Wednesday, June 12, 2019

ndf party ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပါပုဒ်မများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပါပုဒ်မများနှင့်ပတ်သက်၍

သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ၁၂-၆-၂၀၁၉

 

၁။     ၇-၆-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်း ကို မဲခွဲ အတည်ပြုခဲ့ပါသည်။ ထိုဥပဒေကြမ်းတွင် နိုင်ငံတော်၏ရေရှည်အကျိုးစီးပွား၊ တိုင်းရင်းသားပြည်သူတို့ ၏ မွေးရာပါအခွင့်အရေးနှင့် နိုင်ငံသားတို့၏ဥပဒေရပိုင်ခွင့်များနှင့်စောင့်ထိန်းလိုက်နာရမည့် တာဝန်ဝတ္တရား များကို ထိခိုက်စေမည့် ဥပဒေပြဋ္ဌာန်းချက်များ ပါဝင်နေပါသည်။ ထို့ကြောင့် ထိုဥပဒေပါပုဒ်မများကို ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီက အလွန်အမင်းစိုးရိမ်မကင်း ဖြစ်ရခြင်းနှင့်အတူ ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။ သန်းထောင်ကျော်လူဦးရေရှိ နိုင်ငံကြီး၂ခုနှင့် သန်း၂၀၀ကျော်နီးပါးဖြင့် လူဦးရေပေါက် ကွဲနေသော နိုင်ငံများကြားတွင် အဘယ်ကိုရည်ရွယ်၍ နိုင်ငံသား၊ နိုင်ငံခြားသားမခွဲခြားဘဲ ကလေးသူငယ်များ အား မွေးစားခွင့်ပြုရခြင်းကို မေးခွန်းထုတ်လိုပါသည်။ စီးပွားရေးတောင့်တင်းသောနိုင်ငံအဖြစ် မရောက်သေး ဘဲ နေရင်းပြည်သူများပင် စားဝတ်နေရေး၊ လူမှုရေးဒုက္ခများ ခံစားနေရပါလျှက် မည်သို့သောအကျိုးကိုမျှော်ကိုး ၍ ထိုဥပဒေပြဋ္ဌာန်းချက်များကို ရေးဆွဲထုတ်ပြန်ရပါသနည်း။

၂။     အမျိုးသားအကျိုးစီးပွားအထိုင်ပေါ်တွင် ရှိနေကြသည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ထုံးတမ်း စဉ်လာများကို လက်ရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့က ကျော်လွှား၍  လူ့အခွင့်အရေး မျက်နှာစာတစ်ဖက်တည်းမှ ကျင့်သုံးဆောင်ရွက်နေသည်ကို တွေ့နေရပါသည်။ ထို့ကြောင့် ရှိရင်းစွဲ အမျိုးသားလက္ခဏာများ မှေးမှိန်ပျောက်ကွယ်သွားမည်ကို ပြည်သူများအကြား နိုင်ငံရေးဘ၀င်မကျ၊ စိုးရိမ်ရ မှုများ ဖြစ်ကြရပါသည်။ သို့စဉ်လျှက် ထိုဥပဒေပါ ပုဒ်မအချို့သည် တည်ဆဲဥပဒေများကို လက်တစ်လုံးခြား ရှောင်ကွင်း၍ ကျော်နင်းလုပ်ဆောင်ရန် ကြိုးပမ်းနေသည်ဟု တွေ့မြင်နေရပါသည်။  လွှတ်တော်တွင်းမဲအများစု အသာဖြင့် အနိုင်ရတိုင်း ဒီမိုကရေစီကျင့်သုံးရာရောက်သည်ဟု မှတ်ယူပါက မူလအချုပ်အခြာအာဏာပိုင်ရှင် ပြည်သူတို့၏လိုအင်ဆန္ဒကို မျက်ကွယ်ပြုခြင်း ဖြစ်ပါသည်။ လွှတ်တော်တွင်း နိုင်လိုမင်းထက်ပြု၍ ဥပဒေများကို ဖြုတ်ပယ်ပြင်ဆင်နေကြလျှင် နောင်မျိုးဆက်တို့အတွက် ဥပဒေအကာအကွယ် ရှိနိုင်တော့မည် မဟုတ်ပါ။ သို့ပါ၍ ပြည်သူများအား နိုင်ငံရေးဒရွတ်ဆွဲ၍ ဥပဒေပြုခြင်းမျိုး မဖြစ်စေရန် အထူးတိုက်တွန်းအပ်ပါသည်။

၃။     ထို့ကြောင့် ၂၀၀၈အခြေခံဥပဒေပုဒ်မ ၃၄၅၊ ၃၄၆ပါ နိုငငံသားဖြစ်မှုဆိုင်ရာသတ်မှတ်ချက်၊ ၁၉၈၂ခု နိုင်ငံသားဥပဒေပုဒ်မ၇၃ပါ မွေးစားခံရသူကလေးတိုင်း နိုင်ငံသားဖြစ်ခွင့်မရစေမှု ဟူသည့်ကန့်သတ်ချက်နှင့် တရားရုံးချုပ်တရားစီရင်ထုံးများအရ မွေးစားခွင့်ပေးခြင်းဖြင့် အလိုအလျှောက် နိုင်ငံသားဖြစ်ခွင့်မရနိုင်ကြောင်း ဆုံးဖြတ်ချက် စသည့် ဥပဒေ၊ စည်းကမ်းစီရင်ထုံးများ အသက်ဝင်နေဆဲဖြစ်ပါသည်။ ထိုအစဉ်အလာဥပဒေ သတ်မှတ်ချက်များကို ဖောက်ဖျက်ကျူးလွန်၍ တင်သွင်းလာသည့် ကလေးသူငယ်များအခွင့်အရေးဆိုင်ရ ဥပဒေကြမ်းပါ ပုဒ်မအချို့ကို ခြွင်းချက်မရှိ ပယ်ဖျက်ပေးရန်နှင့် မွေးစားခွင့်ဆိုသည်ကို တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုပေးရန် တောင်းဆို၍ ဤဥပဒေပုဒ်မများ အတည်ဖြစ်ရန် ကြိုးပမ်းမှုကို ကျွန်ုပ်တို့ အမျိုးသား ဒီမိုကရေစီအင်အားစုNDFပါတီက အလေးအနက် ကန့်ကွက်ကြောင်း  သဘောထားထုတ်ပြန်အပ်ပါသည်။

 

 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment