Sunday, June 8, 2014

ပြည်ထောင်စုကော်မရှင်သို့ တင်ပြသည့် ရွေးကောက်ပွဲပြုပြင်ရေးစာတမ်း

သို့

          ဥက္ကဋ္ဌ

          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

          နေပြည်တော်

                                                                                ရက်စွဲ၊  ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ( ၁၃ ) ရက်

 

အကြောင်းအရာ။          ရွေးကောက်ပွဲစနစ်     ပြုပြင်ရေးနှင့်ပတ်သက်၍    ဒီမိုကရေစီမိတ်ဆွေပါတီများ၏ သဘောထားအကြံပြုချက်  တင်ပြခြင်း

 

၁။       မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ကျင်းပခဲ့သောရွေးကောက်ပွဲများတွင် မဲဆန္ဒနယ်တစ်ခု၌ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းများအနက်  မဲအများဆုံးရရှိသူတစ်ဦးသာ  အနိုင်ရကိုယ်စားလှယ်

ဖြစ်သည့်စနစ် ( First Past The Post—FPTP System ) ကိုသာ ကျင့်သုံး လာခဲ့ပါသည်။

၂။       ဤစနစ်အရ အနိုင်ရသူကိုမဲပေးလိုက်ကြသူများသည်သာ လက်တွေ့တွင်ကိုယ်စားပြုခြင်းခံရပြီး၊ ကျန်မဲဆန္ဒရှင်များမှာ ကိုယ်စားမပြုပဲချန်ထားခံရသည်ဟုခံစားရခြင်း၊ လွှတ်တော်တွင် ပြည်သူလူထု၏ဆန္ဒ သဘောထားကို တိကျမှန်ကန်စွာထင်ဟပ်ဖေါ်ပြနိုင်မှု မရှိခြင်း၊ အချိုးမညီသည့်ကိုယ်စားပြုမှုများ ဖြစ်ပွားရ ခြင်း တို့ပေါ်ပေါက်ခဲ့ရပါသည်။

၃။       ယခုအခါ ကျွန်ုပ်တို့၏အိမ်နီးချင်းနိုင်ငံအချို့အပါအဝင် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံ အများအပြားတွင်၊ အထက်ဖေါ်ပြပါ တစ်နယ်တစ်ယောက် မဲအများဆုံးလူအနိုင်ရကိုယ်စားလှယ်ဖြစ်သည့် (FPTP ) စနစ်အစား နိုင်ငံရေး အုပ်စုများကို မိမိတို့ရရှိသည့်ဆန္ဒမဲ အနည်းအများအလိုက် လွှတ်တော်၌ကိုယ်စားပြုခွင့်ရစေမည့် အချိုးကျ ကိုယ်စားပြုစနစ်  ( Proportional Representation –PR System ) ကို ရွေးကောက်ပွဲများ၌ သုံးစွဲနေကြပြီ ဖြစ်ပါသည်။

၎။       အချိုးကျကိုယ်စားပြုစနစ် ( PR System ) ကို ကျင့်သုံးခြင်းအားဖြင့် မဲဆန္ဒရှင်များ၏ ကွဲပြားခြား နားသော ဆန္ဒသဘောထားများကို လွှတ်တော်၌ထင်ဟပ်နိုင်ခြင်း၊ မဲများအလဟဿအကျိုးမဲ့ဖြစ်မှု နည်းသွား သည့်အတွက် ရွေးကောက်ပွဲတွင် ပြည်သူလူထုပါဝင်မှု တိုးတက်လာခြင်း၊ ပါတီငယ်များ၊ တိုင်းရင်းသား ပါတီများ၊ ပုဂ္ဂလိကကိုယ်စားလှယ်လောင်းများအတွက် မျှတသည့် ကိုယ်စားပြုခွင့်ရခြင်း၊ စစ်မှန်သည့် ပါတီစုံစနစ် ထွန်းကားပြီး၊ ရွေးကောက်ခံအာဏာရှင်စနစ် (Electoral Dictatorship ) ပေါ်ပေါက်မှုကို တားဆီးနိုင်ခြင်း၊  လွှတ်တော်ကိုယ်စားလှယ်များ၏  အရည်အသွေးနှင့် အမျိုးသမီးများပါဝင်လာမှုတို့ တိုးတက်

လာခြင်းစသည့် အကျိုးကျေးဇူးများရရှိပြီး၊ ဒီမိုကရေစီစနစ် တည်တန့်မှုကို မလွဲမသွေ အထောက်အကူပြုမည်

ဖြစ်ပါသည်။

၅။       သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ၌ အချိုးကျ ကိုယ်စားပြုစနစ် (PR System) သို့မဟုတ် (PR) စနစ်နှင့် (FPTP) စနစ်တို့မှ အားသာချက်များကို ပေါင်းစပ် ထားသည့် ကိုယ်စားလှယ်နှောအချိုးကျစနစ် (Mixed Member Propotional – MMP System) စသည်ဖြင့် မြန်မာနိုင်ငံအခြေအနေနှင့် လိုက်လျောညီထွေဖြစ်မည့် ရွေးကောက်ပွဲစနစ်တစ်ခုကို ပြောင်းလဲကျင့်သုံးနိုင်ရေး အတွက် စီမံဆောင်ရွက်ပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။

၆။       ဒီမိုကရေစီမိတ်ဆွေပါတီများ ပြုစုထားသည့် ရွေးကောက်ပွဲစနစ်ပြုပြင်ရေးဆိုင်ရာ စာတမ်းတစ်စောင် ကိုလည်း ပူးတွဲတင်ပြပါသည်။

 

                                                         

 ဒီမိုကရေစီမိတ်ဆွေပါတီများ

ရွေးကောက်ပွဲစနစ် ပြုပြင်ရေး

 

နိဒါန်း

၁။       မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှစ၍ ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ၌ မဲဆန္ဒနယ်

တစ်နယ်တွင် ၀င်ရောက်အရွေးခံသူ ကိုယ်စားလှယ်လောင်းများအနက် မဲအများဆုံးရရှိသူကို အနိုင်ပေးသည့် စနစ် ( First Past The Post – FPTP System ) ကိုသာအသုံးပြုခဲ့ကြပါသည်။ ဤသည်မှာလည်း(၁၈)ရာစုနှစ် ကတည်းက အင်္ဂလန်နိုင်ငံတွင် ကျင့်သုံးခဲ့သောစနစ်ကို အတုယူ ဆက်ခံခဲ့ခြင်းဖြစ်ပါသည်။

၂။       (FPTP) စနစ်သည် ထိုစဉ်ကပါလီမန်လွှတ်တော်၌ အင်အားကြီးပါတီကြီးတစ်ခု၏ ကြီးစိုးအုပ်ချုပ်မှု ကိုသာ ပေါ်ပေါက်စေခဲ့ပါသည်။ ကိုလိုနီစနစ်အောက်မှ လွတ်မြောက်စ၊ စစ်ပြီးခေတ်မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုင်းရင်းသားအချင်းချင်း ဆက်ဆံရေးဆိုင်ရာ ကွဲပြားသောအမြင်အမျိုးမျိုးတို့ကို တစ်ပါတီ ကြီးစိုးသည့် ပါလီမန်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးနိုင်ခွင့် အားနည်းခဲ့ရသည်။ ထို့အတွက် တောက်လောင် နေသည့် ပြည်တွင်းစစ်မီးမငြိမ်းနိုင်ပဲ၊ လက်ဝယ်ရှိ ဒီမိုကရေစီကိုလည်း ဆုံးရှုံးခဲ့ရပါသည်။

၃။       နောက်ပိုင်း ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများတွင်လည်း (FPTP) စနစ်ကိုသာ  ဆက်လက်ကျင့်သုံး

ခဲ့ရာ၊  ရွေးကောက်ပွဲရလာဒ်မှ   လွှတ်တော်မပေါ်ပေါက်နိုင်ပဲ   စစ်အုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်း(၂၀)မျှ ကုန်လွန်ခဲ့ရခြင်း၊  ပေါ်ပေါက်လာသည့်လွှတ်တော်တွင်လည်း အချိုးမညီသည့်ကိုယ်စားပြုမှု ကြုံရခြင်းတို့ ဖြစ်ပေါ်ခဲ့ရပါသည်။

၎။       မြန်မာနိုင်ငံတွင် ပြဿနာများပေါ်ပေါက်ခဲ့မှု၌ (FPTP) ရွေးကောက်ပွဲစနစ်တွင် တာဝန်ရှိသည်ဟု ဆိုလို သည်ကားမဟုတ်ပါ။ သို့ရာတွင် ပြဿနာများဖြေရှင်းမှုတွင် ထိရောက်မှုမရှိခြင်းက ပေါ်လွင်နေပါသည်။ သို့ဖြစ်ရာ အတိတ်မှအတွေ့အကြုံများကို အခြေခံ၍ နိုင်ငံ၏ရေတိုရေရှည် အကျိုးစီးပွားအတွက် အခြေအနေနှင့် လိုက်လျောညီထွေရှိသော ရွေးကောက်ပွဲစနစ် (Electoral System) ကို ပြောင်းလဲကျင့်သုံးသွားနိုင်ရန် ပြင်ဆင် သင့်ပြီဖြစ်ပါသည်။

 

ရွေးကောက်ပွဲစနစ်များ (Electoral Systems)

၅။       အခြေခံအားဖြင့် လွှတ်တော်ရွေးကောက်ပွဲစနစ် ၂-မျိုးရှိပါသည်-

          (က)    အများစုအသာမဲစနစ် (Majority Election System)

          (ခ)      အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System)

          အထက်ပါစနစ်(၂)ခုကို ပေါင်းစပ်ထားသည့် (Mixed System) အပါအ၀င် စနစ်တိုင်းတွင် အားသာ ချက်၊ အားနည်းချက်များရှိနေသဖြင့် မည်သည့်စနစ်ကပိုကောင်းသည်ဟု ယေဘူယျ လက်ခံထားခြင်းမရှိပါ။ အလေးထား၍ စဉ်းစားရမည့်အချက်(၂)ခုမှာ ရွေးကောက်ပွဲစနစ်တစ်ခုသည် ရလာဒ်၌ဆန္ဒမဲတစ်ခုချင်း၏ သဘောထား တရားမျှတစွာထင်ဟပ်နိုင်ခြင်း ရှိ၊မရှိ နှင့် ဒီမိုကရေစီနိုင်ငံရေးစနစ်တည်မြဲမှုကို အထောက်အကူ ပြု မပြု ဆိုသည့်အချက်များဖြစ်ပါသည်။

(က)    အများစုအသာမဲစနစ် (Majority Election System)  အများစုအသာမဲစနစ်တွင်  အမျိုး  

အစားကွဲများရှိသော်လည်း လူသိအများဆုံးမှာ နိုင်သူအကုန်ယူ (Winner-take-all သို့မဟုတ်

First Past The Post – FPTP) စနစ်ဖြစ်ပါသည်။ ဤနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် စနစ်

ဖြစ်ပါသည်။

(၁)     အခြေခံအယူအဆ  မဲဆန္ဒနယ်ကို ကိုယ်စားပြုရန်အတွက် အသင့်တော်ဆုံးပုဂ္ဂိုလ်ကို

ရွေးချယ်ရန်ဖြစ်သည်။

                    (၂)      အားသာချက်၊ အားနည်းချက်များ -

-  ဤစနစ်တွင် မဲဆန္ဒနယ်တစ်နယ်၌ အနိုင်ရသူအား မဲပေးလိုက်သည့်  မဲဆန္ဒရှင်များ     

   သာ ကိုယ်စားပြုခြင်းခံရပြီး၊   ကျန်သူများမှာကိုယ်စားပြုမခံရပဲ၊   ဘေးရောက်သွား

   သည်ဟု ခံစားကြရပါသည်။

- ၂ -

-  ဤကဲ့သို့  မိမိတို့မဲများ   အလဟဿအကျိုးမဲ့ဖြစ်သွားသည်ဟု  ယူဆသူများအနေ     

   ဖြင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းလာပြီး   မဲပေးသူဦးရေလည်း ကျဆင်း

   လာနိုင်ပါသည်။

-  မဲဆန္ဒနယ်မြေမှမဲဆန္ဒရှင်များကို ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားမပြုနိုင်သည့်အတွက်

   လွှတ်တော်သည်လည်း   နိုင်ငံတစ်လွှားမှ   ပြည်သူအများ၏ဆန္ဒကို   ကျယ်ကျယ်

   ပြန့်ပြန့်  ကိုယ်စားမပြုနိုင်ဖြစ်ရပါသည်။   လွှတ်တော်တစ်ရပ်သည်   နိုင်ငံအတွင်းမှ

   အမြင်အမျိုးမျိုးကို အပြည့်အ၀ကိုယ်စားပြုနိုင်မှသာ လွှတ်တော်၏ဆုံးဖြတ်ချက်များ

   ကို တစ်မျိုးသားလုံး၏ ဆုံးဖြတ်ချက်များဟု ယူဆနိုင်ပါမည်။

-  ဤစနစ်တွင် ပါတီငယ်များအတွက် နိုင်ငံအတွင်းအခြားဒေသများနှင့်  ကွဲပြားသော

   အမြင်ရှိသည့် မဲဆန္ဒနယ်များမဟုတ်လျှင် နိုင်ခြေမရှိပါ။ ထို့ကြောင့်   ပါတီများသည်

   မဟာမိတ်များ၊ အုပ်စုများ ဖွဲ့စည်းလာကြရပြီး   နောက်ဆုံးတွင်ပါတီကြီး   နှစ်ခုသာ

   ကျန်သည့်အဖြစ်သို့ ရောက်ကြရသည်။ မဲဆန္ဒရှင်များအဖို့ ပါတီကြီးနှစ်ခုမှကိုယ်စား

   လှယ်လောင်းများကိုသာ မဖြစ်မနေရွေးကြရတော့သည်။ ဤစနစ်သည်  ခေတ်သစ်

   အတွေးစုံ၊   အသွေးစုံ   လူ့အသိုက်အ၀န်း (  Pluralistic  Modern  Society  )ကို

   ကိုယ်စားမပြုနိုင်။

-  တခါတရံတွင်   ထို့ထက်ပို၍လွန်ကဲစွာ   ပါတီတစ်ခုတည်းကသာ  အပြတ်အသတ်

   မြေပြိုသလို(Landslide Victory)အနိုင်ရရှိပါက ထိန်းကြောင်းရခက်ပြီး   ထင်သလို

   ကြဲသည့်  ရွေးကောက်ခံအာဏာရှင်စနစ် (Electoral Dictatorship)  သို့ရောက်ရှိ

   သွားနိုင်ပါသည်။  ဒုတိယကမ္ဘာစစ်မတိုင်မီ  ဟစ်တလာ၏ နာဇီဂျာမနီ ဖြစ်ပေါ်လာ

   မှုမှာ  သင်္ခန်းစာဖြစ်ပါသည်။   မြေပြိုရုံမက  လူ့အသိုင်းအ၀န်းပါ   ပြိုမတတ်ဖြစ်ခဲ့ရ    

   ပါသည်။

-  ဤစနစ်၏  အားသာချက်တစ်ခုမှာ    မဲဆန္ဒရှင်နှင့်    လွှတ်တော်ကိုယ်စားလှယ်တို့

   အကြား တိုက်ရိုက်ထိတွေ့ဆက်ဆံမှုရှိသဖြင့် ပိုမိုတာဝန်ရှိပြီး ပို၍တုံ့ပြန်ဆောင်ရွက်

   ပေးနိုင်သော အုပ်ချုပ်မှုပေါ်ပေါက်နိုင်သည်ဟု ယူဆကြသည်။

-  လွှတ်တော်တွင်ပါတီငယ်များဦးရေနည်းသဖြင့်ရွေးကောက်ပွဲအပြီးညွန့်ပေါင်းအစိုးရ

   ဖွဲ့ရန်မလိုတော့ပဲ ခိုင်မာသည့်အစိုးရ ပေါ်ပေါက်နိုင်ပါသည်။

(ခ)      အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System)                    အချိုးကျ ကိုယ်

          စားပြုစနစ်တွင် မဲဆန္ဒနယ်မြေတစ်ခုမှ  လွှတ်တော်ကိုယ်စားလှယ်အချို့ ကို  တပြိုင်တည်း ရွေး

          ချယ်တင်မြှောက်ရပါသည်။ ကိုယ်စားလှယ်ဦးရေ များသည့်အတွက်  မဲဆန္ဒနယ်မြေလည်း ပို၍

          ကျယ်ဝန်းပါသည်။ အခြေခံအားဖြင့် နိုင်ငံရေးပါတီတိုင်းက  ကိုယ်စားလှယ်လောင်းများ စာရင်း

ကို တင်ပြရပြီး၊ မဲဆန္ဒရှင်က ကြိုက်သည့်ပါတီကို ရွေးချယ်မဲပေးရပါသည်။ ပါတီများရရှိသည့် ဆန္ဒမဲအရေအတွက်နှင့် အချိုးကျသည့်လွှတ်တော်ကိုယ်စားလှယ်ဦးရေသတ်မှတ်ပေးပါသည်။

(၁)      အခြေခံအယူအဆ      နိုင်ငံရေးပါတီများသည် နိုင်ငံရေးအရအဖြေရှာမှုတွင် အဓိ က အခန်းကဏ္ဍမှ ပါဝင်ပါသည်။အပြိုင်အဆိုင်ပါတီများသင့်လျော်သည့်အရေအတွက်

          ရှိနေခြင်းသည်  အကြံကောင်းဥာဏ်ကောင်းများ  ပိုမိုပေါ်ထွက်နိုင်ပါသည်။   နှစ်ပါတီ

          တည်း ရှိနေခြင်းကတစ်ဖက်နှင့်တစ်ဖက် အလျော့မပေးစတမ်းဖြင့် မဆုတ်သာ မတက်သာ ဖြစ်နေတတ်ပါသည်။

(၂)      အားသာချက်၊ အားနည်းချက်များ -

-  PR စနစ်တွင်   ပါတီငယ်များအား     ထောက်ခံသူများအပါအ၀င်    နိုင်ငံရေးအုပ်စု  

   အားလုံးသည် တရားမျှတသောကိုယ်စားပြုမှုကို ခံစားရရှိကြပါမည်။

 

- ၃ -

-  မဲဆန္ဒရှင်များအဖို့ ရွေးချယ်ခွင့်ပိုရစေသော PR စနစ်တွင် စိတ်ဝင်တစား မဲထည့်သူ

   အရေအတွက်  ပိုလာမည်ဖြစ်သဖြင့်  နိုင်ငံရေး၌လူထုပါဝင်မှု  ရေချိန်မြင့်တက်လာ

   ပါမည်။

-  လွှတ်တော်တွင် နိုင်ငံရေးပါတီအရေအတွက် ပိုလာသဖြင့် ကိုယ်စားပြုဖော်ပြသည့်

   အမြင်အမျိုးမျိုးကို သိရှိခွင့်ရခြင်း။

-  ပါတီမှတင်ပြသည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင်  အရည်အချင်းပြည့်မီသူ

   များများ  ပါဝင်ရန်လိုအပ်သဖြင့်      ကိုယ်စားလှယ်လောင်းများ၏    အရည်အချင်း 

   တိုးတက်လာခြင်း။

-  အမျိုးသမီးများ စာရင်းတွင်ပါဝင်ရန်လည်း  လိုအပ်လာသဖြင့် အမျိုးသမီးများ ပါဝင်

   မှုနှုန်းမြင့်တက်လာခြင်း။

-  နှစ်ပါတီကြီးစိုးသည့်စနစ်၊  ရွေးကောက်ခံအာဏာရှင်စနစ်  တို့ပေါ်ပေါက်မှုကို ဟန့်

   တားနိုင်ခြင်း။

-  မဲဆန္ဒရှင်များနှင့်   ကိုယ်စားလှယ်တို့   တိုက်ရိုက်နီးကပ်စွာ  ဆက်ဆံမှုလျော့နည်း

   သဖြင့် တာဝန်ယူမှုအပိုင်းတွင် အားနည်းနိုင်ခြင်း။

-  ညွန့်ပေါင်းအစိုးရများ ဖြစ်တတ်ကြသဖြင့်  အုပ်ချုပ်သည့်အပိုင်းတွင်   ခိုင်မြဲမှုလျော့

   နည်းခြင်းရှိနိုင်သည်ဟု ယူဆကြသည်။

 

၆။       PR စနစ်ကို ကျွန်ုပ်တို့၏အိမ်နီးခြင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယ(အထက်လွှတ်တော်)၊ သီရိလင်္ကာ၊ နီပေါ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား တို့အပါအ၀င် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံ (၉၀) ခန့်တွင် ကျင့်သုံးနေကြပြီ ဖြစ်ပါသည်။

၇။       မြန်မာနိုင်ငံသည် နိုင်သူအကုန်ယူ(FPTP) စနစ်ကို တောက်လျှောက်ကျင့်သုံးလာခဲ့ခြင်း၊ အခြေခံဥပဒေ ပါ ကန့်သတ်ချက်များရှိနေဆဲဖြစ်ခြင်း၊ လူမျိုးစုတိုင်းရင်းသားများအရေးတွင် သီးခြားစဉ်းစားရမည့် အချက်များ ရှိနေခြင်း   စသည်တို့ကြောင့်   ( FPTP ) နှင့် ( PR )  စနစ်နှစ်ခုမှ   အားသာချက်များကို    ပေါင်းစပ်ထားသည့်

ကိုယ်စားလှယ်နှောအချိုးကျစနစ် (Mixed Member Propotional Voting – MMP) ကိုလည်း ထည့်သွင်းစဉ်းစား

သင့်ပါသည်။   ဤစနစ်ကို  ဂျာမနီနိုင်ငံက  စတင်တည်ထွင်အသုံးပြုခဲ့သဖြင့် ဂျာမန်စနစ် ( German System )

ဟုလည်း လူသိများပါသည်။ MMP စနစ်တွင် -

(က)    လွှတ်တော်ကိုယ်စားလှယ်ဦးရေ၏ တစ်စိတ်တစ်ပိုင်းကို လက်ရှိ(FPTP)စနစ်ဖြင့် ရွေးကောက် ပြီး၊ ကျန်အစိတ်အပိုင်းကို ပါတီစာရင်းအရ အချိုးကျစနစ်ဖြင့် ရွေးချယ်ထည့်ပေါင်းပါသည်၊

(ခ)      (FPTP)စနစ်၏ နယ်မြေကိုယ်စားပြုမှု၊ ကိုယ်စားလှယ်နှင့်မဲဆန္ဒရှင်တို့၏ ချိတ်ဆက်မှုတို့ပါဝင် ပြီး၊ ( PR )စနစ်၏ကွဲပြားသော အမြင်အမျိုးမျိုးကိုထင်ဟပ်နိုင်မှု၊ နိုင်ငံရေးပါတီအုပ်စုအသီးသီး

          အချိုးကျမျှတစွာ ကိုယ်စားပြုခွင့်ရရှိမှုတို့လည်း ပါဝင်သဖြင့် ဤစနစ်ကိုကျင့်သုံးလာကြပြီ ဖြစ်ပါသည်။

[မှတ်ချက်။       PR နှင့် MMP စနစ်များထဲမှ နမူနာမဲပေးပုံစံ(၂)ခုကို နောက်ဆက်တွဲတွင်ဖေါ်ပြထားပါသည်။ ]

 

ရွေးကောက်ပွဲစနစ်ရွေးချယ်မှု

၈။       ရွေးကောက်ပွဲစနစ်တစ်ခုသည် ရွေးကောက်ပွဲကျင်းပပုံနည်းစနစ်တစ်ခုဟု သာမန်သဘောထား၍မရပါ။ နိုင်ငံတစ်ခု၏ လက်ရှိပြဿနာများဖြေရှင်းရေးနှင့် အနာဂါတ်ကိုကောင်းမွန်စွာ ရင်ဆိုင်နိုင်ရေးအတွက် မည်သို့ သော အုပ်ချုပ်မှုတစ်ရပ်ကို တည်ဆောက်မည်နည်းဆိုသည့် မေးခွန်း၏အဖြေဖြစ်ပါသည်။

 

- ၄ -

၉။       ဤမျှအရေးကြီးသောကိစ္စကို လွယ်လွယ်သဘောထား၍မရနိုင်ပါ။ ရွေးကောက်ပွဲစနစ်ကိုလေ့လာလျှင် လေ့လာသလောက်နက်နဲပါသည်။အထက်တွင်ယေဘူယျဖေါ်ပြမှုများမှာ မိတ်ဆက်သဘောမျှသာရှိပါလိမ့်မည်၊

အက်ဒွပ်မင်းသားကျွန်း (Prince Edward Island)၏လွှတ်တော်ဥက္ကဋ္ဌ (The Honourable Mildred Dover)က သူ၏ PR အစီရင်ခံစာတွင် " PR စနစ်ကို ကျင့်သုံးသောနိုင်ငံတိုင်းသည် ယင်းနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီ သည့်စနစ်ကိုသာ သုံးကြပါသည်။ စင်စစ်ကမ္ဘာတွင် PR စနစ်ကို (၁၂၄)နိုင်ငံကျင့်သုံးသည်ဆိုလျှင် PR စနစ် အမျိုးအစား (၁၂၀)လောက်ရှိပါလိမ့်မည် " ဟုဆိုခဲ့ပါသည်။

၁၀။     နယ်သာလန် ပါတီစုံဒီမိုကရေစီဌာန (Netherlands Institude for Multi-party Democracy) ၏ ရွေးကောက်ပွဲစနစ်စာတမ်းတွင် -

          " အကောင်းဆုံးရွေးကောက်ပွဲစနစ် ဟူသည်မရှိပါ၊ ရွေးကောက်ပွဲကျင်းပရန် လိုအပ်သည့်အခြေအနေ တိုင်းတွင် ထည့်သွင်းစဉ်းစားစရာ အချက်အမျိုးမျိုး ရှိနေနိုင်ပါသည်။ နိုင်ငံများတွင်လည်းအပြိုင်အဆိုင်ရည်မှန်း ချက်များအနက် ဦးစားပေးရန်လိုအပ်သည်များ ရှိနေပါလိမ့်မည်။ အခြားနိုင်ငံများ၏ အတွေ့အကြုံများမှ သင်္ခန်းစာ ယူစရာများရှိနေသည့်တိုင် ရွေးကောက်ပွဲစနစ်တိုင်း၌ အားသာ/အားနည်းချက်များ ပါဝင်နေသဖြင့် မိမိတို့၏ အခြေအနေနှင့်အသုံးတည့်မတည့်၊ မည်မျှအကျိုးရှိ မရှိ ဆိုသည်မှာ စဉ်းစားရမည့်အချက်ဖြစ်ပါသည် " ဟုဆိုထားပါသည်။

၁၁။     ထို့ကြောင့် ဒီမိုကရေစီသို့ ကူးပြောင်းစမြန်မာနိုင်ငံတွင် ရွေးကောက်ပွဲစနစ်သည် အရေးပါသည့်ကိစ္စ တစ်ရပ်ဖြစ်သည့်အလျောက် အစကောင်းပြီးအနှောင်းသေခြာစေရန်အတွက် နိုင်ငံအခြေအနေနှင့် အသင့်မြတ် ဆုံး ပုံစံတစ်ခုကို ၀ိုင်းဝန်းအချိန်ယူ ညှိနှိုင်းဆုံးဖြတ်သင့်ကြပြီဖြစ်ပါသည်။

 

ရွေးကောက်ပွဲစနစ် ရွေးချယ်မှုဆိုင်ရာတွင် ပါဝင်သင့်သည့်အဖွဲ့အစည်းများ

၁၂။               ရွေးကောက်ပွဲစနစ်ရွေးချယ်ရာတွင် ရှုဒေါင့်အသီးသီးမှ မတူကွဲပြားသောအမြင်များ ရှိနေသည့်အချက် ကို အထူးထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။အုပ်စုအမျိုးမျိုးတို့က ရွေးကောက်ပွဲစနစ်ကို မိမိတို့၏အကျိုးစီးပွား နှင့်ယှဉ်၍စဉ်းစားကြမည်ဖြစ်သဖြင့် သက်ဆိုင်သူ (Stake Holders) များအကြား ပွင့်လင်းမြင်သာ၍ အားလုံး ပါဝင်ပြီး တရားမျှတသောညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ရန်လိုပါလိမ့်မည်။ အောက်တွင်ပါဝင်သင့်သည့် အဓိက သက်ဆိုင်သူများကို ဖေါ်ပြထားပါသည် -

          (က)    အုပ်ချုပ်သူအစိုးရ၊

          (ခ)      လွှတ်တော်၊

          (ဂ)      ရွေးကောက်ပွဲကော်မရှင်၊

          (ဃ)    နိုင်ငံရေးပါတီများ၊

          (င)      အသိအမြင်၊ အတွေ့အကြုံ ကြွယ်ဝသူများ၊

          (စ)      အမျိုးသမီး၊ လူငယ်နှင့် လူနည်းစုအုပ်စုများ၊

          (ဆ)    မီဒီယာနှင့် ပြန်ကြားရေးကဏ္ဍမှပုဂ္ဂိုလ်များ၊

          (ဇ)      ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အုပ်စုများ၊

          (ဈ)     လူထုပညာပေးကျွမ်းကျင်သူများ၊

          (ည)     တိုင်းရင်းသားလူမျိုးစုများ၊

          (ဋ)      ဥပဒေပညာရှင်များ၊

          (ဌ)      သန်းခေါင်စာရင်းနှင့် သုတေသနကျွမ်းကျင်သူများ၊

          (ဍ)      ပြည်သူလူထု။

  

 

 

- ၅ -

နိဂုံး

၁၃။     ယနေ့ကမ္ဘာတစ်ဝှန်း ကျင့်သုံးနေသည့် ဒီမိုကရေစီသည် ကိုယ်စားပြုဒီမိုကရေစီ( Repersentative Democracy) ဖြစ်ပါသည်။ ပြည်သူလူထုကို ကိုယ်စားပြုရာတွင် ကျယ်ပြန့်နိုင်သမျှ ကျယ်ပြန့်စွာ ကိုယ်စားပြုနိုင်

သလောက်ဒီမိုကရေစီသည်လည်း အတိုင်းအတာအားဖြင့် ပြည့်စုံသည်ဟု ဆိုရပါမည်။ကျွန်ုတို့ကြုံတွေ့ခဲ့ရသည့် ရွေးကောက်ပွဲ"တကယ့်ကိုခက်ခက်ခဲခဲပြိုင်လိုက်ရတာပဲ"သို့မဟုတ်"ပြိုင်ဖက်ကိုပွတ်ကာသီကာ နိုင်လိုက်တယ်"

ဆိုသည့်  စကားများ၏အဓိပ္ပါယ်မှာ   မဲဆန္ဒရှင်ဦးရေ   ထက်ဝက်နီးပါးလောက်သည် သူတို့မကြိုက်သည့် ကိုယ်စားလှယ်လောင်းနှင့် "ပေးစား" ခံရပြီး အရှုံးပေါ်သွားသည်ဟု ဆိုလိုရာ ရောက်ပါသည်။

၁၄။     ၂၁ ရာစုတွင် ဒီမိုကရေစီနိုင်ငံအများစုသည် ဒီမိုကရေစီခံတပ်ကြီးများဖြစ်ကြသည့် ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု စသည့် ခေတ်မမီတော့သည့် FPTP စနစ်တွင် တွယ်ကပ်ကျန်နေသော နိုင်ငံများကို ချန်ထားခဲ့ပြီး အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးနေကြပြီ ဖြစ်ပါသည်။

၁၅။     အချိုးကျကိုယ်စားပြုစနစ်သည် ရှေ့တွင်ဖော်ပြခဲ့သည့် အားသာချက်၊ အားနည်းချက်လက္ခဏာများအရ  FPTP စနစ်ထက် သိသာစွာသာလွန်နေသည်သာမက လစ်ဘရယ်ဒီမိုကရေစီစနစ်၏ အခြေခံသဘောတရား ဖြစ်သော  "အများစုသည် အုပ်ချုပ်ခွင့်ရှိပါ၏။ သို့သော် ပြည်သူတစ်ရပ်လုံးသည် ကိုယ်စားပြုခွင့် ရှိရပါမည်"  "majority may rule, but all of the people should be represented" ဆိုသည်ကို ထင်ဟပ် ဖော်ပြနေပါသည်။

၁၆။     ထို့ကြောင့် ယင်းအခြေခံဒီမိုကရေစီသဘောတရားနှင့် ကိုက်ညီပြီး နိုင်ငံ၏အခြေအနေနှင့် လိုက်လျော ညီထွေဖြစ်မည့် ရွေးကောက်ပွဲစနစ်ပေါ်ထွန်းရေးကို ၀ိုင်းဝန်းကြိုးပမ်းသင့်ကြပြီဖြစ်ကြောင်း တင်ပြလိုက်ရပါ သည်။



#to be happy#

$$ kotoetoe $$

No comments:

Post a Comment