Saturday, September 27, 2014

သြော်….သြော်…….သြော်…..ဒါမျိုးတွေလည်း ရှိသေးတာကိုး (၄) ( ၂၇--၉-၂၀၁၄)

သြော်….သြော်…….သြော်…..ဒါမျိုးတွေလည်း ရှိသေးတာကိုး  (၄) ( ၂၇--၉-၂၀၁၄)

 

ပီအာဆရာကြီး ဦးအောင်ဇင်ကို

ပုဇွန်တောင်က မဲဆန္ဒရှင်တွေက ဆန္ဒပြမယ်ဆိုပါလား။

လွှတ်တော်အမတ်ကို ဆန္ဒပြတာ ခေတ်သစ်ဒီမိုကရေစီသမိုင်းမှာ

ပထမဦးဆုံးမော်ကွန်းတင်ရမယ့်အဖြစ်မျိုး။

ဒီမိုကရေစီမြှင့်တင်ရေးကွန်ယက်တို့၊ ဘာတို့က ဦးဆောင်ကြတယ်။

သတင်းစာရှင်းလင်းပွဲတောင် လုပ်ပြီးပြီ ဆိုပါလား။

နာမည်ကြီးပါပေ့ ဦးအောင်ဇင်ရယ်။

ပုဇွန်တောင်မှာ မနေဘူး။

ပုဇွန်တောင်မှာ ရုံးခန်းမဖွင့်ဘူး။

ပုဇွန်တောင်မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်ကို မဖြည့်ပေးဘူး ဆိုပါလား။

ပြည်သူ့သဘောထားမပါဘဲ ပီအာစနစ်ကို ကျင့်သုံးရေးကို အဆိုတင်လို့ဆိုလား။

 

ဟုတ်တာပေါ့ဗျာ။

ဘယ်သူမှမ၀င်ဘဲဘေးရှောင်နေကြတဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ

နေနိုင်သူတွေက နေကြလေတော့

မနေတတ်သူ ပန်းချီဆရာတစ်ယောက်က မျက်စိလည်လမ်းမှားပြီး

 ပုဇွန်တောင်မှာမှ ၀င်ပြိုင်မိတာကိုး။

ကူသူမရှိ၊ အားပေးသူမရှိ၊ ရုံးခန်းတောင် မဖွင့်နိုင်၊

ဗွီနိုင်းလေးတောင် မချိတ်နိုင်တဲ့ ပုဇွန်တောင်မှာ

လွယ်အိတ်ကလေးတစ်လုံးနဲ့ ပန်းဖလက်ကလေးတွေ

တလမ်းဝင် တစ်လမ်းထွက် လိုက်ဝေနေရတဲ့အဖြစ်ကလေးကို

ပြန်မြင်ယောင်သေးတယ်။

ဒါတောင် NO VOTE သမားတွေက များမှများ။

ဟောဖို့ပြောဖို့နေနေသာ ပန်းဖလက်ကိုတောင်

လက်မခံနိုင်အောင် ကြောက်နေတဲ့ ဒီ ၂၀၁၀ မှာ

ကံအကြောင်းသင့်တော့  မဲနိုင်ပြီး လွှတ်တော်အမတ် ဖြစ်ပါလေရော။

 

အလုပ်အကိုင်က ပန်းချီဆရာ

နေတာက  သင်္ဃန်းကျွန်း

ပြိုင်တော့ ပုဇွန်တောင်

ပါတဲ့လွှတ်တော်ကော်မတီက  လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ

လုပ်နေရတာက လယ်သမားတွေရဲ့ အရေးကိစ္စ၊

သွားနေရတာက မြန်မာပြည်တလွှား

အမြဲတမ်းတွေ့နေရတာက လယ်သိမ်းခံလယ်သမားတွေ

ဆက်သွယ်နိုင်တာက ပါတီဌာနချုပ်ရုံး

နာမည်ကြီးတဲ့အဆိုက ပီအာ

ဖြစ်နေတာတွေက ကဘောက်တိကဘောက်ချာ။

 

ပြည်သူတွေအတွက် ခင်ဗျား ဘာမှ မလုပ်ပေးပါဘူး။

မဲဆန္ဒရှင်တွေရဲ့ လိုအင်ဆန္ဒတွေကိုလည်း ခင်ဗျား မဖြည့်ဆီးပါဘူး။

ခင်ဗျား မလုပ်ခဲ့တာတွေကို ပြန်ပြောပြရရင်

လယ်သမားတွေ စိုက်စရိတ် တစ်သိန်းတိုးတောင်းတာ ခင်ဗျား မဟုတ်ဘူး။

သီးနံအာမခံစနစ်ထားဖို့အဆိုကိုလည်း ခင်ဗျား မတင်ခဲ့ဘူး။

လယ်၁၀ဧကအထက်တွေကို စိုက်စရိတ်ထုတ်ချေးဖို့ ခင်ဗျား မပြောခဲ့ဘူး။

လွတ်လပ်တဲ့တောင်သူုလယ်သမားသမဂ္ဂဖွဲ့စည်းခွင့်ပေးဖို့လည်း ခင်ဗျား မမေးခဲ့ဘူး။

ပြောင်းလဲနေတဲ့ရာသီဥတုကြောင့် မိုးလေ၀သနဲ့စိုက်ပျိုးရေးလုပ်ငန်းဆက်စပ်တဲ့ဌာနဖွင့်ဖို့ ခင်ဗျား အဆိုမတင်ခဲ့ဘူး။

လယ်ယာသုံးစက်ကရိယာတွေကို အခွန်လွတ်တင်သွင်းခွင့်ပြုဖို့ ခင်ဗျား မပြောခဲ့ဘူး။

ဓာတ်မြေသြဇာတွေ တောင်သူလယ်သမားလက်ထဲ စနစ်တကျရောက်အောင်လုပ်ပေးဖို့လည်း မမေးခဲ့ဘူး။

ဒီရေတောတွေ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုနေတယ်လို့လည်း ခင်ဗျား အဆိုမတင်ခဲ့ဘူး။

ပဲခူးတိုင်းက စားကျက်မြေတွေ ပြန်ရအောင်လည်း ခင်ဗျား မစွမ်းဆောင်ခဲ့ဘူး။

မူဆယ်ဘက်မှာ နိုင်ငံခြားသားတရုတ်တွေ မြေ၀ယ်ပြီးစိုက်ပျိုးရေးလုပ်နေလို့ ဒေသခံတွေ အခက်အခဲတွေ့နေ တယ်လို့ ခင်ဗျားလွှတ်တော်မှာ မေးခွန်းမတင်ခဲ့ဘူး။

ကချင်ပြည်နယ် တနိုင်းအထိသွားပြီး မြေသိမ်းခံလယ်သမားတွေနဲ့ ခင်ဗျား မတွေ့ခဲ့ဘူး။

ယုဇနကုမ္ပဏီရဲ့ ကချင်ပြည်နယ်ထဲကမြေသိမ်းမှုတွေမှာလည်း  လယ်သမားတွေဖက်က ခင်ဗျား မပါခဲ့ဘူး။

ငွေဆောင်က အုန်းခြံတွေအသိမ်းခံရဖို့ လျှော်ကြေးပေးဖို့ကိုလည်း ခင်ဗျားသွားမလုပ်ခဲ့ဘူး။

ပုသိမ်နဲ့ ဗိုလ်ကလေးက လယ်သမားတွေကလည်း  လယ်သိမ်းခံကိစ္စတွေကို ခင်ဗျားဆီလာမပြောကြဘူး။

ကရင်ပြည်နယ် မြ၀တီက လယ်ယာမြေတွေကိစ္စလည်း ခင်ဗျားသွားပြီး မကူညီခဲ့ဘူး။

မကွေးတိုင်းရေစကြိုက မြေနုကျွန်းကိစ္စတွေကိုလည်း  ခင်ဗျားမလုပ်ပေးလိုက်ဘူး

တနင်္သာရီတိုင်း ထားဝယ်က လယ်သမားတွေရဲ့ မြေသိမ်းခံကိစ္စကိုလည်း  ခင်ဗျားရောက်အောင်သွားပြီး  မလုပ်ပေးခဲ့ဘူး။

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ စဥ့်ကိုင်က လယ်သမားတွေကိစ္စကိုလည်း သွားပြီးခင်ဗျားကူညီဖြေရှင်းပေးဖို့ မေ့နေတယ်။

နေပြည်တော်က လယ်ယာမြေသိမ်းဆည်းခံကိစ္စနဲ့ လျော်ကြေးကိစ္စတွေလည်း ခင်ဗျားဆီ ရောက်မလာဘူး။

ပဲခူးတိုင်းထဲက လယ်ယာမြေသိမ်းဆည်းခံရမှုတွေ၊ လျှော်ကြေးမရမှုတွေ ခင်ဗျားဆီကို ခဏခဏ မလာဘူး။

ရှမ်းပြည်နယ် ကျိုင်းတုံကို ရောက်တုန်းကလည်း မြေယာမှုတွေ ခင်ဗျား မယူလာခဲ့ဘူး။

ပုဒ်မ(၁၈)ကို ပြင်ဆင်ပေးဖို့ကိုလည်း ခင်ဗျားလွှတ်တော်မှာ မမေးခဲ့ဘူး။

ပုဇွန်တောင်ရေကျော်ဈေးတည်ဆောက်ရေးမှာ အနှင်ထုတ်ခံနေရတဲ့ ဈေးသည်တွေဘက်ကနေ ခင်ဗျားရပ်တည် ပြီး မလုပ်ဆောင်ပေးခဲ့ဘူး။

ပုဇွန်တောင်က ဘယ်ပါတီကမှ လက်ခံစကားမပြောတဲ့ စိတ်ဝေဒေနာရှင်ကိုလည်း သူပြောသမျှ နားထောင်ပြီး တတ်နိုင်သမျှ လုပ်ပေးပါမယ့်လို့ အားပေးစကား ခင်ဗျား မပြောခဲ့ဘူး။

သိန်း ၁၀၀၀ ကိုလည်း ရပ်ကွက်ရပ်မိရပ်ဖတွေနဲ့ ဖြစ်သင့်တာတွေကို မတိုင်ပင်ဘဲနဲ့ ခင်ဗျား ထင်သလို လုပ်သွားခဲ့တယ်။

 

ခင်ဗျား ဘာကြောင့် ပြည်သူ့ဆန္ဒတွေကို အဲ့ဒီလောက်တောင် မျက်ကွယ်ပြုနေရတာလဲ။

ပြည်သူတွေမကြိုက်ဘူး။ လက်မခံဘူးဆိုတဲ့  နိုင်ငံတကာမှာ ဒီမိုကရေစီပိုကျလို့ အသုံးများနေတဲ့ အချိုးကျ ကိုယ်စားပြုကိုယ်စားပြုမဲပေးစနစ်ဆိုတဲ့  ပီအာကို မြန်မာ့နိုင်ငံရေးရဲ့ လိုအပ်ချက်တစ်ရပ်ဖြစ်တယ်ဆိုပြီး

ခင်ဗျား တင်သွင်းခဲ့တယ်နော်။

ဒီစနစ်ဟာ တောင်ပြိုကမ်းပြိုနိုင်မယ့်အဖြစ်ကို တားမယ့်စနစ်

မရှုမလှရှုံးကြမယ့်သူတွေကို အသက်ရှုပေါက် ရစေမယ့်စနစ်

ပါတီကြီးတွေရဲ့ အနိုင်ရရှိမှုကို ဟန့်တားပြီး နေရာတွေကို ခွဲပေးရမယ့်စနစ်

တစ်ပါတီတည်း အုပ်ချုပ်ဖို့ မဖြစ်နိုင်ဘဲ ညွှန်ပေါင်းအစိုးရကိုသာ ဖြစ်စေမယ့်စနစ်

အစွန်းရောက်တွေ လွှတ်တော်ထဲ ရောက်လာမယ့်စနစ်

သဘောထားတင်းမာသူတွေ လွှတ်တော်ထဲရောက်လာစေမယ့်စနစ်

လူထုဆန္ဒကို မရနိုင်သူတွေအတွက် အသက်ရှုပေါက်ရစေမယ့်စနစ်

စတာစတာတွေကို ခင်ဗျား မမြင်ဘူးလားဗျာ။

 

ဒီတော့ဗျာ

ပုဇွန်တောင်အမတ် ဦးအောင်ဇင်ကို

ပုဇွန်တောင်မဲဆန္ဒရှင်တွေက ဆန္ဒပြမယ်

လွှတ်တော်အမတ်ကို ဆန္ဒပြတာ ခေတ်သစ်ဒီမိုကရေစီသမိုင်းမှာ

ပထမဦးဆုံးမော်ကွန်းတင်ရမယ့်အဖြစ်မျိုး။

လွှတ်တော်ကိုယ်စားလှယ်ရုံးမရှိလို့
ပါတီရုံးမရှိလို့

ပုဇွန်တောင်လမ်းပေါ်မှာ ဆန္ဒပြကြမယ်။

ထွက်လာကြဟေ့ ပီအာဆန့်ကျင်သူအပေါင်းတို့။

မိုးကုတ်ကိုတိုး( ၂၇--၉-၂၀၁၄)

 

 

 

 

#to be happy#

$$ kotoetoe $$

Tuesday, September 23, 2014

ဒီကနေ့အတွက် အတွေးတစ်ချက်(၂၃-၉-၂၀၁၄)

ဒီကနေ့အတွက် အတွေးတစ်ချက်(၂၃-၉-၂၀၁၄)

အွန်လိုင်းလောကမှာတော့
လေသေနတ်သမားတွေက အတော်များ။
လက်တွေ့လုပ်နေကြသူတွေထက်
လေမုန်တိုင်းထန်နေသူတွေက ခပ်များများ။
ဖုံးကြ၊ဖိကြ၊ဆယ်ကြ၊ကာကြ၊ ပိတ်ကြ၊ဆို့ကြနဲ့
ပင့်ကြမကြ၊ အရောင်တင်ကြ၊ ရောင်တော်ဖွင့်ကြနဲ့
ပွဲတော်ကြီးက အတော်စည်ကားပါလား။
အဝေးကိုယ်တော်တွေက အွန်လိုင်းလောကမှာ
ပို့လိုတောင် လက်စောင်းထက်နေကြသေး။
ဆရာ့ဆရာကြီးမှ တကယ့်ဆရာ့ဆရာကြီးတွေ။

ဖြစ်နေတာကို ပုံကြီးချဲ့ယူ
ဟိုတစ်စ။ ဒိတစ်စကို မရရအောင်ဆွဲပြီးကပ်
တံဆိပ်မျိုးစုံတပ်၊ တံဆိပ်မျိုးစုံကပ်နဲ့
အွန်လိုင်းပေါ်မှာ ရေးလိုက်ကြတာဗျာ
အောချလို့ ယူလောက်တယ်။

ပြည်တွင်းက နိုင်ငံရေးဂရုကြီးတွေ
နိုင်ငံရေးဆယ်လီဘယ်လတီးတွေကလည်း
အတွေးတွေများ ညီိလိုက်တာ။
အပြောတွေများ ဆင်လိုက်ကြတာ၊
အရေးတွေများ တူလိုက်ကြတာ။
တစ်ဆရာတည်းထွက်၊ တစ်ဂိုဏ်းထဲထွက်တွေ ကြနေတာပဲု။
ချင်သမျှချင် ဆိုတဲ့ ဖြစ်ချင်တာတွေနဲ့
စံနှုန်းမြင့်နိုင်ငံရေးလောကထဲကနေ
ဆင်းမလာနိုင်ကြသေးဘူး။
မဟာဗျူဟာဆရာသခင်ကြီး ဆွန်ဇူးများ
ဒီလူတွေလုပ်နေတာကို မြင်ရရင် ထိုင်ငိုနေလိမ့်မယ်။
ငါနှစ်ပေါင်းထောင်ချီင်္ပြောလာသမျှ ဒီလူတွေနဲ့ကြတော့မှပဲ
ငါ့ဗျူဟာတွေဟာ ဘာမှအသုံးမ၀င်ပါလားလို့။

ဒီတော့လည်း
လက်တွေ့နိုင်ငံရေးလောက-ကလူတွေ၊ ပါတီတွေ
ပြီးတော့ ပြည်တွင်းနိုင်ငံရေးလောက -ကလူတွေ၊ ပါတီတွေ
ထပ်ပြောရရင်လည်း လစ်လျူ ရှုခံနိုင်ငံရေးလောကကလူတွေူ၊ ပါတီတွေ
အရိပ်တစ်ခုအောက်ကနေ ဖောက်ထွက်လာကြတဲ့လူတွေ၊ ပါတီတွေ
အတွေးတူ၊အမြင်တူ။
အတွေးဆင်၊ အမြင်ဆင်ကြတဲ့
အမြင်သစ်နဲ့ နိုင်ငံရေးအုပ်စုတွေကတော့
သူတို့မခေါ်လည်း ကိုယ်လုပ်စရာရှိတာကိုလုပ်၊
ကိုယ်လုပ်နိုင်တာကိုလုပ်၊
ပြောစရာရှိတာကိုပြောနဲ့
နေရာတကာမှာ မထင်ပေါ်၊
သတင်းတွေမှာလည်း မပါတစ်ချက်၊ပါတစ်ချက်နဲ့
မီဒီယာတွေလည်း ချောင်ပို့ခံနေရပေမယ့်
မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက်နဲ့
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တစ်ခုပေါ်ထွန်းလာရေးကို
ရှေ့ရှုပြီးတော့ လျှောက်လှမ်းနိုင်သမျှ လျှောက်လှမ်းနေဆဲ။
အားရှိနေသမျှတော့ ဆက်လျှောက်နေပါဦးမယ်။

မိုးကုတ်ကိုတိုး( ၂၃-၉-၂၀၁၄)

 

#to be happy#

$$ kotoetoe $$

Monday, September 22, 2014

နေပြည်တော် ဇမ္ဗူသီရိတွင် NDF ပါတီမြို့နယ်ရုံးဖွင့်လှစ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်  ( ၄၉-၂၀၁၄)

ရက်စွဲ။ ၂၂-၉-၂၀၁၄

 

နေပြည်တော် ဇမ္ဗူသီရိတွင် NDF ပါတီမြို့နယ်ရုံးဖွင့်လှစ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဇမ္ဗူသီရိမြို့နယ်ရုံးဖွင့်လှစ်ပွဲကို ၂၁-၉-၂၀၁၄ရက်နေ့၊ နံနက် ၁၁း၀၀ နာရီတွင် မြို့နယ်ရုံး တည်ရှိရာ  ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်ရှိ ဦးဇော်လွင်နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

         ဇမ္ဗူသီရိမြို့နယ်ရုံးဖွင့်ပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌများဖြစ်ကြသော ဦးစိုးဝင်းနှင့် ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်နှင့် ဗဟို အလုပ်အမှုဆောင်များဖြစ်ကြသောလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်နှင့် ဦးအောင်ဇင်၊ ဗဟိုသတင်းနှင့် ပြန်ကြား ရေးမှူးဦးတိုးတိုး၊ ဥပဒေရေးရာအဖွဲ့ခေါင်းဆောင် ဦးကြီးမြင့်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၊ ဗဟိုအလုပ်ကော်မတီဝင်များဖြစ်ကြသော ဦးမင်းမင်းထွန်းနှင့် ဒေါ်နန်းကြူသန်းဝင်း၊ဒေါ်သော်တာဆိုင်၊ ရန်ကုန်တိုင်း အမျိုးသမီးအဖွဲ့မှ ဒေါ်အေးအေးမော်နှင့် ဒေါ်ခင်ဖြူဖြူငြိမ်း၊ ဗဟိုလူငယ်တာဝန်ခံ ဦးကျော်သူရနှင့် ရန်ကုန်တိုင်းလူ ငယ်တာဝန်ခံ ဦးအောင်ကိုကိုနှင့် ဦးကျော်ထက်၊ လယ်ဝေးမြို့နယ်၊ ဗုဗ္ဗသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်များမှ ဥက္ကဌများ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

         ထိုရုံးဖွင့်ပွဲတွင် တက်ရောက်လာသူုများနှင့် ပါတီဗဟိုခေါင်းဆောင်များအား တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ ပြီး ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ အမှာစကားပြောကြားခဲ့ပါသည်။

         ၂၁၀၉၀၂၉၁၄ရက်နေ့ နံနက် ၈း၀၀နာရီအချိန်တွင်လည်း ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာ ရပ်ကျေးရုံးဖွင့်ပွဲနှင့် ပြည်သူလူထုနှင့်တွေ့ဆုံပွဲ ကို ပြုလုပ်ခဲ့သည်။ ထိုရုံးဖွင့်ပွဲသို့ ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး NDF ပါတီဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ပါတီဒုဥက္ကဌ ဦးစိန်လှဦးမှလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များကို ပါတီဒုဥက္ကဌ စမ်းချောင်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်၊ ရန်ကုန်တိုင်းဒေသကြီးအမျိးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်တို့မှလည်းကောင်း၊ ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပါတီ၏အနေအထား၊ ပါတီသွားရောက်နေသည့် လမ်းကြောင်းနှင့် ပြည်သူလူထုအတွက် လွှတ်တော်အတွင်း နှင့်လွှတ်တော်ပြင်ပလုပ်ဆောင်မှုများကို ရှင်းလင်း ပြောကြားခဲ့သည်။ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်မှ လူငယ်ဖွဲ့စည်းရေးကိစ္စ ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ လူငယ်တာဝန်ခံဦးကျော်သူရမှ လူငယ်နှင့်ပတ်သက်၍ လုပ်ဆောင်နေမှုများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

         တက်ရောက်လာသူများက သိမ်းဆည်းခံမြေယာများနှင့်ပတ်သက်၍ ပါတီမှ ကူညီဆောင်ရွက်ပေးရန် အတွက် တင်ပြခဲ့ကြရာတွင်  ပါတီခေါင်းဆောင်များ က ပြန်လည်ဖြေကြားခဲ့သည်။  သက်ဆိုင်ရာအထောက်အ ထားများ အပြည့်အစုံဖြင့် တင်ပြကြရန် မှာကြားခဲ့သည်။

         ထိုရုံးဖွင့်နှင့်တွေ့ဆုံပွဲကို နံနက် ၁၀း၃၀ တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

 

 

 

NDFပါတီ တောင်ငူခရိုင်ရုံးနှင့်တောင်ငူမြို့နယ်ရုံးဖွင့်လှစ်

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ တောင်ငူခရိုင်ရုံးနှင့် တောင်ငူမြို့နယ်ရုံးဖွင့်ကို ၂၀-၉-၂၀၁၄ရက်နေ့ နံနက် ၁၁း၀၀ နာရီက တောင်ငူမြို့၊ ၂၁ရပ်ကွက်၊ ဇေယျာခင်ဦးလမ်း၊အိမ်အမှတ် ၅ တွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်ငူခရိုင်ရုံးဖွင့်ပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌများဖြစ်ကြသော ဦးစိုးဝင်းနှင့် ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်နှင့် ဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသော လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်နှင့် ဦးအောင်ဇင်၊ဗဟိုသတင်းနှင့်ပြန်ကြား ရေးမှူးဦးတိုးတိုး၊ ဥပဒေရေးရာအဖွဲ့ခေါင်းဆောင် ဦးကြီးမြင့်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၊ ဗဟိုအလုပ်ကော်မတီဝင်များဖြစ်ကြသော ဦးမင်းမင်းထွန်းနှင့် ဒေါ်နန်းကြူသန်းဝင်း၊ဒေါ်သော်တာဆိုင်၊ ရန်ကုန်တိုင်း အမျိုးသမီးအဖွဲ့မှ ဒေါ်အေးအေးမော်နှင့် ဒေါ်ခင်ဖြူဖြူငြိမ်း၊ ဗဟိုလူငယ်တာဝန်ခံ ဦးကျော်သူရနှင့် ရန်ကုန်တိုင်းလူ ငယ်တာဝန်ခံ ဦးအောင်ကိုကို၊ ပဲခူးတိုင်းဥက္ကဌ ဦးမြတ်မိုးနှင့် တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်များမှ စည်းရုံးရေးကော်မတီဝင်များနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

         ဖွင့်ပွဲအခမ်းအနားတွင် သဘာပတိအဖြစ် ဦးသီဟထွန်း၊ အခမ်းအနားမှူးအဖြစ် ဦးဇင်လင်းထွဋ်တို့မှ ဆောင်ရွက်ခဲ့သည်။  တက်ရောက်လာသူများနှင့် ပါတီခေါင်းဆောင်များကို တစ်ဦးချင်းမိတ်ဆက်ပေးပြီးနောက် သဘာပတိမှ အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ပါတီဥက္ကဌဦးခင်မောင်ဆွေမှ NDF ပါတီနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့၏ အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ကြရာတွင် ပါတီဒုဥက္ကဌ စမ်းချောင်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်၊ ရန်ကုန်တိုင်းဒေသကြီးအမျိးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်တို့မှလည်းကောင်း၊ အသီးသီးပြောကြားခဲ့သည်။  ပဲခူးတိုင်းဒေသကြီးစည်းရုံးရေးကော်မတီမှ ဦးမြင့်သိန်းက ပဲခူးတိုင်းအတွင်း ဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်လုပ်ဆောင်မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ 

         တက်ရောက်လာသူများမှ သိရှိလိုသော မေးမြန်းချက်များကို ပါတီခေါင်းဆောင်များနှင့်လွှတ်တော်ကိုယ် စားလှယ်များက အသီးသီးဖြေကြားခဲ့ကြပြီး ရုံးဖွင့်ပွဲကို  နေ့လည် ၁း၃၀နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Friday, September 19, 2014

NDF တောင်ငူခရိုင်ရုံးနှင့်တောင်ငူမြို့နယ်ရုံးဖွင့်ပွဲနှင့် နေပြည်တော် ဇမ္ဗူသီရီမြို့နယ်ရုံးဖွင့်ပွဲ

                   အမျိုးသားဒီမိုကရေစီအင်အားစုပါတီ             

      စည်းရုံးရေးခရီးစဉ်များ

        ၂၀-၉-၂၀၁၄ ရက်နေ့  နံနက် (၁၁း၀၀)နာရီ NDF တောင်ငူခရိုင်ရုံးနှင့်တောင်ငူမြို့နယ်ရုံးဖွင့်ပွဲ

        ၂၁-၉-၂၀၁၄ရက်နေ့   နံနက် (၁၀း၀၀)နာရိ   နေပြည်တော် ဇမ္ဗူသီရီမြို့နယ်ရုံးဖွင့်ပွဲ

        ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင် နှင့် ဗဟိုအလုပ်အမှုဆောင်များ ရန်ကုန်မြို့မှ လာရောက်ကြမည် ဖြစ်သည်။

        နေပြည်တော်မှနေ၍ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ပါတီဒုဥက္ကဌ ဦးစိုးဝင်းနှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များ တက်ရောက်ကြမည် ဖြစ်သည်။

 

နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရေး

၂၂-၉-၂၀၁၄ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင်  ရန်ကုန်မြို့ ၅၂ လမ်းရှိ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ရုံးခန်းတွင် FDA နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရေးအဖွဲ့ ဆွေးနွေးပွဲပြုလုပ်ရန် ရှိပါသည်။

 ၂၃-၉-၂၀၁၄ ရက်နေ့တွင် ရန်ကုန် NBF ရုံးခန်းတွင် PPDC နိုင်ငံရေးပါတီများ၏နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲရေး ၁၅ ဦးကော်မတီအစည်းအဝေး စတင်မည် ဖြစ်သည်။

 FDA ကိုယ်စားလှယ်သုံးဦးအဖြစ် ဦးနေမင်းကျော် NDF ပါတီ၊ ဦးဒစ်ဆင်ထွန်းလင်း KPP နှင့် ဦးမျိးညွန့် ဒီငြိမ်း ပါတီတို့ တက်ရောက်မည်ဖြစ်သည်။

 

Thursday, September 18, 2014

NDF သတင်းထုတ်ပြန်ချက် တရုတ်သံရုံးမှသံအရာရှိနှင့် NDF ပါတီခေါင်းဆောင်များတွေ့ဆုံ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၄၈ -၂၀၁၄)

ရက်စွဲ။ ၁၈-၉-၂၀၁၄

NDF ပါတီဥက္ကဌအား ဂျပန် မိုင်အိနစ်ချီ သတင်းထောက် အင်တာဗျူးးပြုလုပ်

         ၁၈-၉-၂၀၁၄ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ပါတီဌာနချုပ်သို့ ဂျပန်နိုင်ငံအခြေစိုက် မိုင်အိနစ်ချိသတင်းထောက်မှ လာရောက်၍ ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် တွေ့ဆုံ၍ အင်တာဗျူးပြုလုပ်ခဲ့သည်။  လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများအပေါ် ထင်မြင်ယူဆချက်များကို အင်တာဗျူး ပြလုပ်ခဲ့သည်။ ထိုတွေ့ဆုံပွဲသို့ ပါတီဒုဥက္ကဌ ဦးစိန်လှဦးနှင့် အတွင်းရေးမှူး(၂) ဦးနေမင်းကျော်တို့ တက်ရောက် ခဲ့ ကြသည်။

 

တရုတ်သံရုံးမှ Third Secretary  အဖွဲ့နှင့် NDF ပါတီခေါင်းဆောင်များတွေ့ဆုံ

         ၁၈-၉-၂၀၁၄ ရက်နေ့ ညနေ ၃း၀၀ နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ပါတီဌာနချုပ်သို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ Third Secretary  Mr. Qi Qi နှင့်နိုင်ငံရေးဌာနတာဝန်ခံ Mr.Lei Zhen လာရောက်၍ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပါသည်။

         ထိုတွေ့ဆုံပွဲသို့ ပါတီဒုဥက္ကဌ ဦးစိန်လှဦး၊ သတင်းပြန်ကြားရေးမှူးဦးတိုးတိုး၊ ဗဟိုအလုပ်ကော်မတီဝင် ဒေါ်နန်းကြူသန်းဝင်းနှင့် ရန်ကုန်တိုင်းအမျိုးသမီးအဖွဲ့ဝင် ဒေါ်ခင်ဖြူဖြူငြိမ်းတို့ တက်ရောက်ခဲ့ကြသည်။  ထိုတွေ့ဆုံပွဲတွင် မြန်မာ့နိုင်ငံရေးလက်ရှိအခြေအနေနှင့် NDF ပါတီ၏ အနေအထားနှင့် လက်ရှိလုပ်ဆောင်မှု များ၊ တရုတ်မြန်မာဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်သင့်သည်များ၊ တရုတ်ကွန်မြူနစ်ပါတီ နှင့် မြန်မာ့နိုင်ငံရေးပါတီများကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရေးနှင့်     NDF ပါတီ၏ အကြံပြုလိုချက်များကို မေးမြန်းဆွေးနွေး ခဲ့ကြသည်။ ထိုမေးမြန်းချက်များကို ပါတီဒုဥက္ကဌ ဦးစိန်လှဦးနှင့်  ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးတိုးတိုးတို့က ဖြေကြားခဲ့ကြပြီး တွေ့ဆုံပွဲကို ညနေ ၄း၀၀ နာရီတွင် အောင်မြင်စွာပြီးစီးခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

Wednesday, September 17, 2014

FDA အဖွဲ့၏ Political Dialogue Frame Work ကို ပြည်ပပညာရှင်နှင့်တိုင်ပင်ဆွေးနွေး

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၄ -၂၀၁၄)

ရက်စွဲ။ ၁၇-၉-၂၀၁၄

 

FDA အဖွဲ့၏ Political Dialogue Frame Work ကို ပြည်ပပညာရှင်နှင့်တိုင်ပင်ဆွေးနွေး

         ၁၇-၉-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ၅၂ လမ်းရှိ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်( FDA)အဖွဲ့  ရုံးခန်းတွင် တောင်အာဖရိကနိုင်ငံမှ နိုင်ငံရေးသိပ္ပံပညာရှင် ဒေါက်တာ ဟမ်းနက်နှင့် FDA အဖွဲ့ဝင်ပါတီများ၏ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြုစုရေးဆွေးနွေးပွဲကို နေ့လည် ၁း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

         ထိုဆွေးနွေးပွဲသို့ FDA အဖွဲ့ဝင်ပါတီများဖြစ်သော ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီနှင့်အမျိုးသား ဒီမိုကရေစီအင်အားစုပါတီတို့မှ ပါတီခေါင်းဆောင်များ၊ ပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

         ဆွေးနွေးပွဲအစတွင် FDA အဖွဲ့၏ နောက်ဆုံးမူကြမ်းကို NDF ပါတီမှ အတွင်းရေးမှူး(၂) ဦးနေမင်းကျော် က ရှင်းလင်းပြောကြားခဲ့ပြီးနောက် မစ္စတာဟမ်းနက်မှ FDA မူကြမ်းအပေါ် ပညာရှင်တစ်ဦးအနေဖြင့် ထင်မြင်ချက်များနှင့်  နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရာတွင် ပါဝင်သင့်သည့်အချက်များ၊ လိုအပ်ချက်များနှင့် ရှောင်ရှားရမည့်အချက်များ၊ စဉ်းစားသင့်သည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။  တက်ရောက်လာသော ပါတီကိုယ်စားလှယ်များကလည်း မိမိတို့ထင်မြင်ယူဆချက်များကို မေးမြန်းခဲ့ရာတွင် မစ္စတာဟမ်းနက်မှ ပြန်လည် ဖြေကြားခဲ့ပြီးနောက် နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲကို ညနေ ၄း၀၀ နာရီတွင် အောင်မြင်စွာကျင်းပပြီးစီး ခဲ့သည်။

         ထိုနောက် FDA အဖွဲ့ဝင်ပါတီများ၏ အစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။ FDA ရုံးအဖွဲ့မှူး ဒေါ်ဇင်နိုဘယ်ဝင်းမှ  FDA အဖွဲ့၏ ဆောင်ရွက်ချက်များကို တင်ပြခဲ့သည်။  အခမ်းအနားမှူး ဦးတိုးတိုးမှ စက်တင်္ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် Green Hill Hotel တွင် ကျင်းပပြုလုပ်ခဲ့သည့်  မြန်မာ့နိုင်ငံရေးပါ တီ ၅၆ ပါတီအစည်းအဝေးဆုံးဖြတ်ချက်အကြောင်းနှင့် ထို့နေ့က ဖွဲ့စည်းလိုက်သော နိုင်ငံရေးပါတီများ၏ငြိမ်းချမ်း ရေးနှင့်နိုင်ငံရေးမူဘောင်ရေးဆွဲရေးလုပ်ငန်းကော်မတီ PPIC တွင် ပါဝင်ရမည့် FDAအဖွဲ့ကိုယ်စားလှယ် သုံးဦး ရွေးချယ်ရေးနှင့် အခြားကိစ္စရပ်များကို ဆုံးဖြတ်ပေးရန် တင်ပြခဲ့သည်။ ထိုတင်ပြချက်များကို တက်ရောက်လာကြ သော ပါတီကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး FDA အဖွဲ့၏ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းရန်နှင့် ထိုကော်မတီမှ ကိုယ်စားလှယ်သုံးဦးကို ရွေးချယ်စေလွတ်ရန် သဘောတူညီခဲ့ကြ သည်။ ထို့ပြင် FDA အဖွဲ့အတွက် လိုအပ်လျှက်ရှိသော ပြောရေးဆိုခွင့်ရှိသူနေရာအတွက် တာဝန်ပေးအပ်ရန် ဆွေးနွေးခဲ့ကြပြီး NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ချင်းတိုးတက်ရေးပါတီဥက္ကဌ ဦးနိုထန်ကပ်တို့အား တာဝန်ပေးအပ်ခဲ့သည်။  ထို့နောက် အစည်းအဝေးကို ညနေ ၅း ၂၀ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)

အမှတ် ၁၇၊ အခန်း ၈၀၂၊ ၈လွှာ၊  ၅၂လမ်း၊အောက်ဘလောက်

ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့။

ph- 09 321 161 331

ကျေညာချက်အမှတ် ၁၀/၂၀၁၄

ရက်စွဲ။ ၂၀၁၄ခုနှစ်၊ စက်တင်္ဘာလ(၁၇)ရက်

 

၁။      ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အဖွဲ့ဝင်ပါတီများအနေဖြင့် ၁၇-၉-၂၀၁၄ ရက်နေ့တွင် FDAအဖွဲ့ မှ ရေးဆွဲထားသော နိုင်ငံရေးဆွေးနွေးပွဲမူဘောင် Political Dialogue Frame Work နှင့်ပတ်သက်၍ ပြည်ပ ပညာရှင်တစ်ဦးဖြစ်သူ မစ္စတာဟမ်းနက်နှင့် ဘက်ပေါင်းစုံအနေအထားကို ဆွေးနွေးခဲ့ကြပါသည်။

 

၂။      FDA အဖွဲ့အနေဖြင် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် Political Dialogue Frame Work နှင့် ပတ်သက်၍ ရေးဆွဲရေးကော်မတီတစ်ခု လိုအပ်ကြောင်း တွေ့ရှိရသဖြင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရေးကော်မတီ ကို အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါသည်။

         ၁။      ဦးဒစ်ဆင်ထွန်းလင်း            ကရင်ပြည်သူ့ပါတီ

         ၂။      ဒေါ်ချယ်ရီဇာဟောင်း           ချင်းတိုးတက်ရေးပါတီ

         ၃။      ဦးလှမြင့်                                 ညီညွတ်သောဒီမိုကရက်တစ်ပါတီ

         ၄။      ဦးအောင်သန်းမြင့်               ဒီမိုကရက်တစ်ပါတီ(မြန်မာ)

         ၅။      ဦးမျိုးညွှန့်                       ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ

         ၆။      ဦးအောင်ကြီး                    မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

         ၇။      ဦးနေမင်းကျော်                          အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

 

၃။               နိုင်ငံရေးပါတီများ၏ငြိမ်းချမ်း ရေးနှင့်နိုင်ငံရေးမူဘောင်ရေးဆွဲရေးလုပ်ငန်းကော်မတီ PPIC တွင် ပါဝင်ရမည့် FDAအဖွဲ့ကိုယ်စားလှယ် သုံးဦးအဖြစ် ဦးနေမင်းကျော် (NDF)၊ ဦးဒစ်ဆင်ထွန်းလင်း(ကရင်ပြည်သူ့ ပါတီ)နှင့် ဦးမျိုးညွှန့်( ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ) တို့အား တာဝန်ပေးအပ်ပြီး အရံကိုယ်စားလှယ်များအဖြစ် ဒေါ်ချယ်ရီဇာဟောင်း (ချင်းတိုးတက်ရေးပါတီ)၊ ဦးအောင်သန်းမြင့်(ဒီမိုကရက်တစ်ပါတီ-မြန်မာ)နှင့် ဦးဇင်အောင် မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့အား  ရွေးချယ်ခဲ့ပါသည်။

 

၎။      ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်( FDA)အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူများအဖြစ် ဦးခင်မောင်ဆွေ (ဥက္ကဌ- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)နှင့် ဦးနိုထန်ကပ်(ဥက္ကဌ၊ ချင်းတိုးတက်ရေးပါတီ)တို့အား တာဝန်ပေးအပ် လိုက်ပါသည်။

Monday, September 15, 2014

သြော်…သြော်….သြော်….(၂) ဒါမျိုးတွေလည်း ရှိနေတာကိုး။

 

သြော်…သြော်….သြော်….(၂)   ဒါမျိုးတွေလည်း ရှိနေတာကိုး။

         NLD ပါတီမှတင်သွင်းသော အစီရင်ခံစာတွင် NLD အနေဖြင့် ယနေ့အချိန်အခါကို အခွင့်ကောင်းယူ လျှက် တင်ပြလိုသောအချက်ရှိပါတယ်။ ယင်းမှာ အချိုးကျကိုယ်စားပြုစနစ်PR ကိစ္စ ဖြစ်ပါတယ်။ အထူးထောက်ပြ လိုတဲ့အချက်မှာ နိုင်ငံတကာဖြစ်စဉ်များကို လေ့လာကြည့်လျှင် နိုင်ငံတစ်နိုင်ငံ၌ ယခုကဲ့သို့ အရေးကြီးသော အပြောင်းအလဲမျိုးသည် ပြည်သူလူထု၏ပြင်းပြသောဆန္ဒနှင့် တောင်းဆိုမှုများကြောင့်သာ ဖြစ်ပေါ်လာသည့် ထုံးစံ များ ရှိခဲ့သည်ကို တွေ့ရှိရပါသည်။ ယခုဖြစ်ပေါ်နေသော PR စနစ်ကို ပြောင်းလဲကျင့်သုံးရေးကိစ္စမှာ ပြည်သူလူထု တောင်းဆိုမှုကြောင့်မဟုတ်ဘဲ နိုင်ငံရေးပါတီအချို့မှသာ စတင်သောကိစ္စ ဖြစ်သည်ကို တွေ့ရှိရပါသည်။

အပြည်ပြည်ဆိုင်ရာဒိမိုကရေစီနေ့တွင် NLD ဖတ်ကြားသောစာတမ်းမှ-

Daily Eleven Newspaper( ၁၆-၉-၂၀၁၄)

 

မနေတတ်တော့လည်း ၀င်ပြောရဦးမယ်။

ပါတီရယ်၊ ပြည်သူရယ်။ ကိုယ်စားပြုမှုရယ်၊

အရေးကြီးသော အပြောင်းအလဲဆိုတာရယ်။

အရင်ဆုံးပြောချင်တာကတော့

နိုင်ငံရေးပါတီနဲ့ပြည်သူ

နိုင်ငံရေးပါတီဆိုတာ ပြည်သူကို ကိုယ်စားပြုနိုင်ဖို့ ဖွဲ့စည်းကြတာ။

တတ်နိုင်သမျှ ပြည်သူတွေအတွက် လိုအပ်တာတွေလုပ်ပေးနိုင်ဖို့၊

ပြောပေးနိုင်ဖို့၊ တင်ပြပေးနိုင်ဖို့ဆိုပြီး ပါတီတွေကို ထောင်ကြတာ။

ပါတီအားကြီးလာလေလေ ဒီပါတီက အုပ်ချုပ်ရေးအာဏာကို ရဖို့ နီးလာလေလေပါပဲ၊

ဒီတော့ ပါတီတစ်ခုဟာ ပြည်သူတွေကို ကိုယ်စားမပြုနိုင်ဘူးလား။

ပြည်သူတွေရဲ့အသံကိုလည်း ကိုယ်စားမပြုနိုင်ဘူးလို့ ထင်လို့ရသလား။

ကိုယ်စားမပြုဘူးဆိုတဲ့ စကားမျိုးကိုတောင် ပြောရဲနေကြပြီလား။

 

ပြည်သူလူထုရဲ့တောင်းဆိုမှုများကြောင့်မဟုတ်ဘဲ ဆိုတော့

ပြည်သူကတောင်းဆိုမှ၊ပြောလာမှ လုပ်ပေးရမယ်ဆိုတော့

အဲ့ဒီပါတီမှာ သေချာတာကတော့ အနာဂတ်အမြင် မရှိဘူးဆိုတာ။

နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေဆိုတာ

တိုင်းပြည်အနာဂတ်အတွက် ဖြစ်နိုင်တာ၊ ဖြစ်သင့်တာတွေကို အချိန်နဲ့တပြေးညီ ကြည့်နေပြီး

လိုအပ်ချက်တွေကို  ကြိုတင်စဉ်းစားတွေးခေါ်ထားကြသူတွေချည်းပါပဲ။

ဖြစ်လာမှ ဖုတ်တိုက်မီးပူ  ကတိုက်ကရိုက် လုပ်နေလို့ မရပါဘူး။

 

နိုင်ငံရေးပါတီတွေက တင်ပြတာက ပြည်သူလူထုဆန္ဒကို ကိုယ်စားမပြုဘူုး။

မထင်ဟတ်ဘူးဆိုရင်

အဲ့ဒီနိုင်ငံရေးပါတီတွေ၊ သူတို့ရဲ့ ပါတီခေါင်းဆောင်တွေ၊  သူတို့ရဲ့ပါတီဝင်တွေ

ပြီးတော့ သူတို့ကို အားပေးနေကြတဲ့သူတွေကရော  ပြည်သူတွေမဟုတ်ဘူးလား။

ဒီပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုတယ်လို့ ဆိုလို့မရဘူးလား။

သူတို့တတွေရဲ့ဆန္ဒဟာ ပြည်သူလူထုဆန္ဒ တစိတ်တစ်ပိုင်း မဟုတ်ဘူးဆိုရင်တော့

သူတို့ဟာ တခြားကမ္ဘာက လာတဲ့ သူတစိမ်းတွေလား။

တွေးမိတာပါ။

 

တခြားနိုင်ငံတွေမှာ ရွေးကောက်ပွဲစနစ်အပြောင်းအလဲတို့

ဘယ်စနစ်သုံးမယ်ဆိုတဲ့ ရွေးချယ်မှုတွေကို

ပြည်သူတွေက ရွေးတာလား

ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်တွေက ဦးဆောင်လုပ်သွားတာလား

ဆုံးဖြတ်သွားကြတာလားဆိုတာ သမိုင်းနဲ့ချီပြီး ပြန်မေးကြည့်ရဦးမယ်။

 

လူထုတွေရဲ့ဆန္ဒဆုံးဖြတ်မှုက  တရားဝင်ဘယ်မှာသုံးနိုင်သလဲ။

တရားဝင်လို့ ပြောရတာက  တစ်ခြားပုံစံတွေအမျိုးမျိုး ရှိနေလို့ပါ။

လွှတ်တော်က ချပေးလိုက်တဲ့ ဆုံးဖြတ်ချက်ကို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့

ပြည်သူ့ဆန္ဒခံယူပွဲမှာ မဲပေးဆုံးဖြတ်တာရယ်၊

အထွေထွေရွေးကောက်ပွဲမှာ မဲပေးရတဲ့အခါ

ကိုယ်ကြိုက်တဲ့သူတွေ လွှတ်တော်ထဲမှာ အများစုရအောင် မဲပေးရွေးချယ်တဲ့အချိန်

ဒီနှစ်ချိန်မှာတော့ ပြောပြောနေကြတဲ့ ပြည်သူလူထုရဲ့ဆန္ဒကို အဓိက ဖော်ပြနိုင်တာပါ။

 

လူငါးသန်းလက်မှတ်ရအောင်လုပ်နိုင်တာကို ချီးကျူးပါတယ်။

ဒီလူငါးသန်းဟာ ပြည်သူ့ဆန္ဒဆိုရင်

ကျန်တဲ့ မဲပေးနိုင်တဲ့၂၅သန်းသော ပြည်သူတွေရဲ့ဆန္ဒကရော ဘာလဲဆိုတာ မစဉ်းစားသင့်ဘူးလား။

ငါတို့ရထားတဲ့ ငါးသန်းကပြောတာကမှ ပြည်သူ့ဆန္ဒအစစ်အမှန်၊ လိုလားချက်အစစ်အမှန်ဆိုရင်

မရလို့ ကျန်ခဲ့တဲ့သူတွေရဲ့ဆန္ဒတွေ၊ သဘောထားတွေကိုလည်း ဘာလဲဆိုတာ သိသင့်ပါတယ်။

ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ဆန္ဒတွေက

ဒါမျိုးတွေဆိုတာကိုလည်း သိဖို့လိုပါတယ်။

 

တအုံးအုံးနဲ့ဝိုင်းနေတိုင်း

ပြည်သူဆိုတဲ့စကားကို လှိုင်လှိုင်သုံးတိုင်း

ပြည်သူလူထုဆန္ဒဆိုတာကို တဖွဖွပြောတိုင်း

ရှိသမျှပြည်သူတိုင်းက ထောက်ခံနေကြတယ် ထင်နေရင်တော့ လွဲတော့လွဲနေပြီ။

 

ဒီတော့ဗျာ

ပြောပြောနေတဲ့ အဆုံးအဖြတ်ကဏ္ဍတို့၊  ဘာတို့ဆိုတာတွေကို

ပြည်သူတွေကပဲ  ရှေ့က ဦးဆောင်လုပ်သွားကြမှာလား

ဒါမှမဟုတ် နိုင်ငံရေးပါတီတွေကပဲ ရှေ့ကဦးဆောင်လုပ်သွားကြတာလား။

ဒါမှမဟုတ် ထက်မြက်တဲ့နိုင်ငံရေးအမြင်ရှိတဲ့ပါတီတွေကပဲ ရှေ့ကနေ ဦးဆောင်လုပ်သွားကြမှာလား။

 

ပြည်သူလိုလားချက်ပဲ ဘယ်လိုပြောပြော

ပါတီငယ်တွေကပဲ တင်တင်

ပါတီကြီးတွေကပဲ လုပ်လုပ်

တကယ်တန်းမှာတော့

တရားဝင်ဖြစ်အောင် အဆုံးအဖြတ်ပေးမှာကတော့

လွှတ်တော်ကြီးပါပဲခင်ဗျား။

ဘာကြောင့်လဲဆိုတော့ သူဆုံးဖြတ်မှသာ  

ဒီနိုင်ငံမှာ တရားဝင်အတည်ဖြစ်မှာမို့ ဖြစ်ကြောင်းပါခင်ဗျား။

မိုးကုတ်ကိုတိုး( ၁၆-၉-၂၀၁၄)

 

 

NDFပါတီ၏၂၀၁၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ဂုဏ်ပြုသ၀ဏ်လွှာ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှပေးပို့သော

၂၀၁၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ဂုဏ်ပြုသ၀ဏ်လွှာ

 

ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် နှစ်စဉ် စက်တင်္ဘာလ(၁၅)ရက်နေ့၌ ကျရောက်သော အပြည်ပြည် ဆိုင်ရာဒီမိုကရေစီနေ့ကို ကျင်းပလာခဲ့သည်မှာ ယခုအခါ စတုတ္ထအကြိမ်မြောက်အထိ ရောက်ရှိလာ ခဲ့ပြီ ဖြစ်သည်။ ရာစုနှစ်ထက်ဝက်မက ဒီမိုကရေစီနှင့်ကင်းဝေးခဲ့ရသော ဤနိုင်ငံတွင် အပြည်ပြည် ဆိုင်ရာဒီမိုကရေစီနေ့ကို တခမ်းတနားကျင်းပနိုင်ခဲ့ခြင်းမှာ  ယခုကဲ့သို့ အကူးအပြောင်းကာလတွင် ပြည်သူတို့၏အောင်ပွဲတစ်ရပ်၊ အထိမ်းအမှတ်လက္ခဏာတစ်ရပ်အဖြစ် ကျွန်ုပ်တို့ပါတီမှ မှတ်ယူပါသည်။

 

၁၉၆၂ခုနှစ်မှစ၍ ဒီမိုကရေစီဆိတ်သုဉ်းခဲ့သော မြန်မာနိုင်ငံတွင် အထွေထွေမကြေနပ်မှုများ နှစ်ပေါင်းများစွာစုစည်းလာမိခဲ့ပြီးနောက် ကျောင်းသားလူငယ်များ၏ ဦးဆောင်မူဖြင့် ၁၉၈၈ခုနှစ်တွင် ရာဇ၀င်တွင်ခဲ့ရသည့် ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ရပါသည်။ ခေတ်အဆက် ဆက်တွင် သမိုင်းပေးတာဝန်ကျေပွန်ခဲ့ကြသော လူငယ်များ၏သမိုင်းမှတ်တမ်းကြီးလည်း ဖြစ်ပါသည်။

 

၁၉၈၈နောက်ပိုင်းကာလများတွင်လည်း ပြည်သူအများ မျှော်လင့်ခဲ့ကြသည့် ဒီမိုကရေစီစနစ် ဖြစ် ထွန်းရေး နှစ်၂၀ကျော် လှုပ်ရှားမှုသမိုင်းတွင်လည်း နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းအသီးသီးမှ လူငယ်လူရွယ်များသည် အသက်သွေးချွေးနှင့်အတူ စွန့်လွတ်မှုမြောက်မြားစွာတို့ကို ပေးဆပ်ဖြတ်ကျော် ခဲ့ကြရသည်။ ယခု ခေတ်ပြောင်း၊ စနစ်ပြောင်းနှင့် နိုင်ငံတော်သစ်တည်ဆောက်နေသည့် ယနေ့ကာလ များတွင်လည်း လူငယ်များ၏ အခန်းကဏ္ဍမှာ အရေးပါနေဆဲ ဖြစ်သည်။

 

လူငယ်ဆိုသည်မှာ ရဲရင့်သည်။ တည်ကြည်သည်။ အမှန်တရားကိုမြတ်နိုးသည်။ မှန်မှန်ကန်ကန် ပြောရဲဆိုရဲသည်။ ပြောင်းလဲဖြစ်တည်ရေးကို အစဉ်ရှေ့ရှုသည်။ ထို့ကြောင့် လူငယ်များသည် တိုင်းပြည် နှင့်လူမျိုးအတွက် မျှော်လင့်ချက်နှင့်အနာဂတ်များ ဖြစ်နေ၍ ဤလူ့စွမ်းအားရင်းမြစ်များကို တန်ဖိုးထား ဖော်ဆောင်ပေးနိုင်မှသာ  တိုင်းပြည်၏အနာဂတ်သည် ထွန်းပြောင်နေမည် ဖြစ်သည်။ နိုင်ငံတော်သစ် တည်ဆောက်နေချိန်တွင် လူငယ်များ၏ အကျင့်စာရိတ္တ၊ ပညာရေး၊ စွမ်းဆောင်မှုနှင့် နိုင်ငံရေးကိုယ်ရည် ကိုယ်သွေးများ မြင့်မားရေး၊ နိုင်ငံအရေး ကြိုးပမ်းဆောင်ရွက်လိုစိတ်များ ထွက်ပေါ်လာရန်အတွက် တွန်း အားပေးကြရန် လိုနေပါသည်။  ထို့ကြောင့် လူငယ်များအနေဖြင့် နိုင်ငံ၏ ပကတိအခြေအနေနှင့်ကိုက် ညီသော ၊ ခေတ်နှင့်လျှော်ညီသော စိတ်နေစိတ်ထားများနှင့် မူဝါဒများဆီသို့ ရှေ့ရှုဖို့ လိုအပ်နေပါသည်။

 

 

 

 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ဆီသို့ ချီတက်နိုင်ရန်အတွက် လူငယ်များအနေဖြင့် မိမိ အကျိုး၊ ပါတီအကျိုးနှင့် နိုင်ငံအကျိုးများ တစ်ပြေးညီထွန်းကားလာရေးကို ဦးတည်ဆောင်ရွက်ဖို့ လိုနေ ပါသည်။ အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို နိုင်ငံသားတိုင်းက ထိန်းသိမ်းစောင့်ရှောက် ရန် တာဝန်ရှိသကဲ့သို့ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး၊ တန်းတူညီမျှရေးနှင့် လူ့အခွင့်အရေးများ ဖြစ်ထွန်း

လာရေးနှင့် ကျင့်သုံးဖော်ဆောင်ရေးများသည်လည်း အနာဂတ်မျိုးဆက်လူငယ်များ၏ နိုင်ငံရေးတာဝန် ပင် ဖြစ်နေပါသည်။

 

ထို့ကြောင့် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် ယခုကဲ့သို့ နိုင်ငံတော်သစ်ကို ပြန်လည်တည်ဆောက်နေချိန်တွင်  လူငယ်လူရွယ်များ၏ အတွေးသစ်၊အမြင်သစ်၊ စိတ်သစ်လူသစ်ဖြင့် အဖွဲ့အစည်းပေါင်းစုံနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးကို အတူလက်တွဲ ဆောင်ရွက်ကြပါရန် တိုက်တွန်းနိုးဆော်လိုပါသည်။ လူကြီးပိုင်း၏ အသိဥာဏ်၊ အတွေ့အကြုံနှင့် အမျှော်အမြင်ရှိမှုနှင်အတူ လူငယ်များ၏ ရဲရင့်တက်ကြွသောလှုပ်ရှားဆောင်ရွက်မှုများတို့ ပူးပေါင်း၍  ပြည်သူအများ မျှော်လင့်နေကြသာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ အရောက်လှမ်းချီတက် ကြပါရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဤအပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခါသ မယတွင် ကောင်းမြတ်သောနိုင်ငံရေးဆန္ဒဖြင့် သ၀ဏ်လွှာပေးပို့တိုက်တွန်းအပ်ပါသည်။

 

 

                                                                ဗဟိုအလုပ်အမှုဆောင်ကော်မတီ

၂၀၁၄ခုနှစ်၊ စက်တင်္ဘာလ(၁၅)ရက်                    အမျိုးသားဒီမိုကရေစီအင်အားစု