Tuesday, January 7, 2020

NDF PARTY အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏၂၀၂၀နှစ်သစ်နှုတ်ဆက်လွှာ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

၂၀၂၀နှစ်သစ်နှုတ်ဆက်လွှာ

ရက်စွဲ။         ၉-၁-၂၀၂၀

        ခရစ်သက္ကရာဇ် ၂၀၂၀ခုနှစ်သို့ ၀င်ရောက်လာသည့်အခါသမယအတွင်း  မြန်မာပြည်တွင်း မှီတင်းနေ ထိုင်ကြသော  တိုင်းရင်းသားပြည်သူအားလုံး စိတ်နှလုံးရွှင်လန်းချမ်းသာ  ရှိကြပါစေကြောင်း ကျွန်ုပ်တို့ အမျိုး သားဒီမိုကရေစီအင်အားစု NDFပါတီမှ ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

        မြန်မာနိုင်ငံသည် အမှန်တကယ်ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းနိုင်မှ ဖြစ်ပါတော့မည်။ ထိုငြိမ်း ချမ်းရေးနှင့်အတူ တိုင်းရင်းသားပြည်သူအားလုံး စိတ်ဝမ်းညီညွတ်စွာ စုပေါင်းတည်ထောင်နိုင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသစ်ကို ရောက်ရှိနိုင်အောင် ပြည်သူတစ်ရပ်လုံး လက်တွဲကြိုးပမ်းကြစေလိုပါသည်။  ထို့ကြောင့် ၂၀၂၀နှစ်သစ်ကို ငြိမ်းချမ်းရေး၏ အစဉ်အလာကောင်းများ ပေါင်းဆုံရာနှစ်၊ တိုင်းရင်းသားလူမျိုး အားလုံး သွေးစည်းရာ၊ မျှော်လင့်ချက်နှစ်သစ်အဖြစ် NDFပါတီမှ ကြိုဆိုအပ်ပါသည်။

        ဤနှစ်တွင် နှစ်၇၀ကျော်ကြာမျှ ကြာမြင့်နေပြီဖြစ်သော ပြည်တွင်းစစ်မီးကို ရပ်ဆိုင်းစေပြီး ပြည်တွင်း ငြိမ်းချမ်းရေးကိုရမှ ဖြစ်ပါလိမ့်မည်။  နိုင်ငံအတွင်း စစ်ကြောင့်အတိဒုက္ခရောက်နေရသူ အပြစ်မဲ့ပြည်သူများ ၏ ဘ၀တို့သည် အလွန်ခါးသီးလှပေသည်။ လက်ငုတ်လက်ရင်းပျောက်၍ နေထိုင်ရာဒေသများကိုစွန့်ခွာကာ စားစရာမဲ့၊ နေစရာမဲ့၊ အနာဂတ်မရှိသည့် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတွင် နေထိုင်ရသည့်ဘ၀များနှင့် စစ်၏အနိဌာရုံအန္တရာယ်များကြားတွင် မည်မျှကြာအောင်နေရမည်ကို မတွက်ဆနိုင်သည့် မြေစာပင်ပြည်သူ များ၏ ဘ၀တို့ကို စာနာ၍လည်းကောင်း၊ တစ်ဖက်တွင် မြန်မာပြည်သူတို့၏ အချုပ်အခြာအာဏာပိုင်မြေကို ဖဲ့ ယူရန်၊ ပြည်တွင်း ပြည်ပ ပယောဂပေါင်းစုံတို့၏လှုံဆော်မူတို့သည် တစ်နေ့တစ်ခြား အရှိန်မြှင့်လာနေသည် ကို ICJ နိုင်ငံတကာတရားရုံးနောက်ဆက်တွဲဖြစ်စဉ်များက ပိုမိုသိသာထင်ရှားနေပြီဖြစ်သည်။

        ထို့ကြောင့် အမျိုးသားလုံခြုံရေးအတွက် သံတမန်နည်းအရ ခုခံကာကွယ်မှု အားနည်းခဲ့သည့်အပြင် တပ်မတော်၏နိုင်ငံကာကွယ်ခွင့်များကိုလည်း ဂမ်ဘီယာနိုင်ငံမှ နိုင်ငံတကာတရားရုံးICJသို့တင်သွင်းသည့် အချက်(၆)ချက်ဖြင့် ထူးခတ်ခံထားရသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ သို့ပါ၍ ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအားလုံး ၊ နိုင်ငံရေးပါတီအားလုံး၏ ညီညွတ်မှုအားဖြင့် ခုခံကာကွယ်မှသာလျှင် နိုင်ငံ တော်၏ အမျိုးသားအကျိုးစီး ပွားနှင့် အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်တွင်းတွင် ဖြစ်ပွားနေသာတိုက်ပွဲများ အားလုံးရပ်ဆိုင်းပြီး  ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်သို့  ရှေ့ရှုကြရန် အချိန်တန်ပြီဟု NDFပါတီမှ ရှုမြင်ပါသည်။

        မြန်မာနိုင်ငံပြိုကွဲရန် ဘက်ပေါင်းစုံမှ ပြည်တွင်းပြည်ပအမှောင်ပယောဂ၊ အဖျက်သမားများက စောင့်စားလျှက်ရှိနေပါသည်။ တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ပြိုကွဲပြီး ပြည်ပသြဇာခံ နိုင်ငံငယ်ကလေးများ အဖြစ်သို့ မကျရောက်ရေးကို မြန်မာအမျိုးသားများ ညီညွတ်ရေးစိတ်ဓာတ်ဖြင့် ကာကွယ်ကြရမည် ဖြစ်ပါ သည်။ သို့ပါ၍ မြန်မာတိုင်းရင်းသားအချင်းချင်းကြား စစ်ခင်းနေမှုများကို ရပ်ဆိုင်းပြီး ငြိမ်းချမ်ရေးသို့ ရှေ့ရှုကြပါရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီမှ ကောင်းမြတ်သောနိုင်ငံရေးစေတနာဖြင့် တိုက်တွန်းအပ်ပါသည်။

  ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment