Wednesday, December 30, 2015

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ နှစ်သစ်ကူးသ၀ဏ်လွှာ

 

အမျိုးသားဒီမိုကရေစီအင်အားစု

NATIONAL DEMOCRATIC FORCE

အမှတ် (၄၇)၊ ပထမထပ်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ တာမွေအ၀ိုင်းအနီး၊ ဗိုလ်စိန်မှန်ရပ်ကွက်၊  ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

No-47,First Floor, West Horse Race Course road,nearTarmwe Circle, BoSeinmanQr, Bahan township,

Yangon, Myanmar    .  Phone : 09 4500 570 88 -    09 2523 605 45     emailး  ndfmyanmar.hq @ gmail.com

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ နှစ်သစ်ကူးသ၀ဏ်လွှာ

         မကြာမီ ၂၀၁၅ခုနှစ်ကုန်ဆုံး၍ ၂၀၁၆ခုထဲသို့ ကူးပြောင်းဝင်ရောက်တော့မည်ဖြစ်သည်။

၂၀၁၅ခုနှစ်သည် မြန်မာပြည်အတွက် အလှုပ်အခတ်များစွာဖြစ်ပေါ်ခဲ့သော နှစ်တစ်နှစ်ဖြစ်ခဲ့ပါသည်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် စံချိန်တင်ရေလွှမ်းမိုးမှုများ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ ဖြစ်ပေါ်ခဲ့ခြင်း၊ နှစ် ၆၀ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်ဆိုင်းရေးအတွက် NCA စာချုပ်မူကြမ်းကို တိုင်းရင်းသားလက်နက် ကိုင်များနှင့် အစိုးရတို့ ဆွေးနွေးသဘောတူလက်မှတ်ရေးထိုးခဲ့ကြသော်လည်း အတည်ပြုစာချုပ်တွင်မှု လက်နက် ကိုင်ရှစ်ဖွဲ့သာ လက်မှတ်ရေးထိုးခဲ့ကြခြင်း၊ ရှမ်းပြည်ကိုးကန့်ဒေသတွင် တိုက်ပွဲကြီးများ ဖြစ်ပေါ်ခဲ့ခြင်း၊ ကချင်၊ ပလောင်လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ ကြိုကြားကြိုကြားဖြစ်နေခြင်း၊ ၂၀၁၅ နိုဝင်္ဘာရွေးကောက်ပွဲတွင် NLD ပါတီမှ အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး လွှတ်တော်နှင့်အစိုးရကို ဦးဆောင်ဖွဲ့စည်းတော့မည်ဖြစ်ခြင်း၊ မြန်မာ့နိုင်ငံရေးထိပ်သီးပုဂ္ဂိုလ်များတွေ့ဆုံမှုများ ပေါ်ပေါက်ခဲ့ခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များ အတည်ပြု နိုင်ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇန်န၀ါရီလ(၁၂) ရက်နေ့တွင် ကျင်းပတော့မည့် ဖြစ်ခြင်း၊ ဒေါ်လာဈေးစံချိန်တင်အောင် တက်လာခြင်း၊ ဖားကန့်ဒေသတွင် မြေစာပြိုကြမှုများနှင့်အတူ စက်ယန္တယားကြီးများ အကြီးအကျယ်သုံး၍ တူးဖော်မှုများ ပြုလုပ်လာခြင်း၊ တရုတ်နိုင်ငံမှသစ်ခိုးသူများကို ရာချီ၍ ဖမ်းမိခဲ့သော်လည်း စီရင်ချက်ချပြီး မကြာမီသမ္မတအမိန့်ဖြင့်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာ ရေး ကြိုးပမ်းချက်များ ပေါ်ထွက်လာခြင်း၊ နောက်ဆုံးတွင် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုဖြင့် မြန်မာ နိုင်ငံသား နှစ်ဦးကို သက်သေမခိုင်လုံဘဲ သေဒဏ်ပေးမှုကြောင့် မြန်မာနိုင်ငံသားများက တရားမျှတမှုဖြစ်လာစေရန် ဆန္ဒပြ ဖော်ထုတ်နေခြင်းများသည် မြန်မာနိုင်ငံ၏ လက်ငင်းနိုင်ငံရေး ဖြစ်စဉ်များ ဖြစ်နေပါသည်။

ထိုသို့သော နိုင်ငံရေး၊ လူမှုရေး၊စီးပွားရေးနှင့်  နိုင်ငံတကာဆက်ဆံရေး အလှုပ်အယမ်းများ ရှိနေပါ သော်လည်း ပြည်သူလူထုကရွေးချယ်သည့် အရပ်သားများဦးဆောင်မည့် အစိုးရသစ်သည် နိုင်ငံ၏သမိုင်းသစ်ကို ဖော်ဆောင်ရမည့် အပြောင်းအလဲကို ဖြစ်မြောက်စေရမည့် နိုင်ငံရေးတာဝန်ကို ရွေးကောက်ပွဲကတိနှင့်အတူ  တာဝန်ယူလိုက်ပြီ ဖြစ်ပါသည်။ သို့ပါ၍ စစ်ဖက်-အရပ်ဖက်အုပ်ချုပ်ရေး မှ အရပ်ဖက်-စစ်ဖက်အုပ်ချုပ်ရေးသို့ အကူးအပြောင်းတွင် တည်တည်ငြိမ်ငြိမ်ဖြင့် ကူးပြောင်းနိုင်ပါလိမ့်မည်ဟု ယုံကြည်ပါသည်။ ဖက်ဒရယ်ပြည်ထောင် စု နိုင်ငံတော်သစ်ကို အင်အားစုအားလုံး  အတိတ်သမိုင်းကို ပြည်ဖုံးကားချထား၍ လက်တွဲညီညီဖြင့် ပူးပေါင်း ဆောင်ရွက်ကြပါရန်ကိုလည်း  တိုက်တွန်းလိုပါသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် နိုင်ငံနှင့်ပြည်သူအကျိုးစီးပွားအတွက် အင်အားစုအားလုံး နှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါသည်။ လွှတ်တော်ပြင်ပနိုင်ငံရေးတွင် သဘောထားတူညီသော အဖွဲ့အစည်း များနှင့် လက်တွဲ၍ အပြုသဘောဆောင်သော ဝေဖန်အကြံပြုချက်များဖြင့် လွှတ်တော်နှင့်အစိုးရအဖွဲ့ကို စောင့်ကြည့်တည့်မတ်သွားမည် ဖြစ်ပါကြောင်းနှင့် နိုင်ငံရေးစနစ်ပြောင်းလဲရေးနှင့်အတူ ပြည်သူအများ မျှော်လင့် နေသော ဒီမိုကရေစီခေတ်သစ်ဆီသို့ ကူးပြောင်းရောက်နိုင်စေရန် ဆန္ဒပြုလိုက်ပါကြောင်း ၂၀၁၆နှစ် နှစ်သစ်ကူး သ၀ဏ်လွှာအဖြစ် ပေးပို့အပ်ပါသည်။

 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

၁-၁-၂၀၁၆

No comments:

Post a Comment