Friday, October 3, 2014

ဆွေးနွေးဖက်နဲ့ စကားပြောခြင်း( ၃-၁၀-၂၀၄)

Ko Toetoe
Just now ·

ဆွေးနွေးဖက်နဲ့ စကားပြောခြင်း( ၃-၁၀-၂၀၄)

မြင်တတ်လာတဲ့တစ်နေ့ကျရင် ဆွေးနွေးရတာ ပျော်စရာကြီးပဲ။
သူငယ်ချင်းတစ်ယောက်နဲ့ဆို မိုးကုတ်မှာကတည်းက
ဆွေးနွေးဖက် ဖြစ်လာခဲ့တာ ၂၀၀၄ ကတည်းကပဲ။
ဖြစ်နေတဲ့အနေအထားတွေနဲ့ ဖြစ်လာနိုင်တာတွေကို
အမြင်ဖလှယ်ကြတာ၊
လိုအပ်ချက်တွေကို ဖြည့်တွေးကြည့်ကြတာက
ဦးနှောက် မုန်တိုင်းဆင်ခြင်းတစ်မျိုးပဲ။

နှစ်ယောက်သား ပြောမိ၊ဆိုမိ၊ဆွေးနွေးမိသလောက်တော့
မညီညွတ်နိုင်ကြတဲ့ ဒီမိုကရက်တစ်တွေအကြားမှာ
မျှော်မှန်းထားတဲ့အောင်ပွဲကတော့ အိမ်မက်ပမာ။
ဗျူဟာမသိ၊ ဗျူဟာမရှိ။
သူ့ဘာလုပ်နေမှန်းမသိ၊ သူဘာကြံနေမှန်းမသိ။
ကိုယ့်အခြေအနေ ဘာမှန်းမသိ၊ ကိုယ့်အင်အား ဘယ်လိုရှိမှန်းမသိ
ထင်တလုံးနဲ့ လုပ်နေကြ၊ မာန်တမျိုးနဲ့ ဂုဏ်ယူနေကြ၊
အားကိုးတကြီးနဲ့ လုပ်နေကြနဲ့ဆိုတော့
အပေါ်ဆုံးကလူတွေက သွားနိုင်တဲ့လမ်းမှန်ကို မဆွဲခေါ်နိုင်၊
ဖြစ်ချင်တာတွေကို ဦးစားပေးလုပ်နေကြတော့လည်း
မြန်မာ့ဒီမိုကရေစီပြောင်းလဲရေးကတော့
ဇာတ်မျောကြီးကို ကနေရသလိုပဲ။

သြဇာကြီးသူကို ကျော်ဖြတ်လို့မရ
သြဇာငယ်သူတွေလည်း ရှေ့ထွက်မရနဲ့
ကန့်လန့်ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးကတော့
မျိုးဆက်သစ်တစ်ခုထွက်လာတော့မှပဲ
ဒီမိုကရက်တစ်နိုင်ငံရေးကို စလုံးရေ စရမယ့်သဘော။
သူလည်း သူ့အစွဲပေါ်က အရိပ်အရောင်တွေဖုံးပြီးပြော
ကိုယ်လည်း ကိုယ့်ခံယူချက်ပေါ်က အမြင်နဲ့ ပြန်ပြော
သူ့ဖက်၊ကိုယ့်ဖက်တင်မက အခြားဖက်တွေရဲ့ အနေအထားတွေကိုပါ
ထည့်စဉ်းစားကြရတာဆိုတော့
အလွန်ခေါင်းစားတဲ့အလုပ်။
ရည်ရွယ်ထားတာတွေကတော့
တိုင်းပြည်အနာဂတ်၊ ဒီမိုကရက်တစ်နိုင်ငံရေးနဲ့
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးဆိုတာတွေ။

စစ်ရှုံးဂျပန်ဘုရင်ကြီးရဲ့ တိုင်းပြည်ကိုပြောတဲ့မိန့်ခွန်းထဲက
တစ်ပိုင်းတစ်စက နာယူစရာ။
ကျွန်ုပ်တို့ဟာ မခံစားနိုင်တာတွေကို ခံစားရင်းနဲ့ပဲ
တိုင်းပြည်ကို ဆက်လက်တည်ဆောက်ဖို့ သွားကြရမှာပဲ ဆိုလား။
တစ်ခါမှ စစ်မရှုံးခဲ့ဘူးတဲ့နိုင်ငံ၊
နေမျိုးနွယ်ဘုရင်နန်းဆက်က
စစ်နိုင်အမေရိကန်ရဲ့ တောင်းဆိုချက်တွေကြားကနေ
မာန်မာနတွေကို မျိုသိပ်သည်းခံရင်းနဲ့
တိုင်းပြည်ကိုတည်ဆောက်သွားခဲ့ကြတာ
ကမ္ဘာမှာ ဂျပန်ဟေ့ဆိုတာ ဖြစ်သွားခဲ့ပြီ။

မြန်မာပြည်မှာတော့
နှစ်ဦးနှစ်ဖက်တင်မက
သုံးဖက်သုံးလံစလုံး
နိုင်ငံရဲ့အနာဂတ်အတွက်၊
ပြည်သူတွေရဲ့ အနာဂတ်နဲ့ငြိမ်းချမ်းမှုအတွက်
ကိုယ်မခံစားနိုင်တာတွေကို ခံစားနိုင်တဲ့စိတ်ရှိဖို့
ကိုယ်ရသင့်တာထက် လျှော့ယူကြဖို့၊
ကိုယ်ပေးသင့်တာထက် ပိုပေးကြဖို့၊
အငြိုးတွေ၊ အာဃာတတွေ၊ အမုန်းတရားတွေ
မြေမြုတ်ပစ်ဖို့၊ သင်ပုန်းချေဖို့၊ ခွင့်လွှတ်ကြဖို့၊
အချင်းချင်း ပြန်လည်သင့်မြတ်ကြဖို့
ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့တော့
အရမ်းလိုအပ်နေပါတယ်။
အခု မဖြစ်နိုင်လည်း နောင်မှာ ဖြစ်လာဖို့ကို
မျှော်လင့်နေမိတယ်။

ကျွန်တော်တို့က အနာဂတ်အတွက်
အစွဲတွေကို ချွတ်ပြီး ကြည့်နေတယ်။
ကိုယ်ခံခဲ့ရသမျှ၊ ကိုယ်ပေးဆပ်ခဲ့ရသမျှ
ကိုယ်နစ်နာခဲ့သမျှတွေကို ပြန်ပြောနေမှာ မဟုတ်ဘူး။
ကိုယ့်အတွေးပြောင်းသလို
သူတို့လည်း အတွေးပြောင်းနိုင်အောင်လုပ်ဖို့ လိုနေပြီ။
အနာဂတ်အတွက် အားလုံးအတွေးတွေပြောင်းနိုင်ကြမှ။

သံသယကြီးသူတွေက ကိုယ့်ကို ယုံကြည်လာစေချင်ရင်တော့
သူယုံကြည်အောင် ကိုယ်လုပ်ပြရမှာလား။
ကိုယ်ယုံကြည်လာအောင် သူလုပ်လာမှလား။
ဘယ်သူကအရင်စပြမှ ယုံကြည်မှုဆိုတာ
ပေါ်လာနိုင်ချေ ရှိသလဲမေးရင်တော့
ကျွန်တော့်အမြင်ကတော့ တစ်ခုတည်းပါ။
သူ့ကို ကိုယ်ယုံဖိုဆိုတာထက် ကိုယ့်ကိုသူယုံလာဖို့က
အရေးအကြီးဆုံးပါ။
ကိုယ့်ကို သူယုံလာမှသာ သူ့ဖက်က တစ်ဖြည်းဖြည်းလျှော့လာပြီး
ပြောင်းလာမယ်လို့ ယုံကြည်ပါတယ်။
ဒီအတွက် တွဲလုပ်နိုင်သမျှ တွဲလုပ်ကြဖို့က လိုအပ်ချက်ပါ။
မင်းဒရဲလားက ပြောဖူးတယ်ဆိုလား။
ကိုယ့်ရန်သူနဲ့ အတူတွဲလုပ်မှသာ တစ်ယောက်အကြောင်း တစ်ယောက်သိပြီး
လုပ်ဖော်ကိုင်ဖက်အဆင့်ကို ရောက်လာနိုင်ပါတယ်ဆိုလား။

အခုတော့လည်း မြင်မြင်သမျှ ရန်သူထင်
လုပ်လာသမျှ အကောင်းမထင်
ပြောလာသမျှ နားမ၀င်ဘဲ အဆိုးမြင်
ပြောသူလုပ်သူမှန်သမျှ တံဆိပ်အတင်းကပ်နေတော့လည်း
ဟောရင်းသာ ပျံလွန်တော်မှုနိုင်တယ်၊ အကျွတ်တရားရဖို့ မရှိဘူးဆိုသလိုမျိုး
ယုံကြည်မှုတည်ဆောက်ခြင်းဆိုတာ စာရွက်ပေါ်မှာနဲ့ စကားပေါ်မှာသာ
ခေတ်အစားဆုံး
လက်တွေ့လောကမှာတော့ ရောက်မလားသေးတဲ့အရာ။

ဒါကြောင့် လက်ရှိအနေအထားတွေကို
မြင်တတ်၊ ကြည့်တတ်လာရင်တော့
မြင်ရတဲ့အမြင်က အများမြင်နေကြအမြင် မဟုတ်တော့ဘူး။
အများနဲ့ကွဲထွက်လာတော့လည်း
အခုခေတ် လွယ်လွယ်ကလေးလုပ်နေကြသတဲ့
သစ္စာဖောက်ဆိုတဲ့ ဘွဲ့ကြီးကို ၀ိုင်းပေးကြပါလိမ့်မယ်။
နဂိုလ်အမြင်ကနေ ဖောက်ထွက်လာမိတာကိုး။
မိုးကုတ်ကိုတိုး( ၃-၁၀-၂၀၁၄)

No comments:

Post a Comment