Friday, January 30, 2015

ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဌ မစ္စတာဝါတာနာဘေး NDF ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် အမှတ် (၃)

ရက်စွဲ။ ၃၀-၁-၂၀၁၅

ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဌ မစ္စတာဝါတာနာဘေး

NDF ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

        ၃၀-၁-၂၀၁၅ ရက်နေ့၊ညနေ ၃း၀၀နာရီတွင် ဗဟန်းမြို့၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမိုက ရေစီအင်အားစုပါတီဌာနချုပ်ရုံးတွင် NDF ပါတီခေါင်းဆောင်များအား ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဌ မစ္စတာဝါတာနာဘေးဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံဆွေးခဲ့သည်။

        ထိုဆွေးနွေးပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဒု-ဥက္ကဌ ဦးစိန်လှဦး၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ပြန်ကြားရေးတာဝန်ခံ ဦးတိုးတိုး၊ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးသက်ထွန်းမောင်နှင့်ဦးအောင်ဆန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးကြီးမြင့်၊ ဦးထက်အောင်ကျော်၊ ဗဟိုလူငယ်တာဝန်ခံ ဦးကျော်သူရတို့ တက်ရောက်ခဲ့ကြသည်။

        မစ္စတာဝါတာနာဘေးက ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ပေးနေသော အကူအညီများအကြောင်းနှင့် ရှေ့ဆက်လက် ကူညီဆောင်ရွက်ပေးမည့်ကိစ္စရပ်များကို ရှင်းလင်းပြောဆိုခဲ့ပြီး NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ က မြန်မာနိုင်ငံရေးအခြေအနေနှင့် အနေအထားများအကြောင်း၊ ပါတီ၏ရပ်တည်ချက်နှင့် ၂၀၁၅ ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အနေအထားများ၊ ဂျပန်နိုင်ငံ အနေဖြင့် မြန်မာပြည်ကို အကူအညီပို၍ပေးသင့်သော ကိစ္စရပ်များကို ကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် နှစ်ဖက်စလုံး မိမိတို့သိရှိလိုသော ကိစ္စရပ်များ အကြောင်း မေးမြန်းဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲကို ညနေ ၄း၂၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောငး သတင်းထုတ်ပြန်အပ်ပါသည်။

 

မန္တလေးတိုင်း မဟာအောင်မြေနှင့် တံတားဦးမြို့နယ်များတွင်

NDFပါတီ မြို့နယ်ရုံးများ ဖွင့်လှစ်မည်

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မန္တလေးတိုင်းစည်းရုံးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် လာမည့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် မဟာအောင်မြေ မြို့နယ်ရုံးကို၎င်း၊ ဖေဖော်ဝါရီလ(၂) ရက်နေ့တွင် တံတားဦး မြို့နယ်ရုံးကို၎င်း ဖွင့်လှစ်ရန် အစီအစဉ် ပြုလုပ်ထားကြောင်း သိရှိရသည်။

        ထို့ဖွင့်ပွဲသို့  ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပိုနှင့် အတွင်းရေးမှူး(၂) ဦးနေမင်း ကျော်တို့  တက်ရောက်ဖွင့်လှစ်ရန် ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် NDFမြို့နယ်ရုံးဖွင့်လှစ်မည်။

        ကရင်ပြည်နယ် စည်းရုံးရေးတာဝန်ခံ ဦးအောင်ဝင်းလှိုင်(ခ) ကိုအညာသားဦးဆောင်မှုဖြင့် ကော့ကရိတ် မြို့နယ်ရုံးကို ဇန်န၀ါရီလ(၃၁)ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

        ကရင်ပြည်နယ်တွင် မြ၀တီနှင့် ကျုံဒုံမြို့တို့တွင် NDF မြို့နယ်ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်သည်။ မကြာမီ ဖားအံတွင်လည်း ပါတီမြို့နယ်ရုံးဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

NDFပါတီ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပြည်သူ့စစ်တမ်းကောက်ယူမည်။

        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်သူ့ဆန္ဒ စစ်တမ်းကောက်ယူမှုနှင့် NDF ပါတီလွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်းလုပ်ဆောင်ချက်များကို  ပြည်သူသို့အသိပေးသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လှုပ်ရှားမှုကို ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် လာမည့်  ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ပြုလုပ်ရန်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

        ပထမအကြိမ် ပြည်သူ့စစ်တမ်းကောက်ယူမှုကို စမ်းချောင်းမြို့နယ်တွင် ဒီဇင်္ဘာလ (၃၀) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တိုင်းအတွင်းရှိ ပါတီမြို့နယ်ရုံးများတည်ရှိရာ  မြို့နယ်များတွင် ထိုစစ်တမ်းကောက်ယူမှုနှင့် ပြည်သူသို့ အသိပေးသည့် လက်ကမ်းစာစောင်များဖြန့်ဝေမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  သိရှိရပါသည်။

 

လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်းပေးပို့ကြရန် ညွန်ကြားချက်ပေးပို့။

        ၂၀၁၅ ရွေးကောက်ပွဲတွင် NDF ပါတီကို ကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများစာရင်းကို ၃၁-၃-၂၀၁၅ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ကြရန် NDF ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ပြည်နယ်နှင့်တိုင်းစည်းရုံးရေးကော်မတီများ၊ မြို့နယ်ကော်မတီများသို့ ညွန်ကြားချက် ထုတ်ပြန် လိုက်ပြီ  ဖြစ်သည်။ ထိုညွန်ကြားချက်နှင့်အတူ NDF ပါတီမှ သတ်မှတ်ထားသော လွှတ်တော်ကိုယ်စားလှယ် လောင်းများ အရည်အချင်းကိုလည်း ပူးတွဲပေးပို့လိုက်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

No comments:

Post a Comment