အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ်( ၅၃/၂၀၁၄)
ရက်စွဲ။ ၁၄-၁၁-၂၀၁၄
ရိုဟင်ဂျာဆိုသည့်အသုံးအနှုန်းအပေါ် NDF ပါတီ၏သဘောထားကြေညာချက်
မြန်မာနိုင်ငံတွင် ကျင်းပသည့် အာဆီယံ(၂၅)ကြိမ်မြောက်
ထိပ်သီးအစည်းအဝေးသို့ တက်ရောက် လာ သော ကုလအတွင်းရေးမှူးချုပ်
မစ္စတာဘန်ကီမွန်အနေဖြင့် မြန်မာနိုင်ငံ၌ ပြည်သူအများစုက လက်ခံထားခြင်း
မရှိသည့်အပြင် နိုင်ငံတော်အစိုးရကလည်း အသိအမှတ် ပြုထားခြင်းမရှိသည့်
လူမျိုးအမည် ရိုဟင်ဂျာအသုံး အနှုန်း ကို ပြောဆိုသုံးနှုန်းခဲ့ပါသည်။
ထို့ကြောင့် ပြည်သူလူထုအတွင်းနှင့် ဆိုရှယ်မီဒီယာများအပေါ်တွင်
ထိုသို့ပြောဆိုခဲ့ခြင်းအပေါ် ကန့်ကွက်မှုများ စတင်ပေါ်ပေါက် လာသည်ကို
တွေ့မြင် နေရပါသည်။
လူသားများသည် မွေးရာပါလူ့အခွင့်အရေးများရှိသော်လည်း
နိုင်ငံသားဖြစ်မှုမှာ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေ၊ ယဉ်ကျေးမှု ၊
ဓလေ့ထုံးစံများအပေါ် မူတည်ကြောင်းကို အလေးအနက်ထားရမည်သာ ဖြစ်သည်။
ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီသည် မည်သည့်လူမျိုး၊
မည်သည့်ဧည့်နိုင်ငံသား၊ မည်သည့် နိုင်ငံသားလျှောက်ထားမှုကိုမဆို
နိမ့်ချခြင်းမရှိ၊ လူ့အခွင့်အရေးနှင့်အညီ ဆက်ဆံရမည်ကို အလေးအနက်ထား
ထောက်ခံပါသည်။ သို့သော် လူမျိုးရေးခွဲခြားဆက်ဆံခြင်းမရှိစေရန် ကုလသမဂ္ဂ
ကြေညာ စာတမ်း အပိုဒ်(၁)၊ ပိုဒ်ခွဲ(ခ)တွင် နိုင်ငံသားမဟုတ်သူများကို
သက်ဆိုင်ရာနိုင်ငံမှ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက် ရမည်ဖြစ်ကြောင်း
ဖော်ပြထားပါသည်။ ထို့ကြောင့် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်သော
မြန်မာနိုင်ငံ အနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ
လွတ်လပ်စွာစီမံပိုင်ခွင့်ရှိပါကြောင်း ၊ ထိုအခွင့်အရေးကို ထိပါးစွက်ဖက်
လာပါက မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏အခွင့်အရေးကို
ထိခိုက်စေမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်း စဉ်းစားပြောဆိုရန်
တိုက်တွန်းအပ်ပါသည်။
နောက်ခံအကြောင်းအရာများအပေါ် အချက်အလက်ပြည့်စုံစွာ
ချည်းကပ်စဉ်းစားမှုမပါဘဲ ထိုကဲ့သို့ ၀င်ရောက်ပြောဆိုခြင်းသည်
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများ
ဖြစ်ပေါ်လာနိုင်သည်ကို ထောက်ရှု၍ ကျွန်ုပ်တို့
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီအနေဖြင့်
များစွာစိုးရိမ်ပူပန်မှုဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် နိုင်ငံတစ်ခု၏ မတည်မငြိမ်ဖြစ်နေသော
နိုင်ငံရေးအခြေအနေနှင့် အချုပ် အခြာအာဏာပိုင်စိုးမှုတို့ကိုလည်း
အလေးအနက်ထား စဉ်းစားပြောဆိုသင့်ပါကြောင်းကိုလည်း ကျွန်ုပ်တို့ အမျိုး
သားဒီမိုကရေစီအင်အားစုNDF ပါတီမှ ထပ်မံ တိုက်တွန်း အပ်ပါသည်။
မြန်မာနိုင်ငံ၏ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ
နိုင်ငံသားအဖြစ်သို့ ရောက်ရှိလာသည့် မည်သည့် လူမျိုး
တစ်စုံတစ်ယောက်ကိုမဆို နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိရေးကိုလည်း
ကျွန်ုပ်တို့ NDF ပါတီမှ အစဉ်သဖြင့် ထောက်ခံကြိုဆိုနေမည်ဖြစ်ကြောင်း
သဘောထားထုတ်ပြန်အပ်ပါသည်။
No comments:
Post a Comment