Thursday, November 6, 2014

အယူအဆ အစားထိုးခြင်း

အယူအဆ အစားထိုးခြင်း
November 4, 2014 at 11:05pm

လက်ရှိမြန်မာပြည်မှာ သဘောထားတွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေ ဘာကြောင့်များ အများစုမှာ မပြောင်းလဲနိုင်ကြတာလဲလို့ တွေးကြည့်မိရင် စာရေးဆရာ စိုးဝင်းတင်(ဘဏ်)ရေးတဲ့ ဖွံ့ဖြိုးတိုးတက်စေသောအကြောင်းတရားများ စာအုပ်ထဲက အယူအဆအစားထိုးခြင်း ဆောင်းပါးကို ပြန်ဖတ်မိပါတယ်။

ဒီဆောင်းပါးကလည်း ၁၉၈၆ ခုနှစ်လောက်က အတွေးအမြင်စာစောင်မှာ ပါလာတဲ့ဆောင်းပါးဖြစ်ပါတယ်။ ဒီဆောင်းပါးရှည်ကြီးကို ကိုယ်အတွေးနဲ့ကိုယ် အကျဉ်းချုပ်ပြီး ပြန်ရေးထားတာ ရှိပါတယ်။ ဒါကို အခု တင်ပြလိုက်ပါတယ်။ ဖတ်မိသူတွေလည်း အယူအဆ ပြောင်းဖို့ ဘာတွေလိုနေသလဲဆိုတာ ခေါင်းထဲမှာ ဦနှောက်မုန်တိုင်းဆင်နိုင်အောင်ပါ။

အယူအဆ အစားထိုးခြင်း(ပထမပိုင်း)

ရုပ်ဝတ္ထုပစ္စည်းများကို အစားထိုးခြင်းသည် အလွန်လွယ်ကူသည်။ သက်ရှိကိုယ်အင်္ဂါအစိတ်အပိုင်းများ ကို အစားထိုးထိုးရာတွင် ထင်သလောက်မလွယ်။ အစားထိုးအင်္ဂါအစိတ်အပိုင်းများကို မူလကိုယ်ခန္ဓာက တစ်ရှုးမတူ ညီမှုကြောင့် လက်မခံဘဲ ပယ်ထုတ်သည့် ပြဿနာရှိသည်။

အယူအဆနှင့် အတွေးအခေါ်များသည် လူတို့၏စိတ်ပိုင်းဆိုင်ရာအရည်အချင်းများ ဖြစ်နေ၍ ယင်းတို့ကို အစားထိုးရေးမှာ ပိုမိုရှုတ်ထွေးခက်ခဲ့သည့် သဘာဝ ရှိသည်။ ကိုယ်အင်္ဂါအစိတ်အပိုင်းကို အစားထိုးပြီးအခါမှသာ အင်္ဂါသစ်ကို ဖယ်ထုတ်သည့် ပြဿနာ ပေါ်လာတတ်သည်။

အတွေးအခေါ်အယူအဆကို အစားထိုးရာတွင် မူလအယူအဆသည် အစားထိုးခြင်းကိုလက်မခံချေ။ မူလအယူအဆကို အစားထိုးမည့်အယူအဆက ပထမအဆင့်အနေဖြင့် ချေဖျက်ရသည်။ အယူအဆဟောင်းကို အယူအဆသစ်ကလည်းကောင်း၊ မှားယွင်းသောအယူအဆကို မှန်ကန်သောအယူအဆကလည်းကောင်း၊ ပထမ ဦးစွာ ချေဖျက်ရသည်။ ထိုသို့ မချေဖျက်နိုင်မချင်း မူလအယူအဆသည် အယူအဆသစ်ကို နေရာမပေးပေ။ အယူအဆဟောင်းကျေပျက်သွားမှသာ အယူအဆသစ်သည် နေရာယူ၍ ရသည်။ ထိုကြောင့် အယူအဆ အစား ထိုးခြင်းသဘောထက် အယူအဆဟောင်းကို မူလနေရာမှ ဖယ်ထုတ်ခြင်း သဘောရှိသည်။

လူတို့၏စိတ်သဘာဝအရ အကြောင်းအရာတစ်ခုနှင့်စပ်လျဉ်း၍ ဆန့်ကျင်ဘက်အယူအဆနှစ်မျိုးကို တစ်ပြိုင်နက် ခံယူ၍ မရပေ။ လူတို့သည် တစ်ချိန်က ကမ္ဘာကြီးပြားသည်ဟု ယူဆခဲ့ကြသည်။ နောင်တွင် ကမ္ဘာ ကြီးလုံးသည်ဟု ဟူသော အယူအဆကို အထောက်အထားများဖြင့် ဖော်ထုတ်လာသောအခါ ကမ္ဘာကြီးသည် လုံးလည်းလုံးသည် ပြားလည်းပြားသည်ဟူ၍ ယူဆသူများ မရှိခဲ့ပါ။ လုံးသည့်အယူအဆက ပြားသည့်အယူအဆ ကို ချေဖျက်နိုင်လောက်အောင် အားကောင်းလာသည့်အခါမှသာ ပြားသည့်အယူအဆကို စွန့်လွှတ်ပြီး လုံးသည် ကိုလက်ခံလာကြသည်။ လုံးသည့်အယူအဆက ပြားသည့်အယူအဆကို ချေဖျက်နိုင်လောက်အောင် အားမ ကောင်းခဲ့ပါက မူလအယူအဆအတိုင်း ကမ္ဘာကြီးပြားသည်ဟူ၍ပင် ခံယူထားကြဦးမည်သာ ဖြစ်သည်။

ထို့ကြောင့် အယူအဆ အစားထိုးသည့်ဖြစ်စဉ်တွင် အယူအဆသစ် အားကောင်းမှသာ အယူအဆ ဟောင်း ကျေပျက်ပြီး အယူအဆဟောင်းကျေပျက်မှသာ အယူအဆသစ်သည် နေရာယူ၍ ရပေသည်။

အယူအဆတစ်ခုကို အခြားအယူအဆတစ်ခုဖြင့်သာ အစားထိုး၍ ရသည်။ မှားယွင်းသောအယူအဆကို ခံယူထားသောသူအား မှားသည်ဟုပြောရုံဖြင့် မူလအယူအဆသည် ပျက်ပျယ်မသွားပါ။ မှန်သောအယူအဆဖြင့် ချေဖျက်ပြီး အစားထိုးရသည်။ ခိုင်မာစွာဖွဲ့စည်းမိနေသော အယူအဆတစ်ခုကို အတင်းအဓမ္မ စွန့်လွှတ်ခိုင်း၍ မရပေ။ မူလအယူအဆသည် သူ့အကြောင်းနှင့်သူ၊ သူ့အကျိုးနှင့်သူ ဖွဲ့စည်းမိနေခြင်းဖြစ်ရာ လွယ်လွယ်ကူကူနှင့် ကျေပျက်သွားရိုးမရှိ။ မူလအယူအဆ မကျေပျက်မခြင်း အယူအဆသစ်သည် နေရာယူ၍ မရနိုင်ပါ။ လူတစ်ဦး၏ အယူအဆကို အမိန့်အာဏာနှင့် မပြောင်းခိုင်းပါနှင့်။ ထိုသို့ပြောင်းခိုင်းသော်လည်း ထိုအယူအဆသည် သူ့နေရာ တွင်သာ ဆက်ရှိနေမည် ဖြစ်သည်။

လူတို့ခံယူထားသော အယူအဆများသည် မည်သည့်အခြေအနေတွင် ပြောင်းလဲသွားတတ်သနည်း အစားထိုးခံရတတ်သနည်း

၁။ လူတစ်ဦးတစ်ယောက်က စနစ်တကျ ခိုင်ခိုင်မာမာ ဝေဖန်ထောက်ပြမှုကြောင့် ထိုသူ၏အယူအဆသ်ည ကျေပျက်သွားနိုင်သည်။

၂။ လက်တွေ့ဘ၀အတွေ့အကြုံနှင့် အခြေအနေများကလည်း မူလအယူအဆကို ချေဖျက်ပစ်နိုင်သည်။

ဆရာကောင်းများနှင့် တွေ့ကြုံရပြီး ယင်းတို့၏သွန်သင်ဆုံးမမှုများကြောင့် မှားယွင်းသောအယူအဆများ ကိုစွန့်လွှတ်၍ မှန်ကန်သောအယူအဆများကို ခံယူပြိး လူကောင်းသူကောင်းဖြစ်လာသူများ ရှိသကဲ့သို့ ဘ၀အ တွေ့အကြုံနှင့် အခြေအနေသစ်များများကြောင့် မူလအယူအဆများ ပြောင်းလဲပြီး စိတ်သစ်ကိုယ်သစ် လူသစ်ဖြစ် လာသူများလည်း ရှိသည်။

ဟောပြောသွန်သင်ဆုံးမမှုကြောင့်ဖြစ်စေ၊ ဘ၀အတွေ့အကြုံအရဖြစ်စေ အယူအဆပြောင်းလဲရာတွင် မူလအယူအဆ မခိုင်မာကြောင်း မိမိကိုယ်တိုင်သိရှိလာခြင်းသည်သာ ပြောင်းလဲမှု၏ အရေးအပါဆုံးနှင့် နောက်ဆုံး အဆင့်ဖြစ်သည်။ ထိုသို့ အသိဝင်မလာမခြင်း မူလအယူအဆသည် မကျေပျက်ဘဲ အယူအဆသစ် သည်လည်း အစာထိုးနေရာမယူနိုင်ပါ။

အယူအဆပြောင်းလဲမှုနှစ်ခုအနက် ပကတိဘ၀အတွေ့အကြုံကို အခြေခံ၍ ဖြစ်ပေါ်သော ပြောင်းလဲမှုကို အဓိကထားကြည့်သင့်သည်။ အယူအဆတစ်ခုမှ တစ်ခုသို့ ပြောင်းလဲရာတွင် ရိုးသားမှုကို တန်ဖိုးမထားသော ပတ်ဝန်းကျင်အခြေအနေတွင် ရိုးသားမှုသည်ဂုဏ်ဟု ယူဆထားသူ၏အယူအဆသည် အမြဲတစ်စေ ချေဖျက်ခြင်း ခံနေရသည်။ အလုပ်ဟူသမျှ ဂုဏ်ရှိစဟု ခံယူထားသူသည် လုပ်အားတန်ဖိုးကို အသိအမှတ်မြ့ပုသော အခြေ အနေများတွင် တော်ရုံတန်ရုံစိတ်ဓာတ်ခိုင်မာရုံဖြင့် မိမိအယူအဆကို ဆက်လက်ထိန်းထားနိုင်မည်မဟုတ်။ ကြာလေ မိမိအယူအဆ လုံးပါးပါးကာ ဆန့်ကျင်ဘက်အယူအဆသစ်ကို လက်ခံလာနိုင်သည့် အနေအထားပင် ဖြစ်ပေါ်လာနိုင်သည်။ လိမ်ညာလိုသော အယူအဆရှိသူများသည် လိမ်ညာခြင်းအတွက် အပြစ်ဒဏ်မခံရဘဲ ကောင်းကျိုးကိုသာ ခံစားနေရပါက ထိုအခြေအနေများသည် ထိုသူ၏မူလအယူအဆကို ခိုင်မာအောင် အားဖြည့် ပေးနေသည်


No comments:

Post a Comment