Tuesday, February 28, 2017

အမျိုးသားဒီမိုကရေစ်ီအင်အားစုပါတီ၏ တောင်သူလယ်သမားနေ့ ကြေညာချက်2017

 

အမျိုးသားဒီမိုကရေစ်ီအင်အားစုပါတီ၏

တောင်သူလယ်သမားနေ့ ကြေညာချက်

ရက်စွဲ။ ၂-၃-၂၀၁၇

         ယနေ့သည်ကား  မြန်မာနိုင်ငံရှိ တောင်သူလယ်သမားထုကြီးအတွက် နေ့ထူးနေမြတ်ကြီးဖြစ်ပေသည်။ နိုင်ငံ ၏ထမင်းရှင်၊ ကျေးဇူးရှင်ကြီးများအဖြစ် ခေတ်အဆက်ဆက်က အသံကောင်းဟစ်ခဲ့ကြသော်လည်း အဖိနှိပ်ခံ လူတန်းစား အလွှာကြီးအဖြစ် တည်ရှိခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ လူဦးရေအများစုကြီးဖြစ်သည့် တောင်သူလယ်သမားများအတွက် ဆင်းရဲနွမ်းပါးမှုများမှ ကင်းလွတ်နိုင်ရေးကို အစိုးရအဆက်ဆက် ပြေလည်အောင် လုပ်မပေးနိုင်ခဲ့သည်ကို မြင်တွေ့နေရပေ သည်။

         တောင်သူလယ်သမားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်မည်ဟုကြွေးကြော်ခဲ့သည့် အဖွဲ့အစည်းပေါင်းစုံ မြန်မာ ပြည်တွင် ပေါ်ပေါက်လာခဲ့ကြသော်လည်း နောက်ဆုံးတွင် ပါတီအကျိုးနှင့် ကိုယ်ကျိုးစီးပွားအောက်တွင် တောင်သူလယ် သမားများအရေးမှာ  စုံးစုံးမြှုပ်သွားခဲ့ရသည်။ ဤသည်မှာ တောင်သူလယ်သမားအရေးကို တောင်သူလယ်သမားများ ကိုယ်တိုင် ဦးဆောင်ဆောင်ရွက်ကြမည့် တောင်သူလယ်သမားသမဂ္ဂ စစ်စစ်မှန်မှန်များ ပေါ်ပေါက်မလာနိုင်ခြင်းကြောင့်  ဖြစ်ပေသည်။ တောင်သူလယ်သမားတို့၏ သမိုင်းဝင်ခေါင်းဆောင်ကြီးဂဠုန်ဆရာစံမှာ  သူ့ကျွန်ဘ၀ စားဝတ်နေရေး ကျပ်တည်းလွန်းသည့် ဆင်းရဲသားငဘများကို ကိုယ်စားပြုပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

         ခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားအကျိုးကို ဖော်ဆောင်မည်ဟု ကြွေးကြော်ခဲ့ကြသော်လည်း ထိရောက်ခဲ့ခြင်းမရှိပါ။ ယခု ဒီမိုကရေစီခေတ်တွင်လည်း တောင်သူလယ်သမားတို့၏အခြေအနေမှာ ဆင်းရဲမွဲတေမှုနှင့် နဘမ်းလုံးနေရဆဲပင် ဖြစ်နေသည်။  လယ်ယာမြေသိမ်းဆည်းခံထားရမူ အများစုမှာလည်း ယခုတိုင်ပြေလည်အောင် ဖြေရှင်းမပေးနိုင်ကြသေးပေ။ တောင်သူလယ်သမားများမှာလည်း တရားစွဲ၊ရုံးတင် ထောင်ကျခံနေရဆဲပင် ဖြစ်နေသည်။ ယင်းသို့ လယ်ယာမြေပြဿနာများကို ဖြေရှင်းမပေးနိုင်သေးသည့်ကြားကာလတွင် ဆန္ဒထုတ်ဖော်သူ တောင်သူလယ် သမားများအား ဖမ်းဆီးပြစ်ဒဏ်ချမှတ်နေမှုများသည် ဒုက္ခတွင်းသို့ ပိုမိုတွန်းပို့ရာ ရောက်နေပေသည်။ ထို့အတူ တောင်သူ လယ်သမားတို့၏အကျိုးစီးပွားကို အကာအကွယ်ပေးမည့် တစ်ခုတည်းသောတောင်သူလယ်သမားသမဂ္ဂလည်း ပေါ်ထွန်း လာခြင်းမရှိသေးဘဲ အဖွဲ့ခွဲပေါင်းများစွာဖြင့် ကွဲပြားစွာလှုပ်ရှားနေကြသည်ကို မြင်တွေ့နေရပါသည်။

         ထို့ကြောင့် ကျွန်ုပ်တို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ယနေ့ကျရောက်သော တောင်သူလယ် သမားနေ့တွင် -

-      စစ်မှန်သော တစ်စုတစ်စည်းတည်းဖြစ်သော တောင်သူလယ်သမားသမဂ္ဂကြီး အမြန်ဆုံးပေါ်ထွန်းလာရေး၊

-      လယ်ယာမြေပြဿနာများကို အမြန်ဆုံးပြေလည်အောင် ဆောင်ရွက်ပေး၍ ဆန္ဒထုတ်ဖော်နေမှုများကို တရား နည်းလမ်းကျစွာ ဖြေရှင်းပေးရေး၊

-      လယ်ယာမြေပိုင်သူတိုင်း ချေးငွေအပြည့်အ၀ရရှိရေးနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ထုတ်ချေးပေးရေး၊

-      တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးနှင့် ကာကွယ်ရေးဥပဒေပါအတိုင်း လိုက်နာကျင့်သုံးစေရေး၊

-      မျိုးကောင်းမျိုးသန့်သီးနှံများနှင့် ခေတ်မှီစိုက်ပျိုးစနစ်များ ဖြန့်ဝေပေးရေး၊

-      ကျေးလက်နေပြည်သူများ၏လူနေမှုဘ၀များ အဆင့်မြှင့်တင်ပေးနိုင်ရေးတို့ကို နိုင်ငံတော်အစိုးရအနေဖြင့် အမြန်ဆုံးလုပ်ဆောင်ပေးပါရန် အလေးအနက် တိုက်တွန်းတောင်းဆိုကြောင်း ကြေညာအပ်ပါသည်။

  ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment