Wednesday, July 12, 2017

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့်ပတ်သက်သည့် NDFပါတီ၏ သဘောထားကြေညာချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ


ရက်စွဲ။  ၁၂-၇-၂၀၁၇

          ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ NDFပါတီ၏ထုတ်ပြန်ချက်နှင့် (၁၄)ပါတီပူးတွဲထုတ်ပြန်ချက်တို့

သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးတို့အတွက် အထူးစိုးရိမ်နေရ သည့် အခြေအနေသို့ ရောက်ရှိကျော်လွန်နေပြီဖြစ်သောကြောင့် လက်ရှိတည်ဆဲလုံခြုံရေးဆိုင်ရာဥပဒေများနှင့် အညီ ဆောင်ရွက်နေခြင်းထက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ကန့်ကွက် တိုက်တွန်းခဲ့ခြင်း ဖြစ်ပါသည်။

          ထိုသို့သုံးသပ်တင်ပြရာတွင် ၀ါရင့်နိုင်ငံတကာအတွေ့အကြုံရှိပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအပေါ်ရပ်တည်၍ ပြည်ထောင်စုအချုပ်အခြာအာဏာ တည်ရှိမှုကို  တန်ဖိုးထားသောသူတို့၏ ဆောင်ရွက်ချက်များသည် မည်သူကမျှ ဦးဆောင်စရာမလိုဘဲ တစ်ညီ တစ် ညွတ်တည်း ဆောင်ရွက်ခဲ့ကြသည်ကို သမိုင်းကြောင်းများက သက်သေပြလျှက် ရှိခဲ့ပါသည်။

          ယခုအခါ ကျွန်ုပ်တို့ပြည်ထောင်စုကြီးသည် မည်သည့်အခြေအနေသို့ ရောက်နေသည်ကို အထူးပြော ရန် မလိုတော့ပေ။ ပြည်ထောင်စုသားတိုင်း အားလုံးအသိ ဖြစ်နေပါသည်။ အကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေ သည် အကြမ်းဖက်သမားများကို အရေးယူဆောင်ရွက်ရန် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေတစ်ရပ် ဖြစ်သည်။ ထို ဥပဒေပြဋ္ဌာန်းချက်အတိုင်း မဆောင်ရွက်ခြင်းသည် ဥပဒေကို ဖောက်ဖျက်ရာ ရောက်နေပေသည်။ ထို့အတူ နိုင်ငံရေးပါတီများကို အကြမ်းဖက်မှုမဖြစ်စေရန် စည်းရုံးဟောပြောပေးရန် တိုက်တွန်းခြင်းသည်လည်း နည်း လမ်းတစ်ရပ်ဖြစ်သော်လည်း ခုတ်ရာတစ်ခြား ရှရာတလွဲ၊ အနာနှင့်ဆေး တည့်အောင်ပေးနိုင်ရန် လိုအပ်နေ သည်ကို တွေ့ရပါသည်။ ဤကဲ့သို့ လွန်စွာစိုးရိမ်ဖွယ်အနေအထားသို့ ရောက်ရှိနေချိန်တွင် နိုင်ငံတော်အစိုးရ ကသာ အကြမ်းဖက်မှုကို အပြည့်အ၀တာဝန်ယူ၍ တားဆီးကာကွယ်ရမည်ဖြစ်သည်ကို   သတိပြုအပ်ပါသည်။

          ထို့ကြောင့် အကြမ်းဖက်သမားများကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရသာ ထိရောက်စွာ အရေး ယူရမည် ဖြစ်သည်။ ယခုအခါ အနောက်တံခါးမှ ခိုးဝင်လာသော အကြမ်းဖက်သမားများသည် အကြမ်းဖက် မှုနည်းလမ်းသုံးသွယ်ဖြင့် လှုပ်ရှားဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါသည်။ တပ်မတော်နှင့်ရဲတပ်ဖွဲ့ကို ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ကင်းလှည့်ချိန်ဗုံးခွဲတိုက်ခိုက်ခြင်းနှင့် ဒေသတွင်းအုပ်ချုပ်ရေးယန္တယားပျက်ပြား စေရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို လူအုပ်စုနှင့်သတ်ဖြတ်ခြင်း၊ ဌာနေတိုင်းရင်းသားများ မနေ၀ံ့အောင် အသက်အိုးအိမ်စည်းစိမ်များကိုပါ ခြိမ်းခြောက်လာခြင်းနှင့် မေယုတောင်တန်းပေါ်တွင် စစ်သင်တန်းများပေး ခြင်း၊ ဥမင်လိုင်ခေါင်းများဖောက်၍ ခြေကုတ်ယူနေခြင်းအပြင် ကင်းလှည့်တပ်ဖွဲ့များကို နေအိမ်တွင်းမှပြောင် ပြောင်းတင်းတင်း ပစ်ခတ်ခဲ့သည်မှ  အကြမ်းဖက်အမာခံနယ်မြေတည်ဆောက်ရန် ကြိုးပမ်းနေကြပြီဖြစ်သည်။ 

          နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်းလုံခြုံရေး ထုတ်ပြန်ချက် (၁-၇-၂၀၁၇) တွင်လည်း " အကြမ်းဖက်အဖွဲ့အစည်းများ၊ အကြမ်းဖက်မှုများ၊ အစွန်းရောက်အကြမ်းဖက်မှုများ" အဖြစ် တိကျစွာ ဖော်ပြပြီး ဖြစ်သည်။ သို့ဖြစ်ပါ၍ " အကြမ်း ဖက်မှုများနှင့်ပတ်သက်၍ ဖမ်းဆီးရမိသည့် တရားခံများအား မည်သည့်ဥပဒေ၊ ပုဒ်မဖြင့် အရေးယူဆောင်ရွက် ထားခြင်းကို အများပြည်သူသိရှိစေရန် တာဝန်ရှိသူများက ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် တိုက်တွန်းပါ သည် "။

          သို့ပါ၍ ရခိုင်အနောက်မြောက်ဒေသသည် အကြမ်းဖက်သမားများ၏ လက်အောက်ခံ/သြဇာခံ ဒေသ အဖြစ်သို့ မရောက်မချင်း သားစဉ်မြေးဆက် အကြမ်းဖက်မှုများကို ဆက်လက်ဆောင်ရွက်ကြမည်များကို ထင် ရှားသိသာနေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ယခုကဲ့သို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင်အညီ တိကျပြတ် သားစွာ မဆောင်ရွက်နိုင်ပါက ရခိုင်ပြည်နယ်အနောက်မြောက်တစ်ခွင်လုံးကို လက်လွတ်ဆုံးရှုံးသွားနိုင်သည့် အပြင် အချုပ်အခြာအာဏာကျူးကျော်ထိပါးခံရမူကြီးကို တွေ့ကြုံရနိုင်ပြီး  မြန်မာတို့၏ဘိုးစဉ်ဘောင်ဆက်အမွေ ပျောက်ကွယ်သွားနိုင်ပါသည်။

          သို့ပါ၍ အမျိုးသားလုံခြုံရေး လက်ဦးမှုရယူနိုင်စေရန် ရည်ရွယ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ နှင့်အညီ မဆောင်ရွက်လျှင် အကြမ်းဖက် လှုပ်ရှားမှုများ ခြေကုတ်ယူသွားနိုင်မည်ဆိုပါက မြန်မာ့သမိုင်းတွင် ၀မ်းနည်းဖွယ်အမည်းစက်ကြီး ထင်ကျန်ရစ်တော့မည် ဖြစ်သည်။ သို့ပါ၍ ဆောလျှင်စွာဆောင်ရွက်ရန် အလေး အနက် တိုက်တွန်းရခြင်းဖြစ်ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

 

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment