Thursday, September 11, 2014

သြော်…….သြော်………..သြော် ဖတ်ရလေသမျှက ………………….မိုးကုတ်ကိုတိုး

ဤစာမှုကို အသုံးပြုလိုပါက ဖုန်း ၀၉ ၄၅၀၀ ၅၇၀၈၈ သို့ ဆက်သွယ်နိုင်ပါသည်။


သြော်…….သြော်………..သြော်   ဖတ်ရလေသမျှက ………………….

 

အခုဖြစ်နေပုံက အချို့သောနိုင်ငံရေးသမားတွေဟာ သူတို့ကို ပြည်သူတွေကလည်း ထောက်ခံမှုမရှိ၊ ဘာအလုပ် အကိုင်မှလည်း မယ်မယ်ရရမရှိဘဲ လာမယ့်နိုင်ငံရေးဆွေးနွေးပွဲကြီးမှာ အတင်းကြီးဝင်ပါနေချင်ကြတယ်။

တကယ်တော့ အုတ်အရောရော ကျောက်အရောရော ပါတီအချို့ရဲ့ ဝေလေလေလုပ်ရပ်ဟာ လာမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးကို  ၁၉၉၃ အမျိုးသားညီလာခံကြီးလို ပုံပျက်ပန်းပျက်ဖြစ်အောင်လုပ်ဖို့  ကြံစည်ကြိုး စားနေကြတာပဲ ဖြစ်တယ်။

လူ ၁၅၀၀၊ ၉၀၀။ ၅၀၀လောက် ပါဝင်မယ့် နိုင်ငံရေးဆွေးနွေးပွဲကြီး  စသဖြင့် စိတ်ထင်တိုင်းလျှောက်ပြော၊ လျှောက်ဖြန့်တာမျိုး လုပ်နေကြပါတယ်။ သူတို့ပြောတာမျိုးမဖြစ်ရင်  အားလုံးပါဝင်ခွင့်မရတဲ့သဘောမျိုး၊ ပွဲဖျက် မယ့်လေသံမျိုး ပြောဆိုလုပ်ကိုင်နေကြတာကိုလည်း တွေ့မြင့်နေကြရပါတယ်။

ပြည်သူတွေရော၊ နိုင်ငံတကာကပါ လက်ခံထားကြတာကတော့ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ အတိုက်အခံ တိုင်းရင်းသားအင်အားစုတွေဟာ ပြည်သူ့ကိုယ်စားလှယ်တွေအဖြစ် အနီးစပ်ဆုံး ကိုယ်စားပြုနိုင်သူတွေ ဖြစ်ကြပါလိမ့်မယ်။ ပြောရရင် အဲ့ဒီအင်အားစုသုံးစု တွေ့ဆုံဆွေးနွေးညှိနှိုင်းကြခြင်းသည်သာ နိုင်ငံရေးဆွေးနွေးပွဲ ကြီး မည်ပါလိ့်မ်မယ်

နိုင်ငံရေးဆွေးနွေးပွဲကြီးများမှာဘယ်သူတွေပါဝင်သင့်သလဲ

စည်သူအောင်မြင့် ( ရန်ကုန်တိုင်းဂျာနယ်-(၁၀-၁၇ စက်တင်္ဘာ၊ ၂၀၁၄)

 

နားရှိလို့ကြားရတယ်။ မျက်စိရှိလို့ မြင်ရဖတ်လိုက်ရတယ်။ ကလောင်တစ်ချောင်းနဲ့ ရေးချင်တိုင်းရေး၊ ပြောချင်တိုင်းပြောပြောနေတဲ့ နိုင်ငံရေးဆောင်းပါးရှင်ကြီးရဲ့   ကာတာလား။ ကွယ်တာလား၊ ဆယ်တာလား၊ ဖုံးတာလားမသိတဲ့ အာဃာတလေးတွေ၊  မစ္ဆိရစိတ်ကလေး ပါးပါးကလေးပါနေတဲ့ ဆောင်းပါးကြီး။

ဘက်ဆိုတာ လိုက်မယ့်လိုက် ဒီလိုအပြတ်သာလိုက် လိုက်။ ဘာမှ ပြောစရာမရှိဘူး။

လက်ရှိ ၂၀၁၀နောက်ပိုင်း မြန်မာ့နိုင်ငံရေးအခြေအနေက  ဒီမိုကရက်တစ်အုပ်စုဘက်မှာ တစ်ဦးတည်း ကြီးစိုးရေးကာလ ပြီးဆုံးသွားခဲ့ပြီဆိုတာ လူုတစ်ယောက်အပေါ်ချစ်နေတာနဲ့ မသိလိုက်တော့ဘူး။ ၂၀၁၀ ဟိုဘက် တုန်းကတော့ အများပြောနေကြသလိုပါပဲ ။ သူမှသူ။ သူနဲ့သူ့ပါတီသည်သာ ဒီမိုကရက်တစ်အင်အား၊ ဒီမိုကရေစီ ကို ပုံဖော်မယ့်သူတွေ။ ကျန်တဲ့သူတွေ ဘယ်သူမှတိုးမရ။ ကျော်မရ။  ဖြတ်မရ။

၂၀၁၀ ရွေးကောက်ပွဲလည်းဆိုရော။ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ သူမပါရဘူးလည်း ဖြစ်ကရော၊  လူနဲ့ပါတီအကျိုးစီးပွါး။ ပါတီနဲ့ ပြည်သူအကျိုးစီးပွား ဘယ်ဟာကို ဦးစားပေးရမလဲဆိုတဲ့  အရှင်းဆုံးပြဋ္ဌာန်းချက် ကို ပြောင်းပြန်လုပ်ပြီး လူအတွက် ပါတီကို တစ်ညီတစ်ညွတ်တည်း ဆန္ဒပေးပြီး အဖျက်ခံလိုက်ကြတယ်။ ဒီတော့ မြန်မာ့နိုင်ငံရေးကို လက်ဝါးကြီးအုပ်ထားတဲ့ အခြေအနေကို ကိုယ်ကိုတိုင်ဖျက်ပစ်လိုက်မှတော့ လွတ်သွားတဲ့ ဦးဆောင်မှုနေရာကို NLD မဟုတ်တဲ့သူတွေနဲ့ NLDနဲ့ ဒေါ်စု ဦးဆောင်မှုနောက် မလိုက်ကြတဲ့သူတွေက ပါတီ ထောင်ပြီး ၀င်တိုးလာကြတယ်။ ဒီမိုကရေစီအတွက် ဘာလုပ်ပေးနိုင်မလဲဆိုပြီး ဟောကြပြောကြနဲ့ နိုင်ငံရေး ခေတ် တစ်ခေတ် ပွင့်လာခဲ့တယ်။ အရင်က နိုင်ငံရေးခေါင်းဆောင်ကြီးတွေရဲ့မျိုးဆက်တွေဖြစ်တဲ့ ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်းတို့လိုလူတွေ၊ ဦးသုဝေ၊ ဦးမျိုးညွန့်၊ ဦးရွှေအုန်းတို့လို နိုင်ငံရေးသမားဟောင်းကြီးတွေလူတွေ ပေါ်လာသလို  တိုင်းရင်းသား ပါတီတွေလည်း အပြုန်းအရုန်း၊ လူငယ်မျိုးဆက်၊ ရှစ်လေးလုံးမျိုးဆက်တွေလည်း အပြိုင်းအရိုင်း၊ ကြံ့ခိုင်ရေးလက်ဝေခံတွေလည်း အများအပြား ပေါ်လာတဲ့အထဲမှာ တစ်ဖြေးဖြေးနဲ့ နိုင်ငံရေးအရ အင်အားကြီးထွားလာတာက NLD လူဟောင်းတွေ နိုင်ငံရေးတာဝန်အရ ထောင်လာခဲ့ကြတဲ့ NDF ခေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီပဲ ဖြစ်တယ်။ အချိန်တိုတိုလေးအတွင်းမှာ ဒီမိုကရက်တစ်အင်အားစုတွေ ကြားမှာ ခေါင်းဆောင်မှုထိပ်ပိုင်းနေရာကို ရောက်လာခဲ့တယ်။

အခုကတည်းကပြောချင်တာက NDF ဟာ NLD ကနေ ခွဲထောင်လာတာလည်းမဟုတ်ဘူး။ ပဲ့စင်လာတဲ့ အပဲ့အရွဲ့လည်း မဟုတ်ဘူး။ NLD ပါတီကို ကိုယ့်ဖာသာကိုယ်အဖျက်ခံ၊ ကိုယ့်ကိုယ်ကိုဆူဆိုက်လုပ်လိုက်လို့ နိုင်ငံရေးတာဝန် သိတဲ့လူတွေက သမိုင်းပေးတာဝန်အရ မဖြစ်မနေ ထောင်ခဲ့ကြတာ။အခြားသူတွေ ပြောသလို ပြောရရင် အဲ့ဒီအချိန်က ရေထဲမြှုတ်သွားတဲ့သင်္ဘောကြီးပေါ်ကနေ ရုန်းထွက်လာခဲကြတဲ့သူတွေက မြန်မာ့ နိုင်ငံရေးပင်လယ် ထဲမှာ NDF အသက်ကယ်လှေကလေးနဲ့ ကမ်းမမြင်လမ်းမမြင်ခရီးကို ဆက်ချီင်္တက်ခဲ့ကြ တာဖြစ်တယ်။ သြဇာ မရှိ၊ ငွေမရှိ၊ အင်အားမရှိတဲ့ကြား၊ အမျိုးမျိုးသောစွပ်စွဲပုတ်ခတ်တွေကြားကနေ မယိမ်းမယိုင်တဲ့ နိုင်ငံရေးယုံကြည်မှုနဲ့ ဆက်သွားကြတာဖြစ်တယ်။ ကျွန်တော်တို့က ဒီမိုကရက်တစ်တွေပါ။

နေအိမ်အကျယ်ချုပ်က လွှတ်လာတော့လည်း  ပြန့်ကျဲသွားတဲ့ ဒီမိုကရက်တစ်အင်အားစုတွေကို ပြန်ပြီး စုစည်းမယ်လို့ မျှော်လင့်နေမိတာ။ ဒါပေမယ့် အစိမ်းရောင်ဝမ်းဆက်ကိုဝတ်ပြီး စိမ်းသရဖူ စိမ်းပြနေတော့လည်း ၂၀၁၀က ဒီမိုကရက်တစ်သမားတွေနဲ့ ကြာလေလေဝေးနဲ့ သူစိမ်းပြင်ပြင်။ ၀မ်းနည်းစရာကောင်းတာက ဒုတိယ ပင်လုံညီလာခံတို့၊  ညီညွတ်ရေးတို့ တဖွဖွပြောရင်း မြန်မာ့နိုင်ငံရေးလိုအပ်ချက်ဖြစ်တဲ့ တိုင်းရင်းသားပါတီတွေ အထူးသဖြင့် ၂၀၁၀ တိုင်းရင်းသားပါတီတွေနဲ့ ဘ၀ခြားသွားတဲ့အဖြစ်မျိုး။ ပြောလိုက်ပါသေးတယ်။ သူနဲ့အတူ ဒုက္ခခံခဲ့ကြတဲ့ မဟာမိတ်ပါတီတွေနဲ့ပဲ လက်တွဲမယ်ဆိုလား။ ကျန်သူတွေက အလကားလား။

လွှတ်တော်နိုင်ငံရေးပေါ်လာတဲ့အခါမှာ အခြေခံဥပဒေအပြင်ကလူတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေက  လွှတ်တော်ထဲရောက်ပါတီတွေနဲ့ တရားဝင်ပါတီတွေလောက် ထိရောက်မှုမရှိလေတော့ နောက်ဆုံး ပါတီတွေကို အပြိုင်အဆိုင်မှတ်ပုံပြန်တင်ပြီး ၂၀၁၂ ကြားဖြတ်ကို အမှီဝင်နွဲခဲ့ကြရတယ်။ လွှတ်တော်ထဲကို ရောက်လာလို့ အထင်တကြီးနဲ့ ဘာတွေများလုပ်ပြလေမလဲလို့ မျှော်လင့်ခဲ့ကြတာ နောက်ဆုံးတော့ မြင်ရတဲ့အတိုင်းပါပဲ။ သိပ် မပြောချင်တော့ပါ။

အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပွဲတွေ လုပ်လာနေတာကိုကြည့်ပြီး နောင်တစ်ချိန် အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးပြီးတဲ့အခါ နိုင်ငံရေးဆွေးနွေးပွဲတွေ လာလိမ့်မယ်။ ဒီအတွက် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက အရေးပါလာမှာဖြစ်လို့  ဘာတွေလုပ်သင့်တယ်ဆိုတာကို ကြိုတင်ပြင်ဆင်ဖို့ဆိုပြီး အချို့ နိုင်ငံရေး ပါတီတွေ၊အုပ်စုတွေက ပြင်ဆင်လာကြတာက ၂၀၁၂ နောက်ပိုင်းကတည်းကပါ။ ဒီအထဲမှာ NBF ဆိုတဲ့ တိုင်းရင်းသားပါတီ ၂၁ပါတီပါတဲ့အဖွဲ့နဲ့  NDF ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA  ၁၁ ပါတီအဖွဲတွေ ဖြစ်ပါတယ်။ သူတို့အဖွဲ့အတွင်းအချင်းချင်းမှာလည်း ဆွေးနွေးကြတယ်။ MPC မှာလည်း ဆွေးနွေးကြတယ်။ နိုင်ငံ  ခြားပညာရှင်တွေ့နဲ့လည်း ဆွေးနွေးကြတယ်။ NBF နဲ့ FDA အဖွဲ့တွေမှာ ကိုယ်ပိုင် Political Dialogue Frame Work တွေရှိနေကြပြီ။ ဒီအချိန်မှာ ဒီမိုကရေစီကိုဦးဆောင်မယ်ဆိုတဲ့ပါတီကြီးက ကျွန်တော်တို့မှာ မရှိသေးပါဘူး။အခုမှ စလုပ်နေတာပါဆိုတဲ့ ပြောစကားလေး ကြားလိုက်ရတယ်။ ၀မ်းနည်းစရာကြီးပဲ၊ ကြိုတွက်သူ တွေက တွက်နေကြပေမယ့် သူက ထိပ်ပုတ်ခံရမှပဲ လုပ်ရမှန်းသိတော့တယ်။ သြော်……အခြားအလုပ်တွေကို လုံးပမ်းနေရတာကိုး။

အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးတာနဲ့ ရက်ပေါင်း၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေ စရမယ်။ ဒီအတွက် အကြမ်းအားဖြင့် အဖွဲ့သုံးဖွဲ့ နဲ့ဆွေးနွေးဖို့။ အစိုးရ၊လွှတ်တော်နဲ့ တပ်မတော်ပါတဲ့အဖွဲ့တစ်ဖွဲ့၊ လက်နက်ကိုင်တိုင်းရင်းသားတွေပါတဲ့အဖွဲ့တစ်ဖွဲ့၊ ပြီးတော့ နိုင်ငံရေးပါတီတွေပါတဲ့အဖွဲ့တစ်ဖွဲ့၊ ဆိုပြီး အကြမ်းဖျဉ်း ဒီသုံးဖွဲ့နဲ့ လုပ်ကြဖို့၊ လူအင်အားဘယ်လောက်နဲ့လုပ်မယ်၊ ဘာတွေဆွေးနွေးမယ်၊ ဆိုတာတွေက ညှိနိုင်း ယူကြရမယ့် ကိစ္စ။ ၁၅၀၀တွေ၊ ၉၀၀တွေ၊ ၅၀၀ တွေဆိုတာ တင်ပြချက်တွေ။ နိုင်ငံတကာမှာလည်း ဒီလိုပုံစံမျိုး၊ ဒီလိုဘောင်ကနေ နိုင်ငံရေးဆွေးနွေးပွဲတွေကို စကြရတာ။

စာရေးဆရာကြီးရေ။ နိုင်ငံရေးဆွေးနွေးပွဲကို တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေအားလုံး မပါဘဲ ခေါင်းခေါက်ထားတဲ့ နိုင်ငံရေးသမားနဲ့ ပါတီတွေသာပါရမယ်ဆိုရင် ၊ ခင်ဗျားရေးတဲ့အတိုင်း '' ပြည်သူ တွေ ရော၊ နိုင်ငံတကာကပါ လက်ခံထားကြတာကတော့ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ အတိုက်အခံ တိုင်းရင်းသား အင်အားစုတွေဟာ ပြည်သူ့ကိုယ်စားလှယ်တွေအဖြစ် အနီးစပ်ဆုံး ကိုယ်စားပြုနိုင်သူတွေ ဖြစ်ကြပါလိမ့်မယ်   "   ဆိုရင်  ပြည်မထဲက NLD ကလွဲလို့ ကျန်တဲ့ပါတီတွေ ဘေးထွက်ထိုင်နေကြ၊  ကြံခိုင်ရေးနဲ့ တစညလည်းပါတယ်။ တိုင်းရင်းသားအင်အားစုဆိုရင်လည်း NLD နဲ့ လက်တွဲထားတဲ့သူတွေသာ တိုင်းရင်းသား အစစ်တွေ ၊ကျန်တာတွေ ဘေးဖယ်ကြဆိုရင် ။ မေးကြည့်ချင်တာက  ခင်ဗျား အိမ်မက်ယောင်နေတာလား လို့။

နိုင်ငံရေးပါတီတွေအစုအဖွဲ့အတွက် အဖြေတစ်ခု ရနိုင်မလားဆိုပြီး ၆၇ ပါတီကို ဖိတ်ပြီး ဆွေးနွေးကြည့်ဖို့ NBF,FDA,တို့ပါတဲ့ ၃၃ ပါတီဆွေးနွေးပွဲကနေ ဆွေးနွေးပြီး စက်တင်္ဘာ ၁၃ ရက်နေ့မှာ လုပ်ဖို့စီစဉ်ခဲ့တယ်။ ကြားရ တာကတော့ သူနဲ့ သူ့မဟာမိတ်တွေက မတက်ဘူးဆိုလား။ အဲ့ဒီနေ့ကြမှ သူတို့အချင်းချင်း Political Dialogue ကို ဆွေးနွေးကြမယ်ဆိုလား။

စာရေးဆရာကြီးမေ့သွားတာက စက်တင်္ဘာ ၅ရက်နဲ့ ၆ရက်မှာ မီကာဆာဟိုတယ်မှာလုပ်ပြီး ဗေဒါဂိုဏ်းက ထုတ်ပြန်ချက်တစ်ခုထုတ်ခဲ့တာကိုပါ။ အဲ့ဒီမှာ ဒေါ်စုကိုယ်တိုင်တက်ပြီး မိန့်ခွန်းပြောခဲ့လေရဲ့။  ထုတ်ပြန်ချက်က အစိုးရကိုမယုံဘူး။ ငြိမ်းချမ်းရေးလုပ်နေတာကိုမယုံဘူး။ အခြေခံဥပဒေပြင်ဆင်ရေးလုပ်နေတာ ကို မယုံဘူး။ ပြည်နယ်နဲ့ဗဟို လုပ်ပိုင်ခွင့်ခွဲဝေတဲ့ဇယားတွေကိုအခု မပြင်သင့်ဘူး။ ပြည်ထောင်စုညီလာခံကြီး တစ်ခုကျင်းပပြီးမှ ဖက်ဒရယ်နိုင်ငံကိုယူနစ်ဘယ်နှစ်ခုနဲ့ဖွဲ့မယ်လို့ဆုံးဖြတ်ပြီးမှ နှစ်ဖက်သဘောတူ ဇယားတွေ ဆွဲရ မယ်။ MPC ဟာ အစိုးရလက်ဝေခံမို့ မယုံဘူး။ ကြားနေငြိမ်းချမ်းရေးအကျိုးတော်ဆောင် သို့မဟုတ် အဖွဲ့နဲ့လုပ်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်မယ်၊ စတဲ့ ကြေညာချက်ထုတ်ခဲ့တာကို မမြင်လိုက်ဘူးထင်တယ်။ တက်တဲ့သူတွေကလည်း NLD နဲ့ သူ့ရဲ့မဟာမိတ်တိုင်းရင်းသားပါတီတွေ။

လုပ်နေတဲ့ငြိမ်းချမ်းရေးကိုလည်းမယုံ၊ ကိုယ်တိုင်ကလည်း ဦးဆောင်မလုပ်နိုင်၊ နိုင်ငံရေးဆွေးနွေးပွဲ အတွက် ပြင်ဆင်မှုက အခုမှစမှာ။  ပြင်ဆင်ထားသူတွေကိုလည်း သုံးမရတဲ့သူတွေလို သဘောထား။  ညီညွတ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ဖို့လည်း စိတ်မကူး။  လုပ်နေကြတဲ့သူတွေကိုလည်း အကောင်းမမြင်၊ ရန်သူစာရင်းသွင်း။ နိုင်ငံရေးကို မြန်မာ့နိုင်ငံရေးပါတီတွေ အားလုံးပါဝင်ဆွေးနွေးခွင့်တောင် မပေးနိုင်ဘူး ဆိုရင် ဒီမိုကရေစီကို ဖော်ဆောင်ဖို့ ရှေ့ဆောင်ကြိုးပမ်းနေပါတယ်ဆိုတာကြီးက လမ်းချော်နေတဲ့ဟာသတစ်ပုဒ်။

ဒါတောင် နိုင်ငံရေးပါတီအစုအဖွဲ့မှာ ပညာရှင်တွေ၊တသီးပုဂ္ဂလိက နိုင်ငံရေးသမားတွေ၊ အရပ်ဖက်အဖွဲ့ အစည်းတွေက ပါဝင်သင့်ပါဝင်ထိုက်သူတွေကို ဘယ်လိုနေရာပေးမလဲ၊ဘယ်လိုရွေးချယ်ကြမလဲဆိုတာက လော လောဆယ်မှာ အငြင်းအပွားဆုံး ဆွေးနွေးချက်။ နိုင်ငံရေးလုပ်နေကြတယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေ၊ တသီးပုဂ္ဂလ တွေ၊ NGO လိုလို၊ CSO လိုလို လုပ်နေကြတဲ့သူတွေ၊ နိုင်ငံရပ်ခြားကနေ လုပ်နေကြတယ်ဆိုတဲ့သူတွေ  ဒီလို နိုင်ငံရေးပါတီအစုအဖွဲ့မှာပါတီ တူညီတဲ့အသံ ထွက်နိုင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာက တော်တော် ခက်မယ့် အလုပ်။

ပြီးတော့ နိုင်ငံရေးပါတီတွေကို စော်ကားထားတဲ့ အရေးအသားက ….အခုဖြစ်နေပုံက အချို့သောနိုင်ငံရေးသမား တွေ ဟာ သူတို့ကို ပြည်သူတွေကလည်း ထောက်ခံမှုမရှိ၊ ဘာအလုပ် အကိုင်မှလည်း မယ်မယ်ရရမရှိဘဲ လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲကြီးမှာ အတင်းကြီးဝင်ပါနေချင်ကြတယ်။….. ပြည်သူထောက်ခံမှုဆိုတာ လူအုပ်စု တွေ ၀ိုင်းနေတာကို ပြောနေတာမဟုတ်။ ပါတီတိုင်းမှာ ပါတီဝင်တွေ ရှိကြပါတယ်။ ဒေါ်စုလာတုန်း ၀ိုင်းအုံ့နေတဲ့ လူအုပ်ကြီးက ဒေါ်စုမဟုတ်တဲ့ NLD ခေါင်းဆောင်တစ်ယောက်လာရင် ကျဲတောက်တောက်နဲ့ဖြစ်သွားတာက ပါတီကိုထောက်ခံတာလား၊ လူကိုထောက်ခံတာလား။ လောလောဆယ်မှာ သြဇာကြီးနေသူကို မယှဉ်နိုင်ပေမယ့် ပါတီအားလုံးမှာ သူ့အားနဲ့သူ အထိုက်အလျှောက် ရှိနေတာကိုတော့ သိစေချင်တယ်ဗျာ။

         အဲ့ဒီတော့လည်း ခင်ဗျားယုံကြည်သူအတွက် ကာပါ။ဖုံးပါ။ ဆယ်ပါ။ကွယ်ပေးပါ။ ဒါပေမယ့် အခြား နိုင်ငံရေး ပါတီတွေလည်း နိုင်ငံကိုချစ်တဲ့သူတွေ၊ တိုင်းပြည်ကိုချစ်တဲ့သူတွေ၊ ငြိမ်းချမ်းရေးကို ဖြစ်စေချင်သူတွေ၊ ဒီမိုကရေစီကိုရချင်ကြသူတွေ၊ အခြေခံဥပဒေကို ပြင်ဆင်လိုကြသူတွေ၊ ပြည်သူတွေအတွက် ရပ်ပေးချင်သူတွေ၊ လုပ်ပေးချင်သူတွေဆိုတာ မမေ့ပါနဲ့ဗျာ။ သူတို့မှာလည်း သူတို့အားတွေ ရှိသင့်သလောက်ရှိကြပါတယ်။ စုစည်းနိုင် ဖို့ လိုနေပြီး စုစည်းနိုင်တဲ့အင်အားကသာ အားတစ်ခုဆိုတာကိုတော့ ပြောလိုက်ချင်ပါတယ်။

         ငါလုပ်မှသာ ဒီမိုကရေစီ၊ အခြားသူတွေလုပ်တာ ဒီမိုကရေစီမဟုတ်ဘူးဆိုတဲ့ စိတ်ထားမျိုးတွေ ကင်းဝေး နိုင်ကြပါစေ။

မိုးကုတ်ကိုတိုး( ၁၁-၉-၂၀၁၄)

#to be happy#

$$ kotoetoe $$

No comments:

Post a Comment