Friday, October 3, 2014

NDFသတင်းထုတ်ပြန်ချက်အမှတ် ( ၅၀ / ၂၀၁၄)

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်  (   ၅၀ / ၂၀၁၄)

ရက်စွဲ။ ၃-၁၀-၂၀၁၄

 

ဆွတ်ဇာလန်နိုင်ငံသံရုံးကောင်စစ်ဝန် NDFပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

        ၃-၁၀-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် ဆွတ်ဇာလန်နိုင်ငံသံရုံးမှ ကောင်စစ်ဝန် Ms.Corinne Henchoz Pignani သည် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ပါတီဌာနချုပ်သို့ လာရောက်၍ ပါတီခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

        ထိုဆွေးနွေးပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ပြန်ကြားရေးမှူးဦးတိုးတိုး၊ ဥပဒေအထောက်အကူပြုဌာနတာဝန်ခံ ဦးကြီးမြင့်၊ လူငယ်တာဝန်ခံ ဦးကျော်သူရနှင့် သုတေသနဌာနမှ ဦးကျော်သူငြိမ်းတို့ တက်ရောက်ခဲ့ကြသည်။

        ဆွေးနွေးပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများအနေဖြင့် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ သဘောတူချမှတ်နိုင်ရေးအတွက် နိုင်ငံရေးပါတီများဆွေးနွေးပွဲတစ်ရပ် လုပ်ဆောင်ရန် အနေအထားကို ဆွေးနွေးခဲ့ကြသည်။ ပါတီခေါင်းဆောင်များက မြန်မာ့နိုင်ငံရေးအခြေအနေများ အကြောင်းနှင့် လိုအပ်ချက်များ၊ကူညီသင့်သည်များကို ထောက်ပြဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲကို နေ့လည် ၂း၁၀ နာရီ တွင် ရုပ်သိမ်းခဲ့ပါသည်။

 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ရပ်ကျေးရုံးများ ဖွင့်လှစ်

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ပဲခူးတိုင်းအားဖြည့်စည်းရုံးရေး ဒု-တာဝန်ခံ ဗဟိုအလုပ်ကော်မတီ ၀င်  ဒေါ်နန်းကြူသန်းဝင်းဦးဆောင်၍ အုတ်ဖိုမြို့နယ်စည်းရုံးရေးကော်မတီမှ အုတ်ဖိုမြို့နယ်အတွင်းရှိ  လိပ်ဥကုန်းကျေးရွာအုပ်စု ရှမ်းတောလေးကျေးရွာနှင့် နောကုန်းကျေးရွာအုပ်စု အိုင်ကြီးထောင့်ကျေးရွာတို့တွင်  NDF ကျေးရွာရုံးဖွင့်ပွဲကို ၂-၁၀-၂၀၁၄ ရက်နေ့ နံနက် ၈ နာရီနှင့်နေ့လည် ၁း၀၀ နာရီတို့တွင် ပြုလုပ်ခဲ့သည်။ ထိုဖွင့်ပွဲသို့ ဗဟိုအလုပ်ကော်မတီဝင် ဒေါ်နန်းကြူသန်းဝင်း၊ သာယာဝတီခရိုင်စည်းရုံးရေးကော်မတီ ၀င်များ၊ လက်ပံတန်းနှင့်အုတ်ဖိုမြို့နယ်များမှ စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

 

NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ ကျန်းမာရေးအရ ခွင့်တစ်လယူ

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေသည် ဆရာဝန်၏ညွှန်ကြားချက် အရ ကျန်းမာရေးအရ အနားယူရန်လိုအပ်နေသဖြင့် ခွင့်တစ်လ ယူထားကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပါတီရေးရာကိစ္စရပ်မျာကို ပါတီဌာနချုပ်သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်းအသိပေးအပ်ပါသည်။

 

FDA အဖွဲ့နှင့် DIPD သဘာပတိအဖွဲ့ တွေ့ဆုံ

        မြန်မာ့နိုင်ငံသို့ ရောက်ရှိနေသော  ဒီန်းမတ်နိုင်ငံမှ DANISH INSTITUTE FOR PARTIES AND DEMOCRACY DIPD အဖွဲ့ သဘာပတိအဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲကို  ၃၀-၉-၂၀၁၄ ရက်နေ့ နေ့လည် ၂း၀၀ နာရီ တွင်  ဗိုလ်တထောင်မြို့နယ် ၅၂လမ်း၊ အမှတ် ၁၇ ရှိ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့ရုံးခန်း တွင် ပြုလုပ်ခဲ့သည်။

         ထိုတွေ့ဆုံပွဲသို့ FDA အဖွဲ့ဝင်ပါတီများဖြစ်ကြသော ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေး ပါတီ၊ ညီညွတ်သောဒီိမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မြန်မာ့လူ့ဘောင်သစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပါတီခေါင်းဆောင်များ၊ ပါတီ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

        ရှေးဦးစွာ DIPD သဘာပတိအဖွဲ့မှ တစ်ဦးချင်းမိတ်ဆက်ကြပြီး FDA အဇွဲ့ဝင်များကလည်း တစ်ပါတီချင်းအလိုက် မိတ်ဆက်ကြပါသည်။ FDA အဖွဲ့ကိုယ်စား ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး DIPD အဖွဲ့မှ ၄င်းတို့အဖွဲ့၏ရည်ရွယ်ချက်များနှင့် မြန်မာပြည်တွင်း အဖွဲ့မှ ဆောင်ရွက်နေ သော လုပ်ဆောင်ချက်များ၊ သင်တန်းများ၊ ဆွေးနွေးပွဲများအကြောင်းကို ရှင်းပြပြောဆိုခဲ့သည်။ 

ထို့နောက် FDA အဖွဲ့၏ လုပ်ဆောင်ချက်များကို ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီအတွင်းရေးမှူး ဦးမျိုးညွန့် မှ ရှင်းလင်းပြောကြားခဲ့သည်။ FDA ဖွဲ့စည်းရခြင်းရည်ရွယ်ချက်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် ဆောင် ရွက်နေမှုများ၊ FDA အဖွဲ့၏  FRAME WORK နှင့် ၅၆ ပါတီဆွေးနွေးပွဲမှ ဖွဲ့စည်းလိုက်သည့် မူဘောင် ရေးဆွဲ ရေး ၁၅ ကော်မတီတွင် ပါဝင်မူအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက့် ပါတီများမှ မိမိတို့ ပါတီတစ်ခုချင်းစီ၏လုပ်ဆောင်ချက်များကို တင်ပြခဲ့ကြသည်။         NDF ပါတီမှ ဦးတိုးတိုး၊ မြန်မာ့လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်၊ ဒီမိုကရက်တစ်ပါတီမှ ဦးသုဝေ၊ ချင်းတိုးတက်ရေးပါတီမှ ဦးစောမြ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ဦးလှမြင့်၊ ကရင်ပြည်သူ့ပါတီမှ ဦးစောဆေးဝါးတို့က တင်ပြခဲ့ကြ သည်။

DIPD အဖွဲ့မှသိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ကြပြီး တွေ့ဆုံပွဲကို ညနေ ၃း၂၀ တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

 FDA အဖွဲ့၏ အစည်းအဝေးကို ဆက်လက်ကျင်းပပြီး FDAအဖွဲ့ မူဘောင်ရေးဆွဲရေးကော်မတီ၏  လုပ်ဆောင်ချက်များနှင့်  ၅၆ပါတီ နိုင်ငံရေးမူဘောင်ရေးဆွဲရေးကော်မတီ၏ အစည်းအဝေးနှစ်ကြိမ် လုပ်ဆောင် ချက်များကို  ဦးမျိုးညွန့်နှင့် ဦးဒစ်ဆင်ထွန်းလင်းတို့က ရှင်းလင်းပြောကြားခဲ့သည်။ တက်ရောက်လာ သူများက သိရှိလိုသည်များကို မေးမြန်းကြပြီး အစည်းအဝေးကို ညနေ ၄း၃၀ နာရီတွင်အောင်မြင်စွာရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။

 

 

 

NIMD မြန်မာ့နိုင်ငံရေးသင်တန်းကျောင်းMysop အဖွဲ့နှင့် NDF ပါတီခေါင်းဆောင်များ တွေ့ဆုံ

        NIMD အဖွဲ့၊ DEMO OF FINLAND မှ မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများအတွက် မြန်မာ့ နိုင်ငံရေးသင်တန်းကျောင်းဖွင့်လှစ်ရေးနှင့်ပတ်သက်၍ Mysop အဖွဲ့မှ ခေါင်းဆောင်များသည် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF ပါတီဌာနချုပ်သို့ ၁-၁၀-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀နာရီတွင် လာရောက်၍ တွေ့ဆုံဆွေး နွေးခဲ့သည်။

ထိုဆွေးနွေးပွဲသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးတိုးတိုး၊ဦးကြီးမြင့်၊ လူငယ်တာဝန်ခံ ဦးကျော်သူရနှင့် သုတေသနာဌာနမှ ဦးကျော်သူငြိမ်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြ သည်။

Mysop မှ တနင်္သာရီတိုင်း၊ ထားဝယ်တွင် ဖွင့်လှစ်မည့် နိုင်ငံရေးသင်တန်းနှင့်ပတ်သက်၍ တက်ရောက် ရမည့်နိုင်ငံရေးပါတီများနှင့်သင်တန်းသားရွေးချယ်ပုံအကြောင်း၊ သင်တန်းပြုလုပ်ရခြင်းရည်ရွယ်ချက် များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြပြီး NDF ပါတီခေါင်းဆောင်များက သိရှိလိုသည်များနှင့် လိုအပ်ချက် များကို မေးမြန်းအကြံပြုခဲ့ပါသည်။

ထို့နောက် တွေ့ဆုံပွဲသည် နေ့လည် ၂း၃၀နာရီ တွင် ပြီးစီးခဲ့ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။

 

No comments:

Post a Comment