Monday, January 7, 2013

ကြေညာချက်အမှတ် (၁/၂၀၁၃) ကချင်ပြည်နယ်ငြိမ်းချမ်းရေး


                                     
Description: Description: Description: Description: Description: Description: Description: Description: Description: Description: Copy of AL
အမျိုးသားဒီမိုကရေစီအင်အားစု
NATIONAL DEMOCRATIC FORCE
အမှတ် (၄၇)၊ ပထမထပ်၊  အနောက်မြင်းပြိုင်ကွင်းလမ်း၊ တာမွေအ၀ိုင်းအနီး၊ ဗိုလ်စိန်မှန်ရပ်ကွက်၊  ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
No-47,First Floor, West Horse Race Course road,near Tarmwe Circle, BoSeinman Qr, Bahan township,
Yangon, Myanmar    .  Phone : 09 4500 570 88          emailး  ndfmyanmar.hq @ gmail.com
                         
ကြေညာချက်အမှတ် (၁/၂၀၁၃) 
ကချင်ပြည်နယ်ငြိမ်းချမ်းရေး
                                နေ့စွဲ၊ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ(၇) ရက်

အမျိုးသားညီညွတ်ရေးကိုအခြေပြု၍စစ်မှန်သောပြည်ထောင်စုကိုတည်ဆောက်ရန် ပြည်သူအများ နိုင်ငံရေးဆန္ဒ ပြင်းပြနေချိန်တွင် ကချင်ပြည်နယ်၌ တိုက်ပွဲများပိုမိုပြင်းထန်ပြီး  စစ်ရှိန်မြှင့်တက်လာနေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အပြစ်မဲ့ ကချင်ပြည်နယ်မှပြည်သူများသည် အသက်အိုးအိမ်စည်းစိမ်များဆုံးပါး၍ စစ်ပြေးဒုက္ခသည်များအဖြစ် ၀မ်းနည်းဖွယ် အတိဒုက္ခအတွင်း ကျရောက်လျှက်ရှိပါသည်။ ယင်းကဲ့သို့ သာမန် မြန်မာနိုင်ငံသားများ ရထိုက်သည့် အေးချမ်း စွာနေထိုင်နိုင်မှုအခွင့်အရေးများ ဆုံးရှုံးနေရသည့် ကချင်ပြည်နယ်မှ ပြည်သူများ၏ ငိုကြွေးသံသည် ပြည်ထောင်စု၏ ငိုကြွေးသံများပင် ဖြစ်ပါသည်။
ဤငိုကြွေးနေရမှုများကို ထာဝရအဆုံးသတ်စေရန် စစ်မှန်၍တန်းတူညီမျှသော ပြည်ထောင်စုသဘော ထားများဖြင့် ငြိမ်းချမ်းရေးတံခါးကို ဖွင့်ရမည်ဖြစ်ပါသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းနိုင်ပါ လျှက် ပြည်ထောင်စုဖွားတိုင်းရင်းသားအချင်းချင်း စစ်ခင်းနေခြင်းကို ကျွန်ုပ်တို့အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ လုံးဝလက်မခံနိုင်ပါ။ ထို့ပြင် စစ်မှန်သော ပြည်ထောင်စုနိုင်ငံသစ်တည်ဆောက်ရေးကို ဖျက်ဆီးမည့် အန္တရာယ်ကိုလည်းလွန်စွာစိုးရိမ်မကင်းဖြစ်လျှက်ရှိပါသည်။သို့ပါ၍ နှစ်ပေါင်းများစွာ ပြည်သူတို့လိုလား  တောင့်တခဲ့ကြသည့် ငြိမ်းချမ်းရေးကို နိုင်ငံရေးစေတနာသန့်ရှင်းစွာဖြင့် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း အပ်ပါသည်။
ပြည်သူ့ဆန္ဒကို အလေးထားရမည့် ဤခေတ်အခါတွင် ပြည်သူများလိုလားသည့် ငြိမ်းချမ်းရေးကို မည်ကာမတ္တ သဘောထား၍မရနိုင်ပါ။ ယခုကဲ့သို့ လက်နက်နည်းဖြင့် ဖြေရှင်းနေခြင်းသည် နိုင်ငံရေးယုံကြည်မှု တို့ ပျက်ပြားစေယုံသာမက အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသား စည်လုံးညီညွတ်မှုမပြိုကွဲရေး စသည့် ဒို့တာဝန်အရေး (၃) ပါးကို မျက်ကွယ်ပြုရာရောက်ကြောင်း ဆင်ခြင်မိ ပါသည်။
ထို့ကြောင့် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ မျက်ရည်ကိုသုတ်၍ နေ့စဉ်နှင့်အမျှ မွတ်သိပ် ဆာလောင်မှုဝေဒနာ ခံစားနေရခြင်းများကို ပပျောက်စေပြီး ငြိမ်းချမ်းရေးကို အမြန်ဆုံးဆောင်ကြဉ်းပေးရန် နိုင်ငံတော်၌ အဓိကတာဝန် ရှိပါသည်။ သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူအားလုံးတို့အကြား နိုင်ငံရေးယုံကြည်မှု ရစေပြီး ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများ အပြီးတိုင်အဆုံးသတ်ရပ်စဲရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပြင်းပြသောငြိမ်းချမ်းရေးဆန္ဒဖြင့် အလေးအနက်ထား တောင်းဆိုကြောင်း ကြေညာလိုက် သည်။
(၇-၁-၂၀၁၃ ရက်နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ အထူးအစည်းအဝေး ဆုံးဖြတ်ချက်အရ-)

                                                               ဗဟိုအလုပ်မှုဆောင်ကော်မတီ
                                                           အမျိုးသားဒီမိုကရေစီအင်အားစုပါတီ


No comments:

Post a Comment