Wednesday, October 8, 2014

NDFပါတီ၏ မြန်မာ့ရွေ့ပြောင်းအလုပ်သမားနှစ်ဦး၏လူသတ်မှုကိစ္စနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစု

NATIONAL DEMOCRATIC FORCE

အမှတ် (၄၇)၊ ပထမထပ်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ တာမွေအ၀ိုင်းအနီး၊ ဗိုလ်စိန်မှန်ရပ်ကွက်၊  ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

No-47,First Floor, West Horse Race Course road,nearTarmwe Circle, BoSeinmanQr, Bahan township,

Yangon, Myanmar    .  Phone : 09 4500 570 88          emailး  ndfmyanmar.hq @ gmail.com

 

ကြေညာချက်အမှတ် (၁၁/၂၀၁၄)

ရက်စွဲ။ ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ(၉)ရက်

 

မြန်မာ့ရွေ့ပြောင်းအလုပ်သမားနှစ်ဦး၏လူသတ်မှုကိစ္စနှင့်ပတ်သက်၍

သဘောထားထုတ်ပြန်ချက်

 

        ထိုင်းနိုင်ငံ၌ မြန်မာရွေ့ပြောင်းလုပ်သား(၂)ဦးအား ဗြိတိန်စုံတွဲနှစ်ဦးကို သတ်မှုဖြင့်စွပ်စွဲပြီး တရားရုံးတင် သည့် သတင်းမှာ သတင်းမီဒီယာများနှင့် ဆိုရှယ်မီဒီယာများပေါ်တွင် ပြန့်နှံလျှက်ရှိနေသည်ကို တွေ့နေရပါသည်။  ယင်းအမှုဖြစ်စဉ်အပေါ် စွပ်စွဲချက်နှင့် စစ်ဆေးချက်များမှာ သံသယရှိဖွယ်ဖြစ်သည်ဟု ထိုင်းမီဒီယာများ အပါ အ၀င် ထိုင်းပြည်သူအချို့မှ ထင်မြင်ချက်ပေးထားကြောင်းကိုလည်း တွေ့နေရပါသည်။ မည်သည့်နိုင်ငံနှင့် မည်သည့်လူမျိုးပင်ဖြစ်စေ ပြစ်မှုကျူးလွန်ပါက ပြစ်ဒဏ်ကျခံစေရမည်မှာ မျက်မှောက်ခေတ် ယဉ်ကျေးသည့် ကမ္ဘာ့လူ့အဖွဲ့အစည်းက လက်ခံထားကြသည့် တရားဥပဒေဆိုင်ရာ ခံယူချက်ပင် ဖြစ်ပါသည်။ သို့သော် တရားမျှတမှန်ကန်သည့် တရားစီရင်ရေးအရ အမှန်တကယ်ဖြစ်မှုကျူးလွန်သည့် သူတို့ကိုသာ ပြစ်ဒဏ်စီရင် ကျခံရေးသည် လူ့အဖွဲ့အစည်းအတွက် အမှန်တကယ်လိုအပ်သ့ည့် အကာအကွယ်ဖြစ်သည်ဟု ကျွန်ုပ်တို့ အမျိုး သားဒီမိုကရေစီအင်အားစုပါတီက အစဉ်တစိုက်ယုံကြည်တန်ဖိုးထားပါသည်။  ထို့ကြောင့် အဆိုပါ မြန်မာလုပ် သား လူငယ်နှစ်ဦးသည် မိခင်နိုင်ငံပြင်ပတစ်နေရာတွင် မှန်ကန်သည့်ဥပဒေအကာအကွယ် ရရှိရေးအတွက်  အပူတပြင်း ၀ိုင်းဝန်းလုပ်ဆောင်ကြရန်မှာ နိုင်ငံသားပြည်သူတစ်ဦးချင်းစီကို နိုင်ငံတော်က စောင့်ရှောက်ရ မည့် တာဝန်ဟူ၍လည်း ကျွန်ုပ်တို့ပါတီမှ ယူဆပါသည်။

 

        ထို့ပြင် ယခုကဲ့သို့ အမှုအခင်းဖြစ်၍ ပြည်ပမြေပေါ်တွင် မျက်နှာငယ်စွာ တရားရင်ဆိုင်စေရသည့် မူလ အကြောင်းရင်းမှာ မိခင်မြေတွင် မိမိတို့၏မိသားစုဘ၀များ လောက်ငှဖူလုံသော လူနေမှုဘ၀တို့ကို ရှာဖွေ မရနိုင် ခြင်း၏ အကျိုးဆက်ပင်ဖြစ်ပါသည်။   သို့ပါ၍ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးအဖွဲ့သည်လည်းကောင်း၊ မြန်မာအစိုးရ တာဝန်ရှိသူများသည်လည်းကောင်း၊ မိမိတို့နိုင်ငံသားများ၏အရေးကို ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ ထိတွေ့ဆောင်ရွက် ပေးခြင်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသားများအတွက်  ကောင်းမြတ်သည့်အစဉ်အလာကို သယ်ဆောင်ခြင်း ဖြစ်သည်ဟု သဘောထားပါသည်။

 

ထို့ထက်သော်ကား နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံအစိုးရအဖွဲ့ခေါင်းဆောင် အလည်အပတ် ရောက်ရှိသည့်အခါတွင် မြန်မာလူငယ်နှစ်ဦး၏အရေးကိစ္စကို ပြောဆိုဆွေးနွေးမည်ဆိုသည့်သတင်းကို NDFပါတီအနေဖြင့် ၀မ်းမြောက်ဝမ်းသာကြိုဆိုရမည် ဖြစ်ပါသည်။  မည်သို့ပင်ဖြစ်စေ မြန်မာတို့သည် မိမိနိုင်ငံသား တစ်စုံတစ်ယောက် နိုင်ငံပြင်ပတစ်နေရာတွင် ရောက်နေစေကာမှု နိုင်ငံသားအခွင့်အရေးနှင့် မြန်မာနိုင်ငံသား ဟူသည့် မြန်မာ့ဥပဓိရုပ်ကို အမြဲတစေ အရေးတယူစောင့်ရှောက်ကာကွယ်တတ်သည်ဟူသည့် ဂုဏ်သတင်းကို နိုင်ငံတကာမြင်ကွင်းတွင် ထင်လင်းပေါ်လွင်ရေးကို ရှေ့ရှု၍ ထိုင်းနိုင်ငံ ခိုတောင်ကျွန်းအမှုအခင်း တွင် စွပ်စွဲခံရ၍ လူမှုဒုက္ခခံစားနေရသော မြန်မာလူငယ်နှစ်ဦးအရေးကို နိုင်ငံတော်အပါအ၀င် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းစုံ တို့မှ ၀ိုင်းဝန်းကူညီဖြေရှင်းကြပါရန် ဆော်သြလိုက်ပါသည်။

 

တဆက်တည်းတွင် နိုင်ငံတော်သည် ယခုကဲ့သို့ လူမှုဘ၀ မဖူလုံ၍ နိုင်ငံပြင်ပတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြသူ မြန်မာလူငယ်များ၏ လူသားစွမ်းအား၊ လူသားရင်းမြစ်တို့ကို  မိမိတို့နိုင်ငံအတွင်း၌ နိုင်ငံသစ်တည်ဆောက်ရေးတွင် ထိရောက်စွာအသုံးပြုနိုင်ရေးအတွက်  အလုပ်အကိုင်သစ်များရရှိရေးနှင့် လူတန်းစေ့နေိုင်ရေးတို့ကို  မူဝါဒသစ်များချမှတ်၍ စီမံဆောင်ရွက်သင့်ပြီဖြစ်ကြောင်း တောင်းဆိုတိုက်တွန်းလိုက် ပါသည်။

 

  ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

 

No comments:

Post a Comment