အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
( ၇၁)နှစ်မြောက် အာဇာနည်နေ့သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ၁၇-၇-၂၀၁၈
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသောနေ့သည် ဤဇူလိုင်လ(၁၉)ရက်၊ ၂၀၁၈ခုနေ့တွင် (၇၁) နှစ်တိုင်ခဲ့ပြီဖြစ်သည်။ အာဇာနည်နေ့သည် ခေတ်များ၊ စနစ်များ မည်သို့ပင်ပြောင်းသည့်တိုင် မြန်မာပြည်သူ တို့အဖို့ မေ့အပ်သည့်နေ့ မဟုတ်ပေ။ နိုင်ငံရေးနှလုံးသားထဲတွင် အစဉ်အမှတ်ရကိန်းအောင်နေကြရမည့်နေ့ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နှောင်းလူတို့အဖို့ အမျိုးသားအချုပ်အခြာအာဏာ၏တန်ဖိုးကို ထာဝစဉ် အလေးဂရုပြုနေရမည် ဟူသည့် နိုင်ငံရေးအသိနှင့် နိုင်ငံရေးသတိတို့ကို ပေးစွမ်းနိုင်၍ ဖြစ်သည်။ ထို့ကြောင့် ဤအာဇာနည်နေ့ ကျရောက်သည့်အချိန်အခါများတွင်သာမဟုတ်ဘဲ မျိုးဆက်သစ်လူငယ်တို့အတွက် အာဇာနည်နေ့၏အနှစ်သာရတို့ကို နိုင်ငံရေးသတိသမ္ဗဇဉ်ဖြင့် ထာဝစဉ်အသိဝင် ဆင်ခြင်နိုင်ကြရန် ဖြစ်သည်။ သို့မှသာ မြန်မာ့ပိုင်နက်နယ်မြေ လက်လွတ်မဆုံးရှုံးရေးနှင့် အချုပ်အခြာအာဏာတည်တံ့ရေးတို့ကို စောင့် ရှောက်ကာကွယ်လိုသောစိတ်တို့ ပေါက်ဖွားရှင်သန်နေမည် ဖြစ်သည်။
ထိုကဲ့သို့ တိုင်းချစ်ပြည်ချစ်၊မျိုးချစ်စိတ်တို့ ပြန့်ပွားစည်ပင်နေမှသာ အမျိုးသားအကျိုးစီးပွား၊ အမျိုး သားလုံခြုံရေးနှင့် အမျိုး၊ဘာသာ၊ သာသနာတို့ကို အချုပ်အခြာအာဏာတည်သရွေ့ အကာအကွယ်ပေးနိုင် မည်ဖြစ်သည်။ ထို့ကြောင့် ဤအာဇာနည်နေ့ကျင်းပခြင်းသည်
(က) အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးမှုကို နှမြောတသ ၀မ်းနည်း၍လည်းကောင်း၊
(ခ) အမျိုးသားအကျိုးစီးပွားကို ဖြစ်ပေါ်စေမည့် နိုင်ငံ့လွတ်လပ်ရေးကြီး ရယူနိုင်ရန် တိုင်းပြုပြည် ပြုအစည်းအဝေးပြုလုပ်နေစဉ် ကျဆုံးခဲ့ရခြင်းဖြစ်၍လည်းကောင်း၊
(ဂ) ပြည်သူတို့ပိုင်ဆိုင်သည့် အချုပ်အခြာအာဏာကို အကြမ်းဖက်လုယူ၍ ရစကောင်းသော အရာ မဟုတ်ဟူသည့် သာဓကကို အသက်စွန့်၍ ပြသခဲ့ကြသည်ဟူ၍ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီက သဘောပိုက်ခံယူပါကြောင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment