Sunday, June 15, 2014

NDF ပါတီ၏ ပဉ္စမအကြိမ်နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် အမှတ် ၂၄-၂၀၁၄
ရက်စွဲ။ ၁၅-၆-၂၀၁၄
NDF ပါတီ၏ ပဉ္စမအကြိမ်နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေး
အောင်မြင်စွာကျင်းပပြီးစီး

နိုင်လွန်ခန်းမ၊ ၁၅လမ်းနှင့်လမ်း ၈၀ ထောင့်၊ မန္တလေးမြို့တွင်
နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေးသည် ယနေ့ ၁၅-၆-၂၀၁၄ ရက်နေ့
ညနေပိုင်းတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
ထိုအစည်းအဝေး ပထမနေ့ဖြစ်သော ၁၄-၆-၂၀၁၄ ရက်နေ့တွင် ထိုအစည်းအဝေးသို့ NDF
ပါတီ၏ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ပါတီဥက္ကဌဦးခင်မောင်ဆွေ အမှူးပြုသော
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုအလုပ်ကော်မတီဝင်များ၊
ပြည်နယ်နှင့်တိုင်းဒေသ အသီးသီးမှ ဗဟိုဦးစီးကော်မတီဝင်များ၊ လေ့လာသူများ၊
မန္တလေးတိုင်းဒေသကြီးစည်းရုံးရေးကော်မတီဝင်များနှင့်
မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ
စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးမစတင်မီ ဆရာတော် ဦးဝီရသူကြွရောက်လာပြီး သြ၀ါဒစကား
ပြောကြားခဲ့သည် ။ ထို့နောက် ကွယ်လွန်သွားသော ပါတီခေါင်းဆောင်
ဒေါက်တာသန်းငြိမ်းအား တစ်မိနစ် ငြိမ်သကဂုဏ်ပြုခဲ့ သည်။
နံနက်ပိုင်းသဘာပတိအဖြစ် ဦးခင်မောင်ဆွေ၊ အခမ်းအနားမှူးအဖြစ်
ဒေါက်တာဝင်းနိုင်တို့က ဆောင်ရွက်သည်။ ထို့နောက် အခမ်းအနားဖွင့်လှစ်ပြီး
ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ အမှာစကားပြောကြားရာတွင် NDF ပါတီ
ဆက်လက်လျှောက်လှမ်းရမည့် ခရီးကို ရှင်းလင်းပြောကြားခဲ့သည်။
ပါတီဒုခေါင်းဆောင် ဦးတိုးပိုမှ ပါတီတွင်းစည်းလုံးညီညွတ်ရေးကိစ္စအကြောင်း
ဆက်လက်ပြောကြားခဲ့ပြီး အစည်းအဝေးကိုခေတ္တရပ်နားကာ ဧည့်သည်တော်များအား
အကျွေးအမွေးဖြင့် ဧည့်ခံခဲ့သည်။
အစည်းအဝေးပြန်လည်စတင်သည့်အခါ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့်
တက်ရောက် လာသော ပြည်နယ်နှင့်တိုင်းများမှ ဗဟိုဦးစီးကော်မတီဝင်များအား
တစ်တိုင်းချင်း မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏
အစီရင်ခံစာကို ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာ ၀င်းနိုင် နှင့်
ဦးကျော်အောင်တို့မှ ဖတ်ကြားတင်သွင်းပြီး ခေတ္တရပ်နားပြီး နေ့လည်စာဖြင့်
ဧည့်ခံခဲ့သည်။
အစည်းအဝေးကို နေ့လည် ၁း၀၀ နာရီတွင် ပြန်လည်စတင်ပြီး
နေ့လည်ပိုင်းသဘာပတိအဖြစ် ဦးစိုးဝင်းနှင့်အခမ်းအနားမှူးအဖြစ်
ဦးကျော်အောင်တို့က ဆောင်ရွက်သည်။ ပြည်နယ်နှင့်တိုင်းများ၏ စည်းရုံးရေး
အစီရင်ခံစာများကို တင်သွင်းရာတွင် ကချင်ပြည်နယ်မှ ဒေါ်ဘောက်ဂျာ၊
ပဲခူးတိုင်းအစီရင်ခံစာကို ဒေါ်နန်းကြူသန်းဝင်းနှင့် ဦးမြတ်မိုး၊
မွန်ပြည်နယ်အစီရင်ခံစာကို ဦးအောင်ဆန်း၊ မကွေးတိုင်းအစီရင်ခံစာကို
ဦးအေးမင်းထွန်း၊ မန္တလေးတိုင်းအစီရင်ခံစာကို ဦးမောင်မောင်လှသောင်း၊
ရန်ကုန်တိုင်းအစီရင်ခံစာကို ဦးစိုးဦး၊ ကရင်ပြည်နယ်မှ
ဦးအောင်ဝင်းလှိုင်၊ ရှမ်းပြည်နယ်အစီရင်ခံစာကို ဦးကျော်ဆန်း၊
တနင်္သာရီတိုင်းအစီရင်ခံစာကို ဦးကြီးမြင့်၊ နေပြည်တော်အစီရင်ခံစာကို
လယ်ဝေးဥက္ကဌ ဦးဇော်နိုင်ဦး၊ ဧရာဝတီတိုင်းအစီရင်ခံစာကို ဦးတင်ဝင်းတို့မှ
ဖတ်ကြားတင်သွင်းခဲ့သည်။
ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏
အထက်မြန်မာပြည်စည်းရုံးရေးအစီရင်ခံစာကို ဦးခင်မောင်သန်း၊
အောက်မြန်မာပြည်စည်းရုံးရေးအစီရင်ခံစာကို ဦးထက်အောင်ကျော်တို့မှ
ဖတ်ကြားတင်သွင်း ခဲ့သည်။ အစီအစဉ်အရ လွှတ်တော်ကိုယ်စားလှယ်များ၏
လွှတ်တော်တွင်းအတွေ့အကြုံများကို ရှင်းလင်းပြော ကြားရာတွင်
ဒဂုံမြိုသစ်မြောက်ပိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး၊
ပုဇွန်တောင်မြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်၊
အလုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းမောင်၊
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်တို့က လွှတ်တော်တွင်း
ရင်ဆိုင်နေရသော အခြေအနေများနှင့် အောင်မြင်သောဆောင်ရွက်မှု များ၊
ပြည်သူလူထုအတွက် တင်ပြပေးခဲ့မူများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နေ့လည်ပိုင်း သဘာပတိ
စမ်းချောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းမှ
နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ညနေ ၅း၀၀နာရီတွင်
ပထမနေ့အစည်းအဝေးကို ရပ်နားခဲ့ပါသည်။
၁၅-၆-၂၀၁၄ ရက်နေ့ နံနက် ၉း၀၀နာရီတွင် အစည်းအဝေး ဒုတိယနေ့ကို
ဆက်လက်ကျင်းပခဲ့သည်။ နံနက်ပိုင်းသဘာပတိအဖြစ် ပါတီဒုခေါင်းဆောင်
ဦးတိုးပိုနှင့် အခမ်းအနားမှူးအဖြစ် ဦးမြင့်ဌေးတို့က ဆောင်ရွက် ခဲ့သည်။
လစ်လပ်နေသော ပါတီခေါင်းဆောင်နေရာတွင် ပါတီဥက္ကဌ ဦးခင်မောင်ဆွေအား
ပူးတွဲထမ်းဆောင်ရန် အဆိုကို ကချင်ပြည်နယ်မှ ဦးသန်းဦးမှ အဆိုပြုပြီး
တိုင်းနှင့်ပြည်နယ်များမှ ကိုယ်စားလှယ်များက ထောက်ခံ ဆွေးနွေးခဲ့ကြသဖြင့်
ပါတီဥက္ကဌ ဦးခင်မောင်ဆွေအား ပါတီခေါင်းဆောင် နေရာကိုပါ
ပူးတွဲထမ်းဆောင်ရန် အတည်ပြုခဲ့သည်။
အဆို(၂) အဖြစ် ၂၀၁၅တွင် ပါတီ၏ ခေါင်းဆောင်မှုမျိုးဆက်သစ်အား ၂၀၁၅
အလွန်ကာလတွင် ဦးဆောင်မှုအခန်းကဏ္ဍတွင် လွဲပြောင်းတာဝန်ပေးအပ်ရန်အဆိုအား
မကွေးတိုင်းမှ ဦးအေးမင်းထွန်းက အဆိုပြု ခဲ့ပြီး
တက်ရောက်လာသောဗဟိုဦးစီးကော်မတီဝင်အားလုံးက ထိုအဆိုကို ထောက်ခံခဲ့သည်။
အဆို(၃) အဖြစ် ခေါင်းဆောင်မှုမျိုးဆက်သစ်အား
ကြီးကြပ်ညှိနိုင်းပေးနိုင်ရန် ပါတီနာယကအဖွဲ့ကို ဖွဲ့စည်းရန်အဆိုအား
ရန်ကုန်တိုင်းမှ ဦးမင်းမင်းထွန်းက တင်သွင်းခဲ့ပြီး တက်ရောက်လာသော
ဗဟိုဦးစီးကော်မတီ ၀င်အားလုံးက ထိုအဆိုအား ထောက်ခံခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်မှ
အချိုးကျကိုယ်စားပြုစနစ် တင်သွင်းရခြင်းနှင့် ပတ်သက်သည့်အကြောင်းကို
ရှင်းလင်းပြောကြားခဲ့သည်။
ပထမနေ့တွင် တင်ပြခဲ့သော ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာနှင့်
စည်းရုံးရေးအစီရင်ခံ စာများနှင့်ပတ်သက်၍ ကချင်ပြည်နယ်မှ
ဦးမြတ်မိုးမြင့်၊ ဦးဇော်ဂျက်၊ ကရင်ပြည်နယ်မှ ဦးအောင်ဝင်းလှိုင်၊
ပဲခူးတိုင်းမှ ဒေါ်နန်းကြူသန်းဝင်းနှင့် ဦးမြတ်မိုး၊ မန္တလေးတိုင်းမှ
ဦးကျော်ဆွေနှင့် ဦးမြင့်ဦး၊ မွန်ပြည်နယ်မှ ဦးမြင့် အောင်၊
ရန်ကုန်တိုင်းမှ ဦးခိုင်မောင်ရည်နှင့် ဦးထက်အောင်ကျော်၊ ဧရာဝတီတိုင်းမှ
ဦးတင်ဝင်းနှင့် ဦးသီဟစိုး၊ နေပြည်တော်မှ ဦးဇော်လွင်ဦး၊ ဗဟိုလူငယ်မှ
ဦးကျော်သူရ၊ ဗဟိုအမျိုးသမီးမှ ဒေါ်ထွေးထွေးတို့က ဆွေးနွေးခဲ့ကြ ပြီး
အစည်းအဝေးကို ခေတ္တရပ်နားခဲ့သည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ထိုဆွေးနွေးတင်ပြချက်များထဲမှာ
ဗဟိုအနေဖြင့် ပြန်လည်ဖြေကြား ရမည့်အချက်များကို
ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ညနေ ၃း၀၀ နာရီတွင် အစည်းအဝေးပြန်လည်စတင်ပြီး
ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ပြည်နယ်နှင့်တိုင်းဆွေးနွေးချက်များမှ
ဗဟိုအနေဖြင့် ပြန်လည်ဖြေကြားရမည့် အချက်များကို
သက်ဆိုင်ရာခေါင်းဆောင်များက အသီးသီးဖြေကြားခဲ့သည်။
ထို့နောက် ပဉ္စမအကြိမ် နိုင်ငံလုံးဆိုင်ရာဗဟိုဦးစီးကော်မတီအစည်းအဝေးမှ
ချမှတ်သည့် ဆုံးဖြတ်ချက် များကို ဖတ်ကြားပြီး ဗဟိုဦးစီးကော်မတီဝင်များ၏
အတည်ပြုချက်ကို ရယူခဲ့သည်။ သဘာပတိ ပါတီဥက္ကဌ ဦးခင်မောင်ဆွေမှ
နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ညနေ ၄း၀၀ နာရီတွင်
အောင်မြင်စွာရု့ပ်သိမ်းခဲ့သည်။
ထို့နောက် သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင်
လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီခေါင်း ဆောင်များက မီဒီယာများ၏
မေးမြန်းချက်များကို အသီးသီးဖြေကြားခဲ့ကြသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်း
ဗဟိုဦးစီးကော်မတီဝင်များ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။


--
#to be happy#

$$ kotoetoe $$

No comments:

Post a Comment