အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ်( ၅၂/၂၀၁၄)
၃-၁၁-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀နာရီတွင် ဗိုလ်တထောင်မြို့နယ်၊ ၅၂လမ်းရှိ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA ရုံးခန်းတွင် NDF ပါတီဥက္ကဌဦးခင်မောင်ဆွေမှ နိုင်ငံတော်သမ္မတနေအိမ်တွင် ၃၁-၁၀-၂၀၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သောနိုင်ငံရေးထိပ်သီးဆွေးနွေးပွဲအကြောင်းကို FDA အဖွဲ့ဝင်ပါတီများအား ရှင်းလင်းတင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုရှင်းလင်းပြောကြားပွဲသို့ ချင်းတိုးတက်ရေးပါတီမှ ဦးစောမြ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ဦးလှမြင့်၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးအောင်သန်းတင်၊ အမျိုးသားဒီိမိုကရေစီအင်အားစုပါတီမှ ဦးတိုးပို၊ ဦးစိန်လှဦးနှင့် ဦးတိုးတိုး တို့တက်ရောက်ခဲံ့ကြသည်။
ရှင်းလင်းပွဲတွင် ဦးခင်မောင်ဆွေမှ ဖိတ်ကြားမှုပုံစံနှင့် ဖိတ်ကြားစာပါ အကြောင်းရင်းများကို ပထမပြောကြားခဲ့ပြီး သမ္မတမှ FDA အဖွဲ့ကို ကိုယ်စားပြုတက်ရောက်ရန်ဖိတ်ကြားထားကြောင်းကို FDA ရုံးတာဝန်ခံ ဒေါ်ဇင်နိုဘဲလ်မှတစ်ဆင့် ပါတီများသို့ အသိပေးအကြောင်းကြားပေးရန် ပြောကြားခဲ့ပြီး ဆွေးနွေးပွဲမှ ပြန်ရောက်လာသည့်အခါ ယခုရှင်းလင်းပွဲကို ပြုလုပ်မည်ဖြစ်ကြောင်းကိုပါ ထပ်မံ အသိပေးခဲ့ပါသည်။
နိုင်ငံတော်သမ္မတနေအိမ်တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ဆွေးနွေးပြောဆိုကြမှုများနှင့် FDA အဖွဲ့ကို ကိုယ်စားပြု၍ တင်ပြဆွေးနွေးမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုနောက် တက်ရောက်လာသော ပါတီများမှ မိမိတို့ သိရှိလိုသည့်အချက်အလက်များကို မေးမြန်းကြရာတွင် ဦးခင်မောင်ဆွေမှ ရှင်းလင်းပြောကြား ခဲ့ပါသည်။
FDA အဖွဲ့အနေဖြင့် အဖွဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသူ မရှိဘဲ သဘာပတိအဖွဲ့ဝင် ငါးဦး နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ၅ ဦးအလှည့်ကျလုပ်ကိုင်ရန် စည်းမျဉ်းစည်းကမ်း ချမှတ်ထားသည်။ ထို့ပြင် အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူနှစ်ဦးအဖြစ် NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့်ချင်းတိုးတက်ရေးပါတီဥက္ကဌ ဦးနိုထန်ကပ် တို့အား တာဝန်ပေးအပ်ထားသည်။
ဦးခင်မောင်ဆွေအနေဖြင့် အမည်တပ်၍ ဖိတ်ကြားခံရခြင်းကြောင့် NDFပါတီဥက္ကဌအနေဖြင့် တက်ရောက်ခဲ့ပြီး ဆွေးနွေးရာတွင် FDA အဖွဲ့အနေဖြင့် အဖွဲ့ဘောင်အတွင်းမှ ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။
နောင်အခါ FDA အဖွဲ့ကို ကိုယ်စားပြု၍ တက်ရောက်ရန် ဖိတ်ကြားလာပါက မည်ကဲ့သို့ဆောင်ရွက်သင့်သည်ကို ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့၏ အစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပပြီး ဆုံးဖြတ်ရန် လိုအပ် ကြောင်းကို တက်ရောက်လာသော ပါတီများမှ သဘောထားပေးခဲ့ကြသဖြင့် ၁၁-၁၁-၂၀၁၄ ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်မည် ဖြစ်သည်။
ထို့နောက် ရှင်းလင်းပြောကြားပွဲကို ညနေ ၃း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
NDF ပါတီဥက္ကဌမှ နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲတွင် တင်ပြခဲ့သော အချက်များကို ပြန်လည်တင်ပြခြင်း၊
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA)အဖွဲ့ဝင် ပါတီခေါင်းဆောင်များခင်ဗျား၊
သမ္မတ၏ ဖိတ်ကြားချက်အရ အောက်ပါအချက်များကို ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA)အဖွဲ့ဝင် ပါတီများကို ကိုယ်စားပြုအဖြစ် ဆွေးနွေးတင်ပြနိုင်ခဲ့ပါသည်။
အပိုင်း(၁)
၁။ နိုင်ငံရေးပြောင်းလဲရာတွင် စီးပွားရေးအခြေခံများကိုပါ ချမှတ်ဆောင်ရွက်ပါမှ အောင်မြင်နိုင်မည် ဖြစ် ကြောင်း၊ သို့ဖြစ်ပါ၍ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် လူမှုစီးပွားရေးဘ၀များကိုပါ ပြောင်းလဲနိုင်ရေး လိုအပ် ကြောင်း၊
၂။ အချက်(၁)သဘောအရ ပီပြင်တိကျသော လယ်ယာမူဝါဒများကို အမြန်ဆုံးချမှတ်၍ အခြေခံလူတန်းစား တောင်သူလယ်သမားများကို လူလတ်တန်းစားအလွှာအတွင်း ရောက်ရှိစေရန်(ဥပမာ) မိသားစုလယ်ယာစနစ် ကို အမြန်ဆုံးစက်မှုတပ်ဆင်ပေးပါရန်နှင့် ပို့ကုန်စီးပွားရေးအဖြစ် အမှန်တကယ်ထူထောင်ပေးနိုင်ရန်၊
၃။ နိုင်ငံခြားရင်းနှီးမြှတ်နှံမှုမျာကို ဆွဲဆောင်ရာတွင် ယင်းတို့အတွက် စိတ်ချလုံခြုံသော အာမခံချက် ရှိစေသော ဘဏ်စနစ်၊ နိုင်ငံရေးတည်ငြိမ်မှုအနေအထားနှင့် ငှားရမ်းခကြီးမြင့်နေသော မြေနှင့်အဆောက်အဦ ဌားရမ်းခများ လျော့ချနိုင်ရန်၊
၎။ Property Tax ကောက်ယူ၍ အခွန်ဘဏ္ဍာပိုမိုရရှိပြီး ပြည်သူ့အတွက် ၀န်ဆောင်မှုများ ပိုမိုပေးနိုင်ရေးနှင့် ယခုကျင့်သုံးနေသော Revenue Sharing အစား၊ တိုင်းဒေသကြီးများနှင့်ပြည်နယ်များတွင် စက်မှုလုပ်ငန်းများ ပေါ်ပေါက်ရေးနှင့်အတူ Tax Sharing သို့ တစ်စတစ်စကူးပြောင်း၍ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ရောက်ရှိ စေရန်၊
အပိုင်း(၂)
၁။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သော အပစ်အခတ်ရပ်စဲရေးနှင့်ဆက်လျှက်ရှိသော နိုင်ငံရေးဆွေးနွေးပွဲ စသည်တို့သည် ယခင်ခေတ်အုပ်ချုပ်ရေးကာလများထက် ရှေ့သို့ရောက်ရှိနေကြောင်း၊ ထို့ငြင် ယခင်ကကဲ့သို့ အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား ဆွေးနွေးခြင်းမျိုးမဟုတ်ဘဲ လွှတ်တော်၊ တပ်မတော်၊ အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ထို့ထက်မက ပြည်သူများ၊ နိုင်ငံရေး ပါတီများကပါ နိုင်ငံရေးပြဿနာကို နိုင်ငံရေးဖြင့် ဖြေရှင်းရေးတွင် တက်ကြွစွာပါဝင်၍ သဘောထားဆန္ဒများ ထုတ်ဖော်ပြသနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ အပစ်အခတ်ရပ်စဲရေးညှိနိုင်းမှုတွင် ကျန်ရှိသောအချက်အလက် အနည်းငယ်ကို နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးရန်ချန်လှပ်၍ (NCA) အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုကို ၂၀၁၄ နှစ်မကုန်မီ ပြုလုပ်သင့်ကြောင်း တင်ပြခဲ့သည်။
၂။ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများကို နိုင်ငံနှင့်ပြည်သူအကျိုးစီးပွားအတွက် တည်ဆဲဥပဒေတစ်ခုဖြစ် သော ပုဒ်မ ၁၇(၁) ပါ ပြဋ္ဌာန်းချက်များကို နားလည်မှုရှိစွာကိုင်တွယ်၍ ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ ထိုအစဉ်အလာကောင်းကို ဆက်လက်သယ်ဆောင်၍ ဥပဒေပြဋ္ဌာန်းချက်များကြားမှ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့တိုးနိုင်စေရန် နိုင်ငံရေးယုံကြည်မှုအား အာမခံချက်အဖြစ်ထား၍ ဆွေးနွေးပွဲများပြုလုပ်ရန် တောင်းဆိုခဲ့သည်။
၃။ နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် KNU ထိပ်သီးခေါင်းဆောင်များကို နေပြည်တော်တွင် တွေ့ဆုံခဲ့သကဲ့သို့ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံမှုတစ်ရပ်ပြုလုပ်ပေးရန် တောင်းဆိုတင်ပြခဲ့သည်။
၎။ ယခုကဲ့သို့တွေ့ဆုံမှုများမှ မတူညီသည့်အချက်များကို ဆက်လက်ဆွေးနွေးဖော်ထုတ်နိုင်ရန် Dialogue Mechanism တစ်ရပ် ဆက်၍ရှိဖို့လိုအပ်ကြောင်း စသည်တို့ကို တင်ပြခဲ့ပါသည်။
လေးစားစွာဖြင့်
ဦးခင်မောင်ဆွေ
ဥက္ကဌ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment