Tuesday, February 17, 2015

NDF PRESS RELEASE 7-2015NDF ရပ်ကျေးရုံးများ ရန်ကုန်-နေပြည်တော်အမြန်လမ်းမတွင်ဖွင့်လှစ်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် ( ၇/ ၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ဖေဖော်ဝါရီလ( ၁၇)ရက်

 

NDF ရပ်ကျေးရုံးများ ရန်ကုန်-နေပြည်တော်အမြန်လမ်းမတွင်ဖွင့်လှစ်

        ၁၇-၂-၂၀၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်နေပြည်တော် အမြန်လမ်းရှိ ဒိုက်ဦးနှင့် ကျောက်တံခါးမြို့ နယ်များတွင် အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီ ရပ်ကျေးရုံးများဖွင့်ပွဲများကို  ပြုလုပ်ခဲ့ရာ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

        ပထမဦးစွာ အမြန်လမ်း ၆၄ မိုင်ရှိ ဒိုက်ဦးမြို့နယ် သင်အင်းကျေးရွာ NDF ရုံးဖွင့်ပွဲကို  မနက် ၉း၀၀နာရီ တွင် ကျင်းပပြုလုပ်ခဲ့ရာ ပါတီဥက္ကဌ  ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ၀င်းနိုင်၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ပြန်ကြားရေးတာဝန်ခံ ဦးတိုးတိုး တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဒိုက်ဦးမြို့နယ်မှ ပါတီဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။

        ထို့နောက် အမြန်လမ်း ၈၄ မိုင်ရှိ  ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာ NDF ရုံးဖွင့်ပွဲကို နံနက် ၁၀း၀၀နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထို့ဖွင့်ပွဲသို့ ပါတီခေါင်းဆောင်များအား ကျောက်တံခါးမြို့နယ်နေ ကရင်တိုင်းရင်းသားများ၊ ပအိုဝ့်တိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများက ပန်းစည်းများဖြင့် ကြိုဆိုခဲ့ကြပြီး ရှမ်းအိုးစည်နှင့် ကိန္ဒရာအက များဖြင့် ဧည့်ခံခဲ့သည်။

        တက်ရောက်လာကြသော ပါတီဝင်များအား ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ လူငယ်တာဝန်ခံ ဦးကျော်သူရတို့က ပါတီမူဝါနှင့် လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေးအခြေအနေများ၊ ပါတီသမိုင်းကြောင်းနှင့် လွှတ်တော်အတွင်းဆောင်ရွက်မှုများ၊ မြေယာပြဿနာများကို ကိုင်တွယ်ဖြေရှင်းပုံများ၊ လူငယ်ဖွဲ့စည်းရေးကိစ္စများ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် လုပ်ဆောင်ထားမှုများ၊ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးမှုများ၊ ပါတီအဖွဲ့အစည်းအတွင်း စည်းမျဉ်းစည်းကမ်း များနှင့် အညီဆောင်ရွက်မှုများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြသည်။

        ပဲခူးတိုင်းစည်းအဖွဲ့ဝင် ဦးမြင့်သိန်းမှ ကျောက်တံခါးမြို့နယ်အတွင်း စည်းရုံးရေးအခြေအနေများ  အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ပါတီဝင်များမှ မိမိတို့ရင်ဆိုင်နေရသော လယ်ယာမြေ သိမ်းဆည်းခံရမှုများအကြောင်းနှင့် ဖြစ်ပေါ်နေသော အခြေအနေများကိုတင်ပြခဲ့ကြပြီး ဆောင်ရွက်ရမည့် နည်းလမ်းများကို ဦးခင်မောင်ဆွေ၊ ဒေါက်တာဝင်းနိုင်နှင့် ဦးနေမင်းကျော်တို့က အသီးသီးရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ထိုမှတဆင့်  အမြန်လမ်း ၈၈မိုင်ရှိ တောင်သုံးလုံးကျေးရွာရုံးနှင့် ၁၀၃ မိုင်ရှိ ကြာအင်းကုန်းကျေးရွာအုပ်စုရုံးများကို ဆက်လက်ဖွင့်လှစ်ပေးခဲ့ကြောင်း  သတင်းထုတ်ပြန်အပ်ပါသည်။

 

PARK ROYAL တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံ ဆွေးနွေးပွဲသို့  ဦးကြီးမြင့်တက်ရောက်

        ၁၇-၂-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ PARK ROYAL တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံ ဆွေးနွေးပွဲသို့  အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဗဟိုဥပဒေအဖွဲ့ခေါင်းဆောင် ဦးကြီးမြင့်တက်ရောက်ပြီး ဆွေးနွေး ခဲ့သည်။ဦးကြီးမြင့်သည် နိုင်ငံရေးပါတီများ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်စည်းကမ်းများ Code Of Conduct ကို ပြုစုရန်အတွက် ဦးဆောင်ဆွေးနွေးနေသူဖြစ်သည်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ရေးဆွဲထားသော ထို နိုင်ငံရေးပါတီများ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်စည်းကမ်းများ Code Of Conductကို နိုင်ငံရေးပါတီ အစုအဖွဲ့ များသို့ မိတ္တူဖြန့်ဝေပေးထားပြီးလည်း ဖြစ်သည်။

 

No comments:

Post a Comment