အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ်(၆/၂၀၁၆)
ရက်စွဲ။ ၂၄-၃-၂၀၁၆
ကရင်ပြည်နယ်၊ NDF မြ၀တီခရိုင်ရုံးဖွင့်ပွဲပြုလုပ်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရုံးနှင့် မြ၀တီမြို့နယ်ရုံးဖွင့်ပွဲကို
၂၁-၃-၂၀၁၆ ရက်နေ့၊ နံနက် (၁၁း၀၀)နာရီတွင် မြ၀တီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ လှိုင်ထိပ်ခေါင်တင်လမ်း၊ အိမ်အမှတ်(ခ/၃၂) တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုဖွင့်ပွဲသို့ ပါတီဌာနချုပ်အတွင်းရေးမှူးအဖွဲ့ဝင်များဖြစ်ကြသော ဦးသက်ထွန်းမောင်၊ ဦးတိုးတိုး၊ ဦးအောင်ဇင်၊ မြ၀တီနှင့်ကော့ကရိတ်မြို့နယ်တို့မှ မြို့နယ်စည်းများ၊ ပါတီဝင်များ၊ ဖိတ်ကြားထားသောနိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ စုစုပေါင်း (၄၀) ဦးကျော် တက်ရောက်ခဲ့ကြသည်။
မြ၀တီခရိုင်ရုံးကို ဦးသက်ထွန်းမောင်၊ ဦးအောင်ဇင်နှင့် ကရင်ပြည်နယ်တာဝန်ခံ ဒေါ်အေးအေးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် ပါတီအတွင်းရေးမှူးအဖွဲ့ဝင်များအား တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ပြီး ဦးတိုးတိုး၊ ဦးသက်ထွန်းမောင်နှင့် ဦးအောင်ဇင်တို့က အမှာစကားများ ပြောကြား ခဲ့ကြသည်။
ကရင်ပြည်နယ်တာဝန်ခံအဖြစ် ဒေါ်အေးအေးမြင့်အား တာဝန်ပေးအပ်ခြင်း၊ မြ၀တီခရိုင်ဥက္ကဌ အဖြစ် ဒေါ်ခင်အေးငြိမ်း၊ အတွင်းရေးမှူးအဖြစ် ဦးစောအုန်းငွေ၊ မြ၀တီမြို့နယ်ဥက္ကဌအဖြစ် ဦးစောမျိုးသိန်းတို့အား ရွေးချယ်တာဝန်ပေးအပ်ခြင်းကို အတည်ပြုခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများ၏ တင်ပြချက်နှင့်မေးမြန်းချက်များကို ပါတီအတွင်းရေးမှူး အဖွဲ့ဝင်များက ဖြေကြားခဲ့ကြပြီး ရုံးဖွင့်ပွဲကို ညနေ ၃း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
၂၂-၃-၂၀၁၆ ရက်နေ့ နံနက် ၁၀း၀၀နာ၇ီတွင် ပါတီအတွင်းရေးမှူးအဖွဲ့နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော NDF လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံပွဲ ပြုလုပ်၍ ပါတီ၏ရှေ့ဆက်သွားမည့်လမ်းကြောင်းနှင့် ပါတီစည်းရုံးရေးကိစ္စများကို ဆွေးနွေးခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။




No comments:
Post a Comment