Wednesday, June 25, 2014

ဇာတိမြေသို့ အလည်တစ်ခေါက် မိုးကုတ်လွမ်းချင်း

ဇာတိမြေသို့ အလည်တစ်ခေါက်

မိုးကုတ်လွမ်းချင်း

         ကိုယ့်ရဲ့ မွေးဇာတိဖြစ်တဲ့ မိုးကုတ်နဲ့ ဝေးနေတာ ၂ နှစ်လောက်ရှိတော့မယ်။ ၂၀၁၀ ရွေးကောက်ပွဲပြီးလို့  ပါတီရဲ့ ပထမအကြိမ် ဗဟိုဦးစီးညီလာခံကျင်းပတဲ့ ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၁ ရက်နေ့အမှီ မိုးကုတ်ကနေ ရန်ကုန်ကိုလာခဲ့တယ်။ ပါတီဌာနချုပ်မှာ သုတေသနဌာနအတွက် လူလိုနေလို့ရယ်၊ နေဖို့ထိုင်ဖို့ တာဝန်ယူတယ် ဆိုတာကြောင့် ရောက်လာခဲ့တယ်။ အဲ့ဒီတုန်းက ရန်ကုန်ကို ပြန်မရောက်တာ  ၁၈ နှစ်လောက် ရှိပြီ။၁၉၉၂ တုန်းက နောက်ဆုံးရောက်ဖူးခြင်းပဲ။ သြဂုတ် (၁)ရက်၊ ၂၀၁၀ တုန်းကတော့ ပါတီဌာနချုပ်ရုံးဖွင့်ပွဲကို နှစ်ရက်ကြာလာခဲ့ဖူးတာလွဲပြီး ရန်ကုန်မြေကို ပြန်မချမိခဲ့။

         ရန်ကုန်ဌာနချုပ်ရုံးမှာက အဖော်အဖြစ် ကိုမျိုးဇော်အောင် ရှိတယ်။ ရုံးမှာ ညအိပ်တာက ကိုယ့်တို့ နှစ်ယောက်။ အခုတော့ ကိုမျိုးဇော်အောင်က Innovative အမည်နဲ့ သင်တန်းကျောင်းဖွင့်ပြီး ဆရာကြီးဖြစ်နေပြီ။

ရန်ကုန်ရောက်ပြီးမှ ၂၀၁၂ခု၊ အောက်တိုဘာလမှာ မန္တလေးမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေနဲ့ နိုင်ငံရေးသင်တန်းတစ်ခု  ငါးရက်ကြာလာပို့ချတယ်။ အဲ့ဒီအချိန်တုန်းက မိုးကုတ်ကနေ သင်တန်းလာတက်ကြတဲ့ NDF ပါတီဝင်တွေနဲ့အတူ  သင်တန်းအပြီးမှာ မိုးကုတ်ကို သူတို့နဲ့အတူ ဆိုင်ကယ်စီးပြီး ပြန်လိုက်ခဲ့တယ်။ သီတင်းကျွတ်မှာ မိုးကုတ်မှာ နေဖြစ်ခဲ့တာက အမြတ်။

         ဒီကနေ မိုးကုတ်ကို ပြန်မရောက်ဖြစ်တော့။ NLD ပါတီ တရားဝင်မှတ်ပုံတင်ပြီး ပါတီပြန်ထူထောင်တော့ မိုးကုတ်က ပါတီဝင်တွေအားလုံး NDF ကနေထွက်ပြီး NLD ထဲ ပြန်ဝင်သွားခဲ့ကြတယ်။ နောင်ထပ်ကြားရတာ ကလည်း NDF ဖြစ်လို့ မယုံဘူး။ တာဝန်မပေးဘူး။ လက်မခံဘူးဆိုတာမျိုးတွေ။  နောက်ဆုံးတော့လည်း နိုင်ငံရေး ကိုတကယ်လုပ်တတ်တာက ဒီလူတွေပဲ ဖြစ်နေတော့  အနည်းနဲ့အများကတော့  နေရာအပေးခံရပြီး တာဝန်ယူ လုပ်ကြရတယ်လို့ သိရတယ်။ အချို့ဆို ဗဟိုညီလာခံကိုယ်စားလှယ်များတောင် ဖြစ်လို့။ ဒီချာတိတ်က NDF ထဲ ၀င်လာတုန်းက နိုင်ငံရေးစလုပ်ခါစ။ ဘယ်ပါတီမှာမှ မလုပ်ဖူးဘူး။ အတွေးအခေါ်နဲ့ အပြောအဆိုက ကောင်း တယ်။

         ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ  မန္တလေးမှာလုပ်တဲ့ ပဉ္စမအကြိမ်နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးကော်မတီ အစည်းအဝေးပြီးတော့ ၁၆ ရက်နေ့မှာ မိုးကုတ်ကို ပြန်လာခဲ့တယ်။ ခွင့်ကလည်း ငါးရက်ပဲ ရတယ်။ ဗဟိုလူကြီး တွေက ရန်ကုန်ပြန်။ ကိုယ်က မိုးကုတ်ပြန်။ အောင်စိုးမိုးသူကားဂိတ်က ဘင်ကားနဲ့ကားလက်မှတ်ဖြတ်ထားတယ်။ ကားခက အတက် ၁၂၀၀၀ိ/ ဒါတောင် နောက်ခန်း။ ရှေ့ခန်းက ၁၅၀၀၀ိ/။ အသစ်ဖောက်တဲ့ မေမြို့လမ်းက သွားမှာလားမေးတော့ မသွားဘူးလို့ ပြောတယ်။ နောက်နေ့ ကားလာကြိုတော့ မေမြို့လမ်းကနေ ပြန်မယ်ဖြစ် သွားတော့ အတိုင်းထက်အလွန်ပဲ။ ကိုယ်က ဒီလမ်းကို ကြည့်ချင်၊ သိချင်နေတာ။

         မေမြို့။ ဒါမှမဟုတ် ပြင်ဦးလွင်- မိုးကုတ်လမ်းက တောင်တန်းတွေရဲ့ ထိပ်ဖျားကနေ ဖောက်ထားတာပဲ။ မိုးကုတ်ကနေ ပြင်ဦးလွင်ကို အမြန်မောင်းရင် ၃နာရီလောက်ပဲ ကြာတယ်ဆိုလား။ လမ်းမှာတော့ ရွာဆက်တွေ က အရမ်းပြတ်။ ရွာတည်မယ်ဆိုရင်တောင် တောင်ထိပ်နီးပါးမှာ ရွာတည်ထားတော့ သောက်ရေ၊သုံးရေပြဿနာ ဖြစ်မယ်ပုံ။ ပြီးတော့ ကားလမ်းကလည်း တောင်အထပ်ထပ်ကို ကျော်ဖြတ်ထားတာ။ ကားစီးရင် မြင်ရတဲ့ရှုခင်း တွေကတော့ အရမ်းလှ။ တောင်ခါးပန်းတွေကလည်း ကျောက်တောင်တွေကို ဖြတ်ပြီး ကားလမ်းဖောက်ထား တာ။ အရင် မိုးကုတ်လမ်းဟောင်းလို မြေတောင်တွေမဟုတ်တော့ တော်ရုံတန်ရုံနဲ့ တောင်ပြိုဖို့မလွယ်ဘူးပဲ။ လမ်း ဖောက်ထားတာကလည်း ဖြူးလို့ဖြောင့်လို့။ အကွေ့အကောက်ကတော့ ဟို မိုးကုတ်မန္နလေးလမ်းဟောင်းလို့ အကွေ့တစ်ထောင် ၊ အကောက်တစ်ထောင်လို့ ရေတွက်တဲ့သူ မပေါ်သေးဘူး။ ကားခေတ္တနားတဲ့နေရာကလည်း မိုင်တိုင်အမှတ် ၅၀။ ပက်စီဆိုတဲ့ နေရာလေး။ ဆိုင်ကလေးပဲ ဖွင့်ထားပြီး ဒီနေရာက တယ်လီဖုန်းလိုင်းမိတဲ့ နေရာလည်း ဖြစ်နေတယ်။ ကျန်တဲ့နေရာတွေမှာတော့ ကားရပ်နားတာ မရှိ။

         မိုးကုတ်ရောက်တော့ နေ့လည် ၂း၀၀နာရီလောက်။  အိမ်မှာက အမနဲ့တူမတွေက ကြိုဆိုကြတယ်။  သူတို့နဲ့ စကားပြောပြီးတော့ အကိုကြီးဖြစ်တဲ့ ကိုဇော်ဝင်းရှိရာ ရွှေကူရပ်ကွက်ကိုလာခဲ့တယ်။ ကိုယ့်အကိုပေမယ့် မတွေ့တာ ၂နှစ်အတွင်းမှာ ရုပ်က ပြောင်းသွားတော့ ရုပ်တရက်ဆို မမှတ်မိဘူးဖြစ်သွားတယ်။ ညီအကိုနှစ် ယောက် အကြောင်းအရာပေါင်းစုံ ပြောဖြစ်ကြတယ်။ အရင်ကလည်း နိုင်ငံရေးဆွေးနွေးဖက်တွေ။

         ညနေပိုင်းမှာတော့ စုံရပ်ဖြစ်တဲ့ နွေစံအိမ်လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံဖြစ် တယ်။ အားလုံးက ၀မ်းသာအားရနဲ့ပဲ။ သူတို့လည်း ပါတီနိုင်ငံရေးထက် လူမှုရေးအလုပ်တွေကို ပိုလုပ်နေကြ တယ်။ မေးကြည့်တော့ NLD ထဲမှာ အကန့်ခံနေရပြီး လက်ရှိဦးဆောင်သူတွေက အုပ်စုဖွဲ့နေကြတော့ သူတို့လည်း ဘေးကနေပြီး အခြားလူမှုရေးအလုပ်တွေကိုပဲ လုပ်နေကြတာဆိုလား။ နိုင်ငံရေးကို တစ်ခါမှ မလုပ်ဖူးတဲ့သူတွေ၊ ထဲထဲဝင်ဝင် မလုပ်ဘူးကြတဲ့သူတွေက ဥက္ကဌ၊ အတွင်းရေးမှူးတွေ ဖြစ်ကုန်ကြတော့  သုတို့ လည်းမလုပ်တတ်၊ လုပ်တတ်တဲ့သူတွေ၊ လူဟောင်းတွေကိုလည်း နေရာမပေးချင်၊ ဒါနဲ့ အုပ်စုတွေဖွဲ့ပြီး ကန်ထုတ် ကြ၊ ဘေးဖယ်ထားကြနဲ့  ဖြစ်ချင်သလို ဖြစ်နေတာဆိုလား။

         မြင်နေရတာကလည်း သူတို့ပြောသလိုပဲ။ မိုးကုတ်နိုင်ငံရေးမှာ ကိုယ့်လောက် ထဲထဲဝင်ဝင်နဲ့ စွမ်းစွမ်းတမံ လုပ်ခဲ့တဲ့သူက မရှိ။ ကျန်တဲ့သူတွေကလည်း ကိုယ့်လောက် ပါတီရုံးအလုပ်ကို မလုပ်ကြ။ ရုံးတစ်ခု လည်ပတ်ပုံကို မသိ။ အစည်းအဝေးတက်ပြီး စကားပြောဖို့လောက်သာ သိကြတဲ့သူတွေဖြစ်နေတယ်။ ကြပ်တည်းတဲ့ကာလတုန်း က ရုံးက ဝေးဝေးရှောင်နေသူတွေက ပွင့်လင်းတဲ့အခါမှာ  ရုံးမှာ အာအကျယ်ဆုံး ဖြစ်လာနေကြတယ်။ လုပ်ခဲ့ဖူး ကြတဲ့သူတွေကလည်း ရှေ့က မိုးကုတ် NLD သမိုင်းအဆက်အစပ်ကို မသိ။ အရှေ့ပိုင်း၊ အနောက်ပိုင်းပြဿနာ၊ နေရာဒေသပြဿနာတွေနဲ့ နားလည်မှုယူပြီး လုပ်ကိုင်ပုံတွေကို မသိကြတော့။  နောက်လူတွေက ဒီသမိုင်း ကြောင်းကို မသိကြတော့  နယ်မြေပြဿနာ ပြေလည်အောင် ဖြေရှင်းဖို့ မသိတော့ဘဲ မိုးကုတ်အနောက်ပိုင်းမှာ ရုံးခွဲ မရှိသင့်ဘူးဆိုတာတွေ ဖြစ်လာတယ်။ ပိတ်ပစ်ရမယ်ဆိုသံတွေ ပစ်လာတယ်။

         ရှစ်လေးလုံးအရေးတော်ပုံမှာ သိကျွမ်းခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ အာဇာနည်နေ့ကျင်းပမှုနဲ့ ဦးအောင်ကျော်တို့ အဖမ်းခံရပြီးနောက်ပိုင်း မိုးကုတ် NLDကို အတူဦးဆောင်ခဲ့တဲ့ အရှေ့ရွာရပ်က ဦးမြတ်ထွန်းဆိုတဲ့ မိုးကုတ်မြို့ နယ် အမှုဆောင်တစ်ဦးရှိခဲ့တယ်။ သူရဲ့သဘောထားပြည့်ဝမှု၊ မြင်တတ်မှုနဲ့ ဆုံးဖြတ်တတ်မှု၊ ပြောဆိုတတ်မှုတွေ က ကျွန်တော် အရမ်းလေးစားအားကျမိတယ်။  သူ မိုးကုတ်NLD အမှုဆောင်မှာ  ဆက်ရှိနေတယ် ကြားရတုန်းက မြို့နယ်အတွက် အတော်စိတ်အေးခဲ့ရတယ်။ အခု ပြန်သွားပြီး သူနဲ့တွေ့ပြီး စကားပြောကြည့်လိုက်မှပဲ စိတ်ပျက် စရာတွေ ဖြစ်ကုန်ရတယ်။ သူ့ကို အခုဖွဲ့စည်းထားတဲ့ မြို့နယ်အမှုဆောင်တွေက ဦးမြတ်ထွန်းဟာ ကြံ့ခိုင်ရေးပါတီ က လွှတ်ထားတဲ့ သူလျှိုဆိုပြီး တီးတိုးဝါဒဖြန့်ထားတယ်။ သြော်….ရက်စက်လှချည်းလား ပုဂ္ဂိုလ်တို့ရေ။ ခင်ဗျားတို့ သမိုင်းကြောင်းကို ဘာမှမသိဘဲ လွယ်လွယ်ကလေးနဲ့ ပြောရက်လိုက်တာဗျာ။ ဒီလူတစ်ယောက် တစ်သက်လုံး လုပ်လာသမျှက ခင်ဗျားတို့လုပ်လိုက်မှပဲ ရာဇ၀င်ရိုင်းရတော့တယ်။

         ကိုယ့်လိုပဲ ဦးမြတ်ထွန်းက၂၀၁၂နောက်ပိုင်း ပါတီရုံးပြန်ဖွင့်တော့ ရုံးကိုကိုယ့်အိမ်လိုသဘောထားပြီး မနက်စောစောဖွင့်၊ ညနေပိုင်းပြန်ပိတ် တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ ဒါလည်း အပြစ်မြင်တယ်ဆိုလား။ ပြီးတော့ အကြီးဆုံးပြဿနာက ရံပုံငွေကိစ္စ။  ဦးမြတ်ထွန်းက ရံပုံငွေတွေကိုသုံးတဲ့အခါမှာ အထုတ်လက်မှတ်ထိုး၊ ဘောက်ချာတင်ပြဆိုတာမျိုးကို လက်ရှိမြို့နယ်ခေါင်းဆောင်တွေက သိပ်မကြိုက်ချင်ကြဘူး။ သူတို့က လွယ်လွယ်ကလေး ကောက်တယ်။ သုံးတယ်ဆိုတာမျိုး လုပ်ချင်ကြတယ်။ ဒီအတွက် တဖြည်းဖြည်းဘေးရောက် ရင်း နောက်ဆုံး ပါတီတာဝန်ကနေ အနားယူတဲ့အဆင့် ဖြစ်သွားခဲ့တယ်။ ကျွန်တော့်အနေနဲ့ကတော့ မိုးကုတ် NLD အတွက် အလွန်အသုံးဝင်တဲ့ သူတစ်ယောက် ဆုံးရှုံးရချင်းအတွက် အလွန်ဝမ်းနည်းမိပါတယ်။

         ငွေရေးကြေးရေးနဲ့ ဘဏ္ဍာရေးကိစ္စတွေကို အခြားသူတွေက ရင်လာဖွင့်ကြတာ စာရင်းမရှင်းနိုင်တာ က နည်းနည်းလေးမှ မဟုတ်တာ။ သိန်း ရာချီနေတဲ့ကိစ္စဆိုပါလား။ ကိုယ့်လိုပါတီတစ်ခုလုံးရဲ့ ယနေ့ထိအောင် သုံးနေတဲ့အသုံးစရိတ်က ကိုယ့်မြို့က မြိ့နယ်ရုံးကလေးရဲ့ အသုံးစရိတ်ကိုတောင် မမှီပါလား။

         မိုးကုတ်မှာက NLD မှာ မြို့မိမြို့ဖတို့၊ မြို့မျက်နှာဖုံးတွေကနေ ပါဝင်တာ ၊ ဦးဆောင်တာ၊ ကြီးကြပ်တာမျိုး မရှိတော့ လက်ရှိမြို့နယ်စည်းတွေရဲ့လုပ်ဆောင်မှုအပိုင်းတွေ အားနည်းနေတယ်။ ပြီးတော့ နိုင်ငံရေးအရ ထက်မြက်ပြီး တက်ကြွတဲ့၊  လုပ်တတ်ကိုင်တတ်တဲ့သူတွေ ဘေးရောက်နေတယ်။ ကိုယ့်လိုလူမျိုးတွေ ထပ်မထွက်လာတော့ဘူး။

         မိုးကုတ်မှာကိုယ်အကြည်နှုးဆုံး မြင်ကွင်းကတော့ ကျောက်တိုင်ကွင်းမှာ အာဇာနည်ကျောက်တိုင် ပြန်ဖြစ်လာတာပါပဲ။ ရှစ်လေးလုံးတုန်းက ဒီကျောက်တိုင်ကွင်းမှာ ဟောပြောပွဲလုပ်ခဲ့ကြတယ်။ ကျောက်တိုင်ပေါ် မှာ တက်ပြောခဲ့ကြတယ်။  ၁၉၈၉ အာဇာနည်နေ့ကို ခမ်းခမ်းနားနားကျင်းပခဲ့ပြီးနောက်ပိုင်းမှာ ဒီကျောက်တိုင်က ဖြိုဖျက်ခံခဲ့ရတယ်။ ကျောက်တိုင်ကွင်းလို့သာ နာမည်သာရှိပြီး ကျောက်တိုင်ပျောက်နေခဲ့တာ ၁၉၉၀ကနေ ၂၀၁၄ ထိ။ ခုတော့ လှလှပပလေးဖြစ်ပါတယ်။ အရင်ကျောက်တိုင်လို ငါးမြှောင့် မဟုတ်ဘဲ လေးထောင့်ဖြစ်နေတာ တစ်ခုတည်းက ပြောစရာဖြစ်တယ်။ အခုလာမယ့် အာဇာနည်နေ့ကိုတော့ ဒီကွင်းမှာ ကျင်းပဖြစ်ပြီး။ ကိုယ့်ခေတ် တုန်းကတော့ ကျောင်းပေါင်းစုံကနေ လွှမ်းသူပန်းခွေတွေ လာချခဲ့ကြတယ်။ အခုလည်း ဒီလိုဖြစ်ဦးမှာလား။

         အရင်က မဟာဗျူဟာလမ်းဖောက်ဖို့ လမ်းမကြီးတစ်လျှောက်က အိမ်တွေ ဖျက်ဖို့ဖြစ်လာတယ်။ မြိ့ထဲလမ်း ကျဉ်းကျဉ်းကလေးကို ပေ ၅၀၊ ပေ ၁၀၀လမ်း ဖောက်မယ်ဆိုပြီး ဆေးနီတွေမှတ်၊ တိုင်းတာတာတွေ လုပ်ပြီးနောက်ပိုင်း  မြို့လူထုက ကန့်ကွက်ကျလို့ အသံပြန်ပျောက်သွားပြန်ပြီ။ မှုံကွင်းထဲမှာလည်း သီတဂူ မျက်စိကုဆေးရုံ ဆောက်မယ်ဆိုပါလား။ နေရာကလည်း ရေကြီးတိုင်း ချောင်းအမြဲကျိုးနေတဲ့နေရာနဲ့မှ တည့်တည့်။ ဒီနေရာကိုလည်း ကျောက်မျက်ပြတိုက်လား။ ဆိုင်ခန်းလား ဆောက်မယ်ဆိုပြီး အသံထွက်လာသလို မြို့လယ်ကွင်းပတ်ပတ်လည် နေရာလွတ်မှန်သမျှကိုလည်း ဆိုင်ရာပိုင်ရာတွေက နေရာဦးထားပြီြး့ပီ ဆိုပဲ။ အခုမှ  ပြန်လျှော့သွားတာ။ မြို့လယ်အင်းကတော့ သဘာဝအတိုင်း ရှိနေတာက အကောင်းဆုံး။ မိုးကုတ်မှာ ဖွဲ့ထားတဲ့ စိမ်းရောင်စုံအဖွဲ့ကလည်း အပင်တွေစိုက်၊ မြို့လယ်အင်းကိုလည်း အမှိုက်တွေကောက်။ အခုလည်း လာမယ့်စနေ၊တနင်္ဂနွေမှာ အမှိုက်ကောက်မယ် ဆိုပါလား။

         မိုးကုတ်မှာ ကျောက်လုပ်ငန်းက အလုပ်သိပ်မဖြစ်တော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အားထားနေ ရတာ။ ကမ္ဘာလှည့်တွေလာရင် အားလုံးအလုပ်ဖြစ်ကြတာမို့ ခရီးသွားဒေသ ဖြစ်စေချင်ကြတယ်။ ဒါပေမယ့် လုံခြုံရေးပြဿနာက ရှိနေ။ အရင်က မန္တလေးတိုင်းဝန်ကြီးချုပ်တောင် ကားမိုင်းအဆွဲခံရတော့ အေးချမ်းတဲ့ ကာလရောက်လာရင်တော့ မိုးကုတ်ကို ကမ္ဘာလှည့်ခရီးသည်တွေ လာချင်တဲ့မြို့ကလေး ဖြစ်အောင် ကြိုးပမ်းကြ ရဦးမှာ။ အခုတော့ မျှော်လေဦးပေါ့။ ဒီကြားထဲ ကျောက်တွေ မကုန်ပါစေနဲ့လို့ ဆုတောင်းရဦးမယ်။

         မိုးကုတ်ကို ပယင်းက လောလောဆယ် ကယ်သွားခဲ့တယ်။ တနိုင်းမှာ ပယင်းတွေခေတ်ကောင်းတော့ မိုးကုတ်သားတွေ အများစုသွားကြတယ်။ တူးကြ၊ ၀ယ်ကြ၊ သွေးကြ၊ ရောင်းကြနဲ့ အဆင်ပြေသင့်သလောက် ပြေ ကုန်ကြတယ်။ အိမ်က တူမတွေလည်း အားလုံးနီးပါး တနိုင်းအထိသွားပြီးဝယ်ကြ၊ ရောင်းကြနဲ့။

         ကင်မရာတစ်လုံး ရှိတာနဲ့ သူများတကာတွေ မိုးကုတ်ပုံတွေ ရိုက်ပြီးတင်တာကို အားကျတာနဲ့ ချမ်းသာကြီးဘုရားနဲ့ ဘီးတောင် ပတ္တမြားစေတီဘက်ကနေ မိုးကုတ်ရှုခင်းတွေကို သွားရိုက်တယ်။ အင်တာနက် လိုင်းကောင်းချက်ကလည်း မိုးကုတ်မှာတော့ ချီးကျူးစရာ။ တာဝါတိုင်အောက်ကနေ ပုံတင်တာတောင် အရမ်းကြာ။ တစ်ခါတစ်လေ ဖုန်းလိုင်းလည်းပျောက်၊ အင်တာနက်လိုင်းလည်းပျောက်။ လိုင်းကောင်းချိန်ကလည်း ည ၂နာရီ။ သုံးနာရီလောက်မှ။ ဒါတောင် ကိုယ်ရောက်နေတဲ့အချိန်မှာ မီးကခဏခဏပြတ် ။ တစ်နေကုန်မလာ။ ညပိုင်းခဏလာ။ လာတော့လည်း မီးအားက ၉၀။ ၁၀၀။ လက်ပန်လှမီးလိုင်းပေါ်မှာ သစ်ပင်၊သစ်ကိုင်းကျိုးကျလို့ ဆိုလို့ကတော့  ပျက်တဲ့နေရာ ရှာပေဦးတော့။  ကိုယ့်တုန်းကတော့ မိုးကုတ်မှာ အင်တာနက်ဆိုင်တွေ သုံးလေး ဆိုင်မက ရှိတယ်။ အခုတော့ အင်တာနက်ဆိုင်တွေ ပျောက်ကုန်ပြီ။ ဘယ်နာသွားသုံးရမှန်းမသိ။

         ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၅၀ ပြည့်မွေးနေ့။ ဥယျာဉ်ကျောင်းကို မုန့်ဟင်းခါးဆွမ်း သွားကပ်။ ပြီးတော့ အမျိုးအိမ်တွေ သွားလည်။ ဘုန်းကြီးကျောင်းဝင်းထဲက ဟိုတုန်းက ဇရပ်အမည်း၊ အခုတော့ ဇရပ်အနီ ကြီးက ကိုယ့်အဖေ လက်သမားဆရာအနေနဲ့ ကြီးကြပ်ပြီး ဆောက်ခဲ့တာ ဆိုပါလား။ သမိုင်းကြောင်းက အခုမှ သိရ။ ဒီဖက်က အဖိုးဇရပ်မဆောက်ခင် ၅နှစ်လောက်က။ အဖိုးဇရပ်က ၁၉၆၁ခုမှာ ပြီးတယ်ဆိုတော့ ဇရပ်မည်း ကြီးက ၁၉၅၆ လောက်မှာ ဆောက်မယ်။ ဆောက်ရင်း အမေနဲ့တွေ့ပြီး ညားသွားတာ ဖြစ်မယ်။ အဖိုးအိမ်နဲ့ ကျောင်းဝင်းကလည်း လမ်းဘဲခြားတာကိုး။ အဖိုးဇရပ်မှာလည်း အဖိုးရဲ့သားတွေ၊ ကိုယ့်ဦးလေးသုံးယောက်စလုံး ဘုန်းကြီးဝတ်တွေနဲ့ တွေ့ရတယ်။ အကြီးဆုံး ဦလေးကြီးက ပြင်ဦးလွင်မှာ သတင်းသုံးတယ်။ ဦးလေးအလတ် တစ်ယောက်က မော်လမြိုင်ဖက်မှာသတင်းသုံးရင် နေမကောင်းလို့ ပြန်ရောက်နေတယ်။ ဦးလေးအငယ်ကတော့ ဥယျာဉ်ကျောင်းမှာပဲ သတင်းသုံးတယ်။ ကိုယ့်အဖွားက သားလေးယောက်၊ သမီးလေးယောက် မွေးခဲ့တာ အခု ဦးလေးကသုံးယောက်၊ အဒေါ်ကနှစ်ယောက် ကျန်သေးတယ်။ လွန်ခဲ့တဲ့တစ်ပတ်လောက်က အဒေါ်တစ်ယောက် ဆုံးသွားခဲ့တယ်။ အမျိုးတွေအားလုံးနဲ့တွေ့ရတာ ပျော်စရာကောင်းတယ်။

         ကိုယ့်အမေကလည်း ကိုယ့်အထက်က လေးယောက်၊ အောက်က သုံးယောက်မွေးထားတာ အငယ် တစ်ယောက် တစ်နှစ်သားလောက်ကပဲ ဆုံးသွားတယ်။ တနိုင်းရောက်နေတဲ့အကိုတစ်ယောက်ကလွဲလို့ ကျန်တဲ့ အကို၊အမတွေနဲ့ ညီ၊ညီမတွေကို စုံစုံညီညီ တွေ့ခဲ့ရတယ်။ ကိုယ့်တူမတွေ မွေးထားတဲ့  မမြင်ဘူးတဲ့ မြေးကလေးတွေကိုလည်း တွေ့ခဲ့ရတယ်။

         မိုးကုတ်ကနေ ရန်ကုန်အပြန်မှာတော့ အရင် မိုးကုတ်-မန္တလေးကားလမ်းကနေ ပြန်ခဲ့တယ်။  ကားခကတော့ ရှေ့ခန်း ၁၃၀၀၀ိ/။ မိုးကုတ်မှာကလည်း ကားဂိတ်တွေက အရမ်းများလာပြီ။ဖော့တော့ အလွန်ကနေစပြီး ပုဂ္ဂလိကပေးထားတဲ့လမ်းက အရင် ၂နှစ်ကနဲ့မတူတော့ပဲ ကျယ်လို့၊ ဖြောင့်လို့၊  ကတ္တရာတွေ မည်းနက်နေလို့။ ၂၀၁၀ ပါတီစထောင်တုန်းက မန္တလေးကို ဆိုင်ကယ်နဲ့ဆင်းတိုင်း လမ်းက ချိုင့်ခွက်တွေကို မနည်းရှောင်၊ ကားတွေကို မနည်းရှောင်ရတဲ့လမ်းက ကားနှစ်စီး တစ်ဖက်တစ်ချက်စီ အေးအေးဆေးဆေး မောင်းလို့ရနေပြီ။ တစ်ခုပဲရှိတာက ဖော့တော့တံတားက သစ်သားဗေလီတံတားဖြစ်နေတုန်း။ ကျန်တဲ့တံတားတွေ အားလုံး ကွန်ကရစ်တံတားတွေ ဖြစ်ကုန်ပြီ။

         ဖော့တောကနေ ဇရပ်ကွင်း၊ လိပ်ကျအထိက  ၂၀၀၀ခုနှစ်လောက်ဆီက ရွှေတောမှာ လေးနှစ်လောက် ကျင်လည်ခဲ့တယ်။ ဇရပ်ကွင်းတစ်ဖက်က မြေနီတောင်မှာ ကြာခဲ့တယ်။ အခုတော့ ဒီဖက်တွေမှာ ဘယ်လိုများ ဖြစ်နေပြီလဲ။  လမ်းတစ်လျှောက်မှာ အရင်၂နှစ်ကထက် မတူတာက အိမ်ခြေတွေ တိုးလာသလို ရွာသစ်တွေ လည်း တွေ့နေရပြီ။ အရင်က ပုံးနဲ့ရောင်းတဲ့ ဆီဆိုင်တွေကနေ အခုတော့ ပန့်နဲ့ရောင်းတဲ့ ဆီဆိုင်တွေ ဖြစ်လာကုန် ပြီ။ အမြဲတန်းနားပြီး ထမင်းစားနေကျ စိန်ဂေဟာတစ်ဝိုက်လည်း ဆိုင်တွေ ခြောက်ကပ်ကပ်ဖြစ်ကုန်ပြီ။

         ဒါကတော့ ကျွန်တော့်ရဲ့ ဇာတိမြေ မိုးကုတ်ကို ခေတ္တပြန်သွားတဲ့ အတွေ့အကြုံကလေးကို ပြန်ပြောပြခြင်းပါ။

မိုးကုတ်ကိုတိုး (၂၂-၆-၂၀၁၄)

        

No comments:

Post a Comment