Wednesday, June 4, 2014

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA နှင့် MPC ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကိစ္စဆွေးနွေး

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ၂၁-၂၀၁၄

ရက်စွဲ။ ၄-၆-၂၀၁၄

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA နှင့် MPC ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကိစ္စဆွေးနွေး

         ၄-၆-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀နာရီတွင် ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ဖက်ဒရယ်ဒီမို ကရေစီမဟာမိတ် FDA နှင့် မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများ  မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်နေမှု နောက်ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

         ထိုဆွေးနွေးပွဲသို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးနှင့် ဒေါက်တာဆလှိုင်းမွန်ကျုံးလျန်၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသော ကရင်ပြည်သူ့ပါတီမှ ဦးစောဆေးဝါးနှင့် ဦးဒစ်ဆင်ထွန်းလင်း၊ချင်းတိုးတက်ရေးပါတီမှဦးနိုထန်ကပ်နှင့် ဦးရှိန်းထွန်း၊  ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးအောင်သန်းတင်နှင့်ဦးသက်ဦး၊ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ဦးလှမြင့်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးသုဝေ၊ ဦးတင့်ဆွေ၊ ဦးအောင်သန်းမြင့်၊ မြန်မာ့လူ့ဘောင်သစ်ပါတီမှ ဦးဇင်အောင်နှင့် ဦးအောင်ကြီး၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေ၊ ဦးတိုးပို၊ဦးနေမင်းကျော် နှင့် ဦးတိုးတိုး ၊အခြားဖိတ်ကြားထားသောပါတီများဖြစ်သည့် ခေတ်သစ်ပြည်သူ့ပါတီမှ ဦးမြတ်ကောင်းနှင့် ဦးဝင်းမောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးဟန်ရွှေနှင့်ဦးသိန်းထွန်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီမှ ဦးအောင်မိုးဇော်တို့ တက်ရောက်ခဲ့ကြသည်။

         ရှေးဦးစွာ MPC မှ ဦးအောင်နိုင်ဦးက မြန်မာ့ငြိမ်းချမ်းရေးစင်တာ၏ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်အကောင်အထည်ဖော်မှုအနေအထားနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် ဆောင်ရွက်နေမှုများ၊ စာချုပ်များတွင် ပါဝင်သည့်အရေးကြီးအချက်များနှင့် ဆက်လက်ဆွေးနွေးရဦးမည့် အချက်အလက်များကို အကြမ်းဖျဉ်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင်  အခြားအဖွဲ့အစည်းများမှတင်ပြထားသော နိုင်ငံရေးဆွေးနွေးပွဲများနှင့်သက်ဆိုင်သည့်Frame workများကို ရှင်းလင်းပြောကြားပြီး ယနေ့တက်ရောက်လာသောပါတီများအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သည့်အခါ ပါဝင်သင့်သည့်အချက်အလက်များကို အကြံပြုပြောကြားပေးစေလိုကြောင်းနှင့် ဖြစ်နိုင်ပါက စုပေါင်း၍ FRAME WORK တစ်ခု ပြုလုပ်ပေးနိုင်ပါက ပိုမိုအကျိုးကျေးဇူးဖြစ်နိုင်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

         ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ပါတီများထဲမှ ဒီငြိမ်းပါတီအတွင်းရေးမှူး ဦးမျိုးညွန့်က နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်သင့်သည့်အချက်အလက်များနှင့်  ဆောင်ရွက်ရမည့် နည်းလမ်းများကို မေလ ၂၈-၂၉ ရက်နေ့များတွင် FDA အဖွဲ့ဝင်ပါတီများကို workshop ပြုလုပ်၍ ဆွေးနွေးခဲ့ကြရပြီးဖြစ်သဖြင့် FDA အနေဖြင့် အခြေခံမူကြမ်းကို ရရှိနိုင်ပြီဖြစ်ကြောင်း၊ ထိုမူကြမ်းကို ထပ်မံဖြည့်စွက်ဆွေးနွေးပြီးပါက ပြည့်စုံသော FRAME WORK တစ်စောင် ရရှိနိုင်မည် ဖြစ်ကြောင်းတင်ပြခဲ့သည်။

         ထို့နောက် ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ဦးလှမြင့်၊ ချင်းတိုးတက်ရေးပါတီမှ ဦးနိုထန်ကပ်၊ ဒီမိုကရက်တစ်ပါတီ မြန်မာမှ ဦးသုဝေ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှဦသက်ဦး၊ ကရင်ပြည်သူ့ပါတီမှ ဦးစောဆေးဝါး၊ မြန်မာ့လူ့ဘောင်သစ်ပါတီမှဦးအောင်ဇင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးဟန်ရွှေ၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဦးဝင်းမောင်တို့မှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့သည်။  အမျိုးသားဒီမိုကရေစီ  အင်အားစုပါတီ၏နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးဆိုင်ရာ သဘောထား(မူကြမ်း)ကို ပါတီအတွင်းရေးမှူး (၂) ဦးနေမင်းကျော်မှ ဖတ်ကြားပြီး ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ထပ်မံရှင်းလင်းပြောကြားခဲ့သည်။

         မေးမြန်းချက်များကို MPC မှ ဦးအောင်နိုင်ဦးနှင့် ဒေါက်တာဆလှိုင်းမွန်ကျုံးလျန်တို့က ပြန်လည်ဖြေကြား ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အနေဖြင့်  နိုင်ငံရေးဆွေးနွေးပွဲ FRAME WORKကို  အမြန်ဆုံးအကောင်အထည်ဖော်ရန် ဆောင်ရွက်စေလိုပါကြောင်း  မှာကြားပြီး တွေ့ဆုံပွဲကို ညနေ ၃း၃၀နာရီတွင် ရုပ်သိမ်းခဲ့သည်။

         မြန်မာ့ငြိမ်းချမ်းရေးစင်တာအနေဖြင့် နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ တွေ့ဆုံဆွေး နွေးလိုပါက အကူအညီပေးရန်အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ( NDF)

နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးဆိုင်ရာ သဘောထား(မူကြမ်း)

၁။      ဦးတည်ချက်

-      တရားမျှတလွတ်လပ်ငြိမ်းချမ်း၍ ခွင့်တူညီမျှ နိုင်ငံသားပြည်သူတို့၏ ဘ၀တို့ကို အမှန်တကယ် ရရှိပိုင်ဆိုင် နိုင်စေရေးအတွက် နိုင်ငံရေးအဖြေ ရှာဖွေရန်၊

-      ထိုသို့ အဖြေရှာရာတွင် လူ့အခွင့်အရေးနှင့်ပြည့်ဝသော ဒီမိုကရေစီလူ့အဖွဲ့အစည်းအဖြစ်သို့လည်း ကောင်း၊ တိုင်းရင်းသားပြည်သူအားလုံးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် မွေးရာပါအခွင့်အရေးများကို အာမခံချက်ရရှိစေမည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ထူထောင်ရေးအတွက်လည်းကောင်း၊ နိုင်ငံရေးပြဿနာမျာကို  ညှိနှိုင်းအဖြေရှာရန်၊

-      နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ All Stake holders များ၏ အများညီသဘောဆန္ဒတို့မှ ရရှိသော ညှိနှိုင်းမှုရလာဒ်တို့ဖြင့် အခြေခံဥပဒေကို ပြင်ဆင်ရန်၊

၁။      ပြည်ထောင်စုညီလာခံကျင်းပရေးစီမံချက်      

(က)   ဤညီလာခံကို အနာဂတ်မြန်မာနိုင်ငံသစ်တည်ဆောက်ရေးအတွက် အဓိကကျသော နိုင်ငံရေး ပုံစံချမှတ်မှုယန္တယားကြီးအဖြစ် မှတ်ယူသည်။

(ခ)     ဤလုပ်ငန်းစဉ်ကြီးမှ တွေ့ဆုံဆွေးနွေးမည့် အခြေခံမူဘောင်များကို ချမှတ်ခြင်း၊ ဆွေးနွေးပွဲပုံစံ များကို သဘောတူရွေးချယ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ သတ်မှတ်စည်းကမ်းများကို ညှိနှိုင်း အကောင်အထည်ဖော်ခြင်း၊ ဆုံးဖြတ်ချက်များ ချနိုင်ရေးအတွက် လုပ်ငန်းကော်မတီများကို ဖွဲ့ စည်းတာဝန်ပေးအပ်ခြင်း စသည်တို့ကို ပြုလုပ်ရမည်။

(ဂ)     ဆုံးဖြတ်ချက်တိုင်းသည် အများစု၏ သဘောတူဆန္ဒအရ မဲဖြင့်ဆုံးဖြတ်အတည်ပြုရမည်။ ဆုံး ဖြတ်ချက်များကို သဘောတူမဲမပေးသည့်တိုင် လိုက်နာလက်ခံရမည်။

(ဃ)   ပြည်ထောင်စုညီလာခံတွင် ပါဝင်ရမည့်အဖွဲ့များ

v  လွှတ်တော်၊ အစိုးရအဖွဲ့နှင့် တပ်မတော်                          စုစုပေါင်းကိုယ်စားလှယ်  ၃၀၀

v  တိုင်းရင်းသားလက်နက်ကိုင်များနှင့် ၄င်းတို့၏သက်ဆိုင်ရလူမျိုးစုအဖွဲ့အစည်းများ၊ ပြည်နယ် များရှိ အခြားလူမျိုးစုခေါင်းဆောင်များးနှင့် တိုင်းဒေသကြီးများရှိ အခြားလူမျိုးစုခေါင်းဆောင်များ စုစုပေါင်း ကိုယ်စားလှယ်   ၃၀၀

v  နိုင်ငံရေးပါတီများနှင့် အတိုက်အခံဒီမိုကရေစီအင်အားစုများမှ စုစုပေါင်းကိုယ်စားလှယ် ၃၀၀ တို့ ပါဝင်ရမည်။ နိုင်ငံရေးဆွေးနွေးပွဲများတစ်ရပ်လုံးတွင် အဖွဲ့အသီးသီးတို့မှ ကိုယ်စားလှယ်စုစု ပေါင်း  ၉၀၀ တက်ရောက်ရမည်။

(င)     ဦးဆောင်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းရန် လိုအပ်သည်။ ထို့ကြောင့် ကိုယ်စားလှယ်အစုအဖွဲ့ အသီးသီးမှ တစ်ဖွဲ့လျှင်  ၂၅ဦးစီဖြင့် စုစုပေါင်း ၇၅ ဦးကို ဦးဆောင်ကော်မတီအဖြစ် ညီလာခံတွင်ပါဝင် သော  အစုအဖွဲ့ကြီးသုံးဖွဲ့မှ ရွေးချယ်ခန့်အပ်ရမည်။ ဤဦးဆောင်ကော်မတီကို လုပ်ငန်းဆောင်ရွက်နိုင်ရန် အတွက် လုပ်ပိုင်ခွင့် အခွင့်အာဏာ အပ်နှင်းပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

 

၃။      ညီလာခံတွင် ဆွေးနွေးရမည့်အချက်များ

v  နိုင်ငံသားများ၏ လူမှုဘ၀ဖူလုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်ရှိရေး၊

v  အနာဂတ်ကာလ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်တည်တံ့နိုင်စေရန်၊

v  မြေပေါ်မြေအောက်သယံဇာတထုတ်ယူမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊

v  ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ စီးပွားရေးလုပ်ငန်းလုပ်ပိုင်ခွင့်များ ပိုမိုခွဲဝေရရှိ၍ စီးပွားရေးဘ၀ ဖွံ့ဖြိုးတိုးတက်မှုများ တစ်ပြေးညီဖြစ်လာစေရန်၊

v  အချုပ်အခြာအာဏာခွဲဝေကျင့်သုံးမှုတွင် ပြည်နယ်/တိုင်းဒေသကြီးအစိုးရများနှင့် ပြည်ထောင်စုအစိုးရတို့ အကြား လွတ်လပ်စွာ စီမံပိုင်ခွင့်တို့ကို မထိခိုက်စေဘဲ အပြန်အလှန်ထိန်းညှိကွပ်ကဲသောစနစ်ထူထောင် ရေး၊

v  လွတ်လပ်သောတရားစီရင်ရေးသည် အခြားမဏ္ဍိုင်များမှ ထိန်းချုပ်မှုကင်းလွတ်စေသကဲ့သို့ မျှတ လွတ်လပ်၍ ဘက်လိုက်မှုကင်းသော ပြည်သူ့ဘက်ကရည်တည်သော တရားစီရင်မှုဖြစ်စေရေး၊

v  တိုင်းရင်းသားပြည်သူများ၏ အခွင့်အရေးကို အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ထွန်းရေးနှင့် ဒီမိုကရေစီလူ့ဘောင်သို့ ကူးပြောင်းရေးရောက်ရှိနိုင်ရေး၊

v  အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးတို့ကို ထိပါးခြင်းမရှိစေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပိုင်းဆိုင်ရာ ဥပဒေများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊

v  နိုင်ငံတော်လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံသား ပြည်သူပြည်သားအားလုံး၏ အကျိုးအတွက်လည်း ကောင်း၊ ဒီမိုကရေစီယဉ်ကျေးမှုနှင့် ကိုက်ညီစေရန်လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးကိစ္စရပ်များ ကို ဘက်ပေါင်းစုံမှ ညှိနှိုင်းစဉ်းစားအကောင်အထည်ဖော်စေရေး စသည်တို့ ဖြစ်သည်။

 

အထွေထွေ

         နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်စဉ်ကာလများအတွင်း-

(က)   အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်အရ တပ်ပိုင်းဆိုင်ရာနယ်မြေဆုတ်ခွာမှုများဖြင့် နိုင်ငံရေးယုံ ကြည်မှုတို့ ရရှစေရေး၊

(ခ)     မည်သည့်အဖွဲ့အစည်းမဆို အဆိုပါကာလအတွင်း ထူထုလှုပ်ရှားမှုများ၊ လူထုစည်းဝေးပွဲများဖြင့် မည်သည့်လှုံဆော်မှုမျိုးမျှ ပေါ်ပေါက်မလာစေရန် ကန့်သတ်ထားရေး၊

 

ရက်စွဲ။  ၂၀၁၄ခုနှစ်၊ ဇွန်လ(၄)ရက်


No comments:

Post a Comment