Monday, May 28, 2018

တရားဥပဒေစိုးမိုးမှုဖြစ်ပေါ်ရေးအတွက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏သဘောထားထုတ်ပြန်ချက်

တရားဥပဒေစိုးမိုးမှုဖြစ်ပေါ်ရေးအတွက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ၂၈-၅-၂၀၁၈

မြန်မာနိုင်ငံ၏ လက်ငင်းအခြေအနေသည် ပြည်သူလူထုဆန္ဒနှင့်အညီ ဒီမိုကရေစီလူ့ဘောင်သို့ ကူးပြောင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေရဆဲ အချိန်ကာလဖြစ်ပေသည်။ သို့ဖြစ်ရာ ဒီမိုကရေစီ အခြေခံ မဏ္ဍိုင်ကြီးတစ်ရပ်ဖြစ်သည့် တရားစီရင်ရေးမဏ္ဍိုင်ကြီးကို မတိမ်းမစောင်းစေရေးသည် လွန်စွာအရေးကြီးပေ သည်။ ဥပဒေ၏အထက်တွင် မည်သူမျှမရှိရ(Nobody above the law) ။ ဥပဒေရှေ့မှောက်တွင် အားလုံးမခွဲ ခြား၊ အညီအမျှ ဖြစ်ရမည်( Equality before the law) ဟူသောအချက်များကို သက်ဆိုင်ရာအဖွဲ့အစည်း များက အဂတိတရားကင်းကင်း ကိုင်စွဲကျင့်သုံးကြမှသာ တရားဥပဒေစိုးမိုးရေးကို အလေးထားလိုက်နာရာ ရောက်ပေမည်။ တရားဥပဒေစိုးမိုးရေးဟု အသံကုန်ဟစ်နေသော်လည်း  ခွဲခြားဆောင်ရွက်နေသမျှကာလ ပတ်လုံး တရားဥပဒေစိုးမိုးရေးကို မမျှော်လင့်နိုင်ကြပေ။ တရားဥပဒေစိုးမိုးမှု မရှိသဖြင့် တရားစီရင်ရေး မဏ္ဍိုင်ကြီး တိမ်းစောင်းနေသရွေ့ ဒီမိုကရေစီရေးသည် စိတ်ကူးယဉ်အိမ်မက်ပင် ဖြစ်ပေလိမ့်မည်။

        ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၏ အခြေခံစံများဖြစ်သည့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန် သောအုပ်ချုပ်ရေးစသည်တို့သည် အုပ်ချုပ်ရေးမဏ္ဍိုင်၏စံများ ဖြစ်ပေသည်။ ဒီမိုကရေစီစနစ်တွင် ဥပဒေပြု ရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့သည် သီးခြားရပ်တည်ပြီး အပြန်အလှန်ထိန်းကျောင်းရသည့် သဘောရှိရာ တစ်ခုမှတစ်ခုသို့ လွှမ်းမိုးခြင်း၊ စွက်ဖက်ခြင်း၊ အပြန်အလှန်ထိန်းကျောင်းနိုင်ခြင်းတို့ မရှိပါက် ဥပဒေလုပ်ထုံးလုပ်နည်းများကို လစ်လျှူရှုရာရောက်ပြီး ဒီမိုကရေစီတည်ဆောက်ရေးသည် ပျက်စီးခြင်းသို့ တိုင်ပေလိမ့်မည်။

ဥပဒေစိုးမိုးရေးကို အမှန်တကယ်လိုလားသည်ဆိုပါက မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တစ်ရပ်သည် အမှီခိုကင်းသော၊ အကြောက်တရားကင်းသော၊ အဂတိတရားကင်းသော၊ သီးခြား လွတ်လပ်သည့်အဖွဲ့အစည်း( Independet Body) အဖြစ်သာ ရပ်တည်ရပေမည်။ နိုင်ငံနှင့်ပြည်သူအကျိုးကို အမှန်တကယ်လို လားသည်ဆိုပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စိစစ်ဆောင်ရွက်မှု များသည် တည်ဆဲတရားဥပဒေ၊လုပ်ထုံးလုပ်နည်း၊စည်းမျဉ်းစည်းကမ်းများနှင့်အညီသာ ဖြစ်သင့်ပေသည်။

အပြစ်ရှိသူကို အပြစ်ရှိသည်နှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရေးတွင် မည်သည့်ကိုမျှ မျက်နှာ မထောက်ပဲ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြမှသာ နိုင်ငံဂုဏ်သိက္ခာ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့၏ ဂုဏ်သိက္ခာများကို ထိန်းသိမ်းရာရောက်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့အမျိုးသား ဒီမိုကရေစီအင်အားစုNDFပါတီက သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

 

 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ


No comments:

Post a Comment