Wednesday, February 4, 2015

နိုင်ငံသားမဟုတ်သည့် ယာယီသက်သေခံကတ်ပြား(White Card) ကိုင်ဆောင်ခွင့်ရှိသူများအား ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုခြင်းအပေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၏ သဘောထားကြေညာချက်

နိုင်ငံသားမဟုတ်သည့် ယာယီသက်သေခံကတ်ပြား(White Card)

ကိုင်ဆောင်ခွင့်ရှိသူများအား ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုခြင်းအပေါ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၏ သဘောထားကြေညာချက်

ကြေညာချက်အမှတ် (၃/၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ( ၄)ရက်

်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး အတွက်  ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကြမ်းကို  ထောက်ခံမဲ-၃၂၈မဲ၊ ကြားနေမဲ-၁၉မဲ၊ နှင့် ကန့်ကွက်မဲ ၇၉မဲတို့ဖြင့် ၂-၂-၂၀၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် အတည်ပြုခဲ့သည်။ ထိုအတည်ပြုခဲ့သော ဥပဒေအရ ပြည်သူ့ဆန္ဒခံယူပွဲတွင် နိုင်ငံသားမဟုတ်သည့် ယာယီသက်သေခံကတ်ပြား( White Card)  ကိုင်ဆောင်ခွင့်ရရှိသူများပါ မဲပေးခွင့်ရရှိသွားကြမည်ဟု ပါရှိ ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်ပ (၁)၊ အပိုဒ်ခွဲ (၄)၊ တွင်  " နိုင်ငံတော် ၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတစ်ဝန်းလုံးတွင်တည်သည်" ဟုပြဌာန်း ထားပါသည်။ အဆိုပါ ဥပဒေပြဋ္ဌာန်းချက်အရ  နိုင်ငံတော်အတွက် ဤမျှအရေးကြီးလှသည့်၊ အခြေခံဥပဒေပြင် ဆင်ရေး ဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲတွင် မြန်မာနိုင်ငံသားမဖြစ်သေးသူများကို မြန်မာနိုင်ငံသားများနည်းတူ ပါဝင်မဲပေးခွင့် မရရှိသင့်ဟု ကျွန်ုပ်တို့က ရိုးသားစွာ ယုံကြည်သည်။

ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်နှင့် တရားစီရင်ရေးမဏ္ဍိုင်များ အပါအ၀င် နိုင်ငံတော်၏ အင်စတီကျူးရှင်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များ၊ တည်ဆဲဥပဒေများနှင့်အညီ မြန်မာနိုင်ငံ သားတို့ အနာဂတ်ကံကြမ္မာကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို မထိပါး မပွန်းပဲ့အောင် ကာကွယ်စောင့်ရှောက် ရမည့် တာဝန်ရှိကြပါသည်။ ထို့အတူ မြန်မာနိုင်ငံသားမဟုတ်သူများမှ မြန်မာနိုင်ငံသားတို့၏ အနာဂတ်ကံကြမ္မာ ကို ၀င်ရောက် စွက်ဖက်စိုးမိုးခွင့်မရရှိအောင် အထူးကြတ်မတ် ထိမ်းသိမ်းကာကွယ်ရမည့် တာဝန်လည်း ရှိကြ ပါသည်။ 

ထိုနည်းတူစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများသည်လည်း မိမိတို့နိုင်ငံ၏ အနာဂတ်ကံကြမ္မာ အတွက်  မြန်မာနိုင်ငံသားမဟုတ်သူ မည်သူမျှ ၀င်ရောက်စွက်ဖက်ချယ်လှယ်မှုမျိုး မပါဝင်စေဘဲ မိမိတို့ ဆန္ဒနှင့်အညီ တည်ဆဲဥပဒေဘောင်အတွင်းမှ လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ခွင့်ရမည့် အခွင့်အရေး ရရှိစေ ရမည်ဟု ယုံကြည်သည်။

သို့ရာတွင် ယခုပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်သည် နိုင်ငံသားမဟုတ်သူများကို နိုင်ငံသား တစ်ဦး၏ အမြင့်ဆုံးရပိုင်ခွင့်တစ်ခုဖြစ်သည့် " မဲပေးပိုင်ခွင့်" ကို တရားဝင်ခွင့်ပြုပေးသကဲ့သို့ ဖြစ်နေပါသည်။ ထို့အတွက် ထိုဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်နှင့်အညီ မြန်မာနိုင်ငံသားတို့၏ မွေးရာ ပါ နိုင်ငံသားအခွင့်အရေးကို လျော့ပါးအောင် ခွင့်ပြုနေသကဲ့သို့ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့်၊ နိုင်ငံသား များ၏ နိုင်ငံရေးကံကြမ္မာနှင့် မိမိရွေးချယ်ခွင့်ကို ထိပါးအောင် တရားဝင်ခွင့်ပြုနေသကဲ့သို့ ဖြစ်နေကြောင်းတွေ့ရှိရ ပါသည်။

တစ်ဖက်တွင် တိုင်းရင်းသား(၁၃၅)မျိုးတွင် ပါဝင်ပြီး တိုင်းရင်းသားပင်ဖြစ်ပါသော်လည်း အကြောင်း အမျိုးမျိုးတို့ကြောင့် လက်ရှိတွင် ယာယီသက်သေခံကတ်ပြား(White Card)ကိုင်ဆောင်ထားသူများအား နိုင်ငံ သားဖြစ်မှု ဥပဒေနှင့်အညီ ဆောလျင်စွာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးရန် သက်ဆိုင်ရာဝန်ကြီး ဌာန နှင့် အစိုးရအဖွဲ့တို့တွင် တာဝန်ရှိပါသည်။

ထို့ကြောင့်ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု( NDF) ပါတီအနေဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲဥပဒေကြမ်းပါ ယာယီသက်သေခံကတ်ပြား( White Card)  ကိုင်ဆောင်ခွင့်ရရှိသူများ မဲပေးခွင့်ကို အလေးအနက်ပြန်လည်သုံးသပ် ပြင်ဆင်ပေးပါရန် တောင်းဆိုလိုက် ပါသည်။

 

 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

    ရန်ကုန်မြို့

No comments:

Post a Comment