Tuesday, September 13, 2016

NDF ပါတီ၏ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့သ၀ဏ်လွှာ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့သ၀ဏ်လွှာ

ရက်စွဲ။  ၂၀၁၆ခုနှစ်၊ စက်တင်္ဘာလ(၁၅)ရက်

 

        ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့သည် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု အတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အဖြစ်  မြန်မာနိုင်ငံ တွင် သတ်မှတ်ကျင်းပနိုင်ခဲ့ခြင်းသည်  ဒီမိုကရေစီစနစ် အမြစ်တွယ်နိုင်ရေးအတွက် အထောက်အပံ့ တစ်ခု ဖြစ်လာခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ပြည်သူများ၏အချုပ်အခြာအာဏာပိုင်စိုးမှုကို အထင်ကရ ပြသနေသည့် ဒီမိုကရေစီအဆောက်အအုံကြီးများဖြစ်ကြသည့် လွှတ်တော်ကြီးများ တည်ရှိနေပြီဖြစ် သကဲ့သို့ ပြည်သူမှရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်သူ့အစိုးရလည်း ပေါ်ထွန်းလာခဲ့ပြီ ဖြစ်ပါသည်။  ဤနေရာတွင် အလျင်းသင့်၍ အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းပါ စာသားအချို့ကို ထုတ် နှုတ်ကိုးကားဖော်ပြရပါက  " ဒီမိုကရေစီစနစ်အားဖြင့် လူသားအားလုံးသည် ချိုးဖောက်မရသည့် သဘာဝကပေးအပ်ထားသည့်အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ရရှိစေရပါမည်။  ဤလူသားအား လုံး၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်တန်ဖိုးများကို အာမခံနိုင်ရန် အုပ်ချုပ်ခံပြည်သူများ၏ ဆန္ဒနှင့် အပ်နှင်းသည့်အခွင့်အာဏာအရ အစိုးရကို ဖွဲ့စည်းထားသည်ဟု ဆိုပါသည်"။

        ထို့ကြောင့် အရှေ့တိုင်းတွင်ဖြစ်စေ၊ အနောက်တိုင်းတွင်ဖြစ်စေ၊ ကမ္ဘာ့နေရာဒေသတိုင်းရှိ ပြည်သူများကို အချုပ်အခြာအာဏာပိုင်ရှင်များအဖြစ် ဒီမိုကရေစီစနစ်ကသာ အာမခံနိုင်ကြောင်း အ ထင်အရှား ဖြစ်ပါသည်။ သို့သော့် အာဏာရှင်ဆန်သည့် ယဉ်ကျေးမှုအမြစ်တွယ်နေသည့် ပဒေသ ရာဇ်လူ့ အဖွဲ့အစည်းများ၊ အထိန်းအကွပ်မရှိ၊ ဝေဖန်မှုမရှိဘဲ လူတစ်စု၊လူပုဂ္ဂိုလ်တစ်ဦးတည်းကို မှီခိုအားထားတန်ဖိုးထားသည့် စစ်အာဏာရှင်နှင့်ဒီမိုကရေစီအာဏာရှင်များ အုပ်ချုပ်သည့် လူ့အဖွဲ့ အစည်းများတွင်  စစ်မှန်သည့် ဒီမိုကရေစီကို တွေ့နိုင်မည် မဟုတ်ပါ။ ဥပမာ-လွန်ခဲ့သည့်နှစ်ပေါင်း (၅၀၀၀)ကျော် ရှည်လျားသည့်တရုတ်ပြည်၏ အုပ်ချုပ်သူများသည် ဧကရာဇ်တစ်ပါး၏ လုပ်ပိုင်ခွင့် အာဏာနှင့် အုပ်ချုပ်ခဲ့ကြသည်။ မတူကွဲပြားမှုဆိုသည်မှာ မရှိခဲ့ကြပါ။ ထို့ကြောင့် သဘောမတူဘူး ဆိုခဲ့ပါက မတူသူဘယ်နှစ်ယောက်လဲဆိုပြီး ခေါင်းခေါက်ရေတွက်မနေဘဲ ထိုခေါင်းများကို ဖြတ် ပစ်လိုက်သည့်အလုပ်ကိုသာ လုပ်ခဲ့ကြသည်။

        ထိုဖြစ်ရပ်များကိုချင့်တွက်၍ ဒီမိုကရေစီဆိုသည်မှာ တစ်ကမ္ဘာလုံးအတွက်စံနှင့် မျှော်လင့်  ချက်ဆိုသည် မှန်-မမှန် ဆန်းစစ်ကြည်ရန် လိုလာပါသည်။ ဆန်းစစ်ချက်အရ တွေ့ရှိရသည့် အဖြေမှာ ကမ္ဘာ့လူသားအများစုသည် ဒီမိုကရေစီကို ထောက်ခံကြောင်းနှင့် လူသားအားလုံးနှင့်ဆိုင်သည့် လူ့သိက္ခာ၊လူ့တန်ဖိုးများကို  ကမ္ဘာတခွင်မှာ ပေါ်ထွန်းနေပြီ ဖြစ်ကြောင်း ပြဆိုနေပါသည်။ ထိုပြ ဆိုနေသည့် အချက်နှစ်ခုမှာ လွတ်လပ်မှုနှင့် ဒီမိုကရေစီတို့ ဖြစ်ပါသည်။

        ယနေ့ကာလတွင် ကျွန်တော်တို့မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးခရီးစဉ်ကို လျှောက်လှမ်းနေ ပြီဖြစ်ပါသည်။ တိုင်းရင်းသားအားလုံးသည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းကြပါ တော့မည်။  မတူကွဲပြားမှုများထဲတွင် ညီညွတ်မှုကို ရှာဖွေကြိုးပမ်းပါတော့မည်။ ဤသို့ ရှာဖွေရာတွင် မြန်မာ့လူ့ အဖွဲ့အစည်း၏ လူနေမှုစနစ်နှင့် နိုင်ငံရေးအနေအထားအရ မည်သည့်အခါမျှ တစ်ဖက်လူ ကို   မိမိတို့အကြိုက်လိုက်အောင် အတင်းအကြပ်လုပ်၍ မရနိုင်ဘူးဆိုသည်ကို  တွေ့ရပါလိမ့်မည်။ ထိုနည်းတူ  ပြဿနာ ပြေလည်စေရန်အတွက် အောက်ကျို့အညံ့ခံလိုက်ရုံမျှဖြင့် ညီညွတ်သွားနိုင် မည် မဟုတ်ဆိုသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။  လူမျိုးတိုင်းသည် မိမိတို့ဂုဏ်သိက္ခာ၊ မိမိတို့ ဘ၀ တန်ဖိုးများနှင့်အညီ  နေထိုင်ကျင့်ကြံကြမည် ဖြစ်သည်။ ထို့ကြောင့် စစ်မှန်သည့်ငြိမ်းချမ်းရေးကို ရှာဖွေရန်အတွက် ကွဲပြားခြားနားမှုနယ်မြေကို  ဖြတ်သန်းရပါမည်။ ထိုဖြတ်သန်းရမည့် လမ်းကြောင်း မှာ မတူခြားနားမှုများကို ဖိနှိပ်အနိုင်ယူလိုမှုနှင့် အခြားတစ်ဖက်က အောက်ကျို့အညံ့ခံလိုမှုဆိုသည့် အစွန်းနှစ်ပါးကိုရှောင်၍ တန်းတူရည်တူ ဖြောင့်မတ်မှန်ကန်သည့်စိတ်ဓာတ်နှင့် ပြည်သူ့အကျိုးအ တွက် ဆွေးနွေးကြရေးပင် ဖြစ်သည်။ တန်းတူညီမျှသည့် ဆွေးနွေးမှုများကိုသာ ကြိုဆိုရမည်ဖြစ်

ပါသည်။

သို့သော် တန်းတူညီမျှမှုကို ဒီမိုကရေစီအငွေ့အသက်များ ၀န်းရံနေသည့် လူမှုပတ်ဝန်းကျင်၌ သာ တွေ့နိုင်ပါသည်။ ထို့ကြောင့် ဥပဒေ၏အထက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိစေရဆို သည့် ဥပဒေသသည် တန်းတူညီမျှမှုကို ဖော်ကျူးနေခြင်းဖြစ်သကဲ့သို့ မျှတသည့်တရားဥပဒေစိုးမိုး မှု၏ အနှစ်သာရလည်း ဖြစ်နေပါသည်။  ဒီမိုကရေစီကျင့်စဉ်အရ လူများစုဆန္ဒကို အကောင်အထည် ဖော်ဆောင်ရွက်ရသော်လည်း  လူနည်းစုအခွင့်အရေးနှင့် ရပိုင်ခွင့်များကို လစ်လျူရှုမထားဘဲ အလေး ထားလေးစားရမယ်ဆိုသည်မှာ ဒီမိုကရေစီ၏ ပူးတွဲပါကျင့်စဉ်လက္ခဏာဆိုသည်ကို မမေ့ရန် လိုပါသည်။  သဘောမှာ လူများစုကြီးက လူနည်းစုများ၏ ဆန္ဒသဘောထားတွေကို မပစ်ပယ်ရန် ဖြစ် ပါသည်။ ဤသို့ဆိုလျှင် လူများစုနှင့် အနိုင်ကျင့်ရာမရောက်ဘဲ ဒီမိုကရေစီကျင့်စဉ်ရှိ လူနည်းစုများ၏ လူ့ဂုဏ်သိက္ခာနှင့်လူ့တန်ဖိုးများကို တရားသဖြင့် အသိအမှတ်ပြုရာ ရောက်ပါလိမ့်မည် ။ထိုအခါ လူများစု၏ ဆုံးဖြတ်ချက်သည် တရားမျှတခြင်းအနှစ်သာရကိုပါ ဆောင်ကျဉ်းရာရောက်မည်ဖြစ်၍ နိုင်ငံရေးမင်္ဂလာရှိပါလိမ့်မည်။

        ဒီမိုကရေစီလူမှုဝန်းကျင်ကြီးထဲတွင်  မတူကွဲပြားမှုများ မရှိစေရဆိုပါက ဒီမိုကရေစီစရိုက် လက္ခဏာမဟုတ်ဘဲ အထက်ကဥပမာများကဲ့သို့ အာဏာအုပ်ချုပ်ရေး၏ စရိုက်လက္ခဏာများသာ ဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် မတူကွဲပြားမှုများကို ဖယ်ရှားပစ်ပြီး မည်ကဲ့သို့ ပေါင်းစည်းရမည်ကို ကြိုးစားနေခြင်း မဟုတ်ဘဲ မတူကွဲပြားမှုများရှိနေလျက်ကပင် မည်ကဲ့သို့ ပေါင်းစည်းရမည်ဆိုခြင်းကို ရှာကြံကြရန် ဖြစ်ပါသည်။ ထို့ကြောင့် သဘာဝအတိုင်းကွဲပြားနေမှုများမှ သဟာဇာတဖြစ်မှုကို ရှာဖွေနိုင်ပါက  စစ်မှန်သည့် ငြိမ်းချမ်းညီညွတ်မှုကို ရရှိမည်ဖြစ်ပါသည်။ ထိုအခြေအနေမှာ ဒီမိုက ရေစီလွတ်လပ်ခွင့်များစည်ပင်သည့် အနေအထား၌သာ ဖြစ်နိုင်ပါကြောင်း သ၀ဏ်လွှာပါး အပ်ပါ သည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသာဒီမိုကရေစီအင်အားစုပါတီ

 

No comments:

Post a Comment