Thursday, October 23, 2014

ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရေးကော်မတီ(PPIC) ၏ သတင်းထုတ်ပြန်ချက်(၁/၂၀၁၄)

ရက်စွဲ။ ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်

 

 

၅၆ပါတီကိုယ်စားပြု ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရေးကော်မတီ(PPIC) ၏ စတုတ္ထ အကြိမ်မြောက်အစည်းအဝေးကို အမှတ် ၁၇၊ ၈ထပ်၊ ၅၂လမ်း အောက်ဘလောက်၊ ဗိုလ် တထောင်မြို့နယ်ရှိ ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့ရုံးတွင်  ၂၃-၁၀-၂၀၁၄ ရက်နေ့ နံနက် ၁၀း၀၀နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

        ထိုအစည်းအဝေးသို့ PPIC အဖွဲ့ဝင်ပါတီများဖြစ်ကြသော ၈၈မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)မှ ဦးသန်းဦး၊ ၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် မှ ဦးအေးလွင်၊  မြန်မာအမျိုးသားကွန်ကရက်ပါတီမှ ဦးကောင်းမြင့်ထွဋ်၊ ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ဦးစောသန်းမြင့်၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ ဦးဇိုဇမ်၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်လိန်း၊ ရခိုင်ပြည်နယ် အမျိုးသားနိုင်ငံရေးအင်အားစုပါတီမှ ဦးအေးကြိုင်၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ ဦးနေမင်းကျော်၊ ကရင်ပြည်သူ့ပါတီမှဦးဒစ်ဆင်ထွန်းလင်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ စိုင်းအောင်မြင့်ခိုင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးသိန်းထွန်း၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်၊ ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစော၊ တို့ တက်ရောက်ခဲ့ကြသည်။

        အစည်းအဝေးအစပိုင်းတွင် တတိယအကြိမ်အစည်းအဝေးမှတ်တမ်းနှင့်ဆုံးဖြတ်ချက်များကို ဖတ်ကြား အတည်ပြုခဲ့ပြီးနောက် NBF ၏ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ Frame Work ကို  ဦးဇိုဇမ်မှ ရုပ်ပုံကားချပ်များဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထိုသို့ရှင်းလင်းပြောကြားခဲ့မှုအပေါ် တက်ရောက်လာသောအဖွဲ့ဝင်များမှ မိမိတို့၏ သဘောထားများကို အသီးသီးဆွေးနွေးခဲ့ကြပြီး  ၅၆ပါတီ ကိုယ်စားပြု PPIC (၁၅)ဦးကော်မတီ၏ FrameWork တွင် ပါဝင်သော ကိုယ်စားပြုမှု (Composition) မူကြမ်းကို ဦးနေမင်းကျော်မှ ရှင်းလင်း တင်ပြဆွေးနွေးခဲ့သည်။  ထို့နောက် နေ့လည် ၁၂း၃၀နာရီတွင် အစည်းအဝေးကို ခေတ္တရပ်နားခဲ့သည်။

        နေ့လည်၁း၃၀နာရီတွင် အစည်းအဝေးဒုတိယပိုင်းကို ပြန်လည်စတင်ခဲ့ပြီး  ၅၆ ပါတီ၏ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်Frame Work တွင် ပါဝင်ရမည့် ခေါင်းစဉ်များကို ဆက်လက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးရမည့် ခေါင်းစဉ် ၁၆ ချက်ကို သဘောတူညီမှု ရရှိခဲ့သည်။ ထို့နောက် စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ညနေ ၃း၀၀နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။

        ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို လာမည့် နိုဝင်္ဘာလ(၄)ရက်နေ့၊ နံနက် ၁၀း၀၀နာရီတွင် လမ်းမတော်သံဈေးရှိ NBFရုံးတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

      (PPIC)

ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရေးကော်မတီ

၅၆ပါတီကိုယ်စားပြု

No comments:

Post a Comment