Saturday, January 31, 2015

NDF ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီအစည်းအဝေးနှင့် အလှူငွေလက်ခံပွဲကျင်းပ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် အမှတ် (၄/၂၀၁၅)

ရက်စွဲ။ ၃၁-၁-၂၀၁၅

NDF ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီအစည်းအဝေးနှင့် အလှူငွေလက်ခံပွဲကျင်းပ

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီ အစည်းအဝေးနှင့် အလှူငွေ လက်ခံပွဲ ကို ၃၁-၁-၂၀၁၅ ရက်နေ့ နေ့လည် ၁း၀၀နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ပါတီဒုတိယဥက္ကဌ ဦးစိန်လှဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးအောင်ဇင်၊ ဦးတိုးတိုး၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဥက္ကဌ ဦးသက်ထွန်းမောင်၊ ဒုဥက္ကဌ ဦးခိုင်မောင်ရည်၊ အတွင်းရေးမှူးများ ဖြစ်ကြသော ဦးထက်အောင်ကျော်၊ ဦးစိုးဦး၊ဦးမင်းမင်းထွန်းနှင့် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ မြို့နယ်စည်းများနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များဖြစ်ကြသော YaYaYaဂျပန်စာသင်ကျောင်းမှ ဦးသူဟန်ဦးနှင့်ဒေါ်ခင်မြင့်ခိုင်တို့ တက်ရောက်ခဲ့ကြသည်။

        အစည်းအဝေးတွင် ရန်ကုန်တိုင်းဥက္ကဌ ဦးသက်ထွန်းမောင်က  ရန်ကုန်တိုင်းစည်းရုံးရေးအခြေအနေနှင့် ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ဆောင်ရွက်ကြရမည့်ကိစ္စရပ်များကို ပြောကြားခဲ့သည်။ ဒု-ဥက္ကဌ ဦးခိုင်မောင်ရည်က လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် လိုအပ်ချက်များ ကို ထပ်မံရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပါတီဒုဥက္ကဌ ဦးစိန်လှဦးမှ စည်းရုံးရေးလိုအပ်ချက်များကို  ဖြည့်စွက်ပြောကြားခဲ့သည်။

        အလှူငွေလက်ခံပွဲကို ဆက်လက်ကျင်းပရာတွင် ပါတီဌာနချုပ်ရုံးခန်း ဌားရမ်းရန်အတွက် အလှူငွေ  ကျပ်သိန်း၂၀ ကို အလုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်နှင့် YaYaYaဂျပန်စာသင်ကျောင်းမှ ဦးသူဟန်ဦး၊ ဒေါ်ခင်မြင့်ခိုင်တို့က ပေးအပ်ရာတွင် ပါတီဒုဥက္ကဌ ဦးစိန်လှဦးမှ လက်ခံယူပြီး  ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။အလှူငွေ ကျပ်ငါးသိန်းကို  ရန်ကုန်တိုင်းဥက္ကဌ ဦးသက်ထွန်မောင် ၊ အလှူငွေ ကျပ်သုံးသိန်းကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးတို့မှ ပေးအပ်ရာတွင်  ဦးစိန်လှဦးမှ လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအသီးသီး ပြန်လည်ပေးအပ်ခဲ့သည်။

        ထို့နောက် ရန်ကုန်တို်င်းအတွင်း ဆောင်ရွက်မည့်ကိစ္စရပ်များကို မြို့နယ်အလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး  ၁-၂-၂၀၁၅ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းပြုလုပ်မည့် ပြည်သူ့သဘောထားစစ်တမ်းကောက်ယူမှုနှင့် NDF လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်ချက်လက်ကမ်းစာစောင်ဖြန့်ဝေရေးအတွက် စီစဉ်ထားရှိမှုများ ကို  ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ညနေ ၃း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

Friday, January 30, 2015

ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဌ မစ္စတာဝါတာနာဘေး NDF ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် အမှတ် (၃)

ရက်စွဲ။ ၃၀-၁-၂၀၁၅

ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဌ မစ္စတာဝါတာနာဘေး

NDF ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

        ၃၀-၁-၂၀၁၅ ရက်နေ့၊ညနေ ၃း၀၀နာရီတွင် ဗဟန်းမြို့၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမိုက ရေစီအင်အားစုပါတီဌာနချုပ်ရုံးတွင် NDF ပါတီခေါင်းဆောင်များအား ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဌ မစ္စတာဝါတာနာဘေးဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံဆွေးခဲ့သည်။

        ထိုဆွေးနွေးပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဒု-ဥက္ကဌ ဦးစိန်လှဦး၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ပြန်ကြားရေးတာဝန်ခံ ဦးတိုးတိုး၊ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးသက်ထွန်းမောင်နှင့်ဦးအောင်ဆန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးကြီးမြင့်၊ ဦးထက်အောင်ကျော်၊ ဗဟိုလူငယ်တာဝန်ခံ ဦးကျော်သူရတို့ တက်ရောက်ခဲ့ကြသည်။

        မစ္စတာဝါတာနာဘေးက ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ပေးနေသော အကူအညီများအကြောင်းနှင့် ရှေ့ဆက်လက် ကူညီဆောင်ရွက်ပေးမည့်ကိစ္စရပ်များကို ရှင်းလင်းပြောဆိုခဲ့ပြီး NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ က မြန်မာနိုင်ငံရေးအခြေအနေနှင့် အနေအထားများအကြောင်း၊ ပါတီ၏ရပ်တည်ချက်နှင့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အနေအထားများ၊ ဂျပန်နိုင်ငံ အနေဖြင့် မြန်မာပြည်ကို အကူအညီပို၍ပေးသင့်သော ကိစ္စရပ်များကို ကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် နှစ်ဖက်စလုံး မိမိတို့သိရှိလိုသော ကိစ္စရပ်များ အကြောင်း မေးမြန်းဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲကို ညနေ ၄း၂၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောငး သတင်းထုတ်ပြန်အပ်ပါသည်။

 

မန္တလေးတိုင်း မဟာအောင်မြေနှင့် တံတားဦးမြို့နယ်များတွင်

NDFပါတီ မြို့နယ်ရုံးများ ဖွင့်လှစ်မည်

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မန္တလေးတိုင်းစည်းရုံးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် လာမည့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် မဟာအောင်မြေ မြို့နယ်ရုံးကို၎င်း၊ ဖေဖော်ဝါရီလ(၂) ရက်နေ့တွင် တံတားဦး မြို့နယ်ရုံးကို၎င်း ဖွင့်လှစ်ရန် အစီအစဉ် ပြုလုပ်ထားကြောင်း သိရှိရသည်။

        ထို့ဖွင့်ပွဲသို့  ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပိုနှင့် အတွင်းရေးမှူး(၂) ဦးနေမင်း ကျော်တို့  တက်ရောက်ဖွင့်လှစ်ရန် ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် NDFမြို့နယ်ရုံးဖွင့်လှစ်မည်။

        ကရင်ပြည်နယ် စည်းရုံးရေးတာဝန်ခံ ဦးအောင်ဝင်းလှိုင်(ခ) ကိုအညာသားဦးဆောင်မှုဖြင့် ကော့ကရိတ် မြို့နယ်ရုံးကို ဇန်န၀ါရီလ(၃၁)ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

        ကရင်ပြည်နယ်တွင် မြ၀တီနှင့် ကျုံဒုံမြို့တို့တွင် NDF မြို့နယ်ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်သည်။ မကြာမီ ဖားအံတွင်လည်း ပါတီမြို့နယ်ရုံးဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

NDFပါတီ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပြည်သူ့စစ်တမ်းကောက်ယူမည်။

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်သူ့ဆန္ဒ စစ်တမ်းကောက်ယူမှုနှင့် NDF ပါတီလွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်းလုပ်ဆောင်ချက်များကို  ပြည်သူသို့အသိပေးသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လှုပ်ရှားမှုကို ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် လာမည့်  ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ပြုလုပ်ရန်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

        ပထမအကြိမ် ပြည်သူ့စစ်တမ်းကောက်ယူမှုကို စမ်းချောင်းမြို့နယ်တွင် ဒီဇင်္ဘာလ (၃၀) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တိုင်းအတွင်းရှိ ပါတီမြို့နယ်ရုံးများတည်ရှိရာ  မြို့နယ်များတွင် ထိုစစ်တမ်းကောက်ယူမှုနှင့် ပြည်သူသို့ အသိပေးသည့် လက်ကမ်းစာစောင်များဖြန့်ဝေမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  သိရှိရပါသည်။

 

လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်းပေးပို့ကြရန် ညွန်ကြားချက်ပေးပို့။

        ၂၀၁၅ ရွေးကောက်ပွဲတွင် NDF ပါတီကို ကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများစာရင်းကို ၃၁-၃-၂၀၁၅ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ကြရန် NDF ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ပြည်နယ်နှင့်တိုင်းစည်းရုံးရေးကော်မတီများ၊ မြို့နယ်ကော်မတီများသို့ ညွန်ကြားချက် ထုတ်ပြန် လိုက်ပြီ  ဖြစ်သည်။ ထိုညွန်ကြားချက်နှင့်အတူ NDF ပါတီမှ သတ်မှတ်ထားသော လွှတ်တော်ကိုယ်စားလှယ် လောင်းများ အရည်အချင်းကိုလည်း ပူးတွဲပေးပို့လိုက်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

Tuesday, January 27, 2015

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အထူးကြေညာချက်(၁/၂၀၁၅)

ph- 09 321 161 331

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA) အစည်းအဝေးကျင်းပပြုလုပ်

        ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA)အဖွဲ့ အစည်းအဝေးကို  ၂၇-၁-၂၀၁၅ ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA)အဖွဲ့ဝင် ပါတီများ ဖြစ်ကြသော ကရင်ပြည်သူ့ပါတီ၊ ညီညွတ်သောရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)နှင့်အမျိုးသားဒီမိုကရစီအင်အားစုပါတီတို့မှ ပါတီခေါင်းဆောင်များ၊ ပါတီကိုယ်စား လှယ်များ  တက်ရောက်ခဲ့ကြသည်။

        အစည်းအဝေးတွင် သဘာပတိ ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေက အမှာစကားပြောကြားပြီး ကရင်ပြည်သူ့ပါတီဥက္ကဌ ဦးစောထွန်းအောင်မြင့်က အစည်းအဝေးခေါ်ယူရခြင်း အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက မိမိတို့အမြင်သဘောထားများကို ဆွေးနွေး ကြရာတွင် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးစိုးမောင်၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးသက်ဦး၊ ကရင်ပြည်သူ့ပါတီ အတွင်းရေးမှူး ဦးစောဆေးဝါး၊  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အတွင်းရေးမှူး ဦးနေမင်းကျော်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးမျိုးညွန့်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ၊ ကရင်ပြည်သူ့ပါတီဥက္ကဌ ဦးစောထွန်းအောင်မြင့်တို့က ဆွေးနွေးခဲ့ကြသည်။ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကိစ္စအပေါ်အမြင်များ၊ အပစ်အခတ်ရပ်စဲရေးစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာစွာ ဖြတ်သန်းနိုင်ရေး။ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA)ကို တိုးချဲဇွဲစည်းရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

        ဆွေးနွေးချက်များအရ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA) အဖွဲ့၏ ကြေညာချက် (၁/၂၀၁၅) ကို ထုတ်ပြန်ရန် တညီတစ်ညွတ်တည်း သဘောတူခဲ့ကြသည်။

        အစည်းအဝေးကို ညနေ ၄း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)

အထူးကြေညာချက်(၁/၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ(၂၇)ရက်

 

၁။     ကျွန်ုပ်တို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)အဖွဲ့ဝင်ပါတီအသီးသီးမှ ခေါင်းဆောင်များသည် ယနေ့ ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ(၂၇)ရက်နေ့တွင် ဤအထူးကြေညာချက်ကို တစ်ညီတစ်ညွတ်တည်း စည်းဝေးဆုံးဖြတ်၍ ထုတ်ပြန်ကြေညာလိုက်သည်။

 

၂။     ဤကဲ့သို့ ဆုံးဖြတ်ထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်မှာ ယနေ့ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော နိုင်ငံ ရေးစိန်ခေါ်မှုများကို လွန်မြောက်၍  နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးနှင့်အမျိုးသား ညီညွတ်ရေးတို့ကို အမှန်တကယ်ထူထောင်နိုင်ရန်ဖြစ်ပြီး၊ ထိုမှ ရေရှည်ငြိမ်းချမ်းရေးကြီးကို တည်ဆောက် နိုင် စေရန် ဖြစ်ပါသည်။

 

၃။     သို့ဖြစ်ရာ ကျွန်ုပ်တို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)အဖွဲ့ဝင်ပါတီခေါင်းဆောင်များသည် နိုင်ငံနှင့် ပြည်သူလူထုအားလုံး၏ အကျိုးစီးပွားအတွက် အောက်ဖော်ပြပါခေါင်းစဉ်ကြီး(၃)ရပ်ကို  ညှိနှိုင်းဆွေးနွေး၍ သဘောတူဆုံးဖြတ်ကြပါသည်-

က။    ခြောက်ပွင်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိစ္စ

(၁)    ခြောက်ပွင့်ဆိုင်ဆွေးနွေးမှု၊ ၁၄ပွင့်ဆိုင်ဆွေးနွေးမှုနှင့် ၄၈ပွင့်ဆွေးနွေးမှုများမှာ တွေ့ဆုံဆွေးနွေး အဖြေ ရှာရေးကို ဦးတည်သည်ဖြစ်၍ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)မှ အသိအမှတ်ပြုသည်။ သို့သော် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးခေါင်းဆောင်များ ပါဝင်တက်ရောက်သော ဆွေးနွေးပွဲမျိုးသည်သာ  အနာဂတ်ပြည်ထောင်စုပြဿနာများကို ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။

(၂)    ၁၉၄၇-ခု ပင်လုံညီလာခံကို အမျိုးသားလက္ခဏာနှင့် ပြည်ထောင်စုလက္ခဏာနှစ်ရပ်လုံးဖြင့် ကျင်းပနိုင် ခဲ့သည်။ ယင်း ပင်လုံညီလာခံတွင် ရှမ်း၊ ချင်း၊ကချင်၊ ကယား၊ဗမာတိုင်းရင်းသားလူမျိုးများ ပါဝင်ကြပြီး ထိုစဉ်က အုပ်ချုပ်ရေးဘက်တွင် ရောက်ရှိနေကြသည့် ကျန်တိုင်းရင်းသားခေါင်းဆောင်ကြီးများလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။

(၃)    ယခုပြည်ထောင်စုအရေး၊ လူမျိုးအားလုံး၏အရေးကို အဖြေရှာမည်ဆိုလျှင် တိုင်းရင်းသားလူမျိုးကြီးများ စုံညီပါဝင်မှသာ အမျိုးသားညီညွတ်ရေးကို အလေးထားရာ ရောက်မည်ဖြစ်သည်။ ထို့ကြောင့် ပင်လုံကဲ့ သို့ပင် အခြားတိုင်းရင်းသားလူမျိုးခေါင်းဆောင်များပါ ပါဝင်သင့်သည်ဟု ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)မှ အလေးအနက်ယုံကြည်သည်။

 

 

ခ။     ပြည်တွင်းငြိမ်းချမ်းရေးနိုင်ငံရေးဆွေးနွေးပွဲများလုပ်ငန်းတွင် အပစ်အခတ်ရပ်စဲရေး စတင်ဆောင်ရွက်         ရေးကိစ္စ။

(၁)    အပစ်အခတ်ရပ်စဲရေးအတွက် UPWC/NCCT ဆွေးနွေးပွဲများတွင် အချက်အနည်းငယ်သာ ညှိနှိုင်းရန် ကျန်သည်ဟု သိရပါသည်။ ထိုအချက်များကို ပြေလည်ရန်အတွက် အမြန်ဆုံး ဆောင်ရွက်ပေးရန် တိုက်တွန်းအပ်ပါသည်။

(၂)    ဤအချက်အနည်းငယ်သည် နိုင်ငံရေးယုံကြည်မှုအပေါ်များစွာတည်မှီနေသည်ဟုလည်း ယုံကြည်ပါသည်။

(၃)    သို့ပါ၍ အမျိုးသားညီညွတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် တစ်မျိုးသား လုံး၏ စီးပွားရေးဘ၀များ ဖွံ့ဖြိုးတိုးတက်ခွင့်ရရှိစေရေး စသည့် အမျိုးသားရေရှည်အကျိုး စီးပွားများကို အာမခံချက်ပေးနိုင်မည့်   နိုင်ငံရေးအာမခံချက်ရှိစေသော ကတိက၀တ် တစ်စုံ တစ်ရာကို လာမည့် ဖေဖော်ဝါရီလအတွင်း အာဏာပိုင်အဖွဲ့အစည်းထိပ်ပိုင်း ခေါင်းဆောင်များ နှင့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ၍ မျက်နှာစုံညီ လက်မှတ် ရေး ထိုးနိုင်ရေးနှင့် ၂၀၁၅ မြန်မာ့နှစ်သစ်ကူးအပြီး ပြည်သူအများ၏ မင်္ဂလာနှစ်သစ်ကူးချိန် ဧပြီလနောက်ဆုံးပတ်များမှစ၍ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ကြရန် အထူးပင်မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

 

ဂ။     ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုနှင့်တရားမျှတမှုရှိရေးကိစ္စ။

ထိုသို့ ဖြစ်ပေါ်စေရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အစိုးရ၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများ အားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြပါရန် လေးလေးနက်နက် တိုက်တွန်း အပ်ပါသည်။

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်( FDA)

 


Saturday, January 24, 2015

NDFသတင်းထုတ်ပြန်ချက်အမှတ် (၂/၂၀၁၅)/ ညီနောင်ပါတီအဖြစ် လက်မှတ်ရေးထိုး

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (၂/၂၀၁၅)

ရက်စွဲ။ ၂၄-၁-၂၀၁၅

 

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီနှင့်  ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP တို့ ၂၀၁၅ ရွေးကောက်ပွဲတွင် ညီနောင်ပါတီအဖြစ် ၀င်ရောက်ရန် သဘောတူလက်မှတ်ရေးထိုး

        ၂၄-၁-၂၀၁၄ ရက်နေ့ နံနက် ၁၁း၀၀နာရီတွင် ရန်ကုန်မြို့၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမို ကရေစီအင်အားစုပါတီ၊ ဗဟိုဌာနချုပ်အစည်းအဝေးခန်းမတွင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီနှင့်  ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP တို့ ၂၀၁၅ ရွေးကောက်ပွဲတွင် ညီနောင်ပါတီအဖြစ် ၀င်ရောက်ရန် သဘောတူလက်မှတ်ရေးထိုးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

        ထိုလက်မှတ်ရေးထိုးပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ ဦးဆောင်သော အမျိုးသားဒီမိုကရေစီအင်အား စုပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပါတီဥက္ကဌ ဦးလှမြင့် ဦးဆောင်သော ညီညွတ်သောဒီမိုကရက် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် UDPပါတီအမှုဆောင်ဥက္ကဌ ဦးကျော်မြင့်တို့ တက်ရောက် ခဲ့ကြသည်။

        ညီနောင်ပါတီအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ညှိနှိုင်းဆွေးနွေးရခြင်းအကြောင်းရင်းများကို UDP ပါတီဥက္ကဌ ဦးလှမြင့်နှင့် NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေတို့က အသီးသီး ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသူ  ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက မိမိတို့အမြင်သဘောထားများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများ၏ ရှေ့မှောက်တွင် ညီနောင်ပါတီအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ကြေညာချက်ကို ပါတီဥက္ကဌများက သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

        ညီနောင်ပါတီ၏  ဂုဏ်ထူးဆောင်နာယကအဖြစ် ဆောင်ရွက်မည့် UDP ပါတီအမှုဆောင်ဥက္ကဌ ဦးကျော်မြင့်က ညီနောင်ပါတီအဖြစ် ဆောင်ရွက်ရခြင်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် NDF  ပါတီဥက္ကဌ ဦးခင်မောင်ဆွေက    NDF ပါတီ၏ ရပ်တည်ချက်ဖြစ်သော  ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းများပေါ်မှ ဆက်လက်လျှောက်လှမ်းသွားမည့်အကြောင်းများကို

ပြောကြားပြီး  ညီနောင်ပါတီအဖြစ် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို နေ့လည် ၁၂း၃၀ နာရီတွင် အောင်မြင် စွာ  ကျင်းပပြီးစီးခဲ့ပါသည်။

        ဤသဘောတူညီချက်အရ NDF ပါတီနှင့် UDP ပါတီတို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ပေါင်း ၃၀၀ တွင် ၀င်ရောက်ယှဉ်ပြိုင်ကြရန် ရည်ရွယ်ထားပြီး မြန်မာ့နိုင်ငံရေးတွင် နှစ်ဖက်အကြား ညှိနှိုင်းပေး မည့် စုစည်းညီညွတ်သည့် တတိယအင်အားစုတစ်ခုအဖြစ် ဖြစ်ပေါ်လာစေရန်ကိုလည်း ရည်မှန်းထားကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

        ၂၄-၁-၂၀၁၄ ရက်နေ့ နံနက် ၁၀း၀၀နာရီတွင် ရန်ကုန်မြို့၊အနောက်မြင်းပြိုင်ကွင်းလမ်းရှိ  အမျိုးသား ဒီမို ကရေစီအင်အားစုပါတီ၊ဌာနချုပ်ရုံးအစည်းအဝေးခန်းမတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့  ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌများဖြစ်ကြသော ဦးစိုးဝင်း နှင့် ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးကျော်အောင်၊ ဦးသာဆိုင်၊ ဦးတိုးတိုး၊ ဦးအောင်ဆန်း၊ ဦးကြီးမြင့်၊ ဦးထက်အောင်ကျော်နှင့် ဦးအေးမင်းထွန်းတို့ တက်ရောက်ခဲ့ကြသည်။

        အစည်းအဝေး ပထမပိုင်းတွင် NDF ပါတီနှင့် UDP ပါတီတို့ ညီနောင်ပါတီအဖြစ်ပူးပေါင်း၍ ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်ကိစ္စကို ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက မိမိတို့သဘောထားများကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ညီနောင်ပါတီအဖြစ် ပူးပေါင်းဝင်ရောက်ခြင်းကို တက်ရောက်လာသူများက သဘောတူညီခဲ့ကြသည်။

        ထို့နောက် အစည်းအဝေးဒုတိယပိုင်းအဖြစ် NDF ပါတီနှင့် UDP ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီများ၏ အစည်းအဝေးကို ဆက်လက်ကျင်းပပြီး နေ့လည် ၁၂း၃၀နာရီတွင် ခေတ္တရပ်နားခဲ့သည်။

နေ့လည် ၁း၃၀နာရီတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို ဆက်လက်ကျင်းပပြီး ပါတီစည်းရုံး ကိစ္စများ၊ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရေးမူများ၊ တိုင်းနှင့်ပြည်နယ်အလိုက် စည်းရုံးရေးဆင်းရန်ဆောင်ရွက်ချက်များ၊ တိုင်းနှင့်ပြည်နယ်အလိုက် ပါတီ၏ ဆောင်ရွက်ထားမှုများ၊ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဖွဲ့စည်းရေးကိစ္စများကို  ဆွေးနွေးခဲ့ကြပြီး ညနေ ၃း၀၀နာရီတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း  သတင်းထုတ်ပြန်အပ်ပါသည်။

 

Friday, January 23, 2015

NDF ပါတီနှင့် UDP ပါတီတို့ ညီနောင်ပါတီအဖြစ် ဖွဲ့စည်းကြောင်း သဘောတူကြေညာချက်

 အမျိုးသားဒီမိုကရေစီအင်အားစု( NDF)ပါတီနှင့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)

တို့၏ပူးတွဲကြေညာချက်

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ( ၂၄   ) ရက်

 

၁။             အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)နှင့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) တို့သည် သဘောတူညီချက်အရ ၂၀၁၅ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ညီနောင်ညီညွတ်ရေး(Fraternal Unity) ထူထောင်သည့်အနေဖြင့် ညီနောင်နှစ်ပါတီအဖြစ် အပြန်အလှန် ကူညီ၍ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သဘောတူကြသည်။ ဤညီနောင်ပါတီညီညွတ်ရေးသည် ပါတီတစ်ခုတည်း ပေါင်း စည်းရေးအဆင့်သို့ မရောက်နိုင်သော်လည်း တပ်ပေါင်းစုမဟာမိတ်ညီညွတ်ရေး( United front ) ထက် မြင့်မားသည့်အနေအထားဖြင့်လက်တွဲဆောင်ရွက်မည် ဖြစ်သည်။

၂။     ထိုသို့ သဘောတူညီသည့်အတိုင်း မိမိတို့နှစ်ပါတီသည် ၂၀၁၅ခုတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ(၃၀၀)ခန့် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အစီအစဉ်များ အကောင်အထည်ဖော် ချမှတ်ဆောင်ရွက်မည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ပါတီစည်း ရုံးရေး၊ ကိုယ်စားလှယ်လောင်းများ လျာထားသတ်မှတ်ရေးနှင့် ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးလုပ် ငန်းများအပြင် ပါတီအသီးသီးမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်များကို ညှိနိုင်းသတ်မှတ်ကြမည် ဖြစ်သည်။

၃။     ယင်းသို့ ညီနောင်နှစ်ပ်ါတီအဖြစ် ပူးပေါင်းဆောင်ရွက်မည်ဖြစ်၍  ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)၏ အမှုဆောင်ဥက္ကဌအဖြစ် တာဝန်ယူထားသော ဦးကျော်မြင့်အား (၅-၁-၂၀၁၅) ရက်နေ့တွင် ကျင်းပ သော NDFပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)ပါတီတွင် နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်ရန် သဘောတူ အတည်ပြုခဲ့သည်။ သို့ ဖြစ်ရာ ကျွန်ုပ်တို့ NDFပါတီနှင့် UDPပါတီများအား ကူညီပံ့ပိုး ဆောင်ရွက်ပေးမည့် နာယကအဖွဲ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် အဖြစ် တာဝန်ယူမည် ဖြစ်သည်။

၎။     ထို့ကြောင့် NDF ပါတီနှင့် UDPပါတီနှစ်ခုတွင် ဦးကျော်မြင့်သည် နှစ်ပါတီ နာယကအဖွဲ့ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်အဖြစ် တာဝန်ယူခြင်းနှင့် ၂၀၁၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ညီနောင်နှစ်ပါတီအဖြစ် ပူးပေါင်းလက်တွဲယှဉ်ပြိုင်ရန် ဆုံးဖြတ်ခြင်းကို သဘောတူကြပါသည်။ ဤကဲ့သို့ ညီနောင်ပါတီအဖြစ် ဆောင်ရွက် ရခြင်း၏ အဓိကရည်ရွယ်ချက်တစ်ရပ်မှာ  တည်ဆဲမြန်မာ့ပါတီစုံအခင်းအကျင်းတွင် မဲဆန္ဒရှင်ပြည်သူလူထုများ အား ရွေးချယ်စရာ  နိုင်ငံရေးနယ်ပယ် ကျယ်ဝန်းလာစေရေးနှင့် ဒီမိုကရေစီဓလေ့စရိုက်များ ပိုမိုထွန်းကားရေး အတွက် ရည်ရွယ်ရင်းဖြစ်သကဲ့သို့ ဒီမိုကရေစီကျင့်စဉ်ကို လက်တွေ့ကျင့်သုံးဖော်ဆောင်နိုင်စေရန် စုစည်းညီ ညွတ်သည့် တတိယအင်အားစုဖြစ်ပေါ်လာရေးကို ရည်သန်ပါသည်။

၅။     ဤသဘောတူဆုံးဖြတ်ချက်ကို ပါတီနှစ်ရပ်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီများ ကိုယ်စား  NDF ပါတီနှင့် UDP ပါတီဥက္ကဌများက  အောက်တွင်လက်မှတ်ရေးထိုး အတည်ပြုလိုက်သည်။

 

 



 

                (လှမြင့်)

                  ဥက္ကဌ

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)

 

မှတ်ချက်

ဤကြေညာချက်ကို ၂၀၁၅ ခု၊ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် NDF ပါတီဌာနချုပ်၌ နှစ်ပါတီခေါင်းဆောင်များ ရှေ့မှောက်တွင် လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်သည်။

 

Thursday, January 22, 2015

နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲဖြစ်ပေါ်လာရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏သဘောထား

နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲဖြစ်ပေါ်လာရေးနှင့် ပတ်သက်၍

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏သဘောထား

ကြေညာချက်(၁/၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ(၂၃)ရက်

 

မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးကို တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်တောင့်တခဲ့ ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ယခုအခါ ပြည်သူများသာမက အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အားလုံးတို့ကပါ အမှန်တကယ်လိုလားကြောင်းကို သတင်းမီဒီယာ များတွင် ပွင့်လင်းစွာထုတ်ဖော်ပြောဆိုနေခြင်းကို ကြားသိမြင်တွေ့နေရပြီ ဖြစ်ပါသည်။

နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင် အားလုံး မပါနိုင်ဟူ၍လည်းကောင်း၊ လာမည့် ပြည်ထောင်စုနေ့တွင် အဆိုပါလက်မှတ်ရေးထိုးရေး ဖြစ်ပေါ်နိုင်ခြေ အလားအလာနည်းပါးနေသည်ဟူ၍လည်းကောင်း၊  ပြည်သူတို့အကြားတွင် သို့လောသို့လော ထင်မှတ်စရာများ ဖြစ်ပေါ်နေပါသည်။  မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးသည့်၏နောက်တွင် ငြိမ်းချမ်းသောတိုင်းပြည်အဖြစ် တစ်ချိန်တစ်ခါမျှ မရောက်ရှိခဲ့ပါ။ ထို့ကြောင့် ပြည်သူများပိုင်ဆိုင်သည့် သယံဇာတများကို ပြည်သူတို့ အကျိုး အတွက် ထုတ်ယူသုံးစွဲနိုင်ခွင့်တို့သည်လည်း ဆုံးရှုံးနေခဲ့ပါသည်။

ဤသည်မှာ မငြိမ်းချမ်းမှု၏ အကျိုးဆက်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးဆီသို့ မရောက်နိုင်သည့် အဟန့် အတားများ ရှိနေခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ယင်းကား အခြားမဟုတ်ပါ။ နိုင်ငံရေးယုံကြည်မှု ကင်းမဲ့ခြင်းနှင့် ထိုသို့ယုံကြည်မှုရစေရန် နိုင်ငံရေးအရ ခိုင်မာသည့် အာမခံချက်များ ဘက်နှစ်ဖက်စလုံးတွင်  ရရှိရန် လိုအပ်နေဆဲ ဖြစ်ကြောင်း ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ အလေးအနက်ယုံကြည်ပါသည်။

ထိုသို့ ယုံကြည်သည့်အလျောက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးသို့ သွားရာ တံခါးပေါက်အဖြစ် ရှိနေသည့် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကို အထက်ဖော်ပြပါ နိုင်ငံရေးယုံကြည်မှုရစေနိုင်သည့် နိုင်ငံရေးအာမခံချက် များကို စောလျင်စွာ ချမှတ်စိုက်ထူရေးကို ပြည်သူအားလုံးက မျှော်လင့်နေကြသည်ဟု ကျွန်ုပ်တို့ NDF ပါတီမှ အခိုင်အမာ မှတ်ယူပါသည်။

ထိုသို့သော မျှော်လင့်ချက်တို့ေ၀၀ါးနေဆဲတွင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမှုတွင် NCCT အဖွဲ့ဝင် ကျန်တိုင်းရင်းသားများနှင့်တစ်ထပ် တည်းရှိသည်ဟု ကေအိုင်အေကပါ ထုတ်ဖော်ပြောကြားလာပါသည် ။ ဤသည်ကား ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် အလေးဂရုပြုရမည့် သဘောထားထုတ်ပြန်ချက်ဖြစ်သည်ဟု ကျွန်ုပ်တို့ NDF ပါတီမှ ရှုမြင်လက်ခံပါသည်။

ငြိမ်းချမ်းရေးရရှိရေးကို ပြည်သူအားလုံးမျှော်လင့်ကြိုဆိုနေမည်မှာ ယုံမှားစရာမရှိပါ။ သို့ပါ၍ ရည်ရွယ်ထားရှိသော ဖေဖော်ဝါရီလအတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်စုံညီပါဝင်ရေး ထိုးနိုင်ရေးအတွက်  နိုင်ငံရေးအရ ခိုင်မာမှုရရှိစေရေးကို အလေး အနက်ထား ဆောင်ရွက်ကြပါရန် နိုင်ငံနှင့်ပြည်သူအကျိုး မျှော်ကိုး၍ အထူးပင် တိုက်တွန်းတောင်းဆိုလိုက် ပါသည်။

  ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

Wednesday, January 14, 2015

နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေ၏ တင်ပြချက်

နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေ၏ တင်ပြချက်

ရက်စွဲ။ ၁၂-၁-၂၀၁၅

        နိုင်ငံတော်သမ္မတကြီးနဲ့တကွ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်ကြီးများ ကို လေးစားစွာဂါရ၀ပြု နှုတ်ခွန်းဆက်ပါတယ်။

        အခုအစည်းအဝေးဟာ အမျိုးသားအင်အားစုအားလုံး စုပေါင်းနည်းလမ်းရှာဖွေဖို့ ခေါ်ယူကျင်းပတာ ဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်ရပါတယ်။ ဒါကြောင့် ဒီအစည်းအဝေးအပြီးမှာ အဓိကကျတဲ့ သဘောထား တွေကို ပြည်သူတွေသိအာင် တရားဝင်ကြေညာချက်တစ်စောင် ထုတ်ပြန်ပေးဖို့ ပဏာမ တင်ပြလိုပါတယ်။

        ဒီနေရာမှာ အထူးတင်ပြလိုတာကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံး ကျင်းပနိုင်ဖို့ အလေးအနက်တိုက်တွန်းလိုခြင်း ဖြစ်ပါတယ်။

        ငြိမ်းချမ်းရေးရရှိရေးဟာ မြန်မာ့နိုင်ငံရေးမှာ အဓိကနေရာမှာ ရှိနေပါတယ်။ အစိုးရတွေ ဘယ်လောက်ပဲ ပြောင်းခဲ့ပြောင်းခဲ့ ပြည်သူတွေကတော့ ဆင်းရဲမြဲဆင်းရဲနေဆဲပါပဲ။ အထောက်အထားအဖြစ် ပြည်သူတစ်ဦးချင်း လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုနဲ့ ကုန်ပစ္စည်းဝယ်နိုင်ခြမ်းနိုင်တဲ့အားမှာ ဒေသတွင်းနိုင်ငံတွေနဲ့ယှဉ်ရင်တောင် အနိမ့် ဆုံးမှာ ရှိနေပါတယ်။ နောက်ပြီး သယံဇာတတွေ ပေါကြွယ်ဝတယ်ဆိုပေမယ့်လည်း အဲ့ဒီကရတဲ့အကျိုးအမြတ် တွေကို ပြည်သူတွေ မခံစားရသေးပါဘူး။ ဒါကြောင့် ပြည်တွင်းစစ်ကို ရပ်နိုင်အောင်ကြိုးစားကြဖို့ လိုပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို တွန်းအားပေးတဲ့အနေနဲ့ နိုင်ငံရေးပါတီ(၅၃)ပါတီဟာ ဇန်န၀ါရီလ(၅)ရက်နေ့က စုပေါင်းဆွေးနွေးပြီး  တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်သူတွေပါဝင်ဖို့ အလုပ်ကော်မတီတစ်ရပ် ဖွဲ့ပြီး ဥတ္တရသီရိကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလိုလားမှု ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ ငြိမ်းချမ်းရေးလိုလားမှုမှာ လွန်စွာ ထက်သန်နေတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

        ဒါပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ  အပစ်အခတ်ရပ်စဲပြီးမှ နိုင်ငံရေးဆွေးနွေးရမယ်ဆိုတာ လုပက်ငန်းလမ် ညွှန်အရ မှန်ပါတယ်။ မှန်ပေမယ့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရေးသဘောတရားအရ ငြိမ်းချမ်း ရေးဖော်ဆောင်မှုဖြစ်စဉ်ဟာ မရည်ရွယ်ဘဲ ဘောင်ခတ်ထားခံရသလို ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် လုပ်ငန်းလမ်းညွှန်ထက် နိုင်ငံရေးပြဿနာဖြေရှင်းရေး သဘောတရားကို ဦးစားပေးစဉ်းစားပေးဖို့ အချိန်တန်ပြီလို့ တင်ပြပြောကြားလိုပါတယ်။

        ဥပမာ စားပွဲဝိုင်းမှာ နိုင်ငံရေးအဖြေရှာပြေလည်သွားရင် အပစ်အခတ်ရပ်စဲရေးဆိုတာ ကျွဲကူးရေပါ လိုက်ပါလာရမှာပဲ ဖြစ်ပါတယ်။

        အဲ့ဒါကြောင့် နိုင်ငံသားပြည်သူတွေရဲ့ အကျိုးအတွက် အပစ်အခတ်ရပ်စဲရေးမူဘောင်တွေကို တစ်ဖက်မှာ အပြီးသတ်ဖို့ အကောင်အထည်ဖော်ရင်း နိုင်ငံရေးဆွေးနွေးပွဲတွေကို အစပြုခြင်းအားဖြင့် နိုင်ငံရေးမင်္ဂလာရှိတဲ့ နှစ်သစ်ကူးလက်ဆောင်အဖြစ် မြန်မာပြည်သူတွေအတွက် ဆောင်ကျဉ်းပေးနိုင်ဖို့ အလေးအနက် တိုက်တွန်းတင် ပြအပ်ပါတယ်။

        အခုအစည်းအဝေးမှာ ဆွေးနွေးရမယ့်ခေါင်းစဉ်တွေထဲက ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြုပြင် ပြောင်းလဲမှု ဆက်လက်ဖြစ်ထွန်းစေရေးဆီကို သွားရမယ်ဆိုရင် ကျွန်တော်တို့ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေး စနစ်ထွန်းကားတဲ့အထိ  ရောက်အောင်သွားရပါလိမ့်မယ်။

        ဒါဆိုရင် အစိုးရသက်တမ်းတ်စခုလောက် ကြာချင်လည်းကြာသွားနိုင်ပ်ါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စစ်အုပ်ချုပ်ရေးနဲ့ ဆိုရှယ်လစ်စနစ် အုပ်ချုပ်ရေးယန္တယား လည်ပတ်စေဖို့ဆိုရင် အခုလက်ရှိကျင့်သုံးနေဆဲဖြစ်တဲ့ စနစ်ဟောင်းခေတ်ဟောင်းက လုပ်ထုံးလုပ်နည်းနဲ့ အကျင့်စရိုက်တွေကို ဖယ်ရှားပြုပြင်ရပါလိမ့်မယ်။ အခုဆိုရင် လူုထုပါဝင်တဲ့ အုပ်ချုပ်ရေးပုံစံအဖြစ် စည်ပင်ရွေးကောက်ပွဲတွေနဲ့ အစပြုလာတာ တွေ့နေရပါပြီ။ ဒါပေမယ့် ဥပဒေ နည်ကျ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေ ပေါ်ပေါက်လာစေဖို့ဆိုရင် တရားဥပဒေစိုးမိုးရေး ခိုင်မာအသက်ဝင် နေမှ ဖြစ်ပါမယ်။

        အဲ့ဒီလိုဆိုရင် နိုင်ငံရေးအရ ချုပ်ကိုင်မှုတွေ ကင်းစင်ပြီး မိမိတို့နိုင်ငံရေးဘ၀တွေကို ကိုယ်တိုင်ဖန်တီးနိုင် ခွင့် ရစေမယ့် ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စုတစ်ခုကို မဖြစ်မနေတည်ဆောက်ရမယ်လို့ ကျွန်တော်တို့ ခံယူ ထားပါတယ်။  ဘယ်လိုဖက်ဒရယ်စနစ်မျိုးလဲဆိုတာကိုတော့ ညှိနှိုင်းအဖြေထုတ်ကြရပါလိမ့်မယ်။

        နောက်တစ်ခုကတော့ အခြေခံဥပဒေပြင်ရေးပါ။ အခြေခံဥပဒေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အတွက် ပြုပြင်ရမှာပဲ ဖြစ်ပါတယ်။ ၄၃၆ အပါအ၀င် ပြင်ဆင်ဖို့လိုတဲ့ပုဒ်မတွေဟာ နိုင်ငံရေးအနေအထားတွေနဲ့  ကိုက်ညီတဲ့တစ်ချိန်မျာ ပြင်နိုင်ပါလိမ့်မယ်။ အဲ့ဒီတစ်ချိန်ချိန်ဟာ တပ်မတော်အပါအ၀င် နိုင်ငံရေးအင်အားစုတွေ အားလုံး အပြန်အလှန်နိုင်ငံရေးယုံကြည်မှုရှိတဲ့အချိန် ၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေက ပေါ်ထွက် လာမယ့် ရလဒ်တွေရတဲ့အနေအထားအပေါ်မှာ အခြေခံလိမ့်မယ်လို့ တင်ပြလိုပါတယ်။

        တစ်ဆက်တည်းတင်ပြလိုတာက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ စီးပွားရေးကပါ လိုက်ပါပြောင်းလဲဖို့ လိုပါတယ်။ စီးပွားရေလိုက်ပါပြောင်းလဲမှု မပါရင် နိုင်ငံရေးပြောင်းလဲမှုဟာ ပြည်သူတွေအတွက် စားဝတ်နေရေး အာမခံချက် ရှိမှာ မဟုတ်ရင် လက်တွေ့ကျမှာ မဟုတ်ပါဘူး။  ဒါကြောင့် နိုင်ငံရေးအပေါ်ထပ်အဆောက်အဦ ကို ပြောင်းလဲရာမှာ အခြေခံအဆောက်အဦဖြစ်တဲ့ စီးပွားရေးပြောင်းလဲမှုတွေကိုပါ တစ်ပြိုင်နက်တည်း ပြုပြင်ပြောင်း လဲ ရမျာ ဖြစ်ပါတယ်။

 

        ခေါင်းဆောင်ကြီးများခင်ဗျား

ဒီကနေ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိအခြေအနေတွေကို ထင်ဟပ်တင်ပြရရင်--

အခြေခံဥပဒေမှာတော့ မြန်မာ့စီးပွားရေးကို ဈေးကွက်စီးပွားရေးစနစ်နဲ့ သွားမယ်လို့ ချမှတ်ထားပါ တယ်။  ဒါပေမယ့် အမှန်တကယ်က လက်ဝါးကြီးအုပ်အရင်းရှင်လမ်းကြောင်းပေါ်ကို ရောက်နေတာ မငြင်းနိုင်ပါဘူး။ လက်ရှိမြန်မာ့စီးပွားရေးကိုကြည့်ရင် လူနည်းစုကသာ အခွင့် အရေးတွေ ရရှိနေပါတယ်။ ဈေးကွက်စီးပွားရေးကို မရောက်နိုင်တာဟာ ထိပ်ပိုင်းလူနည်းစု တွေက သယံဇာတ ထုတ်လုပ်မှုအပါအ၀င် အခြားစီးပွားရေးအကွက် အကွင်းတွေမှာ လက်ဝါးကြီး အုပ်ခွင့်တွေကို ရယူထား ကြလို့ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဈေးကွက်ထဲမှာ အပြည့်အ၀ပြိုင်ဆိုင်ခွင့်တွေရှိစေပြီး စီးပွားရေး အခွင့်အလမ်းတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူများစုပါဝင်ဆောင်ရွက်ခွင့် ရရှိစေမယ့် စီးပွားရေးလား။ ဒါမှမဟုတ် လူနည်းစု ရေပေါ်ဆီတွေရဲ့ သယံဇာတထုတ်လုပ်ရေးလုပ်ငန်းများပေါ်မှာပဲ မြန်မာ့စီးပွားရေး ကို ဆက်လက်မှီခိုနေရမှာလားဆိုတဲ့ မေးခွန်းကို ကျွန်တော်တို့ ဖြေကြရမှာဖြစ်ပါတယ်။ ဘာကြောင့် ဆိုတော့ မြန်မာ့စီးပွားရေးရဲ့ ကြီးမားတဲ့အစိတ်အပိုင်းဟာ သယံဇာတထုတ်လုပ်ရေးပဲ ဖြစ်နေဆဲမို့ပါပဲ။ အဲ့ဒါကြောင့် သယံဇာတတွေ အလွန်အကျွံ ထုတ်ယူမှုတွေ ပပျောက်စေဖို့နဲ့ ကုန်ထုတ်စွမ်းအား မြင့်မားစေမယ့် ပြည်တွင်းပြည်ပရင်းနှီးမြှုတ်နှံမှုတွေကို မလုပ်နိုင်ဘူးဆိုရင် နိုင်ငံတည်ဆောက်ရေးမှာ အားထားရမယ့် ပညာတတ်လူငယ်တွေဟာ တိုင်းပြည်က ဆက်လက် ထွက်ခွာနေကြဦးမှာပါပဲ။

        ဒီလိုသာ ကုန်ကြမ်းစီးပွားရေးပဲ ဆက်လက်လုပ်နေမယ်ဆိုရင် ပြည်ပနိုင်ငံများရဲ့ စီးပွားရေး နယ်ချဲ့ခံ ကိုလိုနီနိုင်ငံတစ်ခု ဖြစ်သွားပါလိမ့်မယ်။  သယံဇာတတွေကုန်ရင် တိုင်းတစ်ပါးရဲ့ လက်ဝေခံ နိုင်ငံအဖြစ် ကျရောက်သွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့၊ ကျွန်တော်တို့အားလုံးရဲ့ တာဝန်ပဲလို့ ခံယူပြီး လက်ဝါးကြီးအုပ်အရင်းရှင်လမ်းကြောင်းကနေ ဈေးကွက် စီးပွားရေးစနစ်ဆီ ရောက်အောင် ခုကစပြီးပြောင်းမှ ဖြစ်မယ်လို့ တင်ပြချင်ပါတယ်။ ဒီနည်းနဲ့ နိုင်ငံရေး၊ စီးပွားရေးပြောင်းလဲမှုတွေကို အရှိန်မြှင့်တင်ရာ ရောက်ပါလိမ့်မယ်။ အဲ့ဒါကြောင့်       

v  သယံဇာတထုတ်လုပ်ရောင်းချတဲ့ မှောင်ခိုတရားမ၀င်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ရပ်တန့်စေပြီး အခွန်အတုတ် ရစေမယ့် တရားဝင်စီးပွားရေးအဖြစ် ရောက်ရှိစေရပါမယ်။

v  မြေယာအသိမ်းခံရသူများအတွက် ၄င်းတို့ရဲ့ဘ၀လုံခြုံမှုအာမခံချက် ရှိစေဖို့် ဖြေရှင်းပေးမယ့် ဥပဒေ အစီ အမံတစ်ခု ပေါ်ပေါက်လာစေရပါမယ်။

v  လက်ပံတောင်းတောင်ကိစ္စဟာ ဒီနိုင်ငံမှာလတ်တလော ထင်ရှားတဲ့ လက်ဝါးကြီးအုပ် အရင်း ရှင်စနစ် သို့မဟုတ် State Capitalism အစိုးရအရင်းရှင်စနစ် ကျင့်သုံးမှုရဲ့ ပြယုဂ်ကြီး ဖြစ်နေပါတယ်။ အဲ့ဒီကိစ္စများ အပါအ၀င် လယ်ယာမြေသိမ်းဆည်းခံမှု ပြဿနာများကို  ပြည်သူ့ လူထုရဲ့ ရေရှည်အကျိုးစီးပွားကိုကြည့်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ အမြန်ဆုံး စနစ်တကျ ဖြေရှင်း ပေးသင့်ပြီ ဖြစ်ပါတယ်။

v  ငြိမ်းချမ်းရေး ရရှိရေးအပါအ၀င် အထက်တွင်တင်ပြခဲ့တာတွေကို ဖြေရှင်းရာမှာ နိုင်ငံသား ပြည်သူတို့ရဲ့ နိုင်ငံရေးဘ၀နဲ့ စီးပွားရေးဘ၀တွေ မြင့်မားလာစေဖို့အတွက်  အာဏာခွဲဝေကျင့်သုံး စေမှု၊ နိုင်ငံအပေါ် တာဝန်ယူမှုနဲ့ တာဝန်ခံမှုတွေ ဒေသအလိုက် ဖြစ်ပေါ်စေမယ့်  ဖက်ဒရယ် ပြည်ထောင်စု ဖြစ်တည်မှသာ ဖြေရှင်းပြေလည်နိုင်မယ် ဖြစ်ပါကြောင်းတင်ပြပါတယ်။

 

 

NDF ဗဟိုအလုပ်အမှုဆောင်ကော်မတီများ ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့နယ်များသို့ ပါတီစည်းရုံးရေးခရီးစဉ်သွားရောက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်(၁/၂၀၁၅)

ရက်စွဲ။ ၁၄-၁-၂၀၁၄

NDF ဗဟိုအလုပ်အမှုဆောင်ကော်မတီများ ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့နယ်များသို့ ပါတီစည်းရုံးရေးခရီးစဉ်သွားရောက်

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ ဖြစ်ကြသော ပါတီဒု တိယဥက္ကဌ ဦးစိနှ်လှဦး၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ပြန်ကြားရေးတာဝန်ခံ ဦးတိုးတိုး၊ လွှတ်တော်ကိုယ် စားလှယ် ဦးအောင်ဇင်နှင့် မန္တလေးတိုင်းအတွင်းရေးမှူး ဦးမြင့်ဦးတို့ ပါဝင်သောအဖွဲ့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ရှိ ကျိုင်းတုံမြို့နယ်နှင့် အခြားမြို့နယ်များသို့ သွားရောက်၍ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပါတီဝင်များ နှင့်တွေ့ဆုံ၍ ပါတီစည်းရုံးရေးကိစ္စများနှင့် ၂၀၁၅ ရွေးကောက်ပွဲဝင်ရေးနှင့် ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း များ ရွေးချယ်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

        ၈-၁-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့မှ ကျိုင်းတုံမြို့သို့  လေယာဉ်ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ကျိုင်းတုံမြို့ သို့ ညနေ ၄း၀၀ နာရီတွင် ရောက်ရှိခဲ့သည်။ NDF ကျိုင်းတုံမြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင်များ က လေဆိပ်တွင် ကြိုဆိုကြပြီး မြို့နယ်ရုံးတည်ရှိရာ ကျိုင်းတုံ ဝေါခုတ်ရွာရှိ  ရှမ်းပြည်နယ်တာဝန်ခံ ဦးစောနန္ဒီ၏ အိမ်တွင် တည်းခိုခဲ့သည်။

        ၉-၁-၂၀၁၅ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျိုင်းတုံမြို့နယ်ရှိ မြို့နယ်စည်းများ၊ ရပ်ကွက်ကျေးရွာ စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များနှင့်တွေ့ဆုံ၍ ပါတီ၏မူဝါဒလမ်းစဉ်၊ လုပ်ဆောင်ချက်များနှင့် မျှော်မှန်း ချက်များကို တက်ရောက် လာကြသူများအား ပါတီခေါင်းဆောင်များနှင့် ရှမ်းပြည်နယ်တာဝန်ခံ ဦးစောနန္ဒီတို့က ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များ၊ တင်ပြလို သည်များကို တင်ပြကြပြီး ပါတီခေါင်းဆောင်များက လုပ်ဆောင်သင့်သည့် အခြေအနေများကို အကြံပြု ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲကို နေ့လည် ၁၂း၀၀နာရီတွင် ရုပ်သိမ်းခဲ့သည်။

        ၁၀-၁-၂၀၁၅ ရက်နေ့တွင်  ကျိုင်းတုံမြို့မှ မိုင်းဆတ်၊ မိုင်းယန်းမြို့များသို့ ကားလေးစီးဖြင့် ဆက်လက် ထွက်ခွာလာခဲ့ကြသည်။ မိုင်းဆတ်မြို့ NDF ပါတီမြို့နယ်ရုံးသို့  နေ့လည် ၁း၀၀နာရီတွင် ရောက်ရှိခဲ့ပြီး  မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လာမည့်ရွေးကောက်ပွဲအခြေအနေများနှင့် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ် စားလှယ်လောင်းများ ရွေးချယ်ရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုမှ မိုင်းယန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ မိုင်းလွေကျေးရွာသို့ ညနေ ၅း၀၀ နာရီတွင် ရောက်ရှိခဲ့ပြီး စောင့်ဆိုင်းနေသော မိုင်းလွေ ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံ၍  လက်ရှိအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထိုမှ ဆက်လက်ထွက်ခွာခဲ့ ရာတွင်  မိုင်းယန်းမြို့နယ် NDF ပါတီမြို့နယ်ရုံးသို့ ည ၆း၀၀ နာရီတွင် ရောက်ရှိခဲ့သည်။

        ၁၁-၁-၂၀၁၅ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် NDF မိုင်းယန်းမြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေများ၊ ပါတီလှုပ်ရှားမှုအခြေအနေများနှင့် ရွေးကောက်ပွဲတွင်ုဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရေးနှင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ သည်။ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပါတီခေါင်းဆောင်များက ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးကို နံနက် ၁၁း၀၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

        မိုင်းယန်းမြို့မှ နေ့လည် ၁း၀၀နာရီတွင် မိုင်းယန်း-မိုင်းလားလမ်းမှတဆင့် မိုင်းလာမြို့၊ ထိုမှ မိုင်းလား- ကျိုင်းတုံလမ်းအတိုင်း ကျိုင်းတုံသို့ ဆက်လက်ခရီးထွက်ခွာခဲ့ရာ ကျိုင်းတုံမြို့သို့ ညနေ ၅း၀၀နာရီတွင် ရောက်ရှိခဲ့သည်။

        ၁၂-၁-၂၀၁၅ ရက်နေ့ နံနက် ၉း၀၀နာရီတွင် ကျိုင်းတုံမြို့မှ  တာချီလိတ်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ ရာ  နံနက် ၁၁း၀၀နာရီတွံင် မိုင်းဖြတ်မြို့သို့ေ ရာက်ရှိပြီး မိုင်းဖြတ်        NDF မြို့နယ်ရုံးတွင် မိုင်းဖြတ်မြို့နယ်နှင့် မိုင်း ယောင်း မြို့နယ်များမှ မြို့နယ်စည်းဝင်များနှင့်တွေ့ဆုံ၍  ပါတီ၏ဆောင်ရွက်မှုအခြေအနေများ၊  မြို့နယ် အခြေအနေများကို  ဆွေးနွေးခဲ့ကြပြီး လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီကိုယ်စား လှယ်လောင်းများ ရွေးချယ်ရေးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

        မိုင်းဖြတ်မြိ့နယ်မှ နေ့လည် ၁း၀၀နာရီတွင် ဆက်လက်ထွက်ခွာခဲ့ပြီး တာချီလိတ်မြို့သို့ ညနေ ၃း၀၀နာရီ တွင် ရောက်ရှိခဲ့ပြီး NDF    တာချီလိတ်မြို့နယ်ရုံးတွင် မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံ မိတ် ဆက်ခဲ့သည်။

        ၁၃-၁-၂၀၁၅ ရက်နေ့ နံနက် ၉း၀၀နာရီတွင် ပါတီခေါင်းဆောင်များနှင့် တာချီလိတ်မြို့နယ်စည်းအဖွဲ့ဝင် များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ပါတီ၏မူဝါဒလုပ်ငန်းစဉ်များနှင့် လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများရွေးချယ်ရေးနှင့် ပါတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို  ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ခေါင်းဆောင်များက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေး နွေး ရာ ပါတီခေါင်းဆောင်များက ရှင်းလင်းပြောကြားခဲ့သည်။

        ညနေ ၃း၀၀ နာရီတွင် တာချီလိတ်မြို့မှတဆင့် ရန်ကုန်မြို့သို့ လေယာဉ်ခရီးစဉ်ဖြင့်  ရန်ကုန်မြို့သို့  ပြန်လည်ထွက်ခွာခဲ့ရာ ည ၇း၀၀နာရီတွင်  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။