အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍
သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ၃၁-၅-၂၀၁၉
၁။ ယနေ့ မြန်မာ့နိုင်ငံရေးသည် လွန်စွာသတိကြီးစွာ ထားရမည့်အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီက သတိမူမိပါသည်။ ယခုအခါ ပြည်ပဖိအား များ၊ ပြည်သူအတွင်းစိတ်ဝမ်းကွဲပြားမှုများနှင့် ငြိမ်းချမ်းရေးခရီးလမ်း မဖြောင့်ဖြူးနိုင်သေးမှုများအပြင် ပြောပ လောက်သည့် စီးပွားရေးတိုးတက်မှုမရှိသေးသည်နှင့်အတူ ကုန်ဈေးနှုန်းကြီးမြင့်နေမှုနှင့် ပြည်ပပို့သီးနှံများ ဈေးကွက်ပျောက်လာမှုကိုလည်း ပြည်သူလူထုအများ ရက်လရှည်ကြာ ခံစားနေရဆဲဖြစ်ပါသည်။ အဆိုပါကိစ္စ အထွေထွေတို့ကို လက်ရှိအုပ်ချုပ်သူတို့က ပြေလည်အောင် မဆောင်ကျဉ်းနိုင်သည်ကိုလည်း တွေ့နေရပါ သည်။
၂။ ထိုထက်သော်ကား မြန်မာပြည်သူအများစုကိုးကွယ်ရာ ဗုဒ္ဓသာသနာနှင့် ထေရ်ကြီးဝါကြီး ဗုဒ္ဓဘာသာ ရဟန်းတော်များကို လူထုမီဒီယာများပေါ်မှ အတိအလင်းပုတ်ခတ်စော်ကားနေကြသည်ကိုလည်း စိတ်နှလုံး ညှိုးနွမ်းဖွယ်ရာ တွေ့နေရပြန်ပါသည်။ ထိုသို့သော နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးတင်းမာမှုများမှတဆင့် နိုင် ငံရေးမတည်မငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည်ကို သတိမူသင့်ပါကြောင်း ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင် အားစုNDFပါတီက အလေးအနက် တိုက်တွန်းလိုက်ပါသည်။
၃။ ထို့ပြင် လတ်တလောဖြစ်ပေါ်နေသည့် အဘိဝံသဘွဲ့ရ ဆရာတော်ဦးဝီရသူ၏ကိစ္စရပ်အား ရန်ကုန် တိုင်းသံဃမဟာနာယကအဖွဲ့၏ သြ၀ါဒဖြင့် ပြေငြိမ်းရေးကို လွဲဖယ်၍ ပုဒ်မ ၁၂၄(က)ဖြင့် ဖမ်းဝရမ်းထုတ်လိုက် ခြင်းသည် ဗုဒ္ဓရဟန်းတော်တစ်ပါးအား တရားခံပြေးအဖြစ် ရောက်စေခဲ့ပါသည်။ ထိုသို့ပြုမှုခြင်းသည် ဗုဒ္ဓဘာသာဝင်အများစုအတွက် စိတ်နှလုံးညှိုးနွမ်း၍မနှစ်မြို့ဖွယ်ရာဖြစ်ရပ်၊ ဗုဒ္ဓသာသနာ ညှိုးနွမ်းစေရန် ပြုလုပ်နေခြင်းဖြစ်နေပြီဟု ဝေဖန်ထောက်ပြရမည် ဖြစ်ပါသည်။
၎။ ထို့ကြောင့်-
· လူထုမီဒီယာများပေါ်တွင် ဘာသာရေးနှင့်ပတ်သက်သည့် Hate Speech အယုတ်တမာ ပြောဆိုနေ မှုများကို အမြန်ဆုံးတားဆီးပိတ်ပင်ဖယ်ရှားပေးရန်၊
· ဦးဝီရသူကိစ္စအပေါ် သံဃာအတွင်း မကျေလည်မှုများမှတဆင့် သံဃာသင်းကွဲမှုအထိ ကြီးထွားခြင်း ဖြစ်ပေါ်မလာစေရေးအတွက် နိုင်ငံတော်ဗဟိုသံဃမဟာနာယကအဖွဲ့ကြီးက အရေးတကြီး ဓမ္မစက် ဖြင့် တာဝန်ယူဖြေရှင်းပေးရန်၊
· အာဏာသိမ်းအစိုးရများခေတ်ကကဲ့သို့ ကိစ္စရပ်တိုင်းအား ဖမ်းဆီးချုပ်နှောင်အကျဉ်းချမှ ဖြေရှင်းနိုင် မည်ဟုသဘောသည် မှားယွင်းကြောင်း သက်သေထူခဲ့ပါပြီ။ ထို့ကြောင့် နိုင်ငံရေးသဘောထားကြီးစွာ ဒီမိုကရေစီသဘာဝအရ ဖြေရှင်းပြေလည်ရေးသို့ ရှေ့ရှုပါရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင် အားစုNDFပါတီက အလေးအနက် တိုက်တွန်းတောင်းဆို ပါကြောင်း သဘောထားထုတ်ပြန်အပ် ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment