Wednesday, September 3, 2014

မြန်မာ့နိုင်ငံရေးပါတီများ ပထမဦးဆုံးအကြိမ်တွေ့ဆုံပွဲ ကျင်းပ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (၄၀-၂၀၁၄)

 ရက်စွဲ။                 ၃-၉-၂၀၁၄

မြန်မာ့နိုင်ငံရေးပါတီများ ပထမဦးဆုံးအကြိမ်တွေ့ဆုံပွဲ ကျင်းပ

         ၃-၉-၂၀၁၄ ရက်၊ နံနက် ၉း၀၀ နာရီတွင် တာမွေမြို့နယ်၊ ဦးဖိုးစိန်လမ်းရှိ GREEN HILL HOTEL တွင် NBF အဖွဲ့မှ ဦးဆောင်ကျင်းပသော မြန်မာ့နိုင်ငံရေးပါတီများ ပထမအကြိမ်တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ ထို တွေ့ဆုံပွဲသို့ ပါတီ ၂၀ ပါဝင်သော ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း( NBF) အဖွဲ့ဝင်ပါတီများ၊ (၁၁)ပါတီပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်(FDA ) အဖွဲ့ဝင်ပါတီများ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီနှင့် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ တက်ရောက်ခဲ့ကြပြီး စုစုပေါင်း  ၃၃ ပါတီ ကို ကိုယ်စားပြုတက်ရောက်ခဲ့ကြသည်။ အမျိုးသားဒီိမိုကရေစီအင်အားစုပါတီမှ ပါတီဥက္ကဌ  ဦးခင်မောင်ဆွေနှင့် အတွင်းရေးမှူး(၂) ဦးနေမင်းကျော်တို့ တက်ရောက်ဆွေးနွေးခဲ့သည်။

         အစည်းအဝေးအစတွင် NBF အဖွဲ့မှ ဒါရိုက်တာ ဒေါ်ချင်းချင်းက ယနေ့တွေ့ဆုံပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို မိတ်ဆက်ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ပါတီကိုယ်စားလှယ်များ၊ ပါတီခေါင်းဆောင်များ က တစ်ဦးချင်းမိတ်ဆက်စကားပြောကြားခဲ့ကြသည်။

         ထို့နောက်  နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးနောက် ဖြစ်ပေါ်လာမည့် နိုင်ငံရေး ဆွေးနွေးပွဲနှင့် Politcal Frame  Work တွင် နိုင်ငံရေးပါတီများအနေဖြင့်  မဖြစ်မနေ ပါဝင်ကြရမည် ဖြစ်သဖြင့် ဖြစ်သင့်ဖြစ်ထိုက်သော အနေအထားများနှင့် နိုင်ငံရေးပါတီများအနေဖြင့် တူညီသောသဘောထားရပ်တည်ချက် တစ်ခု ရှိရန် လိုအပ်ကြောင်း တင်ပြခဲ့ကြပြီး ပါတီများအလိုက် သဘောထားနှင့် ထင်မြင်ချက်များကို ဆွေးနွေး ခဲ့ကြသည်။ ထိုဆွေးနွေးချက်များမှ အောက်ပါဆုံးဖြတ်ချက်ကို တက်ရောက်လာသူများက သဘောတူညီခဲ့ကြ သည်။

         လာမည့် စက်တင်္ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် မြန်မာ့နိုင်ငံရေးပါတီ (၆၇)ပါတီကို ဖိတ်ကြား၍ နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်၍ တူညီသောသဘောထားများ ချမှတ်နိုင်ရေးကို ဆွေးနွေးသွားကြရန် ဖြစ်သည်။

         ထို့နောက် အစည်းအဝေးကို နေ့လည် ၁၂း၀၀ နာရီတွင် အောင်မြင်စွာပြီးရုပ်သိမ်းခဲ့ပြီး သတင်းမီဒီယာ များ၏မေးမြန်းချက်များကို တာဝန်ရှိသူအသီးသီးမှ ဖြေကြားခဲ့ကြကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment