Friday, December 7, 2018

NDFသတင်းထုတ်ပြန်ရေးအဖွဲ့သတင်းထုတ်ပြန်ချက်7-12-2018

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်

ရက်စွဲ။ ၇-၁၂-၂၀၁၈

 

        ပြည်သူ့လွှတ်တော်သည် မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက် လက်ခံကျင့်သုံးခဲ့သော " အသက် (၁၈) နှစ်ပြည့်ပြီးသူများသည် တရားရုံးတွင် ပဋိညာဉ်မြောက် လက်ထပ်ခွင့်ရှိသည် " ဟူသည့် ဥပဒေသတ်မှတ် ချက်ကို ပယ်ဖျက်ခဲ့ပါသည်။ ထို့ကြောင့် လူမျိုးများ၏ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် အချို့သောဘာသာ များတွင် အသက်(၁၈)နှစ်အောက် ငယ်ရွယ်သူများအား လက်ထပ်ခွင့်ပြုနေခြင်းတို့ကို မြန်မာနိုင်ငံ၏  မူလ တရားဥပဒေပါသတ်မှတ်ချက်ကို  ကျော်လွှားချိုးဖောက်၍ ပြည်သူ့လွှတ်တော်က အသက်(၁၈)နှစ်အောက် လက်ထပ်ရန် ခွင့်ပြုခဲ့သည့်သဘော ဖြစ်နေပါသည်။

        ဤသည်မှာ မြန်မာ့အချုပ်အခြာအာဏာအရ မူလရှိပြီးသားဥပဒေသတ်မှတ်ချက်နှင့် နိုင်ငံတော်၏အ မြင့်ဆုံးတရားရုံးမှ ထုတ်ပြန်သည့်အမိန့်၊ ညွှန်ကြားချက်တို့ကို ကျော်လွှားချိုးဖောက်၍ လျော့ပေါ့ပြင်ဆင်ပေးရာ ရောက်နေခြင်းပင်  ဖြစ်သည်။  ဥပဒေပြဋ္ဌာန်းချက်မှန်သမျှသည် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးပယောဂတို့မှ ကင်းလွတ်၍ မြန်မာ့အချုပ်အခြာအာဏာကို အခိုင်အမာပြုပြီး တိုင်းရင်းသားပြည်သူအကျိုးအတွက်သာ ဖြစ် စေရမည်ဟု ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီက ခံယူပါသည်။ ယခုအခါ အသက်(၁၈)နှစ် အောက်တို့အား တရားဝင်လက်ထပ်ခွင့်ကို ပြည်သူ့လွှတ်တော်က ခွင့်ပြုလိုက်ပြီဖြစ်သည်။

        ယခုတဖန် တစ်လင်တစ်မယားစနစ်ဥပဒေကြောင့် ဗုဒ္ဓဘာသာများသာ ပြစ်ဒဏ်ကျခံနေရပြီး နောင်အ နှစ်(၅၀)တွင် ဗုဒ္ဓဘာသာသည် လူနည်းစုဖြစ်တော့မည်ဟု သာသနာရေးဝန်ကြီး ဦးအောင်ကိုက မြိုင်ကြီးငူ ဆရာတော်ဈာပနတွင် လျှောက်ထားခဲ့သည်ကို ကြားသိရပါသည်။  အသက်(၁၈)နှစ်အောက်လက်ထပ်ခွင့် ပြုခြင်းတွင်သာ မရပ်တန့်နိုင်သေးပဲ တစ်လင်တစ်မယားစနစ်ကိုပါ ဖျက်သ်ီမ်းပြီး မြန်မာ့လူ့အဖွဲ့အစည်းကို အိမ် ထောင်ဖက်များစွာဖြစ်စေရေး ခွင့်ပြုရန် နှပ်ကြောင်းများ ပေးလာနေသည်တွေ့နေရပါသည်။ 

        ထို့ကြောင့် ဤအကြောင်းနှစ်ရပ်စလုံးသည် ပြိုင်တူထွက်ပေါ်လာပြီး ယင်းကိစ္စရပ်များနောက်တွင် နိုင်ငံရေး၊ ဘာသာရေး ပယောဂများ ပူးကပ်နေကြောင်း လေ့လာတွေ့ရှိနေရပါသည်။ ထို ဥပဒေပြင်ဆင်မှုအ ပိုင်းသည် မြန်မာ့လူ့အဖွဲ့အစည်း၏ ရေရှည်အကျိုးစီးပွားကို  ကာကွယ်စောင့်ရှောက်ရန်ထက် ပျက်စီးစေလို သည့် ဆောင်ရွက်မှုများအဖြစ် မဖြစ်သင့်ကြောင်းကို  သတိချပ်သင့်ပါကြောင်းနှင့် ဤကဲ့သို့ဆောင်ရွက်လာမှု များကို  နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးသတိကြီးကြီးဖြင့် စောင့်ကြည့်ကြပါရန် အလေးအနက် တိုက်တွန်းနှိုး ဆော်အပ်ပါသည်။

 

 

No comments:

Post a Comment