောက်လာကြသူများစုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးစဉ်

No comments:

Post a Comment