Wednesday, November 11, 2015

အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီ၏ ၂၀၁၅ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစု

  သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်  ၄၁/၂၀၁၅

 

အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီ၏ ၂၀၁၅ရွေးကောက်ပွဲနှင့်ပတ်သက်၍

သတင်းထုတ်ပြန်ချက်

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ နိုဝင်္ဘာလ(၁၁)ရက်

 

မြန်မာနိုင်ငံပြည်သူများသည် နိုဝင်္ဘာလ(၈)ရက်နေ့က ကျင်းပပြုလုပ်သော ၂၀၁၅ပါတီစုံအထွေထွေရွေး ကောက်ပွဲကြီးတွင် အားတက်သရော ပါဝင်မဲပေးခဲ့ကြပေသည်။ ဤသည်မှာ ပြည်သူလူထုကြီးသည် မြန်မာနိုင်ငံ တွင် နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးအပြောင်းအလဲများကို မဖြစ်မနေ ရရှိလိုသော ပြင်းပြသည့်ဆန္ဒတို့၏ စေ့ ဆော် မှုတို့ကြောင့် ဖြစ်ရသည်မှာ ထင်ရှားပေါ်လွင်လှပါသည်။ သို့ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ သည် လွှတ်တော်အသီးသီး၊ ဒေသအသီးသီးတို့တွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိနေပါသည်။  ယင်းသို့သော ပြည်သူများ၏ NLDပါတီအပေါ် တာဝန်ပေးအပ်မှုကို ကျွန်ုပ်တို့ NDF ပါတီမှ တန်ဖိုးထားလေးစားပါသည်။ ထို့အတူ NLD ပါတီ၏ အောင်မြင်မှုကိုလည်း ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု ခမောက်ပါတီ NDFမှ ဂုဏ်ယူကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

         ဤ၂၀၁၅ သမိုင်းဝင်ရွေးကောက်ပွဲကြီး၌  ပြည်သူတို့၏တာဝန်ပေးအပ်ခြင်း မရရှိသည့်အတွက် ကျွန်ုပ်တို့ NDF ခမောက်ပါတီသည် လွှတ်တော်နိုင်ငံရေးတွင် တရားဝင် ပါဝင်ထမ်းဆောင်ခြင်း မပြုနိုင်တော့ပါ။ သို့ရာတွင်  " ပြည်သူ့ အတွက် NDF " ဆိုသည့် ဆောင်ပုဒ်အတိုင်း  ပြည်သူအများစုနှင့်သက်ဆိုင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စအ၀၀တို့တွင် လွှတ်တော်ပြင်ပ၌ အခြားအခြားသော ဒီမိုကရေစီအင်အားစု များနှင့် လက်တွဲဆောင်ရွက်သွားမည်သာ ဖြစ်ပါသည်။

         ထို့အပြင် ရွေးကောက်ပွဲ၌ အနိုင်မရရှိခဲ့ကြသော်လည်း ကျွန်ုပ်တို့ NDF လွှတ်တော်ကိုယ်စားလှယ် လောင်းများအားလုံးသည် မိမိတို့ မဲဆန္ဒနယ်မြေများတွင် ပြည်သူလူထုနှင့် ထိတွေ့၍ စွမ်းရည်ရှိသမျှ ကြိုးစားအား ထုတ်ခဲ့ကြသည်ကိုလည်း ပါတီအနေဖြင့် အထူးဂုဏ်ယူပါသည်။ မဲရှုံးသည့်တိုင် နိုင်ငံရေးအရှုံးမခံပဲ ပြည်သူ့ အကျိုးအတွက် မိမိတို့NDF ခမောက်ပါတီနှင့်အတူ နိုင်ငံရေးခရီးကြမ်းကို အကောင်ဆုံးအရှုံးသမားများအဖြစ် ဆက်လက်လက်တွဲချီတက်ကြဦးမည်ဟူသော ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ခိုင်မာသည့် သန္နိဌာန်ကို  ကတိပြုပေးအပ်သည့်အတွက် ကျွန်ုပ်တို့  အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ  ဂုဏ်ပြုမှတ်တမ်း တင်ပါကြောင်းဖြင့် သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment