Sunday, January 6, 2013

လွတ်လပ်ရေးနေ့ကြေညာချက်

အမျိုးသားဒီမိုကရေစီအင်အားစု
NATIONAL DEMOCRATIC FORCE
အမှတ် (၄၇)၊ ပထမထပ်၊  အနောက်မြင်းပြိုင်ကွင်းလမ်း၊ တာမွေအ၀ိုင်းအနီး၊ ဗိုလ်စိန်မှန်ရပ်ကွက်၊  ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
Yangon, Myanmar    .  Phone : 09 4500 570 88          emailး  ndfmyanmar.hq @ gmail.com
၆၅နှစ်မြောက် လွတ်လပ်ရေးနေ့ကြေညာချက်
            ယနေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယ  ဖြစ်ပေ သည်။ မြန်မာနိုင်ငံ ယခုကဲ့သို့ ကမ္ဘာ့အလယ်တွင် လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ်  ထယ်ဝါစွာ ရပ်တည်နိုင်ရေး အတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်၍ တပ်မတော်သားများ၊ တိုင်းရင်းသားများ၊ ကျောင်းသားလူငယ်များနှင့် ပြည်သူလူထုလူတန်းစားအလွှာပေါင်းစုံတို့၏ အသက်၊သွေး၊ချွေး မြောက်မြားစွာကို ရင်းနှီးပေး ဆပ်ခဲ့ကြရပေသည်။
            ဤ ကြီးမားလှသော ရင်းနှီးမှု၊ ပေးဆပ်မှု၊ စွန့်လွှတ်မှုတို့ကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့သည်မှာ မှန်သော် လည်း မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံး လွတ်လပ်ရေး၏အရသာကို အမှန်တကယ် အပြည့်အ၀ ခံစားရရှိနိုင်ကြပြီလား ဆိုသည်မှာမူ မေးခွန်းထုတ်စရာ ဖြစ်နေပေသည်။ လွတ်လပ်ရေးရပြီးသည်မှ (၆၅) နှစ်အကြာ ယနေ့ကာလအထိ တိုင်းရင်း သားများနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့၊ ဖြစ်ပွားနေဆဲဖြစ်ရာ၊ သက်ဆိုင်ရာဒေသများမှ သာမန်ပြည်သူများအ နေဖြင့် လွတ်လပ်မှုအရသာကို မခံစားရယုံမျှမက၊ နေ့စဉ်လူနေမှုဘ၀တို့ကို ထိခိုက်လျှက် လုံခြုံမှုကင်းမဲ့ပြီး စစ်ဘေးဒုက္ခ ဒဏ်များ ခံစားနေကြရသည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း ဆိုးဝါးသော အကျိုးသက် ရောက်မှုများ၊ ဖြစ်ပေါ်စေခဲ့ပြီး  ဒေသအတွင်းဖွံ့ဖြိုးမှု နောက်အကျဆုံး နိုင်ငံအဖြစ် ရပ်တည်နေရပေပြီ။
            ယခုပင်လျှင် ကချင်ပြည်နယ်အတွင်း ဆိုးဝါးပြင်းထန်သော စစ်ပွဲများ ဖြစ်ပွားလျှက်ရှိရာ ဤစစ်မီးတောက်ကို အမြန်ဆုံးငြိမ်းသတ်ရန် အထူးအရေးကြီးပါသည်။ စစ်မက်ဖြစ်ပွားရာဒေသအတွင်းမှ အပြစ်မဲ့ ပြည်သူများ၏ အသက်အိုး အိမ်၊ စည်းစိမ်များသာမက နှစ်ဖက်စလုံးမှ ထိခိုက်ကျဆုံးရမှုများ၊ နစ်နာဆုံးရှုံးရမှု များသည် မြန်မာနိုင်ငံ၏ သက်ရှိ လူသားနှင့် သဘာဝအရင်းအမြစ်များသာဖြစ်သဖြင့် နိုင်ငံနှင့်ပြည်သူအတွက် လွန်စွာထိခိုက်နစ်နာစေပါသည်။ သို့ဖြစ်၍ သက်ဆိုင်ရာဘက်နှစ်ဖက်စလုံးမှ စိတ်ရှည်မှု၊ သည်းခံမှု၊ သဘောထားကြီးမှု၊  အမျှော်အမြင်ရှိမှုတို့ကို အခြေခံ၍ တိုင်းပြည် အနာဂတ်အရေးကို မျှော်တွေးကာ စစ်ပွဲများရပ်စဲရေး နှင့် ငြိမ်းချမ်းရေးအတွက် အမြန်ဆုံးကြိုးပမ်းဆောင်ရွက်ကြရန်ကျွန်ုပ် တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက အလေးအနက် တိုက်တွန်းတောင်းဆိုပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် ပါဝင်သင့်သည့်ပုဂ္ဂိုလ်များ၊ ပါတီအဖွဲ့အစည်းများ၊ အရင်း အနှီးနှင့် အဖွဲ့အစည်း ယန္တယားများအား နေရာမှန်၊ လူမှန်၊ အစွမ်းကုန် အသုံးချဆောင်ရွက်နိုင်ပါရန် အလေးအနက် အကြံ ပြုလိုပါသည်။
            ယနေ့ကာလတွင် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် ပတ်သက်၍ ဆုံးရှုံးနိုင်သည့် အခြေအနေမျိုး မရှိနိုင်သည့် တိုင် အချုပ်အခြာအာဏာ ထိပါးခံရနိုင်ခြင်းမျိုးမှာ အန္တရာယ် ရှိဆဲဖြစ်ပေသည်။ သို့ဖြစ်ရာ ဤအန္တရာယ်များကို  စုပေါင်း ကာကွယ်ကြရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုသားအားလုံး သွေးစည်း ညီညွတ်ရေးတို့ကို မဖြစ်မနေ တည်ဆောက်ကြရပေမည်။ သို့ဖြစ်ရာ ထိုသို့ တည်ဆောက် နိုင်ရန်အတွက် မြန်မာနိုင်ငံသား တိုင်းရင်းသားအားလုံး တန်းတူညီင်္မျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ ရရှိနိုင်မည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်ရေးသည် အဓိကကျကြောင်းကို အထင်အရှား တွေ့မြင်နေရကြရပေပြီ။
            လွတ်လပ်ပြီဆိုရုံမျှဖြင့် ကျေနပ်မနေသင့်ကြကြောင်းကို လွန်လေပြီးသော (၆၅)နှစ်တာ အတွေ့အကြုံအပေါ် ထင် ဟပ်အခြေခံ၍ ယနေ့တိုးတက်လာသော သတင်းနှင့်နည်းပညာခေတ်ကြီးတွင် တိုင်းရင်းသားပြည်သူအားလုံးက ကောင်းစွာ သဘောပေါက်နားလည်ကြပါသည်။ လွတ်လပ်ရေး၏အကျိုးဆက်အဖြစ် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး၊ တိုင်းရင်းသား တို့၏ အခွင့်အရေးများကို တိုင်းရင်းသားပြည်သူအားလုံး အပြည့်အ၀ရရှိ ခံစားနိုင်မှသာ လွတ်လပ်ခြင်း၏ အနှစ်သာရကို အပြည့်အ၀ရရှိသည်ဟု မှတ်ယူရပေမည်။
            သို့ဖြစ်၍ တိုင်းရင်းသားပြည်သူများ၏ အသက်သွေးချွေး မြောက်မြားစွာဖြင့် ရင်းနှီးပေးဆပ်ရယူခဲ့ရသော လွတ် လပ်ရေးကြီး အဓွန့်ရှည်ရေး၊ လွတ်လပ်ရေး၏အရသာကို တိုင်းရင်းသားပြည်သူအားလုံး ရရှိခံစားနိုင်ရေး ၊ ငြိမ်းချမ်း သာယာဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတို့အတွက် စိတ်ရင်းစေတနာကောင်းများဖြင့် အမြန်ု ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ကြပါရန် ယနေ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၆၅)နှစ်မြောက် လွတ်လပ် ရေးနေ့အခါသမယတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက သက်ဆိုင်သူများအားလုံးနှင့် အဖွဲ့အစည်းများအား အလေး အနက်တိုက်တွန်းကြောင်း ကြေညာအပ်ပါသည်။
                                                                                                   ဗဟိုအလုပ်အမှုဆောင်ကော်မတီ
  ရက်စွဲ။  ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ(၄)ရက်                                               အမျိုးသားဒီမိုကရေစီအင်အားစု

No comments:

Post a Comment