Wednesday, October 25, 2017

ဘာသာပေါင်းစုံဆုတောင်းပွဲများပြုလုပ်မှုနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားကြေညာချက်

ဘာသာပေါင်းစုံဆုတောင်းပွဲများပြုလုပ်မှုနှင့်ပတ်သက်၍

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

သဘောထားကြေညာချက်

ရက်စွဲ။  ၂၆-၁၀-၂၀၁၇

 

၁။     ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၀၇၊ ပုဒ်မခွဲ(ဃ)တွင် နိုင်ငံရေးပါတီများအနေဖြင့် ဘာသာရေးကို နိုင်ငံ ရေးအတွက် အလွဲသုံးစားပြုမှုခြင်း မပြုရဟု တားမြစ်ထားပါသည်။ ထို့အတူ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ၆(ဃ)နှင့်(င)တွင်လည်း ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုမှုခြင်း မပြုရဟု ပြဋ္ဌာန်း ထားပါသည်။ သို့သော်လည်း ဘာသာပေါင်းစုံ ဆုတောင်း ပွဲများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ က မြို့နယ်အဆင့်၊ တိုင်းအဆင့်များကဦးစီး၍ အကြိမ်ကြိမ်ပြုလုပ်နေခြင်းများသည် အခြေခံဥပဒေပါပြဋ္ဌာန်း ချက်များနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေများကို ချိုးဖောက်ရာရောက်သကဲ့သို့၊ ဆုတောင်းပွဲများပြု လုပ်ရာတွင် လွဲချော်မှားယွင်းမှုများကြောင့် ဗုဒ္ဓဘာသာအများစုဖြစ်သည့် နိုင်ငံသားပြည်သူအများစုတို့၏ နှလုံးစိတ်ဝမ်း ထိခိုက်ညှိုးနွမ်းစေပါသည်။

(ဥပမာအားဖြင့် စဉ်ကိုင်မြို့နယ်တွင် ကျင်းပသည့် ဘာသာပေါင်းစုံဆုတောင်းပွဲဖြစ်ရပ်တွင် ဗုဒ္ဓဘာ သာကိုရင်၊ သီလရှင်များက အောက်၊ အခြားဘာသာရေးခေါင်းဆောင်များက အထက်၊ ထိုသို့မြင်လိုက်ရခြင်း သည် အလေးအမြတ်ပြုထားသော မိမိတို့၏ဗုဒ္ဓဘာသာများကို နှိ့မ်ချရာရောက်နေသည်မှာ ရင်နင့်ဖွယ်လုပ်ရပ် တစ်ခုအဖြစ် ရှုမြင်ခံစားရပါသည်။ ဤသို့ မပြုထိုက်ပါ။)

 

၂။     ဘာသာရေးနှင့်ပတ်သက်သောကိစ္စရပ်များကို အမှန်တကယ် ဦးစီးဆောင်ရွက်သင့်သည်မှာ အထက် ဖော်ပြပါ အခြေခံဥပဒေအရ  ပြည်ထောင်စုအစိုးရအဖွဲ့၏ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် သာ ဆောင်ရွက်ရပါမည်။

 

၃။     မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ၊ ဘာသာပေါင်းစုံဆုတောင်းပွဲများ၏ နောက်ဆက်တွဲဖြစ်ပေါ် လာနိုင်သည့် မလိုလားအပ်သောရလဒ်အကျိုးတရားများသည် ပြုလုပ်ဆောင်ရွက်နေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ၏ တာဝန်သာလျှင် ဖြစ်သည်။

 

၎။     ထို့အတူ ဒီမိုကရေစီ၏အနှစ်သာရဖြစ်သော ဥပဒေနှင့်အညီ ပြုမှုဆောင်ရွက်ခြင်းကို ဒီမိုကရေစီဦးထိပ် ပန်ဆင်မည်ဟုဆိုသူများက ထင်ရာစိုင်းလုပ်ဆောင်ခြင်းသည် တရားဥပဒေစိုးမိုးမှုကို မျက်ကွယ်ပြုရာ ရောက်ပြီဖြစ်ကြောင်း သဘောရပါသည်။

 

၅။     သို့ပါ၍ နိုင်ငံတော်အစိုးရသည် ဤကဲ့သို့လွှဲချော်ဆောင်ရွက်နေမှုကို ဆောလျင်စွာတည့်မတ်ပေးပါရန် တိုက်တွန်းတောင်းဆိုလိုက်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment