Sunday, June 8, 2014

အချိုးကျကိုယ်စားပြုစနစ် Proportional Representation System - PR

အချိုးကျကိုယ်စားပြုစနစ်

Proportional Representation System - PR

 

ရွေးကောက်ပွဲစနစ် ပြုပြင်ရေး

 

၁။         မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ပါလီမန်ခေတ်မှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲများ၊ န၀တခေတ် ၁၉၉၀ ခုနှစ်ရွေးကောက် ပွဲနဲ့  အခု ဒီမိုကရေစီခေတ်ပြောင်းကာလ ၂၀၁၀ရွေးကောက်ပွဲနဲ့ ၂၀၁၂ ဧပြီကြားဖြတ်ရွေးကောက်ပွဲတွေမှာ အသုံးပြုရတဲ့မဲပေး စနစ်က နိုင်သူအကုန်ယူ ( Winner –take –all    သို့မဟုတ်  First –Past the Post- FPTP)  စနစ် ဖြစ်ပါတယ်။

၂။         ဒီစနစ်ဟာ ဗြိတိန်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ ခန့်(၁၈-ရာစု) က စတင်ကျင့်သုံးခဲ့ပြီး ခေတ်မမီတော့တဲ့စနစ် ဖြစ်ပါတယ်။ ခေတ်မမီတာထက် တရားမျှတမှု၊ လူထုကို ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုနိုင်မှုမှာ အားနည်းတဲ့အတွက် အချိုးကျကိုယ်စားပြုစနစ်( Proportional Representation System- PR) ကို  ကမ္ဘာ့ဒီမိုကရေစီနိုင်ငံ အများအပြားမှာ ကျင့်သုံးလာကြပြီ ဖြစ်တယ်။ Harvard တက္ကသိုလ်ဥပဒေပါမောက္ခ Lani Grinier က "အချိုးကျကိုယ်စားပြုမှုစနစ် (PR) ဟာ အနည်းစုမဲဆန္ဒရှင်တွေအတွက် တရားမျှတတဲ့ကိုယ်စားပြုမှု ပေးအပ်တဲ့အကောင်းဆုံးစနစ်ပဲ " လို့ ပြောပါတယ်။

၃။         ကျွန်တော်တို့နိုင်ငံက  မဲဆန္ဒရှင်တွေက နိုင်သူအကုန်ယူဆိုတဲ့ (FPTP)စနစ်ကိုသာ ကြုံတွေ့ခဲ့ရတော့  (PR)စနစ်ကို အဆန်းလို့ ထင်ချင်ထင်နေပါမယ်။ တကယ်တော့ ၂၁-ရာစုရောက်လာတဲ့ဒီခေတ်မှာ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံ(၉၀)လောက်မှာ  (PR)စနစ် ကို အသုံးပြုနေကြပါပြီ။  ကျွန်တော်တို့ရဲ့ အီမ်နီးချင်းနိုင်ငံတွေထဲက ကမ္ဘောဒီးယား၊ အိန္ဒိယ(အထက်လွှတ်တော်)၊ အင်ဒိုနီးရှား၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတွေမှာလည်း ကျင့်သုံးနေပါတယ်။ အနောက်ဒီမိုကရေစီနိုင်ငံတွေမှာ ဆိုလျှင်လည်း အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ ဗြိတိန်နိုင်ငံတွေလောက်သာ FPTP စနစ်ဟောင်းမှာ တွယ်ကပ်ကျန်နေပါတော့တယ်။

 

FPTP  စနစ်ရဲ့ ပြဿနာများ

 

၎။         မဲဆန္ဒနယ်တစ်နယ်မှာ တစ်ယောက်ရွေးတဲ့ FPTPစနစ် မှေးမှိန်လာရတာက ကြိးမားတဲ့ချို့ယွင်းချက်တွေ ရှိနေလို့ပါ။ မဲဆန္ဒရှင် အရေအတွက်အတော်များများဟာ အမြဲလိုလို ကိုယ်စားပြုမခံရတဲ့အချက်၊ လွှတ်တော်တွေဟာ ပြည်သူလူထုရဲ့ အမြင်ကို မှန်မှန်ကန်ကန် တိတိကျကျမထင်ဟပ်နိုင်တဲ့အချက်၊ ပါတီငယ်တွေအပေါ် ခွဲခြားဖိနှိပ်တဲ့အချက်၊ ဆန္ဒမဲပေးသူဦးရေ လျော့နည်းစေတဲ့အချက် စတာတွေဖြစ်ပါတယ်။ ဒါတွေဖြစ်ရတာက အနိုင်ရကိုယ်စားလှယ်ကို မဲပေးလိုက်တဲ့ မဲဆန္ဒရှင်တွေက သာ တကယ်ကိုယ်စားပြုခံရတယ် ဆိုတာက အဓိကဖြစ်ပါတယ်။

၅။         မဲဆန္ဒနယ်တစ်နယ်မှာ နှစ်ယောက်တည်းပြိုင်ရင်တောင် မဲဆန္ဒရှင် ၄၉%အထိဟာ ကိုယ်စားပြုမခံရတာ ဖြစ်နိုင် တယ်။  နှစ်ယောက်ထက်ပိုယှဉ်ပြိုင်လျှင်လည်း ဒီထက်ပိုဆိုးနိုင်ပါတယ်။ ဥပမာ (၃)ယောက်ပြိုင်လို့ ဥိးဖြူက ၄၀ %နဲ့နိုင်ပြီး ၊ ဦးနီက ၃၀ %၊ ဦးနက်က ၃၀ % နဲ့ နဲ့ရှုံးရင် မဲဆန္ဒရှင် ၆၀ %ဟာ ကိုယ်စားပြု မခံရဘူး ဖြစ်သွားပါလိမ့်မယ်။ ရွေးကောက်ပွဲမှာ  ရှုံးတဲ့သူကို မဲပေးလိုက်တဲ့သူတွေဟာ ကိုယ်စားပြုမခံဘဲ  မဲရုံကထွက်လာရတဲ့ သဘောပါပဲ။ မဲဆန္ဒတစ်နယ် တစ်ယောက်ရွေး တဲ့ FPTP စနစ်မှာ  မဲပေးနိုင်တဲ့ အခွင့်အရေးကို ရပေမယ့် တန်းတူအရေးကြီးတဲ့ ကိုယ်စားပြုခံရခွင့်ဆိုတာကိုတော့ ဆုံးရှုံးသွား နိုင်ပါတယ်။

၆။         အခုလို မဲဆန္ဒနယ်မှာ ကိုယ်စားပြုမှုငြင်းပယ်ခံရတာဟာ လွှတ်တော်မှာလည်း အချိုးမညီတဲ့ ကိုယ်စားပြုမှုတွေ တောက်လျှောက်ဖြစ်ခဲ့တဲ့ သမိုင်းရှိပါတယ်။ အကယ်၍သာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ တစည ပါတီဟာ ကိုယ်စားလှယ် ၁၀ ဦး (၂.၂%)အစား သူရခဲ့တဲ့ ဆန္ဒမဲ ၃၀%လောက်နဲ့အညီ ကိုယ်စားလှယ် ၁၃၀ ဦးလောက် ရခဲ့ရင် လွှတ်တော်ပေါ်ပေါက် ပြီး ဒီမိုကရေစီကို အခုထက်စောပြီး ရလေမလားလို့ စိတ်ကူးကြည့်မိပါတယ်။

၇။         PRစနစ်ကို အသုံးများလာရခြင်းက အခုသုံးနေတဲ့ FPTP စနစ်လို အချို့က ကိုယ်စားပြုခွင့်ရ၊ အချို့ကမရ မဖြစ်ဘဲ အရေးထားလောက်တဲ့အရေအတွက်ရှိရင် ကိုယ်စားပြုခံရနိုင်တာကြောင့် ဖြစ်ပါတယ်။

၈။         မဲဆန္ဒရှင် ၁၀%၊ ၂၀%လောက်ပဲ ထောက်ခံမှုရတဲ့ ပါတီငယ်တွေတောင် PR စနစ်အရ နယ်မြေတစ်ခုအတွင်းမှာ အမတ်နေရာအချို့ ရွေးချယ်ခံရနိုင်ပါတယ်။ လူတစ်ယောက်ချင်းထည့်တဲ့မဲဟာ အရေးပါ ပါတယ်။ လွှတ်တော်တွေမှာလည်း ပါတီတွေဟာ ရရှိတဲ့မဲအင်အားအလိုက် ရပ်တည်နိုင်ပါတယ်။  ပါတီတစ်ခုဟာ မဲဆန္ဒရှင် ၃၀% ရရင် ကိုယ်စားလှယ်နေရာ ၃၀% ရနိုင်ပြီး ၂%လောက်နဲ့ ချောင်ထဲရောက်သွားမယ့်အခြေက ကင်းဝေးသွားပါမယ်။

 

 

၉။         နိုင်သူအကုန်ယူ FPTP စနစ်မှာကတော့  ကိုယ်စားလှယ်လောင်းဟာ အနိုင်ရဖို့အတွက် အများစုမဲကို ရဖိုလိုပါတယ်။

ဒါကြောင့် ပါတီငယ်တစ်ခုရဲ့ ကိုယ်စားလှယ်လောင်းများအတွက် အဲ့ဒီအများစုရဖို့ဆိုတဲ့ မဟာတံတိုင်းကြီကို ကျော်လွှားနိုင်ဖို့ ခဲယဉ်း ကြပါတယ်။  ဒီအချက်ကြောင့်ပဲ အမေရိကန်ပြည်ထောင်စုရဲ့သမိုင်းတစ်လျှောက်မှာ ပါတီငယ်ကလေးတွေ တစ်ထောင်ကျော် ပေါ်ပေါက်ခဲ့ပြီး အလျှင်အမြန်ပျောက်ကွယ်ခဲ့ရကြရပါတယ်။   ပါတီငယ်များကို ထောက်ခံသူများအနေနဲ့  မနိုင်နိုင်တဲ့ ကိုယ့် ကိုယ်စားလှယ်လောင်းကို မဲပေးပြီး အလဟဿအဖြစ်ခံမလား၊  ကိုယ်မကြိုက်တဲ့ပါတီကြီးနှစ်ခုထဲက နည်းနည်းလျှော့ပြီး မကြိုက်တဲ့ပါတီကိုပဲ မဲပေးမလား၊ လုံးဝမဲမပေးဘဲနေမလား  ဆိုတာကို ရွေးဖို့ပဲ ရှိပါတော့တယ်။ အတိုခြုံးပြောရရင် တစ်နယ် တစ်ယောက်ရွေးတဲ့ FPTP  စနစ်ဟာ ပါတီငယ်တွေကို အနိုင်ကျင့်သလိုဖြစ်နေပြီး သူတို့အနေနဲ့ ပါတီကြိးတွေကို မယှဉ် နိုင်အောင် အကာအကွယ်ပေး ထားသလို ဖြစ်နေပါတယ်။

၁၀။       အခုဖော်ပြခဲ့တဲ့ ပြဿနာကို PR စနစ်က ဆုံးခန်းတိုင်စေမှာ ဖြစ်ပါတယ်။ PR စနစ်အောက်မှာ ပါတီငယ်များကို ထောက်ခံသူတွေအပါအ၀င် နိုင်ငံရေးအုပ်စုအားလုံးဟာ တရားမျှတတဲ့ကိုယ်စားပြုမှုကို ရရှိကြပါလိမ့်မယ်။ ပါတီငယ်တွေအဖို့ ၁၀%၊ ၂၀% မဲရရင် ကိုယ်စားလှယ်တစ်ယောက်တော့ ရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ PR စနစ်အောက်မှာ ပါတီငယ်တွေဟာ ရှင်သန်ရပ်တည်ခွင့်ရှိကြပြီး မှန်မှန်ကန်ကန် ယှဉ်ပြိုင်မှုရှိတဲ့ ပါတီစုံစနစ်ဟာလည်း ပီပီပြင်ပြင် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

 

အချိုးကျကိုယ်စားပြုစနစ်( Proportional Representation System- PR)

 

၁၁။       အချိုးကျကိုယ်စားပြုမှုစနစ် (PR) ဆိုတာ တိတိကျကျက ဘာလဲ?  ဘယ်လိုလုပ်ဆောင်တာလဲ ?  လက်ရှိစနစ်ထက် ဘာတွေသာနေလို့လဲ ? လို့ မေးစရာရှိပါတယ်။ (PR)စနစ် ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ရှင်းရလွယ်ပါတယ်။  (PR)စနစ်မှာ

ပုံစံအမျိုးမျိုးရှိပေမယ့် အခြေခံလက္ခဏာ (၂)ချက်ပဲ ရှိပါတယ်-

(က)      ပထမအချက်က မဲဆန္ဒနယ်မြေကျဉ်းကျဉ်းက ကိုယ်စားလှယ်တစ်ဦးသာ ရွေးကောက်တင်မြှောက်တာမျိုး မဟုတ်ဘဲ  မဲဆန္ဒနယ်မြေကျယ်ကျယ်က ကိုယ်စားလှယ်အများအပြားကို တစ်ပြိုက်နက်တင်မြှောက်နိုင်တာ

            ဖြစ်ပါတယ်။ (ဥပမာအားဖြင့် ငါးယောက်မှ ဆယ်ယောက်စသဖြင့်)

(ခ)       ဒုတိယအချက်က အဲ့ဒီကိုယ်စားလှယ်တွေပါတဲ့ မဲဆန္ဒနယ်မြေမှာ ဘယ်သူတွေကနိုင်သလဲဆိုတာကို ယှဉ်ပြိုင်တဲ့ ပါတီတွေ ရရှိတဲဆန္ဒမဲအချိုးအစားအလိုက် ဆုံးဖြတ်ပါတယ်။  ဥပမာ (၁၀)ဦးပါမဲဆန္ဒနယ်မြေမှာ

(က) ပါတီက ၅၀% မဲရရှိရင်  အမတ်(၅)ယောက်၊  (ခ) ပါတီရတဲ့ မဲ၃၀%က  (၃)ယောက်၊   (ဂ) ပါတီရတဲ့

 မဲ ၂၀%က (၂)ယောက် တို့ ဖြစ်ပါတယ်။

၁၂။       မဲဆန္ဒရှင်တွေအဖို့  ရွေးချယ်ခွင့်ပိုရစေတဲ့ PR စနစ်အောက်မှာ  မဲထည့်သူတွေလည်း ပိုမိုလာမှာ  သေချာပါတယ်။ မဲဆန္ဒရှင်တွေက သူတို့တကယ်ကြိုက်တဲ့ ပါတီနဲ့ ကိုယ်စားလှယ်လောင်းကို ရှာဖွေရွေးချယ်နိုင်ပြီး သူတို့ထည့်လိုက်တဲ့မဲဟာ  အလဟဿ မဖြစ်ဘူးဆိုတာ သိလာကြပါလိမ့်မယ်။

၁၃။       PR စနစ်အောက်မှာ  တိုင်းရင်းသားလူနည်းစုများအတွက်လည်း မိမိတို့ဒေသအတွက်သာမက တစ်နိုင်ငံလုံးအရေး အတွက်လည်း ပါဝင်ခွင့်ရလာပါလိမ့်မယ်။ အမျိုးသမီးများဟာလည်း ဒီစနစ်ကြောင့် ပိုမိုကိုယ်စားပြုခွင့်၊ ရွေးချယ်ခံရခွင့်  ရှိလာပါလိမ့်မယ်။  အမေရိကန်ပြည်ထောင်စုရဲ့ အောက်လွှတ်တော်မှာ အမျိုးသမီးပါဝင်နှုန်းက ၁၃% ၀န်းကျင်မှာ တစ်ဝဲလည် လည် ဖြစ်နေပေမယ့် အခြား PR စနစ် ကျင့်သုံးတဲ့နိုင်ငံတွေမှာတော့ အမျိုးသမီးပါဝင်နှုန်းက ၂၀%၊ ၃၀%  အချို့နိုင်ငံတွေမှာ ၄၀% အထိ ပါဝင်နေကြပါပြီ။  နောက်ဆုံး တသီးပုဂ္ဂလအဖြစ် ၀င်ရောက်အရွေးခံတဲ့သူတောင် မဲနည်းနည်းနဲ့ အရွေးခံရနိုင်ချေ ရှိနေပါသေးတယ်။ PR စနစ်ရဲ့အားသာချက်များကတော့-

(က)      မဲဆန္ဒရှင်တွေက မဲပေးပြီးဖော်ထုတ်ပြသတဲ့ဆန္ဒကို ပိုမိုရှင်းရှင်းလင်းလင်း ကိုယ်စားပြုဖော်ပြနိုင်တယ်။

(ခ)       မဲများ အလဟဿ အကျိုးမဲ့ဖြစ်မှုနည်းသွားတဲ့အတွက် မဲပေးသူ များလာအောင် ဆွဲဆောင်နိုင်တယ်။

(ဂ)       အနည်းစုပါတီငယ်များအတွက် မျှတတဲ့ ကိုယ်စားပြုခွင့် ရရှိနိုင်တယ်။

(ဃ)      ပုဂ္ဂလိကကိုယ်စားလှယ်လောင်းများအတွက်လည်း အခွင့်အရေး ပိုရနိုင်တယ်။

(င)       အပိုင် တွက်ထားပြီး မဲ မပေးဘဲနေလို့ရတယ်ဆိုတာ မရှိတော့တဲံအတွက် ရွေးကောက်ပွဲမှာ လူထုပါဝင်မှု များလာ မယ်။

(စ)       မဲဆန္ဒရှင်များက ရွေးချယ်နိုင်တဲ့ ကိုယ်စားလှယ်လောင်း များလာသလို၊ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်း လည်း အပြိုင်အဆိုင်တိုးတက်လာနိုင်တယ်။

(ဆ)      နှစ်ပါတီကြီးစိုးတဲ့စနစ်ကို ဖယ်ရှားနိုင်တဲ့အတွက် စစ်မှန်တဲ့ ပါတီစုံစနစ် ထွန်းကားလာနိုင်တယ်။

(ဇ)       ပါတီတစ်ခုတည်းက လက်ဝါးကြီးအုပ် ကြီးစိုးတဲ့ ရွေးကောက်ခံအာဏာရှင်စနစ်( Elective Dictarorship) ပေါ်ပေါက် လာမှုကို တားဆီးနိုင်မယ်။

 

(ဈ)       အမျိုးသမီးများ တိုးတက်ပါဝင်လာမှုကို ဖြစ်ပေါ်စေမယ်။

၁၄။       PR စနစ်မှာ ပုံစံအမျိုးမျိုးရှိတဲ့အတွက် ကမ္ဘာအနှံ့ (၈၀%) ကျော် အသုံးပြုတဲ့ ပါတီစာရင်းအရမဲပေးခြင်း  ( Party List

Voting) ပုံစံအကြောင်း အကျဉ်းချုံးတင်ပြပါမယ်-

 

ပါတီစာရင်းအရမဲပေးခြင်း( Party List Voting)

 

၁၅။     နယ်မြေကျယ်ကျယ်မှာ   ကိုယ်စားလှယ်အများကို ရွေးရပါတယ်။   သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်အရေအတွက်နဲ့ အညီ  ပါတီကစာရင်းတင်ပြရပါတယ်။  တသီးပုဂ္ဂလတွေကတော့ တစ်ယောက်ကို ပါတီတစ်ခုသဘောထား စာရင်းတင်လာ တယ်။ မဲပေးတဲ့အခါ မဲဆန္ဒရှင်က ကိုယ်ကြိုက်တဲ့ပါတီကိုပေးပြီး ရတဲ့မဲအချိုးအစားအတိုင်း အနိုင်ရကိုယ်စားလှယ်အရေ အတွက်ကို ခွဲယူရပါတယ်။ ဒါကြောင့် (၅)ဦးရွေးချယ်ခွင့်ရှိတဲ့နယ်မှာ (က)ပါတီက မဲ ၄၀ %  ရရင် ကိုယ်စားလှယ် ၂ ဦးရမှာ ဖြစ်ပါတယ်။

၁၆။       ပါတီစာရင်းအရမဲပေးခြင်း  ( Party List Voting) မှာလည်း   စာရင်းသေ (Closed List)နဲ့   စာရင်းရှင် ( Open List)

ဆိုပြီး နှစ်မျိုးရှိပါတယ်။   စာရင်းသေမှာ   ပါတီကကိုယ်စားလှယ်လောင်းအမည်ကို   ဦးစားပေးအရထည့်ထားပြီး  မဲဆန္ဒရှင်က

ကြိုက်တဲ့ပါတီကို ခြုံပြီး မဲပေးရပါတယ်။   မဲဆန္ဒရှင်က ဦးစားပေးချင်တဲ့ ကိုယ်စားလှယ်ကို ရွေးချယ်ခွင့် မရပါဘူး။  ပါတီစာရင်း

အတိုင်းသာ လက်ခံရပါတယ်။  ဒါကြောင့် နှစ်ဦးရွေးချယ်ခံရတဲ့ (က)ပါတီမှာ  ကိုယ်စားလှယ်လောင်း (၅)ဦးအနက် အပေါ်ဆုံး

နှစ်ဦးကသာ အရွေးချယ်ခံရမှာ ဖြစ်ပါတယ်။

၁၇။       ဥရောပဒီမိုကရေစီနိုင်ငံတွေက   အခုအခါမှာ စာရင်းရှင် ( Open List) ကို  သုံးလာကြပါတယ်။   ပါတီကရွေးချယ်တဲ့

ကိုယ်စားလှယ်လောင်းတွေကို  ပါတီစာရင်းမှာ ဦးစားပေးမဟုတ်ဘဲ ကျဘမ်းထည့်ထားပါတယ်။ မဲဆန္ဒရှင်က ပါတီကိုတိုက် ရိုက်မဲမပေးဘဲ သူကြိုက်တဲ့ကိုယ်စားလှယ်လောင်းကို ရွေးချယ်မဲပေးပါတယ်။ ဒီမဲတစ်မဲက ကိုယ်စားလှယ်လောင်းအတွက် ရော ပါတီအတွက်ပါ သက်ဆိုင်ပါတယ်။   ဒီတော့ ပါတီစာရင်းထဲမှာ လူကြိုက်အများဆုံး ကိုယ်စားလှယ်လောင်းက  အပေါ် တက်လာတဲ့အတွက် အရွေးချယ်ခံရဖို့ ပိုမိုနီးစပ်သွားပါတယ်။

 

မဲကဒ်ပြားနမူနာပုံစံ

တရားဝင်မဲကဒ်ပြား

…………………………………..ပါတီစုံအထွေထွေရွေးကောက်ပွဲ

မဲဆန္ဒနယ်မြေ အမှတ်………………………

ဆန္ဒမဲပေးနည်းညွှန်ကြားချက်

        ၁။    မဲ တစ်မဲ သာပေးရမည်။

        ၂။   သင်ဆန္ဒမဲပေးလိုသည့် ကိုယ်စားလှယ်လောင်းရှေ့မှ သက်ဆိုင်သည့်ကွက်လပ်တွင် (  ×  ) ရေးထည့်ပါ။

        ၃။ သင်၏မဲကို သင်ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းနှင့် ၄င်း၏ပါတီအတွက် ထည့်သွင်းရေတွက်ပေး                  .             ပါ မည်။

 

(က)ပါတီ

(ခ)ပါတီ

(ဂ)ပါတီ

(ဃ)ပါတီ

(င)ပါတီ

 

ဦးဖြူ

 

ဦးမဲ

 

ဒေါ်သဲ

 

ဦးစီ

 

ဦးဗိုလ်

 

ဦးလှ

 

ဦးနု

 

ဦးတုတ်

 

ဦးအောင်

 

 

 

ဒေါ်မြ

 

ဦးမောင်

 

ဒေါ်ဝါ

 

ဦးသိန်း

 

 

 

ဦးနက်

 

ဒေါ်ခင်

 

ဦးပန်း

 

ဒေါ်သောင်း

 

 

 

ဦးပြူး

 

ဦးသိန်း

 

ဦးကြည်

 

ဦးတိုး

 

 

           

၁၈။       မဲထည့်ပြီးတဲ့အခါမှာ အနိုင်ရတဲ့ပါတီနဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်နည်းအမျိုးမျိုး ရှိတဲ့အနက်  အလွယ်ကူဆုံး နည်းတစ်နည်းကတော့ မဲကျန်အများဆုံးနည်း ( Largest remainder formula) ဖြစ်ပါတယ်။

၁၉။       ဒီနည်းမှာ  ပထမဆုံးအဆင့်က ခွဲတမ်းမဲ( Quota) ကို သတ်မှတ်ရပါတယ်။ ဒါကတော့ ထည့်လိုက်တဲ့တရားဝင်မဲ (Valid voter) အရေအတွက်ကို သတ်မှတ်တဲ့ကိုယ်စားလှယ်အရေအတွက်နဲ့ စားလို့ရတဲ့ကိန်းဖြစ်ပါတယ်။  ဥပမာအားဖြင့် အောက်မှာပြထားတဲ့ဇယားအရဆိုရင် တရားဝင်မဲ ၁၀၀,၀၀၀ ထည့်ပြီး ကိုယ်စားလှယ် ၁၀ ဦးရွေးရမှာဖြစ်လို့ ခွဲတမ်းမဲကို ၁၀၀,၀၀၀ ÷၁၀= ၁၀,၀၀၀ သတ်မှတ်ပါတယ်။ ပါတီတစ်ခုချင်းအလိုက်ရတဲ့မဲစုစုပေါင်းကို ခွဲတမ်းမဲနဲ့စားပြီး ရလာဒ်ကိန်းပြည့် ဟာ ပါတီကရမယ့် ကနဦးကိုယ်စား လှယ် အရေအတွက် ဖြစ်ပါတယ်။ အကျွင်းကမဲကျန်(Remainder)ဖြစ်ပါတယ်။

 

ဥပမာ -

            အနီရောင်ပါတီ                       ခွဲတမ်းမဲ                              ရလဒ်                       အကြွင်း(မဲကျန်)

                 ရမဲ                                                           (ကနဦးကိုယ်စားလှယ်)

            ၃၈၀၀၀          ÷           ၁၀၀၀၀                 =                                     ၈၀၀၀

 

၂၀။       ပထမအဆင့်သတ်မှတ်ပြီးတဲ့အခါ ပါတီအသီးသီးကရတဲ့မဲကျန်တွေကို နှိုင်းယှဉ်ကြည့်ပြီး မဲကျန်အနည်းအများအ လိုက် ကျန်တဲ့ကိုယ်စားလှယ်နေရာတွေကို ခွဲဝေပေးပါတယ်။ ပါတီတစ်ခုအတွက် ကနဦးရထားတဲ့နေရာနဲ့ နောက်ထပ်ရတဲ့ နေရာပေါင်းပြီး နောက်ဆုံးအနိုင်ရတဲ့ ကိုယ်စားလှယ်နေရာ ထွက်လာပါတယ်။ အောက်ကဥပမာမှာ ကျန်တဲ့နေရာ နှစ်နေရာ အတွက် အနီရောင်ပါတီနဲ့ ဦးဖြူ(တစ်သီးပုဂ္ဂလ)တို့က မဲကျန်အများဆုံးရပြီး တစ်နေရာစီ ခွဲဝေရသွားပါတယ်။

 

မဲကျန်အများဆုံးနည်းဖြင့် ကိုယ်စားလှယ်နေရာသတ်မှတ်ခြင်း

 

ပါတီ

တရားဝင်

ရမဲများ

ကနဦးသတ်မှတ်

ကိုယ်စားလှယ်

မဲကျန်

ဒုတိယသတ်မှတ်

ကိုယ်စားလှယ်

အပြီးသတ်

သတ်မှတ်

ကိုယ်စားလှယ်

ရမဲ

ရာခိုင်နှုန်း

နေရာ

ရာခိုင်နှုန်း

အနီရောင်

၃၈၀၀၀

၈၀၀၀

၃၈

၄၀

အစိမ်းရောင်

၂၃၀၀၀

၃၀၀၀

၂၃

၂၀

အပြာရောင်

၂၁၀၀၀

၁၀၀၀

၂၁

၂၀

ခရမ်းရောင်

၁၂၀၀၀

၂၀၀၀

၁၂

၁၀

ဦးဖြူ

၆၀၀၀

၆၀၀၀

၁၀

နောက်ဆုံးအနေနဲ့ ပါတီများဟာ ၄င်းတို့ရရှိတဲ့ ထောက်ခံမဲနဲ့ အနီးစပ်ဆုံးကိုယ်စားလှယ်အရေအတွက်ကို ရရှိသွားကြ ပါတယ်။

 

ကိုယ်စားလှယ်နှောအချိုးကျစနစ်( Mixed Member Proportional Voting) MMP

 

၂၁။       မြန်မာနိုင်ငံမှာလို နိုင်သူအကုန်ယူ ( FPTP)စနစ်ကို ကျင့်သုံးတာကြာပြီး  မဲဆန္ဒနယ်၊ လွှတ်တော်ကိုယ်စားလှယ် အရေအတွက် စတာတွေက အခြေခံဥပဒေပါ ပြဌာန်းချက်တွေကြောင့် အကန့်အသတ်ရှိနေဆဲအခြေအနေမျိုးမှာ FPTP  နဲ့ PR နှစ်မျိုးစလုံး ရောသမထားတဲ့ MMP စနစ်ကိုလည်း စဉ်းစားသင့်ပါတယ်။ ဒီစနစ်ရဲ့အခြားနာမည်များကတော့  The Additional member system (အပိုဆောင်းကိုယ်စားလှယ်စနစ်)၊ Compensataory PR ( ထေပေးအချိုးကျကိုယ်စားပြုစနစ်)၊  Two Vote System  (မဲနှစ်မျိုးပေးစနစ်)၊  German System(ဂျာမန်စနစ်) တို့ ဖြစ်ပါတယ်။

၂၂။       လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ရဲ့တစ်ဝက်ကို  တစ်နယ်တစ်ယောက် FPTP စနစ်နဲ့  ရွေးချယ်ပြီး ကျန်တစ် ၀က်ကို ပါတီစာရင်းအရ ရွေးကောက်ပြီး ပေါင်းထည့်ပေးပါတယ်။  သဘောကျထောက်ခံသူတွေက ဒီစနစ်ဟာ FPTP စနစ်ရဲ့ နယ်မြေဒေသကို ကိုယ်စားပြုမှုရော၊ PR စနစ်ရဲ့မျှတပြီး ကွဲပြားမှုအမျိုးမျိုးကို ကိုယ်စားပြုမှုရော ပါဝင်တယ်လို့ ဆိုပါတယ်။

၂၃။       ဒီစနစ်ကို ဒုတိယကမ္ဘာစစ်ကြီးပြီးကာစက အနောက်ဂျာမဏီနိုင်ငံမှာ တည်ထွင်ခဲ့တာပါ။ နောက်ပိုင်းမှာ ဘိုလစ်ဗိးယား ၊ဗင်နီဇွဲလား စတဲ့နိုင်ငံအချို့မှာ ကျင့်သုံးလာပေမယ့်  များများစားစားတော့ မဟုတ်သေးပါဘူး။ အခုအခါမှာ စနစ်နှစ်ခုအကြားက ကြားချလို့ရတဲ့စနစ်အဖြစ် စိတ်ဝင်စားမှု မြင့်တက်လာပါတယ်။ ၁၉၉၀ ခုနှစ်မှာ နယူးဇီလန်၊ နောက် ဟန်ဂေရီတို့က လိုက်သုံးပြီး မကြာသေးခင်က အသစ်ဖွဲ့စည်းလိုက်တဲ့ စကော့တလန်နဲ့ ဝေလနယ်လွှတ်တော်တွေရဲ့ ပထမဆုံး ရွေးကောက်ပွဲမှာ သုံးကြပါတယ်။

 

 

 

MMP စနစ်လုပ်ဆောင်ပုံ

 

၂၄။       မဲဆန္ဒရှင်က နှစ်ခြမ်းတွဲမဲပြားကို ထည့်ရပါတယ်။  မဲပြားရဲ့ဝဲဘက်ခြမ်းမှာ မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်ကို ရွေးရပါတယ်။ ဒါကတော့ ထုံးစံအတိုင်း မဲဆန္ဒနယ်မြေ ကို  ကိုယ်စားပြုတဲ့သူကို  FPTP စနစ်နဲ့ ရွေးတာပါ။ မဲအများဆုံးရသူက

နိုင်တယ်ပေါ့။ ပုံမှန်အားဖြင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဝက်ကို ဒီနည်းနဲ့ ရွေးလေ့ရှိပါတယ်။

၂၅။       မဲပြားရဲ့ညာဘက်မှာတော့ ပါတီစာရင်းကို ဖော်ပြပြီး မဲဆန္ဒရှင်က မိမိကြိုက်နှစ်သက်တဲ့ပါတီကို မဲပေးရွေးချယ်ရ ပါတယ်။  ကိုယ်စားးပြုခွင့်ရတဲ့အရေအတွက်ကိုတော့ ပါတီရဲ့ သတ်မှတ်ထားတဲ့စာရင်းထဲက ဖြည့်ရပါတယ်။ ဂျာမန်ပုံစံမှာတော့ ပါတီစာရင်းက အသေပါပဲ။ အောက်ပါပုံစံကို ကြည့်ပါ -

 

တရားးဝင်မဲကတ်ပြား

မဲ(၂)မဲပေးနိုင်သည်

နယ်မြေမဲ

 

ပါတီမဲ

လွှတ်တော်သို့အရွေးခံမည့်သူကိုဤမဲဖြင့်ရွေးခြင်းဖြစ်သည်။

မဲပေးလိုသည့်ကိုယ်စားလှယ်လောင်းရှေ့ကွက်လပ်

တွင် (    ×   ) ပြုလုပ်ပါ။

တစ်မဲသာ ပေးနိုင်သည်။

လွှတ်တော်တွင်  ပါတီမူလရမည့်  ကိုယ်စားလှယ်ဦးရေ

အတွက်  မဲပေးခြင်းဖြစ်သည်။    သင်ရွေးချယ်လိုသည့်

ပါတီရှေ့ကွက်လပ်တွင် (   ×   ) ပြုလုပ်ပါ။

တစ်မဲသာ ပေးနိုင်သည်။

 

ဦးဘ၀င်း

အနီရောင်ပါတီ

 

အနီရောင်ပါတီ

 

ဥိးမြမောင်

အစီမ်းရောင်ပါတီ

 

အစီမ်းရောင်ပါတီ

 

ဒေါ်နှင်းဆီ

အ၀ါရောင်ပါတီ

 

အ၀ါရောင်ပါတီ

 

ဒေါ်ဖြူပြာ

တသီးပုဂ္ဂလ

 

 

 

လွှတ်တော်မှာ နေရာပေးပုံ

 

၂၆။       လွှတ်တော်တွင် နေရာ ၁၀၀ ရှိသည်ဆိုပါစို့အနီရောင်ပါတီဟာ ပါတီစာရင်းအရ ၄၀% မဲရတဲ့အတွက် ကိုယ်စားလှယ်

နေရာ ၄၀ ရမှာဖြစ်ပါတယ်။   နယ်မြေရွေးကောက်မှုစာရင်းအရ ၂၈ ဦးနိုင်ထားတဲ့အတွက်   ပါတီစာရင်းထဲက ၁၂ ဦးထပ်ဖြည့်

ရပါမယ်။

 

နိုင်ငံရေးပါတီ

နယ်မြေအရ အနိုင်ရ

ကိုယ်စားလှယ်

ပါတီစာရင်းဖြင့် ရသည့်မဲရာခိုင်နှုန်း

ရသင့်သည့် ကိုယ်စား လှယ်အရေအတွက်

ပါတီစာရင်းမှ ထပ် ဖြည့်ရမယ့်ကိုယ်စားလှယ်

အနီရောင်

၂၈

၄၀%

၄၀

၁၂

အ၀ါရောင်

၁၈

၃၆%

၃၆

၁၈

အစိမ်းရောင်

၁၈%

၁၈

၁၄

အပြာရောင်

၆%

စုစုပေါင်း

၅၀

၁၀၀%

၁၀၀

၅၀

 

၂၇။       ဂျာမန်စနစ်မှာ ရွေးကောက်ပွဲစံနှုန်းနှစ်ခုကို ဖြည့်ဆည်းရပါတယ်။  ပါတီတစ်ခုဟာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပါတီစာရင်းမဲမှာ အနည်းဆုံး ၅% ရလျှင်ရ၊ ဒါမှမဟုတ်  နယ်မြေသုံးခုမှာ လွှတ်တော်ကိုယ်စားလှယ် အနိုင်ရပါမှ လွှတ်တော်မှာ ကိုယ်စားလှယ်နေရာ ရပိုင်ခွင့် ရှိပါတယ်။ ပုံစံတွင် အပြာရောင်ပါတီဟာ နယ်မြေဒေသဆိုင်ရာ တစ်နေရာမျှ အနိုင်မရပေမယ့် တစ်နိင်ံလုံးဆိုင်ရာမဲမှာကတော့ ၅%ထက်သာတဲ့အတွက် လွှတ်တော်မှာ (၆)နေရာ ကိုယ်စားပြုခွင့် ရပါတယ်။  (၆)နေရာ စလုံးကို ပါတီစာရင်းမှ ဖြည့်ရပါမယ်။

ဒေါက်တာသန်းငြိမ်း( NDF)

 

 

 

#to be happy#

$$ kotoetoe $$

No comments:

Post a Comment