Monday, August 18, 2014

WPWC- NCCT နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၏ ဆွေးနွေးချက်များ

WPWC- NCCT နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၏ ဆွေးနွေးချက်များ

         ကြွရောက်လာကြတဲ့ ၀န်ကြီးများဦးဆောင်တဲ့ WPWC ခေါင်းဆောင်များ၊  NCCT တိုင်းရင်းသားလက် နက်ကိုင်ခေါင်းဆောင်များနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်များအားလုံးကို လေးစားကြောင်း ပြောလိုပါတယ်။  ကျွန်တော်တို့တွေအဖို့  ဖက်ဒရယ်စနစ်အခြေခံနဲ့ ပြည်ထောင်စုတစ်ခု ဖြစ်တည်ရေးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလိုအပ်ချက်ဖြစ်သလို အမျိုးသားညီညွတ်ရေးပန်းတိုင်လည်း ဖြစ်ပါတယ်။ ဒါကို  အလေးအနက် ခံယူကြ ဖို့ လိုပါတယ်။ တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြတာဖြစ်တဲ့အတွက် ပြည်နယ်ပေါင်းစုပြည်ထောင်စုပုံသဏ္ဍာန်နဲ့ပဲ သွားကြရပါမယ်။ ဒါကိုလည်း သဘောတူပါတယ်။  အနှစ်သာရအားဖြင့် တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ မွေးရာပါအခွင့်အရေးများကို  ရရှိရေးတို့အတွက် အာမခံချက်ရှိရမယ်ဆိုတာကို ကျွန်တော်တို့လိုလားကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားအားလုံးဟာ ပင်လုံနိုင်ငံရေးအိမ်မက် မက်နေကြဆဲပါ။ ဒါကြောင့် ဖက်ဒရယ်ပြည် ထောင်စု ဖြစ်တည်ရေးဆီကို မဖြစ်မနေ ရောက်အောင်သွားကြဖို့ အမှန်လိုအပ်တယ်လို့ ပြောချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာပြီး ဒေသအလိုက် အာဏာ ခွဲ ဝေကျင့်သုံးရေးတွေ ထူထောင်ပြီးမှသာ နှစ်ပေါင်းများစွာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာ၊ စီးပွားရေးပြဿနာ၊ သယံဇာတထုတ်ယူသုံးစွဲရေးပြဿနာများနဲ့ လူမှုဘ၀များ ဖွံ့ဖြိုးရေးပြဿနာများကို ငြိမ်းချမ်းညီညွတ်စွာ ဖြေရှင်း ပြေလည်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ကြလို့ ဖြစ်ပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့ ကျွန်တော်တို့ပြည်ထောင်စု တစ်ခုကို စစ်အင်အားနဲ့ ဆွဲစုတာမျိုးမလိုချင်ပါဘူး။ နိုင်ငံရေးယုံကြည်မှု မရှိလို့ တိုင်းရင်းသားတွေဟာ လက်နက် ကိုယ်စီကိုင်ပြီး စုထားရတဲ့ ပြည်ထောင်စုမျိုးကိုလည်း မလိုချင်ပါဘူး။ အမျိုးသားညီညွတ်ရေးရှိရှိ ၊ဒီမိုကရေစီနဲ့ လွတ်လပ်မှုအရသာတွေ ခံစားရရှိပြီး  စီးပွားရေးလက်ဝါးကြီးအုပ်မှုကင်းစွာ သယံဇာတတွေကို တရားမျှတစွာ တိုင်းရင်းသားပြည်သူအများ ခံစားရရှိနိုင်မယ့်  ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတစ်ခုကို လိုချင်ကြတာ ဖြစ်ပါတယ်။

ခု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီWPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCCT တို့ရဲ့ အပစ် အခတ်ရပ်စဲရေး ဆွေးနွေးမှုအရ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးမူတွေကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုသို့  ဘယ်လိုဖက်ဒရယ်စနစ်နဲ့တည်ဆောက်မယ့် ပြည်ထောင်စုဖြစ်ရေးတွေ ကို နိုင်ငံရေးဆွေးနွေးပွဲတွေက ပေါ်ထွက်လာမယ့် ရလဒ်တွေအရ ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် ထူထောင်သွား မယ်ဆိုတဲ့ သဘောထားကို ကျွန်တော်တို့ ထောက်ခံကြိုဆိုပါတယ်။

မြန်မာပြည်သူတွေဟာ အာဏာအုပ်ချုပ်ရေးခေတ်တွေကို ဖြတ်သန်းခဲ့ကြရပါတယ်။ ဒါကြောင့် လွတ် လပ်မှုနဲ့ တိုင်းရင်းသားတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာအပြင် လူ့သိက္ခာ၊ လူ့တန်ဖိုး ဆုံးရှုံးခဲ့ရမှုတွေ၊ တိုင်းရင်း သားများအကြား ခွဲခြားဆက်ဆံခံရမှုတွေကြောင့် ကျွန်တော်တို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို  လိုချင်ကြတာ ဖြစ်ပါတယ်။  နောက်ပြီး အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိ ရေးတို့အတွက် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုချင်ကြတာ ဖြစ်ပါတယ်။ ခု ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အရင်ခေတ် တွေနဲ့ ကွာခြားတာကို တွေ့ရပါတယ်။ အရင်တုန်းကတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားပဲ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေသာ ဖြစ်ပါတယ်။ အခုဖြစ်စဉ်က ပြည်သူပါတဲ့ ငြိမ်းချမ်းရေး၊ပွင့်လင်းမြင်သာ တဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံတကာက အလေးထားစောင့်ကြည့်ရတဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုနိုင်ငံသစ် တည် ဆောက်ရေးအတွက် အရေးတကြီးခရီးနှင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်နေပါတယ်။

ပြည်သူတွေဟာ ဒီငြိမ်းချမ်းရေး ရရှိရေးဖြစ်စဉ်လှိုင်းကြီး ရိုတ်ခတ်နေမှုကို အားရ၀မ်းသာ ကြိုဆို နေကြ

ပါတယ်။ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးဖြစ်စဉ်တွေထက်လည်း ပြည်သူ့အတွက် ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပါယ် ဆောင်နေပါတယ်။ ဒါကြောင့် ဒီအစိုးရခေတ် ၊ ဒီလွှတ်တော်သက်တမ်းအတွင်းမှာပဲ ငြိမ်းချမ်းရေးအတွက် ရေရာ တဲ့ ပထမဦးဆုံးသော မှတ်တိုင်တစ်ခု စိုက်ထူနိုင်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပ်ါတယ်။ ပြည်သူတွေရဲ့ ပြင်းပြတဲ့ ငြိမ်းချမ်းရေးရလိုမှု မျှော်လင့်ချက်ကြီးကို လျှော့ပါးမသွားစေဘဲ အားပေးမြှင့်တင်ရာရောက်အောင် အရှိန်အဟုန်နဲ့ ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်။

 ကျေးဇူးတင်ပါတယ်။

    ဦးခင်မောင်ဆွေ

ဥက္ကဌ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီံနံc

No comments:

Post a Comment