Saturday, February 11, 2017

NDF ပါတီ၏(၇၀)နှစ်မြောက် ပြည်ထောင်စုနေ့သ၀ဏ်လွှာ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

 (၇၀)နှစ်မြောက် ပြည်ထောင်စုနေ့သ၀ဏ်လွှာ

ရက်စွဲ။ ၂၀၁၇ခုနှစ်၊ဖေဖော်ဝါရီလ(၁၂)ရက်

ယနေ့သည်ကား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမိုင်းဝင်နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သော နှစ်၇၀မြောက် ပြည်ထောင်စုနေ့ကြီး ဖြစ်ပေသည်။ မြန်မာ့လွတ်လပ်ရေးပိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်း ဆောင်ကာ တိုင်းရင်းသားခေါင်းဆောင်ကြီးများပေါင်းစုပြီး ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင် ပင်လုံ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ဤသို့ဖြင့် လွတ်လပ်ရေး၏အခြေခံအုတ်မြစ်ကြီးကို အောင်မြင်စွာ ချမှတ်နိုင်ခဲ့ကြ ပေသည်။

         ယခုကာလတွင် ဒီမိုကရေစီင်္အရွေ့နှင့်အတူ ငြိမ်းချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ထောင်ရေးတို့သည် လွန်စွာအရေးကြီးသော နိုင်ငံရေးလိုအပ်ချက်ကြီးများ ဖြစ်ပေသည်။ ထိုလိုအပ်ချက်များအရ  ဒုတိယပင်လုံညီလာခံကြီးကို ရွေးချယ်ထားသည့် အဖွဲ့များဖြင့် စတင်ကျင်းပလျှက် ရှိနေပေ သည်။ ငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် ပြည်ထောင်စုသားအားလုံး အဆင့်အတန်းတူ၊ အခွင့်အလမ်းတူကြ မှသာ၊ တိုင်းရင်းသားများလိုလားလျှက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီး ခွင့်များ ရရှိနိုင်မည် ဖြစ်သည်။ သို့မှသာ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို တည်ဆောက်နိုင်ပေမည်။

         ခေတ်အဆက်ဆက် တိုင်းပြည်တွင် ဖြစ်ပျက်ခဲ့သော ပြဿနာအားလုံးကို ချက်ခြင်းလက်ငင်း ဖြေရှင်း နိုင်ရန်မှာ လွယ်ကူသည့် လုပ်ငန်းမဟုတ်ပါ။ အချိန်ယူဆောင်ရွက်ရမည် ဖြစ်ပေသည်။ လက်ရှိအစိုးရ၊ လွှတ်တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးအနေဖြင့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အားကြိုး မာန်တက် ဆောင်ရွက်ကြရပေဦးမည်။ ထိုနည်းတူ ဒုတိယပင်လုံညီလာခံကြီးတွင် သက်ဆိုင်သူအားလုံးနှင့်တကွ နိုင်ငံရေးအင်အားစုအားလုံး ပါဝင်ဆောင်ရွက် နိုင်ခွင့်ရရှိရေးသည် လွန်စွာအရေးပါလှပေသည်။ သို့ပါ၍ ခွဲခြားဆက် ဆံမှုများကို စွန့်ပယ်ပြီး ပါဝင်သင့်သူများအားလုံး ပါဝင်ဆွေးနွေးနိုင်ရန် လမ်းဖွင့်ပေးသင့်ပေသည်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင်  နိုင်ငံတော်တစ်ခုလုံးအရေးကို ငါတို့လုပ်မှရမည်၊ ငါတို့ပဲ လုပ်မည်ဟူသော သဘောထားမျိုး သည် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှု မရှိပေ။

 တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု၊ စေတနာထားမှု၊ သဘောထား ကြီးမှု၊ အနစ်နာခံမှု၊ အမျှော်အမြင်ကြီးမှု၊ စာနာထောက်ထားနားလည်မှုတို့ ရှိရပေမည်။ထို့အပြင် ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲမထားပဲ နိုင်ငံ့အကျိုး ဦးတည်ဆောင် ရွက်ကြမှသာ ဒုတိယပင်လုံညီလာခံ၏ အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်မည်ဖြစ်ပါသည်။ သို့ပါ၍ ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်လာရေးကိုရှေ့ရှုပြီး ယနေ့ကျရောက်သော နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ကြီး ကို အလေးအနက် ဂုဏ်ပြုလျှက် ပြည်ထောင်စုတိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေးအသီးအပွင့်များကို  အမြန်ဆုံး အပြည့်အ၀ခံစားနိုင်ကြပါစေကြောင်း  အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဆုမွန်ကောင်းတောင်း အပ်ပါသည်။

  ဗဟိုအလုပ်အမှုဆောင်ကော်မတီ

                                                   အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment