Monday, August 8, 2016

NDFပါတီ၏နိုင်ငံတော်စီးပွားရေးဆိုင်ရာသဘောထားထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

နိုင်ငံတော်စီးပွားရေးဆိုင်ရာသဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ၂၀၁၆ခုနှစ်၊ သြဂုတ်လ(၈)ရက်

နိဒါန်း

         မြန်မာနိုင်ငံတော်သည် ယခုအခါ State Building  အုပ်ချုပ်ရေးယန္တယားအသစ်ကို ဒီမိုကရေစီစနစ်ဖြင့် ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့  လူမျိုးပေါင်းစုံကို ကိုယ်စားပြုသည့် ဖက်ဒရယ်စနစ်ဖြင့် Nation Building  အမျိုးသားနိုင်ငံတော်ကြီးတစ်ရပ်ကိုလည်း တည်ဆောက်သွားရန် ကြိုးပမ်းဆောင်ရွက်နေ ပါသည်။ စီးပွားရေးဘက်တွင်လည်း လက်ဝါးကြီးအုပ်အရင်းရှင်စနစ်မှ လွန်မြောက်၍ ဥပဒေအရ အပြည့်အ၀ ပြိုင် ဆိုင်ခွင့်ရှိစေမည့် level play field သာတူညီမျှ စီးပွားရေးဘ၀တို့ကို ပိုင်ဆိုင်ခွင့်ရှိစေသော လွတ်လပ်သော ဈေး ကွက်စီးပွားရေးစနစ်ဆီသို့ ရှေ့ရှုချီတက်နေသည့်ကာလကို ဖြတ်သန်းနေချိန် ဖြစ်ပါသည်။

         သို့ပါ၍ စီးပွားရေးဖြစ်တည်မှုသည် နိုင်ငံရေးပြောင်းလဲမှုနှင့် ထပ်ကြပ်မကွာ လိုက်ပါပြောင်းလဲနိုင်မှသာ ပြည်သူအများ၏ စားဝတ်နေရေး၊ လူမှုစီးပွားရေးဘ၀တို့ တိုးတက်စေရန် ပုံဖော်နိုင်မည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် မြန်မာ့စီးပွားရေးလက်ငင်းအခြေအနေနှင့် အနီးစပ်ဆုံးထင်ဟတ်၍ အောက်ပါအတိုင်း သုံးသပ်တင်ပြ အပ်ပါသည်။

         နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ စီးပွားရေးမူဝါဒများကို ချမှတ်ကြပါသည်။ ဤသို့ ချမှတ်ရာတွင် အခြေခံရည်မှန်းချက်များပေါ်တွင် မူတည်၍ တိကျမှန်ကန်သော စီးပွားရေးမူဝါဒများကို ချမှတ် ရပါသည်။ ကမ္ဘာ့နိုင်ငံများတွင်လည်း နှစ်စဉ်စီးပွားရေးမူဝါဒများ ချမှတ်ကြပါသည်။ ယင်းသို့ချမှတ်  အကောင်အ ထည်ဖော်ရာတွင် ဘဏ္ဍာရေးမူဝါဒဆိုင်ရာအပိုင်းတွင် အခြေခံအားဖြင့် စီးပွားရေးတိုးတက်နှုန်း မြှင့်တင်ရေးနှင့် ပြည်သူအများ အလုပ်အကိုင် ပိုမိုတိုးပွားရရှိရေး( Promote Economic Growth and High Employment ) အပေါ်တွင်မူတည်၍လည်းကောင်း၊ အဓိကဦးစားပေးချမှတ်ဆောင်ရွက်ကြပါသည်။

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ နိုင်ငံတော်စီးပွားရေးဆိုင်ရာသဘောထားများမှာ-

(က)   နိုင်ငံတော်၏မိုက်ခရိုစီပွားရေးစနစ် တိုးတက်တည်ငြိမ်မှု ရရှိရေး၊

(ခ)     ကုန်ထုတ်လုပ်မှုတိုးတက်၍ ပြည်သူများ အလုပ်အကိုင် ပိုမိုတိုးတက်ရရှိရေး၊

(ဂ)     ငွေကြေးစီမံခန့်ခွဲရေးနှင့် ဘဏ်လုပ်ငန်းများ စွမ်းဆောင်ရည် တိုးမြှင့်ရေး၊

(ဃ)   အခွန်စီမံခန့်ခွဲရေးနှင့် အခွန်စနစ် ပြုပြင်ရေး၊

(င)     နိုင်ငံခြား ရင်းနှီးမြှုတ်နှံမှုနှင့် နည်းပညာထောက်ပံ့မှု ပိုမိုရရှိရေး၊

(စ)     ဆင်းရဲချမ်းသာကွာဟမှု ကျဆင်းရေး၊

(ဆ)   ၀င်ငွေခွဲဝေဖြန့်ဖြူးမှု မျှတစေရေး၊

(ဇ)     ပြည်ပငွေပေးငွေယူရှင်းတမ်းဘက်ညီစေရေး၊

         (ဈ)    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်သည်။

         သာမာန်အားဖြင့် စီးပွားရေးမူဝါဒချမှတ်ရာတွင် အောက်ပါရည်မှန်းချက်များထားလေ့ရှိကြပါသည်။ယင်းတို့ မှာ-

         (၁)     ကုန်ထုတ်လုပ်ငန်းတိုးတက်ရေး၊

         (၂)     ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊

         (၃)     အလုပ်လက်မဲ့လျော့ပါးရေး၊

         (၄)     ဆင်းရဲချမ်းသာကွာဟမှု ကျဆင်းရေး၊

         (၅)     နိုင်ငံခြားမှီခိုမှုလျော့ပါးရေး၊

         (၆)     ပြည်တွင်သုံးငွေတန်ဖိုး တည်ငြိမ်ရေး၊

         (၇)     ငွေကြေးဖောင်းပွမှုထိန်းချုပ်ရေး၊

         (၈)     ပြည်ပငွေပေးငွေယူရှင်းတမ်းဘက်ညီစေရေး၊

         (၉)     သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့ ဖြစ်ပါသည်။

         အဆိုပါရည်မှန်းချက်များအတွက် ပြည်သူ့ဘဏ္ဍာရေး၊ စီမံခန့်ခွဲမှုဆိုင်ရာဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ အခွန်၊ ၀င်ငွေဆိုင်ရာမူဝါဒ၊ နိုင်ငံခြားစီးပွားရေးမူဝါဒများ တိကျစွာချမှတ်၍ ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။

         ယခုအခါ နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစိစနစ်ကို ကျင့်သုံးလျှက်ရှိပြီး အစိုးရဦးဆောင်သော ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးရန် ရှိနေပေသည်။ သို့ဖြစ်ရာ ကာလရှည်အတွက် ရည်မှန်း၍ မဟာဗျူဟာ ချမှတ် အကောင်အထည်ဖော်ရာတွင် အခြေခံအားဖြင့် -

         (က)   နိုင်ငံတော်၏စီးပွားရေးတည်ငြိမ်မှုရရှိရေး၊

         (ခ)     ၀င်ငွေခွဲဝေဖြန့်ဖြူးမှု မျှတစေရေး၊

         (ဂ)     ပြည်သူ့လုပ်ငန်းများ ဖြည့်ဆည်းပေးနိုင်ရေး၊

         (ဃ)   နိုင်ငံတော်အတွက် အကျိုးပြုနိုင်သည့် စီးပွားရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ပေးနိုင်

ရေးနှင့်အကျိုးမပြုသည့်စီးပွားရေးလုပ်ငန်းများအား လျော့ချပိတ်ပင်နိုင်ရေး စသည်တို့ ဖြစ်ပါသည်

         နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် လယ်ယာ၊ သားငါး၊ သစ်တော၊ သတ္တု၊ စက်မှု စသည်ဖြင့် ရှိရာတွင် ဦးစားပေးအဖြစ် စီးပွားရေးကဏ္ဍများကို ပိုင်းခြားသတ်မှတ်၍ ပထမ၊ ဒုတိယ ဦးစားပေးအဖြစ် စဉ်းစားဆုံးဖြတ်ရန် ဖြစ်သည်။

         ယခုအခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဘဏ္ဍာရေးဆိုင်ရာမူဝါဒ၊ နှစ်စဉ်ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ ချှမှတ်ရာတွင် ဘတ်ဂျက်လိုငွေ ဆက်တိုက်ပေါ်ပေါက်သည်ကို ကုစားရန် လိုအပ်ပါသည်။

 

   ဘဏ္ဍာနှစ်            ၂၀၁၃-၁၄     ၂၀၁၄-၂၀၁၅           ၂၀၁၅-၂၀၁၆           ၂၀၁၆-၂၀၁၇

ကျပ်သန်းထောင်ပေါင်း   ၂၈၈၆                    ၂၇၅၀                 ၃၆၅၆                           ၃၇၅၇

    (လိုငွေ)            

ဖော်ပြပါအတိုင်း ဘတ်ဂျက်လိုငွေကို ကုစားရာတွင် မျှချေဘတ်ဂျက်မဖြစ်နိုင်သည့်တိုင် လိုငွေပြမှု လျော့ နည်းစေရန်  အစိုးရ၏၀င်ငွေနှင့်အသုံးစရိတ်တို့ကို ထိန်းညှိဆောင်ရွက်ရမည် ဖြစ်ပါသည်။ အသုံးစရိတ်ကို အထက် ရည်မှန်းချက်တွင် ဖော်ပြပါဦးစားပေးကဏ္ဍများအလိုက် နှစ်တို၊နှစ်ရှည်ခွဲခြား၍ မှန်ကန်စွာခွဲဝေသုံးစွဲရန် အရေးကြီး ပါသည်။ ယခုအစိုးရထုတ်ပြန်သည့် စီးပွားရေးမူဝါဒတွင် ဘတ်ဂျက်လိုငွေနှင့်ပတ်သက်၍ မည်ကဲ့သို့ကုစားမည် ဆိုသည့်အချက်ကို တိကျစွာဖော်ပြထားခြင်း မပါရှိပါ။

အခွန်၊ ၀င်ငွေမူဝါဒအနေဖြင့် အစိုးရ၏၀င်ငွေ တိုးတက်ရရှိရေးအတွက် ယခုအခါ စီးပွားရေးလုပ်ငန်းများကို တိုးမြှင့်အခွန်ကာက်ခံလျှက်ရှိရာ လက်ရှိအခွန်နှုန်းထားများကို မျှတစွာကောက်ခံရန်နှင့်  အခွန် စည်းကြပ်သင့်ပါ လျှက် စည်းကြပ်မှုနယ်ပယ်မှ ကင်းလွတ်နေသည့် အခွန်များကိုလည်း လစ်ဟာမှုမရှိ၊ ပြည့်ဝစွာ ကောက်ခံရရှိရန် လိုအပ်မည် ဖြစ်ပါသည်။ ဥပမာ- အခွန်ကောက်ယူရန်ရှိသည့် အခွန်ရရှိနိုင်သည့်ရင်းမြစ်များကို ဖော်ထုတ်ကောက်ခံ ရမည် ဖြစ်သည်။

ငွေကြေးမူဝါဒချမှတ်ရာတွင် ကမ္ဘာ့စီးပွားရေးအခြေအနေ ပြောင်းလဲမှုအပေါ်မူတည်၍ မိမိနိုင်ငံ၏ အကျိုး စီးပွားနှင့် လိုက်လျောညီထွေဖြစ်စေရပါမည်။ ဤသို့ ငွေကြေးစီမံခန့်ခွဲမှုပြုလုပ်ခြင်းဖြင့် ပြည်တွင်းဘဏ်လုပ်ငန်းများ လုပ်ငန်းစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်ပဘဏ်များတိုးချဲ့ဖွင့်လှစ်ခွင့်ပြုရေးတို့ကို ဆောင်ရွက်ရန် ဖြစ်ပါသည်။

နိုင်ငံခြားစီးပွားရေးမူဝါဒများကို တိကျစွာ ချမှတ်နိုင်ရေးတွင် ပြည်ပပို့ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် ပြည်ပပို့ကုန်အပေါ်ကောက်ခံသောအခွန်များ လျော့ချကောက်ခံသင့်ပါသည်။ `ဤနည်းဖြင့်  တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိမည့် ကုန်ထုတ်လုပ်မှုများကို တိုးမြှင့်လာခြင်း၊ အလုပ်အကိုင်များ တိုးမြှင့်ရ ရှိခြင်းဖြင့် ၀င်ငွေခွန်ကောက်ခံရရှိနိုင်မည် ဖြစ်ရာ စုစုပေါင်းအခွန်ရငွေတွင် တိုးမြှင့်နိုင်မည် ဖြစ်သည်။ သို့ဖြင့် ပို့ကုန် စီးပွားရေးလုပ်ငန်းများ ဦးရေဖွံ့ထွားတိုးပွားလာစေမည်ဖြစ်ပြီး အခွန်ရင်းမြစ်အသစ်များပင် ကြီးထွားပေါ်ပေါက်လာ နိုင်ပါသည်။  ပို့ကုန်ခွန်လျော့ချသည့်အတွက် အခွန်ရငွေ ထိခိုက်မှု မဖြစ်နိုင်ပါ။ စင်စစ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံ သားများအနေဖြင့် ၀င်ငွေနည်းသည့်အလျောက် စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံနိုင်အား နည်းပါးနေသည်။ ထို့ကြောင့် ၀င်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုFDI ကို သယံဇာတကုန်ခမ်းမှုမရှိသောကဏ္ဍများတွင် ဦးစားပေးပိုင်း ခြား၍ အားပြုရမည် ဖြစ် သည်။

ယခုအခါ အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့IMF ၊ အာရှဖွံ့ဖြိုးရေးဘဏ် ADB နှင့်ကမ္ဘာဘဏ် World Bank တို့မှ ထုတ်ပြန်သည့်အစီရင်ခံစာများအရ မြန်မာနိုင်ငံ၏GDPတိုးတက်နှုန်းသည် ၈%ရှိပြီး ဆက်လက် တိုးတက်နိုင်ဖွယ်ရှိကြောင်း ဖော်ပြလာပါသည်။ သို့သော် ယခုဘဏ္ဍာရေးနှစ်အစောပိုင်းမှစ၍ CPI စားသုံးသူ ဈေး ဆနှုန်းကိန်းများအရ ကုန်ဈေးနှုန်းများ တရိပ်ရိပ်တက်လျှက်ရှိရာ မြင့်မားလာသော ငွေကြေးဖောင်းပွနှုန်းမှာ ၁၂% ခန့်ရှိနေပြီ ဖြစ်သည်။

သို့ဖြစ်ရာ ငွေကြေးတည်ငြိမ်ရေးအပေါ် ထိန်းညှိပေးနိုင်သည့် Macro-economic stabilization Policy တစ်ရပ်နှင့် ပီပြင်သောငွေကြေးထိန်းညှိရေးမူဝါဒ Monetary Policy တစ်ရပ် ချမှတ်လုပ်ဆောင်ရန် အရေးတကြိး လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်မိပါသည်။ သို့မှသာ ဈေးကွက်အတွင်းစီးဝင်လည်ပတ်နေသော ပိုလျှံငွေကြေးပမာ ဏကို ထိန်းချုပ်နိုင်ခြင်းဖြင့် ကျပ်ငွေ၏၀ယ်လိုအား မြင့်မားလာစေပြီး မြန်မာကျပ်ငွေတန်ဖိုးမြင့်လာမည် ဖြစ်ပါသည်။  ထို့အပြင် ငွေကြေးဖောင်းပွမှုကို ဟန့်တားရာရောက်စေပြီး တစ်ဖက်တွင် ကုန်ဈေးနှုန်းတက်လာမှုကိုလည်း ထိန်းညှိ ရာ  ရောက်နိုင်ပါလိမ့်မည်။ သို့ပါ၍ နိုင်ငံတော်မှ သတ်မှတ်သည့်ဘဏ်တိုးနှုန်းအပေါ်တွင် ပြည်လည်စဉ်းစား ရန် ဖြစ်ပါသည်။ သို့မှသာ စီးပွားရေးမတည်မငြိမ်ဖြစ်မှု မပေါ်ပေါက်စေဘဲ အများပြည်သူတို့၏ နေ့စဉ်ကြုံတွေ့ နေရ သည့် လူနေမှုဘ၀တို့ကို သက်သာရာ ရစေနိုင်လိမ့်မည်ဖြစ်သည်။

သို့ပါ၍ နိုင်ငံ၏ စီးပွားရေးမူဝါဒတွင် စိုက်ပျိုးရေး၊ စက်မှုနှင့် ၀န်ဆောင်မှု စသဖြင့် မည်သည့်ကဏ္ဍတွင် နှစ်စဉ် GDP ခွဲတမ်းမည်မျှ ထုတ်လုပ်ရန် လျာထားချက်များကို  ပြည်တွင်းစုစုပေါင်းအသားတင်ကုန်ထုတ်လုပ်မှု GNP ရာခိုင်နှုန်းတွင် ဖော်ပြရပါမည်။ တစ်ဦးချင်းဝင်ငွေ(Per Capital Income) မည်မျှတိုးတက်ရန် စသည့်မျှော်မှန်း ထားချက်များ ဖော်ပြပါရှိရမည် ဖြစ်သည်။ ထို့ပြင် လက်ရှိအစပျိုးနေသော ချေးငွေသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဈေးကွက်( Stock Market)တစ်ခု ရှိနေပြီ ဖြစ်ပါသည်။ ထိုစတော့ဈေးကွက်ကို အမျိုးသား စီးပွားရေးမဟာဗျူဟာအရ ခွင့်ပြုနိုင်သော ပမာဏအလျောက် အာဆီယံဈေးကွက်နှင့်ပါ ချိတ်ဆက်နိုင်ပါက ငွေကြေးလည်ပတ်မှု ကန့်သတ်ချက် ရှိနေမှုကို ကျော်လွှားနိုင်မည် ဖြစ်ပြီး တရားဝင်ငွေကြေးစီးဆင်းမှု တိုးပွား ရရှိနိုင်သည့်အပြင် ရင်းနှီးမြှုပ်နှံမှု ပိုမိုဖွံ့ဖြိုးကျယ်ပြန့်လာနိုင်မည် ဖြစ်ပါသည်။

နိဂုံး

အစိုးရတစ်ရပ်အနေဖြင့် စီးပွားရေးမူဝါဒများ ရေးဆွဲရာတွင်၊ လူမှုစီးပွားရေးအပေါ် အခြေခံ၍ ရေးဆွဲမည် ဆိုပါက လူများစုဖြစ်သော တောင်သူလယ်သမား၊ အလုပ်သမား၊ ဆင်းရဲသားပြည်သူတို့အကျိုးဘက်မှ ရပ်တည် ၍ ရေးဆွဲရန် လိုပါသည်။ သို့မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်တစ်စုဘက်မှသာ ရပ်တည်၍ ရေးဆွဲမည်ဆိုပါက နိုင်ငံပိုင်သယံဇာတများ ကုန်ခမ်း၍၊ ရာသီဥတုဖောက်ပြန်မှုများသာ ကြုံလာစရာရှိပါသည်။

ထို့ကြောင့် စီးပွားရေးမူဝါဒများ ချမှတ်ရာတွင် အဓိကအားဖြင့် မိမိတို့တိုင်းပြည်၏ လက်ရှိအခြေအနေမှန်ကို သုံးသပ်သိရှိပြီးမှသာ မှန်ကန်သော စီးပွားရေးမူဝါဒများကို ချမှတ်သွားနိုင်မည် ဖြစ်သည်။ မိမိတို့တိုင်းပြည်၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် သင့်လျှော်မှန်ကန်သော ၊ တနည်းအားဖြင့် အမှန်တကယ်ပြောင်းလဲစေနိုင်သော စီးပွားရေးမူဝါဒများကို ချမှတ်ရန် ဖြစ်ပါသည်။ ပြည်ပတို်င်းပြည်များ၏ စီးပွားရေးမူဝါဒများသည် ၄င်းတိုင်းပြည် များ အတွက် သင့်လျော်မှန်ကန်နိုင်သော်လည်း မိမိတိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ထပ်တူညီမျှပုံစံ ဖြင့် အထောက်အကူမပြုနိုင်ကြောင်း တင်ပြအပ်ပါသည်။

No comments:

Post a Comment