အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ကြေညာချက်
ရက်စွဲ။ ၂၀၁၆ခုနှစ်၊ဖေဖော်ဝါရီလ(၁၂)ရက်
ယနေ့သည်ကား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမိုင်းဝင်နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သော (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ကြီး ဖြစ်ပေသည်။ မြန်မာ့လွတ်လပ်ရေးပိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ကာ တိုင်းရင်းသားများပေါင်းစုပြီး ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါ ရီလ(၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းဖြင့် လွတ်လပ်ရေး၏အခြေခံအုတ်မြစ်ကြီးကို အောင် မြင်စွာ ချမှတ်နိုင်ခဲ့ကြပေသည်။
ယခုကာလတွင် ဒီမိုကရေစီင်္အရွေ့နှင့်အတူ ငြိမ်းချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ထောင်ရေးတို့သည် လွန်စွာအရေးကြီးသော နိုင်ငံရေးလိုအပ်ချက်ကြီးများ ဖြစ်ပေသည်။ ငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် တိုင်းရင်းသားများလိုလားလျှက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်များ ရရှိရန် လိုအပ်ပေသည်။ တနည်းအားဖြင့် ပြည်ထောင်စုသားအားလုံး အဆင့်အတန်းတူ၊ အခွင့်အလမ်းတူကြမှသာ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို တည်ဆောက်နိုင်ပေမည်။
ခေတ်အဆက်ဆက် တိုင်းပြည်တွင် ဖြစ်ပျက်ခဲ့သော ပြဿနာအားလုံးကို ချက်ခြင်းလက်ငင်း ဖြေရှင်း နိုင်ရန်မှာ လွယ်ကူသော လုပ်ငန်းစဉ်တစ်ရပ် မဟုတ်ပေ။ လုပ်ကိုင်ရန်ခက်ခဲမည်၊ အချိန်ယူဆောင်ရွက်ရမည် မှန်သော်လည်း တက်ရောက်လာမည့် အစိုးရနှင့် လွှတ်တော်များအနေဖြင့် စတင်ကိုင်တွယ်ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းလိုပေသည်။ ထိုသို့ ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်သူအားလုံး ပါဝင်ဆောင်ရွက် နိုင်ခွင့်ရရှိရေးသည် လွန်စွာအရေးပါလှသကဲ့သို့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု၊ စေတနာထားမှု၊ သဘောထား ကြီးမှု၊ အနစ်နာခံမှု၊ အမျှော်အမြင်ကြီးမှု၊ စာနာထောက်ထားနားလည်မှုတို့ဖြင့် ဆောင်ရွက်ကြမှသာ အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင်နိုင်မည်ဖြစ်ကြောင်း ယနေ့ကျရောက်သော (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ကြီးကို ဂုဏ်ပြုလျှက် အလေးအနက်ကြေညာအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment