Friday, April 22, 2016

NDF ပါတီ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ၂၀၁၆ခုနှစ်၊ ဧပြီလ (၂၂) ရက်

         မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် ကာကွယ်ရေးကဏ္ဍအသီးသီးတို့အပါအ၀င် ပြည်သူတစ်ရပ်လုံး၏ပြင်းပြသောဆန္ဒဖြင့် လိုလားမှုများကို အထင် အရှား ပြသခဲ့ကြပြီး ဖြစ်ပါသည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့မှလည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး၍ မတရားအသင်းအဖြစ်မှ လွတ်မြောက်ခဲ့ကြသည်။ သို့သော် ကျန်ရှိနေသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့က ယနေ့ထက်တိုင် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့သေးပေ။ ထို့ကြောင့်  ကျွန်ုပ်တို့ ပြည်သူများအနေဖြင့် နိုင်ငံရေးရတက်မအေး ဖြစ်နေရဆဲပင် ဖြစ်ပါသည်။

         ဤသို့ ငြိမ်းချမ်းရေးလိပ်ခဲတည်းလည်း အနေအထားကြောင့် ရတက်မအေးနိုင်သည့်ကြားမှပင် ငြိမ်းချမ်း ရေး ပြောင်းပြန်၊ ငြိမ်းချမ်းရေးကို နောက်ပြန်ဆွဲမည့် ပြည်တွင်းစစ်မီးတောက်များ ဟိုတစ်ကွက်၊ သည်တစ်ကွက် တောက်လောင်လာသည်ကို ၀မ်းနည်းစွာတွေ့မြင်နေရပါသည်။ ထို့ထက်ပို၍၀မ်းနည်းစရာကောင်းသည်မှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ၀ိုင်းဝန်းတည်ဆောက်ကြမည်ဟု မြန်မာသိ၊ကမ္ဘာသိ သဘောတူကတိ က၀တ်ပြုမှုကြီး ထင်ရှားချခဲ့ပါလျက် လက်နက်အားကိုးဆောင်ရွက်နေကြဆဲ အခြေအနေကိုတွေ့ရသည်။

         ဤသည်မှာ နိုင်ငံရေးအနာမသိ၍ ကုစားရာဖြစ်သော ဖက်ဒရယ်ဆေးမရှိ၍မဟုတ်။ ဆေးရှိပါလျှက် နိုင်ငံ ရေးအနာကို မကုစားလိုသေး၍လည်းကောင်း၊ နိုင်ငံရေးယုံကြည်မှု မရရှိနိုင်သေးပါဟူသည့် အပစ်အခတ်ရပ်စဲ ရေးအတွက် ဆင်ခြေတက်နေခဲ့၍လည်းကောင်း၊ ငြိမ်းချမ်းရေးရှေ့ခရီးမှာ မှုန်ရီေ၀၀ါးလျှက် ဖြစ်နေပေသည်။ ဤသည်တို့မှာ နိုင်ငံရေးရင်ကြားစေ့ရေးအတွက် နိုင်ငံရေးအနှောင့်အယှက်သဖွယ် ဖြစ်နေပေပြီဟု ယူဆဖွယ် ဖြစ်သည်။ အမှန်မှာ နိုင်ငံနှင့်ပြည်သူတို့အကျိုးအတွက် ဤပြည်ထောင်စုမြန်မာနိုင်ငံတွင် စစ်တို့သည် ရပ်စဲချိန် တန်ခဲ့ပါပြီ။ စစ်မရှိ၊ ငြိမ်းချမ်းရေးသာ ရှိမည့်အခြေအနေကို ပြည်သူတို့ နှစ်လရှည်ကြာ လိုချင်တောင့်တခဲ့ ကြပါသည်။  ရလည်း ရထိုက်ပါသည်။

သို့စဉ်လျှက် ရခိုင်ဒေသအတွင်း တပ်မတော်သား ရဲဘော်အများအပြား မမျှော်လင့်ဘဲ ကျဆုံးရခြင်းနှင့် ယင်းအဖြစ်၏ နောက်ဆက်တွဲ ပေါ်ပေါက်လာသော ထိုးစစ်များကြောင့် မြန်မာနိုင်ငံသားနှစ်ဖက် လက်နက်ကိုင် တိုက်နေသူများအကြား ထိခိုက်ကျဆုံးမှုများ ပိုမိုဖြစ်ပေါ်လာပြီး ငြိမ်းချမ်းရေးအတွက် အနှောင့် အယှက်ဖြစ်လာ မည်ကို ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ လွန်စွာပင် စိုးရိမ်ကြောင့်ကြ ဖြစ်ရ ပါသည်။

         ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏တည်နေရာနှင့် နိုင်ငံရေး၊ စီးပွားရေးအနေအထားမှာ ပထ၀ီနိုင်ငံရေးအရ လွန်စွာ အရေးပါသည်ကို အများသိရှိကြပြီး ဖြစ်ပါသည်။ အမျိုးသားလွတ်လပ်ရေးကြီးရပြီးနောက် နယ်ချဲ့ပယောဂ ကြောင့်  အိမ်ကြက်ခြင်းအိုးမည်းသုတ်ခံရ၍ နှစ်(၆၀)ကြာ ပြည်တွင်းစစ်ဒဏ်ခံခဲ့ရပါပြီ။ ယခု ဤ၂၁ ရာစုအ၀င် ဤခေတ် တွင်လည်း ပထ၀ီနိုင်ငံရေးအားသာချက်ကို အသုံးချလိုမှု၊ ပြည်ပပယောဂကြောင့် ပြည်တွင်းစစ်တာရှည်မည်ကို သတိချပ်သင့်လှပြီ ဖြစ်ပါသည်။

သို့ပါ၍ အမျိုးသားရင်ကြားစေ့ရေးကို ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားတို့ကိုရှေ့ရှု၍ နှစ်ဖက်ကြား ဖြစ်ပွားနေသော တိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် ငြိမ်းချမ်းရေးစားပွဲပေါ်သို့ အရောက်လှမ်းနိုင်ကြရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေ စီအင်အားစု NDF မှ တိုက်တွန်းတောင်းဆိုအပ်ပါသည်။

 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ


No comments:

Post a Comment