Monday, April 30, 2018

NDF PARTY'S (၁၁၈)နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ကြေညာချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

(၁၁၈)နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ကြေညာချက်

ရက်စွဲ။  ၂၀၁၈ခုနှစ်၊ မေလ(၁)ရက်

          ယနေ့သည်ကား (၁၁၈)နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ ဖြစ်ပေသည်။

          မြန်မာနိုင်ငံသည် ဒီမိုကရေစီအကူးအပြောင်းဖြစ်သည့် ယနေ့ကာလတွင် အလုပ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိခံစားရခြင်းမရှိဘဲ ဆုံးရှုံးနေရဆဲ ဖြစ်ပါသည်။ အလုပ်ရှင်နှင့် အလုပ်သမားများအကြား အငြင်းပွားမှုများ သည်လည်း ဒီမိုကရေစီခေတ်တွင် ပိုမိုပေါ်ပေါက်လာခဲ့ပြီး အုပ်ချုပ်ရေးပိုင်းမှ ပြေလည်အောင် ဖြေရှင်းမပေးနိုင်ခဲ့ပါ။ အထူးသဖြင့် အလုပ်သမားများဘက်မှ ပိုမိုနစ်နာနေခဲ့ရပါသည်။

          အလုပ်သမားများ၏လုပ်ခလစာသည်လည်း နည်းပါးလျှက်ပင် ရှိနေပါသည်။ လက်ရှိမြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ အလုပ်ရှင် အလုပ်သမားပြဿနာများအား ဖြေရှင်းပြေလည်ရေးမှာ အလုပ်သမားဆိုင်ရာဥပဒေများ၊ ရင်းနှီးမြုတ်နှံမှုဆိုင်ရာ ဥပဒေများနှင့် မြေငှားခပါမကျန် အလုံးစုံသောပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မှုအပေါ်တွင် တည်မှီလျှက် ရှိနေ ပါသည်။ သို့ပါ၍ ဤခေတ်ပြောင်းစနစ်ပြောင်းကာလတွင် အလုပ်သမားများအရေးသည် အနာဂတ်စက်မှုကုန်ထုတ်လုပ်ငန်း ကြီး တစ်ခုလုံးအတွက် အခြေခံဖြေရှင်းပေးရမည့် စိန်ခေါ်ချက်ကြီးအဖြစ် ရှိနေပါသည်။ သို့ပါ၍  ကျွန်ုပ်တို့ အမျိုးသားဒီမိုက ရေစီအင်အားစုNDFပါတီသည် အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုလျှက် ဤစိန်ခေါ်ချက်ကြီးများကို ထိုးဖောက်အောင်မြင် အောင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာပိုင်များက ဆောလျှင်စွာ ဆောင်ရွက်ပေးရန် တိုက်တွန်းတောင်းဆိုပါသည်။

          ယနေ့ လူထုမှရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ၂၀၁၇ ဖေဖော်ဝါရီလ ထုတ်ပြန်ထားချက်အရ နိုင်ငံအတွင်း အသက်၅နှစ်မှ ၁၇နှစ်ရှိ ကလေးအလုပ်သမားဦးရေ ၆သိန်းခန့် ရှိနေပြီဖြစ်ပါသည်။ ဤသည်မှာ နိုင်ငံ့စီးပွားရေးနိမ့်ကျနေခြင်း၊ ကျောင်းနေ ရွယ်ကလေးသူငယ်များ စာတတ်မြောက်ခွင့် ရှုံးဆုံးနေခြင်းနှင့် ကလေးသူငယ်များကို ဥပဒေပြင်ပမှ အလုပ်ခိုင်းစေခံနေရ ခြင်း တို့ကို နိုင်ငံတော်အဆင့်အဖွဲ့အစည်းများက သိရှိနေသည့်တိုင် လစ်လျူရှုရာရောက်နေသည်ကို ၀မ်းနည်းဖွယ်တွေ့ရှိနေရပါ သည်။ မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အခြေအနေ ပိုမိုတိုးတက်ကောင်းမွန်လာအောင် အစိုးရသစ်အနေဖြင့် ဆောင်ရွက် ပေးရန်ကို အထူးမျှော်လင့်နေကြပါသည်။ ထို့ကြောင့် ဤ(၁၁၈)နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခါသမယတွင် မြန်မာနိုင်ငံ၏ အလုပ်သမားပြဿနာများကို နိုင်ငံတော်အစိုးရ၊ ၀န်ကြီးဌာနများ၊ တာဝန်ရှိသူ အဖွဲ့အစည်းများနှင့် အလုပ်ရှင် များမှ အစွမ်းကုန် အားထုတ်ကြိုးပမ်းဆောင်ရွက်ပေးကြရန်  ကျွန်ုပ်တို့အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီအနေဖြင့် အထူးတိုက်တွန်း တောင်းဆိုပါကြောင်း သဘောထားကြေညာချက် ထုတ်ပြန်အပ်ပါသည်။

 

 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

 

 


No comments:

Post a Comment