Thursday, November 6, 2014

အယူအဆအစားထိုးခြင်း(ဒုတိယပိုင်း)

အယူအဆအစားထိုးခြင်း(ဒုတိယပိုင်း)
November 4, 2014

ထို့ကြောင့် လူ့အဖွဲ့အစည်းအတွင်းရှိ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အတွေးအခေါ်အယူအဆများသည် ထို အဖွဲ့အစည်းအတွင်းရှိ ပကတိဘ၀အခြေအနေများ၊ လွှမ်းမိုးနေသော စံနှုန်းများကိုလိုက်၍ အားဖြည့်ခြင်း (သို့) ဖြို ခွင်းခြင်းကို အစဉ်ခံနေရသည်။ ကောင်းသောအတွေးအခေါ်များကို အားဖြည့်၍ မကောင်းသော အတွေးအခေါ် များကို ဖြိုခွင်းချေဖျက်နိုင်မည့် ပကတိအခြေအနေနှင့် စံနှုန်းများ ရှိပါက လူတို့၏အတွေးအခေါ်အယူအဆများ သည် လူ့အဖွဲ့အစည်း၏ စည်ပင်ဖွံ့ဖြိုးမှုကို ဧကန်ပင် ဖြစ်စေမည်ဖြစ်သည်။

လူတို့၏ အတွေးအခေါ်အယူအဆများက လက်တွေ့အလုပ်များကို ထိန်းကျောင်းလမ်းညွှန်နေသကဲ့သို့ လုပ်တွေ့အလုပ်များတွင်လည်း လူတို့၏အယူအဆများသည် ပေါ်လွင်ထင်ရှားနေသည် ။အတွေးအခ်ါများက လက်တွေ့ဘ၀ကို ထိန်းကျောင်းလမ်းညွှန်နေရာ အတွေးအခေါ်အယူအဆ ပြောင်းလဲလာသည်နှင့်တစ်ပြိုင်နက် အပြုအမှုနှင့် အလုပ်အကိုင်သည်လည်း ပြောင်းလဲလာတတ်သည်။ ကောင်းသောအတွေးအခေါ်ဝင်လာပါက ကောင်းသောအလုပ်ကို လူတို့ပိုလုပ်လာသလို ဆိုးသောအတွေးဝင်လာပါက ဆိုးသောအလုပ်များကို လုပ်ဆောင် လာတတ်သည်။

အယူအဆတစ်ခုသည် ရှေ့နောက်ညီညွတ်ပြီး ခိုင်မာအားကောင်းလာပါက ယုံကြည်မှုဖြစ်လာသည်။ သို့ဖြစ်၍ ယုံကြည်မှုသည်ပင် လေးနက်၍ ခိုင်မာအားကောင်းသော အယူအဆ ဖြစ်သည်။ ယုံကြည်မှုသည် သာ မန်အယူအဆထက် ပိုမိုအားကောင်းသဖြင့် အပြုအမှုနှင့်အလုပ်အကိုင်ပေါ်တွင်လည်း သာမန်အယူအဆထက် ပို၍ အကျိုးသက်ရောက်မှု ရှိသည်။ သာမန်အယူအဆသည် အပြုအမှုနှင့် အလုပ်အကိုင်အပေါ် ထိန်းကျောင်း လမ်းညွှန်ပေးနိုင်ပါက ယုံကြည်မှုသည် ယင်းတို့ကို လွှမ်းမိုးချုပ်ကိုင်နိုင်သည်။

ယုံကြည်မှုသည် လက်တွေ့အလုပ်ကို ကြီးမားစွာတွန်းအားပေးနိုင်သည်။ လေးနက်စွာယုံကြည်မှုသည် လက်တွေ့လုပ်ငန်းတွင် ကြီးမားသောစေ့ဆော်အားကို ဖြစ်စေသည်။ လူတို့တွင် ယုံကြည်မှုကြီးမားပါက မည်သူမျှ မတိုက်တွန်းရဘဲ မိမိယုံကြည်ချက်၏တွန်းအားဖြင့် လုပ်ငန်းကိစ္စကို မဖြစ်မနေ လုပ်ဆောင်တတ်ကြသည်။ ယုံ ကြည်ချက်အတွက် အသက်ပေးခဲ့ကြသော ဘာသာရေးခေါင်းဆောင်များ၊ မျိုးချစ်နိုင်ငံရေးခေါင်းဆောင်များသည် ကမ္ဘာ့သမိုင်းတွင် ဒုနှင့်ဒေးပင် ရှိခဲ့သည်။

နိုင်ငံတိုးတက်ရေးအတွက် ရုပ်ဝတ္ထုအရင်းအမြစ်၊ ငွေကြေးအရင်းအမြစ်နှင့် လူသားအရင်းအမြစ် သုံးခု တွင် လူသားအရင်းအမြစ်ကို ထိရောက်စွာအသုံးပြုနိုင်ပါမှ အခြားအရင်းအမြစ်များကို အသုံးပြုလာနိုင်စွမ်းရှိပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုအရှိန်အဟုန်မှာလည်း မြင့်မားလာနိုင်မည်ဖြစ်သည်။

လူတို့အား အလုပ်ကြိုးစားလုပ်ရန် နိုးဆော်တိုက်တွန်းခြင်းသည် ထိရောက်မှုအားပျော့သော နည်းလမ်း သာဖြစ်ပြီး လုပ်အားကို အစွမ်းကုန်အသုံးချလာစေနိုင်မည့် အခြေအနေကို ဖန်တီးပေးရေးသည်သာ ထိရောက်မှု အားကောင်းသော နည်းလမ်းဖြစ်သည်။

အခြေအနေဖန်တီးပေးရေးတွင် လူတို့တီထွင်ကြံဆလုပ်ဆောင်လိုစိတ်နှင့် ကာယ၊ဥာဏစွမ်းအားများကို အစွမ်းကုန်ဖော်ထုတ်ပြသအသုံးချခွင့်ရစေမည့် အဆောက်အဦးပိုင်ဆိုင်ရာဖွဲ့စည်းမှုနှင့် နေရာချထားမှုရှိရေးသည် လွန်စွာအရေးကြီးသည်။ သို့သော အခြေအနေဖန်တီးပေးခြင်းသည် အားထုတ်လုပ်ဆောင်မှုများကို ပွင့်ကားလာ အောင် လမ်းဖွင့်ပေးနိုင်သည့် ဆွဲအားမျှသာ ဖြစ်သည်။

အခြေအနေပေးသည့်တိုင်း အရဖမ်းကာ မိမိအစွမ်းအစများကို အစွမ်းကုန်အသုံးချလာစေမည့် တွန်းအား များကား လူတို့၏ အတွေးအခေါ်အယူအဆနှင့် ယုံကြည်ချက်များပင် ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်စေမည့် အတွေးအခေါ်များက နိုင်ငံအတွက် လုပ်ဆောင်သင့်သည့် အလုပ်များကို ဖြစ်ပေါ်စေနိုင်သည်။ နိုင်ငံကို အကျိုးပြုမည်ဟူသော ယုံကြည်ချက်က နိုင်ငံအတွက် မိမိအကျိုးကို စွန့်လွှတ်၍ လုပ်ဆောင်သည့် အလုပ်များကို ဖြစ်ပေါ်စေနိုင်သည်။

ထိုအခြေအနေများကပင် အတွေးအခေါ်နှင့် ယုံကြည်မှုအားနည်းမှု၊ အားကောင်းမှုများကို ဖန်တီးပေး ပြန် သည်။ လူ့အဖွဲ့အစည်းအတွင်း လူတို့၏မှန်ကန်သော အတွေးအခေါ်အယူအဆများ (နိုင်ငံအကျိုးစီးပွားဖြစ်ထွန်း စေလိုသည့် အတွေးအခေါ်များ၊ အားပေးထေက်ကူသည့် အယူအဆများ၊ လူတို့၏လုပ်အားကို အစွမ်းကုန် အသုံး ချလာအောင်စေ့ဆော်ပေးနိုင်သည့်အယူအဆများ) ကို အားဖြည်ပေးနိုင်မည့် အခြေအနေများက ယင်းအယူအဆ များကို အားနည်းအောင် ဖြိုခွင်းမည့် အခြေအနေများထက် ပိုမိုလွှမ်းမိုးနေရမည်ဖြစ်သည်။

ဤသို့အားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားပေးသောအယူအဆများက အားမပေးသော အယူအဆ များကို အစားထိုးနိုင်မည့် အခြေအနေများရှိနေပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းမှာ ပွင့်လင်းသွားပြီဟု ပြောနိုင်ပါမည်။

မိုးကုတ်ကိုတိုး

No comments:

Post a Comment